News @ M-Media

Author: Ko Lay

  • သကြားလွတ်ဖျော်ရည်များသည် သွားပိုးစားခြင်း ဖြစ်ပေါ်နိုင်

    သကြားလွတ်ဖျော်ရည်များသည် သွားပိုးစားခြင်း ဖြစ်ပေါ်နိုင်

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    teeth

    – သြစတြေးလျတွင် ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်တွင် သကြားလွတ်ဖျော်ရည်များနှင့် မုန့်အချိုများသည် လူများယုံကြည်နေသကဲ့သို့ သွားပိုးစားမှုအန္တရာယ် လျော့ကျစေနိုင်သည်မဟုတ်ဘဲ သကြားပါဝင်သောပစ္စည်းများနည်းတူ သွားပိုးစားခြင်း ဖြစ်ပေါ်စေနိုင်သည်ကို တွေ့ရှိခဲ့ရသည်။

    သွားပိုးစားခြင်းဆိုသည်မှာ သွားအပေါ်ယံကြွေလွှာမှစတင်၍ သွား၏ တစ်သျှူးအမာများအား အက်ဆစ်စားသွားခြင်းကို ခေါ်သည်။ ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများက သကြား သို့မဟုတ် ကာဘိုဟိုက်ဒရိတ်များကို စားသုံးလိုက်ပြီး အက်ဆစ်များထုတ်ပေးသည်။ ထိုကြောင့် သကြားပါဝင်မှုနည်းသော အစားအသောက်များကို စားသုံးခြင်းဖြင့် အက်ဆစ်ထုတ်လုပ်မှု နည်းပါးသွားစေကြောင်း ယုံကြည်စေသည်။

    မဲလ်ဘုန်းတက္ကသိုလ်၏ လေ့လာမှုအသစ်တစ်ရပ်တွင် သကြားပါသော ဖျော်ရည်များနှင့် သကြားမပါဝင်သော ဖျော်ရည်များကို နှိုင်းယှဉ်ကြည့်သည့်အခါ သွားပိုးစားစေနိုင်သော ပမာဏသည် သိသိသာသာ ကွာခြားခြင်းမျိုး မရှိသည်ကို တွေ့ရသည်။

    “သကြားလျှော့စားရင် သွားပိုးစားနိုင်တဲ့ အန္တရာယ်နည်းတယ်လို့ လူတွေကထင်နေကြတယ်၊ တကယ်တော့ တချို့အစားအစာတွေမှာ ပါတဲ့ ဓာတုပစ္စည်းတွေ ရောသွားပြီး အက်ဆစ်ဖြစ်လို့ သွားကို တစ်ဖြည်းဖြည်း တိုက်စားသွားတာမျိုး ဖြစ်ပါတယ်”ဟု မဲလ်ဘုန်းတက္ကသိုလ်ပါမောက္ခဖြစ်ပြီး ခံတွင်းကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု သုတေသနအဖွဲ့ ဥက္ကဌ ဖြစ်သူ ဒေါက်တာအဲရစ် ရိန်းနိုးက ပြောကြားခဲ့သည်။

    သုတေသီများက သွား၏ကြွေလွှာတွင် ပြောင်းလဲမှုများကို စောင့်ကြည့်ရန် Knoop ဟု ခေါ်သော အနုကြည့်မှန်ဘီလူးဖြင့် လူ့အံသွား အခု ၇၀ နှင့် ဖျော်ရည် ၂၃ မျိုးကို စမ်းသပ်ခဲ့ကြသည်။

    အားလုံးစမ်းသပ်ပြီးသည့်နောက်တွင် သကြားပါသောဖျော်ရည်နှင့် မပါသောဖျော်ရည်များက သွားများ ပျက်စီးစေမှုတွင် ခြားနားမှု သိပ်မရှိဘဲ ရေနှင့် နို့ပါသော ဖျော်ရည်များက သွားကြွေလွှာပေါ်တွင် အန္တရာယ်ဖြစ်နိုင်ခြေမှာ အလွန်နည်းသည်ကို တွေ့ခဲ့ရသည်။

