News @ M-Media

Author: Ko Lay

  • IS ကို ပြင်သစ်က ဗုံးသွားကြဲ

    IS ကို ပြင်သစ်က ဗုံးသွားကြဲ

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    france

     

    – ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုအပြီး ၂ ရက်အကြာ ယမန်နေ့တွင် ပြင်သစ်က ဆီးရီးယားနိုင်ငံရှိ IS အဖွဲ့၏ ခြေကုပ်မြို့ဖြစ်သော ရက်ကာမြို့အား တိုက်လေယာဉ်များဖြင့် ဗုံးကြဲမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    IS ၏ ပစ်မှတ်များကို ဗုံးအလုံးပေါင်း ၂၀ ကြဲချခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် IS ၏ ဌာနချုပ်၊ စစ်သားစုဆောင်းရေးစင်တာ၊ လက်နက်သိုလှောင်ရေးစင်တာနှင့် လေ့ကျင့်ရေးစင်တာတို့ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ပြင်သစ် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ပြင်သစ်သမ္မ ဖရန်ကိုအစ် ဟော်လန်ဒေးကမူ လူ ၁၂၉ ဦး သေဆုံးခဲ့သည့် ပဲရစ် အကြမ်းဖက်တိုက်ခိုက်မှုအား စစ်ပွဲသဏ္ဍာန် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုပြီး ထိုအတွက် မညှာမတာ တုန့်ပြန်သွားမည်ဟု စောစောပိုင်းက ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ကလေးများကို ရေနစ်ခြင်းမှ ကာကွယ်ပေးမည့် ရေကူးဝတ်စုံကို ဆော်ဒီကျောင်းသူတစ်ဦး တီထွင်

    ကလေးများကို ရေနစ်ခြင်းမှ ကာကွယ်ပေးမည့် ရေကူးဝတ်စုံကို ဆော်ဒီကျောင်းသူတစ်ဦး တီထွင်

    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    swim suit

    – ကလေးများအား ရေနစ်ခြင်းမှ ကာကွယ်ပေးမည့် အထူး ရေကူးဝတ်စုံတစ်ခုကို ဆော်ဒီကျောင်းသူတစ်ဦးက တီထွင်နိုင်ခဲ့သည်ဟု သိရသည်။

    သြစတေးလျရှိ Royal Melbourne နည်းပညာတက္ကသိုလ်တွင် မဟာတန်း တက်ရောက်နေသည့် အက်စ်မာ ဘင်တီ အဘ်ဒူလာ အလ်-ဟာကာမီ ဆိုသူ ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ကလေးငယ်များ ရေနစ်သေဆုံးမှု မြင့်တက်လာခြင်းကို တွေ့မြင်ခဲ့ပြီးနောက် ထိုရေကူးဝတ်စုံကို တီထွင်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

    ယခင်က နဂ်ျရန်ရှိ စက်မှုကောလိပ်တစ်ခုတွင် အလုပ်လုပ်ခဲ့သည့် အလ်-ဟာကာမီက သူမ တီထွင်ထားသော အဆိုပါ ရေကူးဝတ်စုံ၏ ခန္ဓာကိုယ်ပိုင်းတွင် လေအိတ်များ ပါဝင်ပြီး ဆင်းမ်ကဒ် ထည့်သွင်းအသုံးပြုနိုင်မည့် နေရာအချက်ပြစနစ်၊ ရေဖိအား ဆင်ဆာ၊ လေထိုးပန့်ငယ်တစ်ခုနှစ့် ဗဟိုထိန်းချုပ်မှုစနစ် ပါဝင်သည်ဟု ဆိုသည်။

    ဆင်ဆာမှာ ၀တ်စုံအား ရေထိသည့်စနစ်ဖြင့် အလုပ်လုပ်မည် ဖြစ်သည်။ သတ်မှတ်ထားသည့် ရေဖိအားအထိ ရောက်ရှိလာပါက ရေကူးဝတ်စုံမှ လေအိတ်မှာ အလိုအလျောက် ပွင့်လာမည်ဖြစ်ပြီး ဆင်ဆာက မိဘ၊ သို့မဟုတ် အုပ်ထိန်းသူများထံတွင် ရှိနေသည့် မိုဘိုင်းဖုန်းသို့ အချက်ပြသွားမည်ဖြစ်သည်။

