News @ M-Media

Author: Ko Lay

  • ရေငုပ်သင်္ဘောနည်းပညာကို တရုတ်က ပါကစ္စတန်အား လွှဲပြောင်းပေးမည်

    ရေငုပ်သင်္ဘောနည်းပညာကို တရုတ်က ပါကစ္စတန်အား လွှဲပြောင်းပေးမည်

    အောက်တိုဘာ ၈၊ ၂၀၁၅
    M-Media

    china

    – နှစ်နိုင်ငံ ချုပ်ဆိုထားသော ကာကွယ်ရေးစာချုပ်အသစ်အရ ပါကစ္စတန် ဆိပ်ကမ်းမြို့ဖြစ်သော ကရာချီတွင် တရုတ်နိုင်ငံမှာ ရေငုပ်သင်္ဘော ၄ စီးကို ဆောက်လုပ်ပေးသွားမည်ဟု ပါကစ္စတန် ပြည်တွင်းမီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    အဆိုပါစာချုပ်တွင် ပါကစ္စတန်အတွက် တရုတ်က ရေငုပ်သင်္ဘော ၈ စီး ဆောက်လုပ်ပေးရေး ပါဝင်ပြီး၊ ပါကစ္စတန် ကာကွယ်ရေးလက်နက်ပစ္စည်း ထုတ်လုပ်မှုဆိုင်ရာ ၀န်ကြီး ရာနာ တန်ဗီယာ ဟူစိန်က တရုတ်နိုင်ငံမှာ မိမိတို့အား ရေငုပ်သင်္ဘော ဆောက်လုပ်ရေးလုပ်ငန်းအတွက် နည်းပညာများကို လွှဲပြောင်းပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း မည်သည့်ရေငုပ်သင်္ဘောအမျိုးအစားကို မည်သည့်အချိန်တွင် ဆောက်လုပ်မည်ဆိုခြင်းနှင့် ပတ်သက်၍ ၀န်ကြီးက ပြောကြားခဲ့ခြင်းမရှိပေ။ ပါကစ္စတန်နိုင်ငံမှာ ရေငုပ်သင်္ဘောများ ၀ယ်ယူရန်အတွက် ပြင်သစ်၊ ဂျာမနီနိုင်ငံများနှင့် ဆက်သွယ်ခဲ့သော်လည်း အရောင်းအ၀ယ် ဖြစ်မလာခဲ့ပေ။

    Ref: PeopleDaily

  • ကမ္ဘာ့ဘောလုံးဘုရင်နှစ်ပါး ရာထူးမှ အနားပေးခြင်းခံရ

    ကမ္ဘာ့ဘောလုံးဘုရင်နှစ်ပါး ရာထူးမှ အနားပေးခြင်းခံရ

    အောက်တိုဘာ ၈၊ ၂၀၁၅
    M-Media

    fifa

    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာနှင့် ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေဥက္ကဌ မိုက်ကယ်ပလာတီနီတို့မှာ လတ်တလော ရက်ပေါင်း ၉၀ ရာထူးမှ အနားပေးခြင်း ခံခဲ့ရသည်ဟု သိရသည်။

    ဖီဖာ၏ ကျင့်ဝတ်ကော်မတီက ယမန်နေ့တွင် ထိုကဲ့သို့ အနားပေးခြင်းဖြစ်ပြီး၊ ၉ နှစ်အရင်က ဘလတ္တာအား အကြံဥာဏ် ပေးခဲ့သည့်အတွက် ၂၀၁၁ ခုနှစ်တွင် ပလာတီနီက ကန်ဒေါ်လာ ၁.၃၅ သန်း ရရှိခဲ့မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက်ပိုင်း ယခုအရေးယူမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

    ဘလတ္တာမှာ ကမ္ဘာ့ဖလား ရုပ်သံလွှင့်ခွင့်ကို ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဂျက်ဝါနာအား အောက်ဈေးဖြင့် ရောင်းချမှုနှင့်ပတ်သက်၍လည်း စုံစမ်းစစ်ဆေးမှုများကို ခံနေရသည်။ အဆိုပါ ရုပ်သံလွှင့်ခွင့်များအတွက် ဂျက်ဝါနာမှာ ပေါင် ၁၁ သန်း အကျိုးအမြတ်ရခဲ့သည်။

