News @ M-Media

Author: Ko Lay

  • သြစတေးလျကဲ့သို့ သေနတ်လျော့ချမှုပြုလုပ်ရန် ကလင်တန် တိုက်တွန်း

    သြစတေးလျကဲ့သို့ သေနတ်လျော့ချမှုပြုလုပ်ရန် ကလင်တန် တိုက်တွန်း

    အောက်တိုဘာ ၁၈၊ ၂၀၁၅
    M-Media

    us

    – သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ မြင့်တက်လာခြင်းကို လျော့ချရန်အတွက် အမေရိကန်အစိုးရအနေဖြင့် သြစတေးလျမှ ၁၉၉၀ ပြည့်နှစ်များတွင် ဆောင်ရွက်ခဲ့သော သေနတ်လျော့ချရေး buyback အစီအစဉ်မျိုးကို စဉ်းစားသင့်သည်ဟု ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာမည်ဟု ရေပန်းစားနေသည့် ဟီလာရီကလင်တန်က ပြောကြားလိုက်သည်။

    ၁၉၉၆ ခုနှစ်တွင် သြစတေးလျရှိ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ ပေါ့အာသာ ဆိပ်ကမ်းတွင် သေနတ်သမား မာတင် ဘရိုင်ယန့်က လူ ၃၅ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက်ပိုင်း သြစတေးလျအစိုးရမှာ သေနတ်လျှော့ချရေး buyback အစီအစဉ်ကို စတင်ခဲ့သည်။

    ထိုအစီအစဉ်အရ ဆီမီးအော်တိုမက်တစ် သေနတ်များကို ပိတ်ပင်ခဲ့ပြီး တားမြစ်ထားသော သေနတ်များ ပြန်အပ်ရန် ၁၂ လတာ အချိန်ပေးခဲ့ကာ အစိုးရက ထိုသေနတ်များကို ပြန်ဝယ်ခဲ့သည်။ ထိုအစီအစဉ်အတွင်း သေနတ်ပေါင်း ၆၄၀၀၀၀ ခန့် ပြန်လည်ရရှိခဲ့ပြီး နိုင်ငံအတွင်း သေနတ်နှင့်ဆက်စပ်သည့် လူသတ်မှုများမှာလည်း လျော့ကျခဲ့သည်။

    “အဲဒီသေနတ်တွေကို ပြန်ဝယ်ခြင်းအားဖြင့် သူတို့ဟာ ရောင်းလိုအားကို လျော့ချနိုင်ပါတယ်။ ပြီးတော့ အနာဂတ်မှာ သေနတ်ဝယ်ဖို့အတွက် ခြားနားတဲ့ စံနှုန်းတွေကိုလည်း သတ်မှတ်နိုင်ပါတယ်” ဟု နယူးဟမ့်ရှိုင်းယားပြည်နယ် ကီနီမြို့ရှိ သောကြာနေ့ ဆွေးနွေးပွဲတစ်ခုတွင် ကလင်တန်က ပြောကြားခဲ့သည်။

    မကြာသေးမီက အော်ရီဂွန်ကတက္ကသိုလ်နှင့် ချာလ်စတန် ဘုရားကျောင်းတို့၌ သေနတ်ဖြင့် ပစ်ခဲ့မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သေနတ်ထိန်းချုပ်ရေးမှာ အမေရိကန်တွင် အရေးပါသည့် ကိစ္စဖြစ်လာခဲ့သည်။

    Ref: Aljazeera

  • နည်းပြနှင့် အသင်းသားများ၏ အမြင်ကိုသာ အလေးထားသည်ဟု ရူနီပြော

    နည်းပြနှင့် အသင်းသားများ၏ အမြင်ကိုသာ အလေးထားသည်ဟု ရူနီပြော

    အောက်တိုဘာ ၁၈၊ ၂၀၁၅
    M-Media

    rn

    – အခြားသူများ၏ ဝေဖန်မှုထက် နည်းပြနှင့် အသင်းသားများ၏ အထင်အမြင်များကိုသာ အာရုံစိုက်သည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    အင်္ဂလန်အသင်း၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာခဲ့သည့် ၀ိန်းရူနီမှာ ပရီးမီးယားလိဂ်တွင် ဂိုးရရန် ရုန်းကန်နေရပြီး ယမန်နေ့က ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် အဲဗာတန်အသင်းနှင့်ပွဲတွင် တတိယဂိုး သွင်းပေးနိုင်ခဲ့သည်။ ထိုဂိုးမှာ အဝေးကွင်းတွင် ၁၁ လအတွင်း ရူနီ၏ ပထမဆုံးဂိုးဖြစ်ပြီး အသင်းဟောင်းအဲဗာတန်အား ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံး သွင်းနိုင်သည့် ဂိုးလည်း ဖြစ်သည်။