    လက်ရှိအချိန်တွင် ထိုရေကူးဝတ်စုံကို သူမက စမ်းသပ်နေဆဲဖြစ်ပြီး မကြာမီ ထုတ်ဖော်ပြသသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Arabnews

  • အစ္စလာမ်၏ သွန်သင်မှုအတိုင်း နေထိုင်ပြီး၊ အကြမ်းဖက်အဖွဲ့များ၏ သားကောင်မဖြစ်ရန် လူငယ်များအား ဆော်ဒီမွဖ်သီကြီး တိုက်တွန်း

    အစ္စလာမ်၏ သွန်သင်မှုအတိုင်း နေထိုင်ပြီး၊ အကြမ်းဖက်အဖွဲ့များ၏ သားကောင်မဖြစ်ရန် လူငယ်များအား ဆော်ဒီမွဖ်သီကြီး တိုက်တွန်း

    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    saudi

    – ဆော်ဒီလူငယ်များအနေဖြင့် အစ္စလာမ်၏ စည်းမျဉ်းစည်းကမ်းများ၊ မိဘများ၏ စကားများအတိုင်းသာ လိုက်နာ နေထိုင်သွားရန် ဆော်ဒီမွဖ်သီကြီး ရှိခ် အဘ်ဒူလ်အဇစ် အလ်-ရှိခ်က တိုက်တွန်းပြောကြားလိုက်ပြီး အဖျက်အမှောင့်လုပ်သူများ၏ သားကောင်မဖြစ်ရေး သတိထားရန်လည်း ပြောကြားလိုက်သည်။

    သောကြောနေ့က တာကီ ဘင် အဘ်ဒူလာ ဗလီဝတ်ကျောင်းတော်တွင် ဟောကြားခဲ့သည့် တရားဒေသနာတွင် ထိုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်ပြီး လူငယ်များအနေဖြင့် လူ့အဖွဲ့အစည်းအား သွေးကွဲစေရန် ဆောင်ရွက်ကြသူများ၊ အပြစ်မဲ့သူများ၏ သွေးကို မြေကျစေချင်သူများအား ရှောင်ရှားရန်လည်း တိုက်တွန်းခဲ့သည်။ အလ်-ရှိခ်မှာ ဆော်ဒီ အကြီးတန်း အစ္စလာမ် သာသနာ့ပညာရှင်များကောင်စီ၏ ဥက္ကဌလည်း ဖြစ်သည်။

    ထို့ပြင် ထိုကဲ့သို့ လမ်းမှားသော အလုပ်များ လုပ်ဆောင်ရန် သွေးဆောင်ကြသူများမှာလည်း လူငယ်များအပေါ် လှည့်ဖျားခြင်းသာဖြစ်ပြီး ၎င်းတို့၏ လှည့်စားမခံရရေး သတိပြုရန်လည်း မွဖ်သီကြီးက ထည့်သွင်း တိုက်တွန်းခဲ့သည်။

    “သူတို့ (အကြမ်းဖက်သမားတွေ)ဟာ အစ္စလာမ့်ရဲ့ ရန်သူတွေပါပဲ။ သူတို့တွေဟာ ကျွန်တော်တို့ လူငယ်တွေကို အကျင့်ပျက်အောင် လုပ်ကြတယ်။ သူတို့ရဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေနဲ့ လူငယ်လေးတွေကို ဦးနှောက်ကျင်းကြပါတယ်”

    ထိုမှားယွင်းသော အတွေးအခေါ်များကြောင့် လူငယ်များ၏အကျင့် ပျက်သွားပါက လွယ်ကူသော ပစ်မှတ်များ ဖြစ်လာမည်ဖြစ်ပြီး၊ ဘာသာတရားက သွန်သင်ထားသည့် ကိုယ်ကျင့်တရားများနှင့် ကျင့်ဝတ်များ ပျောက်ဆုံးသွားသည့် နိုင်ငံမှာလည်း ရန်သူများ၏ လွယ်ကူသော ပစ်မှတ် ဖြစ်လာသည်ဟု မွဖ်သီကြီးက ထည့်သွင်းပြောကြားခဲ့သည်။