    ကျင့်ဝတ်ကော်မတီ၏ ထိုဆုံးဖြတ်ချက်ကို ဖီဖာ၏ တရားရေးဌာနက အတည်ပြုရန် လိုအပ်နေပြီး ယခုသီတင်းပတ်အဆုံးတွင် ဆောင်ရွက်သွားရန် ရှိနေသည်။ အတည်ပြုပြီးပါက ဘလတ္တာနှင့် ပလာတီနီတို့မှာ ဇန်န၀ါရီလဆန်းပိုင်းအထိ ရာထူးမှ အနားယူရမည်ဖြစ်သည်။

    ထိုသို့အရေးယူခံရခြင်းက ဘလတ္တာ၏ ဖီဖာအား ၁၇ နှစ်ကြာ ဦးဆောင်ခဲ့မှုနှင့် လာမည့်နှစ်ဆန်းတွင် ပြုလုပ်မည့် ဖီဖာဥက္ကဌ ရွေးကောက်ပွဲတွင် ၀င်ရောင်ယှဉ်ပြိုင်ရန် လျာထားသည့် ပလာတီနီ၏ ယူအီးအက်ဖ်အေ ဥက္ကဌအဖြစ် ၈ နှစ်ကြာ ဆောင်ရွက်မှုကို အဆုံးသတ်သွားမည့် အလားအလာလည်း ရှိနေသည်။

    Ref: Dailymail

  • အာဖဂန်ဆေးရုံကို အမေရိကန်က ဗုံးကြဲမှုအတွက် အိုဘားမား ပြန်လည်တောင်းပန်

    အာဖဂန်ဆေးရုံကို အမေရိကန်က ဗုံးကြဲမှုအတွက် အိုဘားမား ပြန်လည်တောင်းပန်

    အောက်တိုဘာ ၈၊ ၂၀၁၅
    M-Media

    obama

    – အာဖဂန်နစ္စတန်မြောက်ပိုင်း ကန်ဒက်ဇ်မြို့ရှိ ဆေးရုံအား အမေရိကန်စစ်တပ်က ဗုံးကြဲခဲ့မှုအတွက် သမ္မတအိုဘားမားမှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF နှင့် အာဖဂန်သမ္မတတို့ကို ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။

    အဆိုပါ ဆေးရုံမှာ MSF အဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသည့် ဆေးရုံဖြစ်ပြီး အိုဘားမားမှာ ယမန်နေ့က MSF ဥက္ကဌ ဂျိုအန်နီလွီနှင့် အာဖဂန်သမ္မတ အရှ်ရက်ဖ်ဂါနီတို့အား ဖုန်းခေါ်ကာ တိုက်ခိုက်မှုတွင် အသက်များ ဆုံးရှုံးခဲ့ရမှုအတွက် ကြေကွဲဝမ်းနည်းရကြောင်း ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း MSF မှ ဆရာဝန်များ၊ ၀န်ထမ်းများနှင့် လူနာများအပါအ၀င် လူပေါင်း ၂၂ ဦးသေဆုံးကာ ၃၇ ဦး ဒဏ်ရာရရှိခဲ့သည်။

    အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန် အားန်နက်စ်ကမူ အိုဘားမားမှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ ၀န်ထမ်းများကို ၀မ်းနည်းကြောင်း ပြောကြားခဲ့ပြီး၊ ထိုအဖြစ်အပျက်အတွက် ပြည့်စုံ၍ ဓမ္မဓိဌာန်ကျသည့် စီရင်မှုကို ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့သည်ဟု ဆိုသည်။

    ထို့ပြင် ထိုကဲ့သို့ နောက်ထပ်မဖြစ်ပွားရန် လိုအပ်ပါက မိမိတို့မှာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ အာဖဂန်အစိုးရနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် အိုဘားမားက ကတိပေးခဲ့ကြောင်း အိမ်ဖြူတော်၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

