News @ M-Media

Author: Ko Lay

  • မက္ကဆီကိုတွင် မူးယစ်ဂိုဏ်းက လုံခြုံရေးတပ်ဖွဲ့ကို ချုံခိုတိုက်ခိုက်

    မက္ကဆီကိုတွင် မူးယစ်ဂိုဏ်းက လုံခြုံရေးတပ်ဖွဲ့ကို ချုံခိုတိုက်ခိုက်

    မေ ၃၂၊ ၂၀၁၅
    M-Media

    mxko

    – မူးယစ်ဂိုဏ်းများကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားရာ ဒေသဖြစ်သည့် မက္ကဆီကို အနောက်ပိုင်းတွင် ယမန်နေ့က လက်နက်ကိုင် အရပ်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားလိုက်သည်။

    မီချိုအာကန်ပြည်နယ် တန်ဟွာတိုမြို့တွင် ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုတွင် ဖက်ဒရယ် ရဲတပ်ဖွဲ့နှင့် စစ်သားယာဉ်တန်းမှာ မူးယစ်ဂိုဏ်းသားများ၏ ယူဆရသူများ၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

    ထို့နောက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများတွင် အရပ်သား ၄၂ ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ ဖြစ်ကြကာ အဆိုပါ စာရင်းမှာ ကနဦးရရှိသည့် စာရင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    မီချိုအာကန်နှင့် ဂျာလစ္စကိုပြည်နယ်များမှာ ဂျာလစ္စကို မျိုးဆက်သစ်မူးယစ်ဂိုဏ်း ကြီးစိုးရာ ပြည်နယ်များဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဖက်ဒရယ်နှင့် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များကို ကြီးမားသည့် တိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့သည်။

    တန်ဟွာတိုမြို့အနီးရှိ ယူရီကျူဝါရိုမြို့တွင် အုပ်ချုပ်ရေးမှူးနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်သည့် ယခင်ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းမှာ ပြီးခဲ့သည့်တစ်ပတ် မဲဆွယ်မှုအတွင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

    မီချိုအာကန်ပြည်နယ်ရှိ လယ်သမားများမှာ Knights Templar ဆိုသည့် မူးယစ်ဂိုဏ်းကို တိုက်ထုတ်ရန် ၂၀၁၃ ခုနှစ်က ပြည်သူ့စစ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

    Ref: Aljazeera

  • နိုင်ငံတကာ သတင်းတို (မေ ၂၂၊ ၂၀၁၅)

    မေ ၂၂၊ ၂၀၁၅
    M-Media

    ခါးပိုက်နှိုက်တွေကြောင့် အီဖယ်မျှော်စင် ပိတ်ထားရ
    ………………………….
    ပြင်သစ်နိုင်ငံရှိ နာမည်ကြီး အီဖယ်မျှော်စင်တစ်ဝိုက်တွင် ခါးပိုက်နှိုက်များ များပြားလာခြင်းအတွက် အလုပ်သမားများက ဆန္ဒပြသောကြောင့် အီဖယ်မျှော်စင်ကြီးကို ယနေ့တွင် ပိတ်ထားခဲ့ရသည်။ ပဲရစ်အာဏာပိုင်များကမူ ရဲတပ်ဖွဲ့များကင်းလှည့်ခြင်း၊ လုံခြုံရေးကင်မရာများ တပ်ထားခြင်းတို့ကြောင့် ခါးပိုက်နှိုက်မှု လျော့ကျခဲ့သည်ဟု ယမန်နေ့ကပင် ပြောကြားခဲ့သည်။ ၂၀၁၂ ခုနှစ်ကလည်း ထိုပြဿနာကြောင့်ပင် အီဖယ်မျှော်စင်တစ်ဝိုက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

    ဆီးရီးယားတွင် အမေရိကန်တိုက်ခိုက်မှု ကလေး ၂ ဦးသေဆုံး
    ………………………….
    ပြီးခဲ့သည့်နှစ်က ဆီးရီးယားရှိ IS အဖွဲ့များကို လေကြောင်းမှတိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရပြီး ထိုအတွက် အလွန်အမင်း ၀မ်းနည်းမိသည်ဟု အမေရိကန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။ ထိုသို့ထုတ်ပြန်မှုမှာ စစ်ပွဲအတွင်း အရပ်သားများ ထိခိုက်သေဆုံးရခြင်းအတွက် အမေရိကန်၏ ပထမဆုံး ၀န်ခံမှုလည်းဖြစ်သည်။