    ဆိုရှယ်မီဒီယာများရှိ လမ်းမှားနေသော ၀ါဒဖြန့် စာမျက်နှာများမှ ပို့စ်များကို မျှဝေခြင်းကိုလည်း အလ်-ရှိခ်က သတိပေးခဲ့ပြီး ဆော်ဒီနိုင်ငံအတွင်းရှိ လူငယ်များနှင့် လူ့အဖွဲ့အစည်းအတွင်း ၎င်းတို့၏ အခန်းကဏ္ဍကို ဂရုစိုက်ရမည်ဟုလည်း ဆိုသည်။

    မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီးများကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ရန် အစ္စလာမ်က တာဝန်ပေးထားသည်ဟုလည်း ကုရ်အာန်ကျမ်းတော်မြတ်မှ မိန့်ကြားချက်ကို ကိုးကား၍ မွဖ်သီကြီးက ၎င်း၏ တရားဒေသနာတွင် ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Arabnews

  • မန်ယူမှာ ဗန်ဂါးလ်၏ဒဿန မလိုဟု စခိုးလ် ဝေဖန်

    မန်ယူမှာ ဗန်ဂါးလ်၏ဒဿန မလိုဟု စခိုးလ် ဝေဖန်

    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    van

    – မန်ယူအသင်း လက်ရှိလိုအပ်နေသည်မှာ ဂိုးများဖြစ်ပြီး ဗန်ဂါးလ်၏ ဘောလုံးဒဿနမဟုတ်ဟု မန်ယူကွင်းလယ်လူဟောင်း ပေါစခိုးလ်က ဝေဖန်ပြောကြားလိုက်ပြီး ၎င်းတို့နှစ်ဦးအကြား စကားစစ်ထိုးမှုကို အရှိန်မြှင့်တင်လိုက်သည်။

    မန်ယူနှင့်အတူ ပရီးမီးယားလိဂ်ဖလားကို ၁၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သည့် စခိုးလ်မှာ ပြီးခဲ့သည့်လက ဗန်ဂါးလ်၏ နည်းစနစ်များကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီး ဗန်ဂါးလ်ကလည်း စခိုးလ်အား တုန့်ပြန်မှုများ ပြုလုပ်ခဲ့သည်။

    “၁၃ လရှိပါပြီ။ ဘာမှ လောက်လောက်လားလား မဖြစ်သေးပါဘူး။ ဒါပေမယ့် လူးဝစ်(ဗန်ဂါးလ်)က ကျွန်တော်ပြောလည်း နားထောင်မှာ မဟုတ်တာကြောင့် ဘာမှသိပ်မပြောတာ ကောင်းပါတယ်။ ဘောလုံးဒဿနပိုင်းကို ပြောကြတယ်။ ကျွန်တော့်အတွက်တော့ မန်ယူက အဲဒီဒဿနတွေ မလိုဘူးဗျ။ ပရိတ်သတ်တွေက တိုက်စစ်နဲ့ ဂိုးတွေကိုပဲ မြင်ချင်ကြတာပါ။ ဒါက မန်ယူရဲ့ ကစားပုံပါပဲ” ဟု ယမန်နေ့က ပြုလုပ်ခဲ့သည့် ပရဟိတပွဲတစ်ခုတွင် စခိုးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • အကြမ်းဖက်မှုအတွက် Double Standard နဲ့ တုန့်ပြန်မှုကို မီးမောင်းထိုးပြလိုက်တဲ့ ဂျိုလီ

    အကြမ်းဖက်မှုအတွက် Double Standard နဲ့ တုန့်ပြန်မှုကို မီးမောင်းထိုးပြလိုက်တဲ့ ဂျိုလီ

    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    jolie

    – အောက်တိုဘာ ၁၃ ရက်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအကြောင်းဟာ ကမ္ဘာတစ်ဝှမ်းမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ပြီး လူတိုင်းက စုပ်တစ်သပ်သပ်နဲ့ မကျေမနပ် ဖြစ်ခဲ့ရပါတယ်။

    အသေခံဗုံးခွဲမှု၊ သေနတ်နဲ့ပစ်ခတ်မှုတွေ အပါအ၀င် မြို့တွင်းက နေရာ ၅ ခုလောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၁၂၀ ကျော် သေဆုံးခဲ့ကြပြီး ရာနဲ့ချီတဲ့ပြည်သူတွေလည်း ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ဒီလုပ်ရပ်အတွက် IS က သူတို့လက်ချက်လို့ တာဝန်ယူခဲ့ပါတယ်။

