News @ M-Media

Author: Ko Lay

  • ပါလက်စတိုင်း နယ်မြေများ အစ္စရေး သိမ်းယူနေမှု စည်းစည်းလုံးလုံး ဆန့်ကျင်ရန် မွတ်စလင်မ် ကမ္ဘာကို အီရန် တိုက်တွန်း

    ပါလက်စတိုင်း နယ်မြေများ အစ္စရေး သိမ်းယူနေမှု စည်းစည်းလုံးလုံး ဆန့်ကျင်ရန် မွတ်စလင်မ် ကမ္ဘာကို အီရန် တိုက်တွန်း

    မတ် ၈၊ ၂၀၁၆
    M-Media

    iran 9

    – ပါလက်စတိုင်းနယ်မြေတွေကို အစ္စရေးက သိမ်းပိုက်ထားမှုနဲ့ပက်သက်ပြီး ဆန့်ကျင်ရာမှာ ကမ္ဘာတစ်ဝန်းက မွတ်စလင်တွေ စုစည်းညီညွှတ်ကြဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က တောင်းဆိုလိုက်ပါတယ်။

    “မတူညီမှုတွေကို ဘေးဖယ်ပြီး မွတ်စလင်ဆိုတဲ့ခေါင်းစဉ်အောက်မှာ နယ်မြေသိမ်းပိုက်မှု ပုံစံအားလုံးကို အဆုံးသတ်စေဖို့ မူဘောင်တစ်ခုချပြီး လက်တွေ့လုပ်ကိုင်မှုတွေ ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်” လို့ ဇာရစ်ဖ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကျင်းပတဲ့ ပါလက်စတိုင်းဆိုင်ရာ ငါးကြိမ်မြောက် အိုအိုင်စီအထူးအစည်းအဝေး ဒုတိယမြောက်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းပြည်သူတွေ အပြည့်အ၀လွတ်မြောက်ဖို့ ရည်ရွယ်ပြီး မွတ်စလင်နိုင်ငံတွေအနေနဲ့ အစ္စရေးရဲ့ မတရားကျူးကျော်မှုတွေကို ကာကွယ်တားဆီးဖို့ လိုအပ်နေပြီဖြစ်ကြောင်း၊ ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်နေတာဟာ နိုင်ငံတကာဥပဒေကို ဗြောင် ချိုးဖောက်နေတာဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နောက်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အစ္စရေးရဲ့ လုပ်ရပ်တွေကို အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပျက်ကွက်နေတယ်လို့လည်း ဇာရစ်ဖ်က ဝေဖန်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်း အစိုးရတွေက အစ္စရေးရဲ့ မတရားလုပ်ရပ်တွေအပေါ် လစ်လျူရှုတာနဲ့ပတ်သက်ပြီးလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက မီးမောင်းထိုးပြခဲ့ပြီး အိုအိုင်စီအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ပါလက်စတိုင်းကိစ္စမှာ ဆက်လက်ပြီး စိတ်နှစ်မြှုပ် လုပ်ဆောင်သွားရမယ်လို့လည်း ဆိုပါတယ်။

    နောက်ဆုံးမှာတော့ ပါလက်စတိုင်းတွေရဲ့ အစ္စရေးအား တွန်းလှန်နေမှုကို အီရန် အစ္စလာမ့်သမ္မတနိုင်ငံက ဆက်လက် အားပေးထောက်ခံ ပံ့ပိုးသွားမယ်လို့ ဇာရစ်ဖ်က နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ သြဂုတ်လက ဂျေရုဆလင်မှာရှိတဲ့ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို ၀တ်ပြုဖို့ဝင်ရောက်လာတဲ့ ပါလက်စတိုင်းပြုသူတွေကို အစ္စရေးက အင်အားသုံး တားဆီးပိတ်ပင်ရာကနေ ပါလက်စတိုင်းပိုင်နက်တွေမှာ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပြီး၊ အဲဒီတင်းမာမှုတွေအတွင်းမှာ အစ္စရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် အမျိုးသမီးနဲ့ ကလေးငယ်များအပါအ၀င် ပါလက်စတိုင်းပြည်သူ ၁၉၀ ကျော်လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

    Ref; Presstv

  • ချန်ပီယံလိဂ်တွင် မဖြစ်နိုင်သည်ကို လုပ်ပြရန် အသင်းကို တောင်းဆိုထားသည်ဟု ရိုးမားနည်းပြပြော

    ချန်ပီယံလိဂ်တွင် မဖြစ်နိုင်သည်ကို လုပ်ပြရန် အသင်းကို တောင်းဆိုထားသည်ဟု ရိုးမားနည်းပြပြော