    ဖမ်းဆီးခံ နိုင်ငံသားနှစ်ဦးကို ရုရှားကယ်တင်မယ်
    ………………………..
    ယူကရိန်းမှ ဖမ်းဆီးထားသည့် နိုင်ငံသား ၂ ဦး လွတ်မြောက်ရေး လိုအပ်သောလုပ်ငန်းများကို ဆောင်ရွက်နေသည်ဟု ရုရှားက ပြောကြားလိုက်သည်။ ယခုသီတင်းပတ်အစောပိုင်းက ဖမ်းဆီးရမိခဲ့သည့် ၎င်းတို့နှစ်ဦးမှာ ရုရှားစစ်သားများဖြစ်သည်ဟု ယူကရိန်းက ပြောဆိုထားပြီး ဖမ်းဆီးခံထားရသူ ၂ ဦးကလည်း ၎င်းတို့မှာ ယူကရိန်းသို့ စစ်ရေးတာဝန်ဖြင့် ရောက်ရှိနေခြင်းဖြစ်သည်ဟု ယနေ့တွင် ယူကရိန်းသတင်းစာသို့ ပြောကြားခဲ့သည်။ သို့သော်လည်း ရုရှားကမူ အဆိုပါ ၂ ဦးမှာ ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စဖြင့် သွားရောက်ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။

    Ref: News Agencies

  • စော်ကားမှုများကို ဥပေက္ခာဖြင့်တုန့်ပြန်ရန် အမေရိကန် မွတ်စလင်ခေါင်းဆောင်များ တိုက်တွန်း

    စော်ကားမှုများကို ဥပေက္ခာဖြင့်တုန့်ပြန်ရန် အမေရိကန် မွတ်စလင်ခေါင်းဆောင်များ တိုက်တွန်း

    မေ ၂၂၊ ၂၀၁၅
    M-Media

    us

    – အစ္စလာမ်အား စော်ကားမှုများကို ဥပေက္ခာဖြင့် တုန့်ပြန်ရန် အမေရိကန်ရှိ မွတ်စလင်ခေါင်းဆောင်များက တိုက်တွန်းပြောကြားလိုက်သည်။

    တမန်တော်မိုဟမက်အား စော်ကားလှောင်ပြောင်ထားသည့် Innocence of Muslims ဗီဒီယို နမူနာကို YouTube တွင် ဆက်လက်ထားရှိရန် အမေရိကန်တရားရုံးက ပြီးခဲ့သည့်ရက်ပိုင်းတွင် ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်ရှိ မွတ်စလင်ခေါင်းဆောင်းများက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “လှုံ့ဆော်သူတွေ အမုန်းဆုံးအလုပ်ကို ကျွန်တော်တို့လုပ်နေတာပါ။ ဒါကတော့ ဒါကို ဥပေက္ခာပြုပြီး အခြားသူတွေကိုလည်း ဥပေက္ခာပြုဖို့ တိုက်တွန်းတာပါပဲ။ ဒီလိုမီးမွှေးတဲ့ကိစ္စတွေဟာ ထုတ်လုပ်သူတွေအတွက် တန်ဖိုးမရှိတဲ့ ကျော်ကြားမှုကိုရဖို့ စီစဉ်ထားတာပါ။ သူတို့ရဲ့ ကစားပွဲထဲကို ကျွန်တော်တို့ ၀င်မှာမဟုတ်ပါဘူး” ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အီဗရာဟင်မ်ဟူပါးက ပြောကြားခဲ့သည်။

    အဆိုပါရုပ်ရှင်ကို ၂၀၁၀ ခုနှစ်က ကုရ်အာန်ကျမ်းတော်မြတ် မီးရှို့ရန် လှုံ့ဆော်ခဲ့သည့် အမေရိကန်မှ ခရစ်ယာန် တရားဟောဆရာ တယ်ရီဂျုံးစ်က စီစဉ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များက ပြင်းပြင်းထန်ထန် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

    တက္ကဆက်ရှိ အာဗင်းအစ္စလာမ့်စင်တာ၏ အကြီးအကဲဖြစ်သူ အီမာမ် ဇီယာရှိခ်က အဆိုပါရုပ်ရှင်အား လစ်လျူရှုကြရန် မွတ်စလင်များကို တိုက်တွန်းခဲ့သည်။