    အနောက်တိုင်း မီဒီယာတွေကလည်း ပဲရစ်တိုက်ခိုက်မှုကို ဇောင်းပေးဖော်ပြခဲ့သလို ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေကလည်း ၀မ်းနည်းကြောင်း၊ ကြေကွဲကြောင်းတွေ ပြောကြားခဲ့ကာ ပြင်သစ်ပြည်သူတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတာကို အလျင်အမြန်ပဲ ဖော်ပြခဲ့ကြပါတယ်။

    ပဲရစ်တိုက်ခိုက်မှုမဖြစ်မီ တစ်ရက်အလို နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က လူစည်ကားရာ အရပ်တစ်ခုမှာ IS က ပြုလုပ်တဲ့ အသေခံဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လက်ဘနွန်ပြည်သူ ၄၃ ဦးသေဆုံးခဲ့ကာ လူအများအပြားလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

    ဒါပေမယ့် လက်ဘနွန်က အကြမ်းဖက်တိုက်ခိုက်မှုကိစ္စကိုတော့ အနောက်တိုင်းမီဒီယာတွေက သတင်းအဖြစ်သာ ဖော်ပြခဲ့ကြသလို၊ ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေကလည်း မဆိုင်သလိုသာ နေခဲ့ကြပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုခြင်း၊ အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးမှုခြင်း တူပေမယ့် မီဒီယာတွေရဲ့ double standard နဲ့ ဖော်ပြပုံ၊ လူတွေရဲ့ double standard တုန့်ပြန်ပုံတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေလည်း ရှိလာခဲ့ပါတယ်။

    ကမ္ဘာကျော် ဟော်လီးဝုဒ် ရုပ်ရှင်မင်းသမီးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ အိန်ဂျလီနာဂျိုလီကလည်း သူ့ရဲ့ Facebook စာမျက်နှာကနေ ဒီ တရားမမျှတမှုကို အတိအလင်းပဲ ထောက်ပြခဲ့ပါတယ်။

    “ပဲရစ်ကိစ္စနဲ့ပတ်သက်ပြီး လူတိုင်းက ပြောနေကြတဲ့အချိန်၊ မနေ့က လက်ဘနွန်မှာ ISIS က အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ အကြောင်းကိုတော့ ဘယ်သူမှ မဟကြပါဘူး။ ကျွန်မကတော့ နှစ်နိုင်ငံစလုံးအတွက် ဆုတောင်းပေးပါတယ်” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

    IS ကတော့ ပြင်သစ်ဟာ သူတို့ကိုတိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့အတွက် လက်စားချေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြင်သစ်မွတ်စလင်တွေအပါအ၀င်၊ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။

    မမှန်ကန်တဲ့ ထောက်လှမ်းရေးသတင်းနဲ့ အီရတ်ကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့လုပ်ရပ်၊ အာဆတ်အစိုးရ ပြုတ်ကျရေး ဆီးရီးယား သူပုန်တွေကို လက်နက်တပ်ဆင်ပေးကာ တိုက်ခိုက်ခိုင်းခဲ့တဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ လုပ်ရပ်တွေကနေ ပေါ်ထွက်လာတဲ့ IS အကြမ်းဖက်အဖွဲ့ရဲ့ ဒဏ်ကို တစ်ကယ်တမ်း ခါးစီးခံနေရတဲ့သူတွေကတော့ အရှေ့အလယ်ပိုင်းက ပြည်သူတွေဖြစ်ပါတယ်။

    အဲဒီအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် နေ့စဉ်နဲ့အမျှ အရှေ့အလယ်ပိုင်းက ပြည်သူတွေဟာ အသက်တွေ ဆုံးရှုံးနေရပြီး ဒီအဖွဲ့ကို စွမ်းစွမ်းတမံ ရှေ့ဆုံးက တွန်းလှန်တိုက်ခိုက်နေသူတွေကလည်း အရှေ့အလယ်ပိုင်းက ပြည်သူတွေသာ ဖြစ်ပါတယ်။