    ဖျော်ရည်များကို အုပ်စုနှစ်ခုခွဲ၍ စမ်းသပ်ခဲ့သည်။ ပထမအုပ်စုတွင် သြစတြေးလျ ကျောင်းများ၌ အလွယ်တကူ ၀ယ်ယူနိုင်သော ဖျော်ရည် ၁၅ မျိုးကို နှိုင်းယှဉ်ပြသည်။ ကျောင်းဝင်းအတွင်း ရောင်းချသော ဖျော်ရည်များအနက် သကြားပါပါ၊ မပါပါ (နို့ပါသောဖျော်ရည်မှလွဲ၍) အားလုံးသည် သွားပိုးစားစေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ကိုကာကိုလာသည် အဓိကသွားပိုးစေနိုင်ပြီး ရေမှာ သွားပိုးစားခြင်းမရှိပေ။

    သုတေသီများသည် သကြားလွတ်ကိတ်မုန့်နှင့် မုန့်အချိုများကိုလည်း စမ်းသပ်ခဲ့ပြီး ထိုစားသောက်ကုန်များ ၃၂ ခုမှ ၂၀ လောက်မှာ အထက်တွင် ဖော်ပြခဲ့သော သကြားလွတ်ဖျော်ရည်များကဲ့သို့ပင် အက်ဆစ်ပါဝင်မှု တူညီကြောင်း တွေ့ရှိခဲ့သည်။

    လေ့လာမှုတွင် သစ်သီးအရသာပါသော ကိတ်များ၊ အထူးသဖြင့် သံပုရာအရသာရှိသော ကိတ်များသည် အလွန်ပင်အန္တရာယ်ရှိကြောင်း တွေ့ခဲ့ရသည်။ သုတေသီများက အက်ဆစ်ဓာတ်များသော ဖျော်ရည်များထက် ရေကိုသာ သောက်သုံးသင့်ပြီး စစ်ထရစ်အက်ဆစ်နှင့် ဖော့စ်ဖော့ရပ်စ် အက်ဆစ်ကဲ့သို့သော ပါဝင်ပစ္စည်းများကို အထူးဂရုပြု၍ ရှောင်ကျဉ်ခြင်းသည် သွားများမပျက်စီးစေရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း နိဂုံးချုပ် ပြောကြားခဲ့သည်။

    Ref: INNA News

  • IS အားတိုက်ရန် နိုင်ငံခြားတပ်ဖွဲ့မလိုဟု အီရတ်ပြော

    IS အားတိုက်ရန် နိုင်ငံခြားတပ်ဖွဲ့မလိုဟု အီရတ်ပြော

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    iraq

    – IS အကြမ်းဖက်အဖွဲ့အား တိုက်ခိုက်ရန်အတွက် နိုင်ငံခြားတပ်ဖွဲ့များ ထပ်မံမလိုအပ်တော့ဘဲ အစိုးရ၏ ခွင့်ပြုချက်မရရှိပါက နိုင်ငံခြားတပ်များ နိုင်ငံအတွင်းသို့ ၀င်ရောက်တပ်စွဲခြင်းမှာ ဖြစ်လာနိုင်မည်မဟုတ်ဟု အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက ပြောကြားလိုက်သည်။

    အာဘာဒီ၏ ထိုကဲ့သို့ ပြောကြားမှုမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန် ကာတာရ်က ၎င်းတို့မှာ IS အဖွဲ့အား တိုက်ခိုက်ရေးတွင် ကူညီရန်အတွက် အထူးတပ်ဖွဲ့များကို အီရတ်၌ ချထားသွားမည်ဟု စောစောပိုင်းက ကြေငြာခဲ့မှုကို ပြန်လည်တုန့်ပြန်ခြင်းလည်း ဖြစ်သည်။

    “အီရတ်မြေပေါ်မှာ နိုင်ငံခြား မြေပြင်တပ်တွေ ကျွန်တော်တို့ မလိုပါဘူး။ အီရတ်နိုင်ငံရဲ့ ဘယ်လိုနေရာမှာမှ ဘယ်လိုနိုင်ငံခြားတပ်ဖွဲ့ရဲ့ ဘယ်လိုတပ်ဖြန့်မှုမျိုး၊ ဘယ်လို စစ်ဆင်ရေးမျိုး – အထူးဖြစ်ဖြစ်၊ ရိုးရိုးဖြစ်ဖြစ် – ဘာကိုမှ ကျွန်တော်တို့ရဲ့ ခွင့်ပြုချက်၊ ပူးပေါင်းဆောင်ရွက်မှု၊ အီရတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားသမှု မရှိဘဲနဲ့ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး” ဟု ယမန်နေ့က ထုတ်ပြန်သည့် ကြေငြာချက်တွင် ဟိုင်ဒါ အလ်-အာဘာဒီက ပြောကြားခဲ့သည်။