    ကန်ဒက်ဇ်မြို့အား သိမ်းပိုက်ထားသော တာလီဘန်တို့ကို ပြန်လည်တိုက်ခိုက်မှုအတွင်း ဖြစ်ပွားခဲ့ပြီး စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်၍ရသည့် ဆေးရုံ ဗုံးကြဲခံရမှုကို စုံစမ်းရန်အတွက် လွတ်လပ်သည့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုကို ဖွဲ့စည်းပေးရန် MSF က တောင်းဆိုခဲ့သည်။

    Ref: Aljazeera

  • IS လက်မှ ရာမာဒီမြို့အား သိမ်းယူရေး အီရတ်စစ်တပ် အရှိန်မြှင့်

    IS လက်မှ ရာမာဒီမြို့အား သိမ်းယူရေး အီရတ်စစ်တပ် အရှိန်မြှင့်

    အောက်တိုဘာ ၈၊ ၂၀၁၅
    M-Media

    iraq

    – IS အဖွဲ့မှ မေလကတည်းက သိမ်းပိုက်ထားသည့် အန်ဘာရ်ပြည်နယ် မြို့တော်ရာမာဒီကို အီရတ်စစ်တပ်က ပြန်လည်သိမ်းယူရေး ကြိုးပမ်းရာတွင် မြို့၏ မြောက်ဘက်နှင့် အနောက်ဘက် ဒေသအများအပြားကို ယမန်နေ့က သိမ်းယူနိုင်ခဲ့သည်။

    တပ်သားပေါင်း ၂၀၀၀ ပါဝင်သည့် အဆိုပါထိုးစစ်ဆင်မှုကို အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့က လေကြောင်းမှ ပစ်ကူပေးခဲ့သည်။ ယခုအချိန်တွင် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပြီး လကုန်ပိုင်းတွင် မြို့အား ပြန်လည်သိမ်းယူနိုင်မည့် အခြေအနေရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးကောင်စီမှ အဖွဲ့ဝင်ဖြစ်သူ အလ်ဘူ ရစ်ဟာက ပြောာကားခဲ့သည်။

    အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များလက်မှ မေလအလယ်ပိုင်းတွင် IS က ရာမာဒီမြို့အား ရှောင်တခင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၀န်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီအပါအ၀င် အီရတ်တာဝန်ရှိသူတစ်ချို့က မိမိတို့မှာ ထိုမြို့အား ရက်ပိုင်းအတွင်း ပြန်လည်သိမ်းယူနိုင်မည်ဟု ပြောကြားခဲ့ဖူးသည်။

    Ref: Aljazeera

  • IS က တိုယိုတာကားများ အသုံးပြုမှု အမေရိကန် စစ်ဆေးနေ

    IS က တိုယိုတာကားများ အသုံးပြုမှု အမေရိကန် စစ်ဆေးနေ

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    is

    – အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် IS တပ်ဖွဲ့ထံသို့ တိုယိုတာကားများ မည်ကဲ့သို့ ရောက်ရှိသည်ဆိုသည်နှင့် ပတ်သက်၍ အမေရိကန်ငွေတိုက်ဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု တိုယာတာမှ ယနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

    ထိုစစ်ဆေးမှုတွင် မိမိတို့ကလည်း တစ်စိတ်တစ်ပိုင်းအဖြစ် ပူးပေါင်းဆောင်ရွက်နေပြီး မိမိတို့မှာ နိုင်ငံတစ်ခုချင်းစီ၏ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ဆုံးဖြတ်ထားပြီး တစ်ဆင့်ဖြန့်ချီသူများကလည်း လိုက်နာရန် လိုအပ်ကြောင်း၊ အရှေ့အလယ်ပိုင်းသို့ ငွေကြေးနှင့် ကုန်ပစ္စည်းများ စီးဆင်းမှုအတွက် အမေရိကန် ငွေတိုက်ဌာန၏ စုံစမ်းစစ်ဆေးမှုကို ထောက်ခံကြောင်း တိုယာတာမှ ပြောရေးဆိုခွင့်ရှိသူ အဒ် လူးဝစ်က ပြောကြားခဲ့သည်။

    IS မှာ ၎င်းတို့၏ စစ်ရေးလုပ်ငန်းများအတွက် တိုယိုတာကားများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီး လူးဝစ်ကမူ မိမိတို့မှာ အားလုံးကိုလိုက်၍ ထိန်းချုပ်ရန် မဖြစ်နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: CNN