    ပွဲအပြီးတွင် ၎င်း၏ ဂိုးမိုးခေါင်မှုကို ကျော်ဖြတ်ရန် စဉ်းစားခဲ့သလားဟု မေးမြန်းရာ ရူနီက “ဒါဟာ သတင်းမီဒီယာက ဘယ်လိုစဉ်းစားလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သူတို့ကြိုက်သလို သူတို့ ပြောနေကြတာပဲ။ ကျွန်တော် အရေးစိုက်တာက နည်းပြနဲ့ အသင်းသားတွေရဲ့ အမြင်ကိုပါပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Dailymail

  • အိန္ဒိယတွင် နွားမှောင်ခိုပို့သည်ဟု စွပ်စွဲကာ ဟိန္ဒူလူအုပ်စုက ရိုက်နှက်မှုကြောင့် လူ တစ်ဦးသေဆုံး

    အိန္ဒိယတွင် နွားမှောင်ခိုပို့သည်ဟု စွပ်စွဲကာ ဟိန္ဒူလူအုပ်စုက ရိုက်နှက်မှုကြောင့် လူ တစ်ဦးသေဆုံး

    အောက်တိုဘာ ၁၈၊ ၂၀၁၅
    M-Media

    indian

    – အိန္ဒိယနိုင်ငံ ဟီမာချဲလ် ပရာဒက်ရှ်ပြည်နယ်တွင် နွားများကို မှောင်ခိုပို့သည်ဟု စွပ်စွဲကာ ဟိန္ဒူလူအုပ်စုကြီးက ရိုက်နှက် သတ်ဖြတ်မှုကြောင့် မွတ်စလင်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    သေဆုံးသွားသူမှာ နော်မန်ဆိုသူဖြစ်ပြီး ၎င်းနှင့် အခြားလေးဦးမှာ ကျွဲ၊ နွားများကို ထရပ်ကားပေါ်သို့ တင်နေစဉ် ဗုဒ္ဓဟူးနေ့ညနေပိုင်းက ဟိန္ဒူလူအုပ်စုကြီးမှ လာရောက် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယမန်နေ့တွင် ပြောကြားခဲ့သည်။ နော်မန်မှာ သေဆုံးသွားခဲ့ပြီး လွတ်မြောက်သူလေးဦးကို နွားမှောင်ခိုမှုနှင့် သတ်ဖြတ်ဖြတ်မှုတို့ဖြင့် တရားစွဲထားသည်ဟု အိန္ဒိယအာဏာပိုင်များ၏ ပြောကြားမှုအရ သိရသည်။

    “စွပ်စွဲခံရသူတွေအတွက် စုံစမ်းစစ်ဆေးမှုကို ကျွန်တော်တို့ စတင်ခဲ့ပါတယ်။ ဒီဟာက လူအုပ်စုနဲ့ တိုက်ခိုက်တဲ့အမှု ဖြစ်တာကြောင့် ဒီအဖြစ်အပျက်ကို ဘယ်သူမှန်းမသိတဲ့ လူသတ်မှုနဲ့ စာရင်းသွင်းထားပါတယ်” ဟု ဒေသတွင်း ရဲတပ်ဖွဲ့တာဝန်ရှိသူ ဆူမျာ ဆမ်ဘာဆီဗန်က ပြောကြားခဲ့သည်။