    မတ် ၈၊ ၂၀၁၆
    M-Media

    roma

    – ရီးယဲလ်နှင့် ချန်ပီယံလိဂ် ဒုတိယအကျော့တွင် မဖြစ်နိုင်သည့်အရာများကို လုပ်ပြရန်အတွက် အသင်းအား တောင်းဆိုထားသည်ဟု ရိုးမားနည်းပြ လူစီယာနို စပယ်လက်တီက ပြောကြားလိုက်သည်။

    စီးရီးအေတွင် ပုံစံကောင်းများ ပြသနေသည့် ရိုးမားမှာ ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ အိမ်ကွင်းတွင် ရီးယဲလ်အား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယအကျော့ကို ယနေ့ညတွင် ကစားရမည်ဖြစ်သည်။ စပယ်လက်တီကမူ ကစားသမားများအနေဖြင့် နောက်တစ်ဆင့်တက်ရေး မဖြစ်နိုင်ဟူသော ပြောစကားများကို ပုံစံကောင်းပြသ၍ ဖယ်ရှားပစ်ရန် ပြောကြားထားသည်ဟု ဆိုသည်။

    “မဖြစ်နိုင်တာတွေလုပ်ပြဖို့ အသင်းကို ကျွန်တော် တောင်းဆိုထားပါတယ်။ လေ့ကျင့်ကွင်းမှာလည်း ဒီမေးခွန်းအတွက် မေးမြန်းဖို့ ကျွန်တော် ခွင့်ပြုထားပါတယ်။ ကျွန်တော်တို့ စိတ်ဓာတ်ကျတာမျိုး ဖြစ်လို့မရသလို၊ ရှုံးလို့လည်း မရပါဘူး။ တကယ်လို့များ တစ်ယောက်ယောက် ဒီလိုဖြစ်မယ်ဆိုရင် လေ့ကျင့်လို့ကို ရမှာမဟုတ်ပါဘူး။ ပထမအကျော့က ရလဒ်ဟာ ကျွန်တော်တို့အတွက် ခက်ခဲခဲ့တယ်။ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး။ မနက်ဖြန်ဆိုရင် ကျွန်တော်တို့ဟာ တိုက်စစ်ဆင်ရမှာလား၊ ဒါမှမဟုတ် ခံစစ်ကစားရမလားဆိုတာ ရွေးချယ်ရမှာပါ” ဟု စပယ်လက်တီက ပြောကြားခဲ့သည်။

    Ref: Goal

  • ထိပ်ဆုံးအသင်းများ ဂိုးမြူးခဲ့ပြီး ဘာစီလိုနာက ဆက်လက်ဦးဆောင်နေတဲ့ လာလီဂါပွဲစဉ် ၂၈

    ထိပ်ဆုံးအသင်းများ ဂိုးမြူးခဲ့ပြီး ဘာစီလိုနာက ဆက်လက်ဦးဆောင်နေတဲ့ လာလီဂါပွဲစဉ် ၂၈

    မတ် ၈၊ ၂၀၁၆
    M-Media

    laliga

    – ဒီတစ်ပတ် လာလီဂါပွဲစဉ် ၈ မှာတော့ ထိပ်ဆုံး ၃ သင်းစလုံး ဂိုးမြူးခဲ့ပြီး ဘာစီလိုနာက ၈ မှတ်ဖြတ်ကာ ဆက်လက် ဦးဆောင်ထားပါတယ်။

    အိမ်ကွင်း ဘာနေဗျူးမှာ ရီးယဲလ်တို့ ဆဲလ်တာဗီဂိုကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လတ်တလော ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရော်နယ်ဒိုက ၄ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် မိနစ် ၄၀ အထိ ဂိုးရဖို့ ကြိုးစားခဲ့ရပြီး ဒုတိယပိုင်းမှာ ၆ ဂိုး သွင်းနိုင်ခဲ့တာပါ။

    ဘာစီလိုနာကလည်း မက်ဆီရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ အဝေးကွင်းမှာ အိုက်ဘာကို ၄ ဂိုးပြတ်ခဲ့ပြီး ဒုတိယနေရာက အက်သလက်တီကိုကတော့ ဗင်လင်စီယာကို အဝေးကွင်းမှာပဲ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