    ကာတာရ်ကမူ ၎င်းတို့၏ အထူးတပ်ဖွဲ့မှာ ဆီးရီးယားစစ်ပွဲတွင်လည်း ပါဝင်နိုင်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အမေရိကန်မှာ ၎င်းတို့၏ အထူးစစ်ဆင်ရေး တပ်ဖွဲ့ ၅၀ ခန့်ကို ဆီးရီးယားသို့ စေလွှတ်မည်ဟု စောစောပိုင်းက ကြေငြာခဲ့သည်။

    Ref: Aljazeera

  • ဂွာတီမာလာ အကျဉ်းထောင်အဓိကရုဏ်းတွင် အကျဉ်းသားများ ခေါင်းဖြတ်အသတ်ခံရ

    ဂွာတီမာလာ အကျဉ်းထောင်အဓိကရုဏ်းတွင် အကျဉ်းသားများ ခေါင်းဖြတ်အသတ်ခံရ

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    guate

    – လူအလွန်များပြားနေသည့် ဂွာတီမာလာအကျဉ်းထောင်၌ လူဆိုးဂိုဏ်းများအကြား တိုက်ခိုက်မှုတွင် အနည်းဆုံး ၁၇ ဦး သေဆုံးပြီး ထိုအထဲတွင် ခုနစ်ယောက်ခန့် ခေါင်းဖြတ်ခံခဲ့ရဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    အက်စ်ကွင်တလာခရိုင် လက်ထောက်တရားသူကြီးဖြစ်သူ ဗစ်တာမီဂျန်ဂိုစ် က ဂွာတီမာလာမြို့တော်၏ တောင်ဘက် ၇၀ ကီလိုမီတာအကွာ ကနေဒါ ပြန်လည်နေရာချထားရေးဌာန၌ မွန်းလွဲချိန်မတိုင်ခင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။

    “အကုန်လုံး တောခုတ်ဓားတွေ၊ ဓားမြှောင်တွေနဲ့ အသတ်ခံထားရတာပါ” ဟု အကျဉ်းထောင်အတွင်းဝင်ရောက် ကြည့်ရှုခဲ့သူ မီဂျန်ဂိုစ်က ပြောကြားခဲ့သည်။ အလောင်း ၁၆ လောင်းကို တွေ့ခဲ့ရပြီး အခြားတစ်ဦးမှာ ဒဏ်ရာများဖြင့် ဆေးရုံ၌ သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။

    ထို့ပြင် စားပွဲတစ်လုံးပေါ်၌ အဖွဲ့ခေါင်းဆောင်များဟု ထင်ရသူ လူသုံးယောက်၏ ဦးခေါင်းများ တင်ထားသည်ကို တွေ့ရကြောင်း၊ သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ တစ်ဦးမှမရှိကြောင်း မီဂျန်ဂိုစ်က ထည့်သွင်းပြောကြားခဲ့သည်။ အခြား အစိုးရအဖွဲ့ဝင်တစ်ဦးကမူ တိုက်ခိုက်မှုမှာ သေနတ်ပစ်ခတ်ခြင်းဖြင့် စတင်ခဲ့ခြင်းဖြစ်သည်ဟု အစောပိုင်းက ပြောကြားခဲ့သည်။

    အကျဉ်းထောင် ပြောရေးဆိုခွင့်ရှိသူ ရူဒီအစ်ကွီဗလ်က အကျဉ်းထောင်မှာ အကျဉ်းသား ၆၀၀ ကိုသာ ထိန်းသိမ်းရန် ဆောက်လုပ်ထားခြင်း ဖြစ်သော်လည်း လက်ရှိတွင် အကျဉ်းသားများမှာ ၃၀၉၂ ယောက် ရှိနေသည်ဟု ပြောဆိုခဲ့သည်။ ၎င်းက ဆက်လက်၍ မီးသတ်သမားများသည် အလောင်း ၁၆ ခုကို အကျဉ်းထောင်မှ ဖယ်ရှားခဲ့ပြီး မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးမှုများ ပြုလုပ်နေဆဲဟု ပြောခဲ့သည်။