    အိန္ဒိယရှိ အချို့သောပြည်နယ်များတွင် နွားများ သတ်ဖြတ်မှုကို ကို ပိတ်ပင်ထားပြီး ယခုအခင်းဖြစ်ပွားသော ဟီမာချာလ် ပရာဒက်ရှ်ပြည်နယ်လည်း ပါဝင်သည်။ ဟိန္ဒူဘာသာဝင် ၈၀ ရာခိုင်နှုန်းရှိပြီး နွားကို မြင့်မြင်သော တိရစ္ဆာန်အဖြစ် မှတ်ယူသော အိန္ဒိယနိုင်ငံမှာ ကမ္ဘာပေါ်တွင် အမဲသား ဒုတိယအများဆုံးတင်ပို့သည့် နိုင်ငံဖြစ်ပြီး အမဲသားကို စားသုံးမှုမှာလည်း ကမ္ဘာ့ပဉ္စမအများဆုံး ဖြစ်သည်။

    စက်တင်ဘာ ၂၈ ရက်နေ့ကလည်း မြို့တော် နယူးဒေလီအနီးရှိ ဒေသတစ်ခုတွင် အသက် ၅၂ နှစ်အရွယ် မိုဟာမက် အခ်လာ့က်အား နွားသတ်စားသည်ဟု စွပ်စွဲကာ ဟိန္ဒူလူအုပ်စုကြီးက နေအိမ်မှဆွဲထုတ်၍ ရိုက်နှက်သတ်ဖြတ်ခဲ့ကြသည်။

    ဟိန္ဒူနိုင်ငံရေးသမားများမှာ ပြည်သူများထံမှ မဲများများရရှိရန် နွားကယ်ဆယ်ရေးကိစ္စကို ယခင်ကတည်းက အသုံးပြုခဲ့ကြပြီး၊ ထိုဆောင်ရွက်မှုက ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းများဆီသို့သာ ဦးတည်ခဲ့သည်။

    အမဲသားစားသုံးမှု ပိတ်ပင်ခြင်းနှင့် လူမျိုးရေးတိုက်ခိုက်မှုများကို ဆန့်ကျင်သည့်အနေဖြင့် အူတာပရာဒက်ရှ်ပြည်နယ်ရှိ လက်ခနောင်တက္ကသိုလ်မှ ကျောင်းသားများမှာ ယမန်နေ့က “နွားနို့ပါတီ” တစ်ခုကို ကျင်းပခဲ့ကြသည်။

    Ref: Aljazeera

  • ပါလက်စတိုင်း ၄ ဦးကို ယမန်နေ့တွင် အစ္စရေးက ပစ်သတ်ခဲ့၊ စုစုပေါင်း သေဆုံးသူ ၄၂ ဦး ရှိလာ

    ပါလက်စတိုင်း ၄ ဦးကို ယမန်နေ့တွင် အစ္စရေးက ပစ်သတ်ခဲ့၊ စုစုပေါင်း သေဆုံးသူ ၄၂ ဦး ရှိလာ

    အောက်တိုဘာ ၁၈၊ ၂၀၁၅
    M-Media

    pla

    – အစ္စရေးက ကျူးကျော်ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုင်နက်များတွင် ယန်နေ့က ပါလက်စတိုင်း ၄ ဦး သေဆုံးခဲ့ပြီး ၃ ဦးကို အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက ပစ်သတ်ခဲ့ကာ တစ်ဦးကို အစ္စရေး၏ တရားမ၀င် အခြေချအိမ်ရာတွင် နေထိုင်သည့် ဂျူးတစ်ယောက်က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုလ အစပိုင်းမှစ၍ သတ်ဖြတ်ခံရသူ ပါလက်စတိုင်းအရေအတွက်မှာ ၄၂ ဦး ရှိလာပြီဖြစ်သည်။

    ယမန်နေ့ညနေပိုင်းက ဂျေရုစလင်နှင့် အနောက်ဖက်ကမ်းအကြားရှိ ကွာလန်ဒီယာ စစ်ဆေးရေးဂိတ်တွင် ပါလက်စတိုင်းတစ်ဦးကို အစ္စရေး နယ်ခြားစောင့်တပ်ဖွဲ့များက ပစ်သတ်ခဲ့ပြီး စစ်သားများအား ဓားဖြင့်တိုက်ခိုက်ရန် ကြိုးစားသောကြောင့်ဟု ဆိုသည်။