    ဇယားအောက်ခြေက ၃ သင်းမှာ အောက်ဆုံးက လီဗန်တေးတစ်သင်းသာ သရေကျခဲ့ပြီး ဂရာနာဒါနဲ့ စပို့တင်းဂီဂျွန်တို့က ရှုံးနိမ့်ခဲ့ကြပါတယ်။ အဆင့် ၄ က ဗီလာရီးယဲလ်ကလည်း အိမ်ကွင်းမှာ ဖိကစားနိုင်ခဲ့ပေမယ့် လက်စ်ပါးလ်မက်စ်ရဲ့ နောက်တန်းကို မကျော်နိုင်ခဲ့တာကြောင့် ၁ ဂိုး ဂိုးမရှိနဲ့ အရှုံးပေးခဲ့ရပါတယ်။

    laliga 3ဒီတစ်ပတ် လာလီဂါပွဲစဉ်တွေရဲ့ ရလဒ်များကတာ့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ရီးယဲလ် ၇-၁ ဆဲလ်တာဗီဂို
    ဗီလာရီးယဲလ် ၀-၁ လက်စ်ပါးလ်မက်စ်
    ဂီတာဖေး ၁-၁ ဆီးဗီးလား
    ဒီပို့တီဗို ၃-၃ မာလာဂါ
    ရီးယဲလ်ဘက်တစ် ၂-၀ ဂရာနာဒါ
    အိုက်ဘာ ၀-၄ ဘာစီလိုနာ
    စပို့တင်းဂီဂျွန် ၀-၂ ဘီဘာအို
    ဆိုစီဒက် ၁-၁ လီဗန်တေး
    ဗလင်စီယာ ၁-၃ အက်သလက်တီကို
    အက်စပန်ညို ၂-၁ ဗယ်လက်ကာနို

  • ဆီးရီးယားတွင် အမေရိကန်က လေတပ်စခန်းနှစ်ခု ဆောက်လုပ်နေ

    ဆီးရီးယားတွင် အမေရိကန်က လေတပ်စခန်းနှစ်ခု ဆောက်လုပ်နေ

    မတ် ၈၊ ၂၀၁၆
    M-Media

    us airbase

    – ဆီးရီးယားက ကာ့ဒ်တွေ သိမ်းပိုက်ထားရာ နိုင်ငံမြောက်ပိုင်းမှာ အမေရိကန်ရဲ့ ဒုတိယမြောက် လေတပ်စခန်းတစ်ခု ဆောက်လုပ်နေမှုဟာ ပြီးလုပြီးခင် ဖြစ်နေပြီလို့ သိရပါတယ်။

    အဲဒီ ဒုတိယမြောက်လေတပ်စခန်းဟာ စစ်ဖက်ရော အရပ်ဖက်မှာပါ အသုံးပြုသွားမှာ ဖြစ်တယ်လို့ အာရ်ဘီးလ်မြို့အခြေစိုက် သတင်းဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ BasNews ရဲ့ ဖော်ပြမှုကို ကိုးကားကာ Reuters သတင်းဌာနက ထပ်ဆင့် ဖော်ပြခဲ့ပေမယ့် အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်အနေနဲ့ ဆီးရီးယားမှာ မည်သည့်လေယာဉ်ကွင်းကိုမှ ထိန်းချုပ်ထားတာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဒီလေတပ်စခန်းဟာ ဟာဆာကာပြည်နယ် ရာမီလန်မြို့မှာ တည်ရှိတာဖြစ်ပြီး ပြေးလမ်းဖောက်လုပ်တဲ့ လုပ်ငန်းအများစုဟာ ပြီးစီးသွားကာ၊ တူရကီနဲ့ကပ်နေတဲ့ ကိုဘာနီမြို့မှာလည်း အမေရိကန်က လေတပ်စခန်းတစ်ခုကို ဆောက်လုပ်နေတယ်လို့ အမည်မဖော်ပြတဲ့ စစ်တပ်သတင်းရင်းမြစ်ကို ကိုးကားပြီး BasNews က ဖော်ပြခဲ့တာပါ။

    ဒီစီမံကိန်းတွေမှာ အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေနဲ့ နည်းပညာကျွမ်းကျင်သူတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ ဆီးရီးယားက ကာ့ဒ်တပ်ဖွဲ့တွေကလည်း သူတို့ဟာ ကုန်စည်သယ်ယူပို့ဆောင်ဖို့အတွက် အမေရိကန်စစ်တပ်ရဲ့ ရဟတ်ယာဉ်နဲ့ ရာမီလန် လေတပ်စခန်းကို အသုံးပြုခဲ့တယ်လို့ မကြာသေးခင်က ပြောကြားခဲ့ပါတယ်။

    IS စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေကို အကူအညီပေးနိုင်ဖို့ အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆီးရီးယားမြောက်ပိုင်းကို အထူးတပ်သားပေါင်းများစွာ စေလွှတ်ခဲ့ပါတယ်။ ဆီးရီးယားက ကာ့ဒ်တွေကို အကြမ်းဖက်သူပုန်တွေလို့ သတ်မှတ်ထားတဲ့ နေတိုးမဟာမိတ် တူရကီရဲ့ စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း အမေရိကန်စစ်ဘက်ဟာ ကာ့ဒ်တွေနဲ့ နက်နက်ရှိုင်းရှိုင်း ပက်သက်ခဲ့ပါတယ်။