    အလ်ဂျဇီးရား၏ သတင်းထောက် ဒေးဗစ်မာဆာက ဂွာတီမာလာမှနေ၍ သတင်းပေးခဲ့သည်မှာ လူများ စုပြုံကြပ်ညပ်မှုသည် ပဋိပက္ခဖြစ်ပွားစေသည့် အခြေအနေသို့ဆိုက်ရောက်စေသည် ဟု ပြောကြားခဲ့သည်။

    အလ်ဆာ ရိုဒရီဂက်စ်က သူမမှာ အသက် ၂၃ နှစ်ရှိသော သားဖြစ်သူ အစ်တူဝါဒို ဂရီဂိုရီယို ရိုဒရီဂက်ဇ်ကို နာရေးကူညီမှု ၀န်ထမ်းဖြစ်သူက ပြသောဓာတ်ပုံကိုကြည့်၍ မှတ်မိခဲ့သည်ဟု ပြောကြားခဲ့သည်။ သူမသည် ရေခဲတိုက်အပြင်တွင် သေဆုံးသူများကို ပြန်ယူရန် စောင့်ဆိုင်းနေကြသည့် မိသားစုများအနက်မှ တစ်ယောက်ဖြစ်သည်။

    အစ်ကွီဗယ်က တိုက်ခိုက်မှုများသည် မာရာ ၁၈ အဖွဲ့ဝင်များ၊ မာရာဆလ် ဗာထရူချာဂိုဏ်းသားများနှင့် အဖွဲ့ဝင်မဟုတ်သော အကျဉ်းသားများအကြား မကျေနပ်မှုများ ပေါက်ကွဲခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့ဝင်နှစ်ထောင်ခန့်မှာ အကျဉ်းထောင်အတွင်းသို့ ထိန်းချုပ်မှုများပြန်လည်ရယူရန်နှင့် သက်သေခံများ စုဆောင်းရန် ၀င်ရောက်ခဲ့သည်။

    မာရီလာရော့ဒ်ဆာသည် တနင်္ဂနွေနေ့တွင် သားဖြစ်သူကို ထောင်ဝင်စာလာတွေ့ခဲ့ပြီး သေနတ်ပစ်ခတ်မှုများသည် ညနေ ၃ နာရီခွဲဝန်းကျင်တွင် ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    ‘ကျမသားက အမြန်ထွက်သွားခိုင်းပါတယ်၊ သူကို့ ဘာမှစိုးရိမ်စရာမရှိတဲ့အကြောင်းလည်း ပြောတယ်၊ ကျွန်မအထင် သူတို့ဒီကိစ္စကို သိပြီးဖြစ်ကြမယ်’ ဟု ရော့ဒ်ဆာက ပြောသည်။

    ‘ပြီးတော့ ကျွန်မတို့သေနတ်ပစ်သံတွေကြားပြီး အားလုံးထွက်ပြေးကြပါတယ်’

    ဒါဇင်ပေါင်းများစွာသောမိသားစုဝင်များသည် သူတို့ဆွေမျိုးသားချင်းများအကြောင်းသိရရန် အကျဉ်းထောင်ပြင်ပတွင် တနင်္လာနေ့က စောင့်ဆိုင်းခဲ့ကြသည်။

    Ref: Aljazeera

  • IS ကို ကာကွယ်ပေးတာ သက်သေပြနိုင်လျှင် ရာထူးမှနှုတ်ထွက်မည်ဟု တူရကီသမ္မတ ရုရှားကို စိန်ခေါ်

    IS ကို ကာကွယ်ပေးတာ သက်သေပြနိုင်လျှင် ရာထူးမှနှုတ်ထွက်မည်ဟု တူရကီသမ္မတ ရုရှားကို စိန်ခေါ်