    မတည်ငြိမ်မှုများ ဖြစ်ပွားနေသည့် အရှေ့ဂျေရုစလင်တွင်မူ အစ္စရေးတပ်ဖွဲ့မှာ အသက် ၁၆ နှစ်အရွယ် ပါလက်စတိုင်းလူငယ်တစ်ဦး အထက်ပါစွပ်စွဲချက်ဖြင့်ပင် ပစ်သတ်ခဲ့သည်။ အနောက်ဖက်ကမ်းရှိ ဟီဘရွန်မြို့တွင် ယမန်နေ့က ပါလက်စတိုင်းများကို အစ္စရေးက ပစ်ခတ်မှု ၃ ခု ဖြစ်ပွားခဲ့သည်။

    အဖြစ်အပျက်တစ်ခုတွင် ပါလက်စတိုင်းတစ်ဦးမှာ ဂျူးအခြေချနေထိုင်သူတစ်ဦးအား ဓားဖြင့်ထိုးရန်ကြိုးစားစဉ် မိမိတို့က ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

    သို့သော်လည်း အင်တာနက်စာမျက်နှာတွင် ပြန့်နှံ့ခဲ့သည့် ထိုအဖြစ်အပျက်ဗီဒီယိုတွင် ဂျူးများဝတ်ဆင်သည့် kippa ဦးထုပ်ဆောင်းထားသော လူငယ်တစ်ဦးမှာ ပစ္စတိုဖြင့် ပါလက်စတိုင်းတစ်ဦးအား ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းကို အစ္စရေးစစ်သားများက လာရောက်ခေါ်ဆောင်သွားခဲ့သည်။

    ဒေသခံများကမူ စစ်သားများမှာ ပစ်ခတ်မှုဖြစ်ပွားပြီးမှ အလောင်းအနားတွင် ဓားတစ်ချောင်းကို လာရောက်ချထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    လူ့အခွင့်အရေးအဖွဲ့များက အစ္စရေးမှာ ပါလက်စတိုင်းများအပေါ် အင်အား အလွန်အကျွံသုံးနေပြီး အချို့သော အဖြစ်အပျက်များမှာ တရားလက်လွတ် သတ်ဖြတ်ခြင်းများဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

    ပြီးခဲ့သည့်လက ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ ဂျေရုစလင်မှ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်သို့ အစ္စရေးစစ်သားများနှင့် ဂျူးအစွန်းရောက်များ ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းဝတ်ပြုသူများအား တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းနှင့် အစ္စရေးတို့အကြာ တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    Ref: Aljazeera

  • အာဂျင်တီးနားငလျင် အနည်းဆုံး လူ ၁ ဦးသေဆုံး

    အာဂျင်တီးနားငလျင် အနည်းဆုံး လူ ၁ ဦးသေဆုံး

    အောက်တိုဘာ ၁၈၊ ၂၀၁၅
    M-Media

    argentina

    – အာဂျင်တီးနား အနောက်မြောက်ပိုင်းတွင် ယမန်နေ့က ပြင်းအား ၅.၉ မဂ္ဂနီကျုရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့် အနည်းဆုံး ၁ ဦးသေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ အများအပြားရှိခဲ့ကာ အဆောက်အဦးများ ပျက်ဆီးမှုလည်းရှိခဲ့သည်။

    အမေရိကန် ငလျင်တိုင်းထွာရေးဌာနက ပြင်းအား ၆.၀ မဂ္ဂနီကျု ရှိသည်ဟု ကနဦးတိုင်းတာခဲ့သော အဆိုပါ ငလျင်မှာ အလ်ဂါပွန်ဟုခေါ်သည့် မြို့ကို ဦးတည်လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ပြိုကျ ပျက်ဆီးသော အဆောက်အဦးများတွင် နေအိမ်များ ကျောင်းများလည်း ပါဝင်ခဲ့သည်။

    “လက်ရှိအချိန်မှာတော့ အမျိုးသမီးတစ်ဦးသေဆုံးပြီး၊ ဒဏ်ရာရတဲ့သူတွေကိုတော့ မြို့နယ်ဆေးရုံမှာ ကုသနေပါတယ်” ဟု ပြည်နယ် ကာကွယ်ရေး အာဏာပိုင်တစ်ဦးက ပြောကြားခဲ့သည်။

    မြို့တွင်းရှိ ဆေးရုံမှ ဆရာဝန်တစ်ဦးက ယခုအချိန် ဒဏ်ရာသေးငယ်သည့် လူ ၅ ဦးကို ကုသပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: Reuters