    အမေရိကန်ဦးဆောင်တဲ့ လေတပ်စစ်ဆင်ရေးတွေဟာ လွန်ခဲ့တဲ့တစ်နှစ်က စတင်ခဲ့ပြီး အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ IS တွေကို ရည်ရွယ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို တိုက်ခိုက်မှုတွေဟာ အစွန်းရောက်စစ်သွေးကြွတွေကို မနှိမ်နှင်းနိုင်သေးပါဘူး။

    Ref; Presstv

  • အမေရိကန်တွင် မုန်းတီးရေးအုပ်စု ၉၀၀ နီးပါးရှိပြီး၊ ကယ်လီဖိုးနီးယားတွင် အများစု အခြေစိုက်နေ

    အမေရိကန်တွင် မုန်းတီးရေးအုပ်စု ၉၀၀ နီးပါးရှိပြီး၊ ကယ်လီဖိုးနီးယားတွင် အများစု အခြေစိုက်နေ

    မတ် ၈၊ ၂၀၁၆
    M-Media

    calc

    – ကယ်လီဖိုးနီးယားပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုက တခြားပြည်နယ်တွေထက် ၂၀၁၅ ခုနှစ်အတွင်း မုန်းတီးရေးအုပ်စု ပိုများလာတယ်လို့ တောင်ပိုင်းဆင်းရဲမွဲတေမှုဆိုင်ရာ ဥပဒေဌာန (SPLC) က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

    ဖေဖော်ဝါရီ ၂၇ ရက်နေ့က လော့စ်အိန်ဂျလိစ်အပြင်ဘက် အေနာဟမ်မြို့မှာ လူဖြူအစွန်းရောက်အဖွဲ့ Ku Klux Klan (KKK) က ချီတက်ဆန္ဒပြမှု ပြုလုပ်ဆောင်ရွက်အပြီးမှာ ကယ်လီဖိုးနီးယားပြည်နယ်က အမုန်းအခြေခံ အုပ်စုတွေအပေါ် သတိထားမိလာကြတာ ဖြစ်ပါတယ်။

    တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၁၅ ခုနှစ် အမေရိကန်မှာ မုန်းတီးရေးအုပ်စု စုစုပေါင်း ၈၉၂ ခု ရှိပြီး အဲ့ဒီထဲကမှ ၆၈ ဖွဲ့ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှိနေတာဖြစ်ပါတယ်။ ၈၉၂ ဆိုတဲ့ အရေအတွက်ဟာ ၂၀၁၄ ခုနှစ်ကထက် ၁၄ ရာခိုင်နှုန်းလောက် မြင့်တက်လာတာ ဖြစ်တယ်လို့ SPLC က ဆိုပါတယ်။

    အဆိုပါအဖွဲ့တွေဟာ လူမျိုးရေးခွဲခြားတတ်တဲ့အဖွဲ့အစည်းတွေ သက်သက်သာ မဟုတ်ဘဲ မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ အုပ်စုတွေကတော့ ၂၀၁၄ ကထက် ၄၅ ရာခိုင်နှုန်းလောက် ပိုများလာပါတယ်။ အဲဒီလို အမုန်းတရားအခြေခံ အုပ်စုအရေအတွက် ပိုများလာတာထက် အဲဒီအုပ်စုတွေနဲ့ ဆက်နွယ်နေတယ်လို့ သတင်းထွက်တဲ့ အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုက ပိုများတယ်လို့ SPLC ရဲ့ အကြီးတန်းတာဝန်ရှိသူ မာ့ခ် ပိုတော့က ပြောကြားခဲ့ပါတယ်။

    အေနာဟမ် ချီတက်ဆန္ဒပြမှုနောက်ပိုင်း သေစေနိုင်တဲ့ လက်နက်နဲ့ လုပ်ကြံမှုတစ်ခုမှာ ပါဝင်တယ်လို့ သံသယရှိတဲ့အတွက် KKK အဖွဲ့ဝင်ငါးဦးကို အမေရိကန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြင်းထန်စွာ နာကျင်စေဖို့ ရည်ရွယ်တဲ့ တိုက်ခိုက်မှုမှာ ပါဝင်မယ်လို့ ယူဆရတဲ့ လူ ၇ ဦးလည်း ထပ်မံထိန်းသိမ်းခဲ့ပါတယ်။

    Ref: IINA