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    plane

    – IS နှင့် ရေနံကုန်သွယ်မှုကို ကာကွယ်ရန်အတွက် ရုရှားတိုက်လေယာဉ်ကို ပစ်ချခဲ့သည်ဟူသော ပူတင်၏ စွပ်စွဲမှုကို သက်သေပြနိုင်ပါက မိမိမှာ ရာထူးမှ နှုတ်ထွက်သွားမည်ဟု တူရကီသမ္မတ ရီဆက်ပ်တိုင်ယစ်အာဒိုဂန်က ပြောကြားလိုက်သည်။

    “အဲဒီလိုပြောကြားမှု သက်သေပြနိုင်တာနဲ့ ကျွန်တော်တို့ရဲ့ တိုင်းပြည်ဟာ ကျွန်တော့်ရဲ့ နှုတ်ထွက်မှုကို လိုအပ်မှာပါ” ဟု
    ပဲရစ်တွင်ပြုလုပ်နေသည့် ရာသီဥတုပြောင်းလဲရေး ထိပ်သီးအစည်းအဝေးတွင် ယမန်နေ့တွင် အာဒိုဂန်က ပြောကြားခဲ့ခြင်းဖြစ်ပြီး သက်သေမပြနိုင်ပါက ပူတင်မှာ ရာထူးမှ နှုတ်ထွက်သင့်သည်ဟု ဆိုသည်။

    “မစ္စတာပူတင်ကို ကျွန်တော်မေးပါမယ်။ ခင်ဗျား သမ္မအဖြစ် ဆက်ရှိနေမှာလား?”

    နိုဝင်ဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါလေယာဉ်ပစ်ချမှုတွင် တူရကီက ရုရှားတိုက်လေယာဉ်မှာ မိမိတို့လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်လာသည်ဟု ပြောကြားခဲ့သည်။ ထိုအဖြစ်အပျက်ပြီးနောက် ရုရှားနှင့် တူရကီတို့အကြား စကားလုံးတိုက်ပွဲများ ဖြစ်လာခဲ့သည်။

    Ref: CNN

  • အာဏာရှင်စနစ်အဆုံးသတ်ခဲ့သည့် ဘာကီနာဖာဆိုတွင် သမ္မတသစ် ထွက်ပေါ်

    အာဏာရှင်စနစ်အဆုံးသတ်ခဲ့သည့် ဘာကီနာဖာဆိုတွင် သမ္မတသစ် ထွက်ပေါ်

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    burkina

    – အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် ဘာကီနာဖာဆို၏ တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် ရိုခ်ျ မာ့ခ် ခရစ်ရှန် ကာဘိုရီက သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခြင်းခံခဲ့ရပြီး ၁၉၆၀ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဒုတိယမြောက် အရပ်သားသမ္မတ ဖြစ်လာခဲ့သည်။

    ပြည်သူ့တိုးတက်ရေး လှုပ်ရှားမှုပါတီမှ ကာဘိုရီမှာ မဲအရေအတွက် ၅၃.၅ ရာခိုင်နှုန်းကို ရရှိခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် ကြေငြာခဲ့သည်။ ထို့ကြောင့် တိုင်းပြည်အား ၂၇ နှစ်တာ အုပ်စိုးခဲ့ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလက လူထုအုံကြွမှုကြောင့် ပြုတ်ကျသွားခဲ့သည့် သမ္မတ ဘလာစီကွန်ပိုရီနောက်ပိုင်း ဖွဲ့စည်းထားသည့် ယာယီအစိုးရနေရာကို အစားထိုးသွားမည်ဖြစ်သည်။

    အဆိုပါရွေးကောက်ပွဲကို အောက်တိုဘာလအတွင်းက ပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း သမ္မတအစောင့်တပ်က စက်တင်ဘာတွင် အာဏာသိမ်းခဲ့သောကြောင့် နောက်ကျခဲ့ခြင်းဖြစ်သည်။ ကနဦးရလဒ်များအရ ကာဘိုရီမှာ အနိုင်ရဖွယ်ရှိသောကြောင့် ပြည်သူများက ယမန်နေ့ ညနေပိုင်းက ကာဘိုရီ မဲဆွယ်ခဲ့သည့် ဌာနချုပ် အဆောက်အအုံရှေ့တွင် စုဝေးကာ အောင်ပွဲခံခဲ့ကြသည်။

    Ref: Aljazeera