    “ကျွန်တော်တို့က ငါးစာချခံနေရတာပါ။ သွားဟပ်လို့မဖြစ်ပါဘူး” ဟု ပြောကြားခဲ့သည်။

    မွတ်စလင်ပြည်သူ့ရေးရာကောင်စီမှ ဆက်သွယ်ရေးတာဝန်ခံဖြစ်သော ရီဟမ် အွတ်စ်မန်က

    “အမုန်းစကားကို ဖွဲ့စည်းဖုံအခြေခံဥပဒေက တားမြစ်ထားပါတယ်။ ဒါပေမယ့် လွတ်လပ်စွာပြောဆိုခွင့်က လူတွေကြားထဲရောက်လာပြီး၊ လူမှုရေးတာဝန်ရှိမှုက တစ်ယူသန်မှုကို ကျော်သွားပါတယ်။ အစ္စလာမ့်သင်ကြားချက်တွေဟာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ကို လွတ်လပ်စွာဖော်ပြခြင်းရဲ့ အရေးပါမှုကို အားပေးပါတယ်။ ကျွန်တော်တို့ဟာ မွတ်စလင်ဆန့်ကျင်ရေး
    တစ်ယူသန်မှုတွေနဲ့ အမုန်းစကားတွေကို ရပ်တန့်လို့မရပါဘူး။ ဒါပေမယ့် အခြားသူတွေကို ပညာပေးခြင်းအားဖြင့်  ကျွန်တော်တို့ ခေါင်းဆောင်သွားနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ဟူပါးကလည်း အဆိုပါရုပ်ရှင် သို့မဟုတ် နမူနာကို ကြည့်ရှုမည်မဟုတ်ဟုဆိုပြီး အခြားသူများအား မကြည့်ရှုရန် တိုက်တွန်းသွားမည်ဟုလည်း ဆိုသည်။

    “(တစ်ယူသန်မှုက) ပျောက်သွားမှာမဟုတ်ပါဘူး။ အကောင်းဆုံးက သင့်ရဲ့ကိုယ်ပိုင် အကျိုးရှိတဲ့သတင်းစကားကို ဖြန့်ဝေဖို့နဲ့ အစွန်းရောက်တွေကို ကျဉ်ထားဖို့ပါပဲ”

    Ref: Onislam

  • ယခုနှစ်အတွင်း ၀င်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် မေ၀ယ်သာနှင့် ပက်ကွီအိုဦးဆောင်

    ယခုနှစ်အတွင်း ၀င်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် မေ၀ယ်သာနှင့် ပက်ကွီအိုဦးဆောင်

    မေ ၂၂၊ ၂၀၁၅
    M-Media

    ေေ

    – ၂၀၁၅ ခုနှစ် ကမ္ဘာတစ်ဝှမ်း တစ်နှစ်တာဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းကို ESPN က ထုတ်ပြန်ခဲ့ရာ ထိပ်တန်းလှက်ဝှေ့ကျော်များဖြစ်သည့် မေ၀ယ်သာနှင့် ပက်ကွီအိုတို့က ဦးဆောင်နေသည်ဟု သိရသည်။

    မေ၀ယ်သာမှာ ယခုနှစ်အတွင်း စုစုပေါင်း ၀င်ငွေ ပေါင် ၁၆၁ သန်းရှိနေပြီး ပက်ကွီအိုအား အနိုင်ရရှိခဲ့သည့်ပွဲ၌ တစ်မိနစ်တွင် ၃.၈၆ သန်း ၀င်ငွေရှိခဲ့သည်။ ထိုပမာဏမှာ လီယွန်နယ်မက်ဆီ၏ ၂၀၁၅ ၀င်ငွေထက် လေးဆခွဲ ပိုမြင့်နေသည်။

    ပက်ကွီအို၏ ၀င်ငွေမှာ ပေါင် ၉၆.၅ သန်းရှိပြီး ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒို၏ ၀င်ငွေထက် ၃ ဆနီးပါး မြင့်နေသည်။ ဘောလုံးလောကတွင် ၀င်ငွေအမြင့်ဆုံးဖြစ်သည့် မက်ဆီနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့မှာ ပေါင် ၃၆.၂၃ သန်းနှင့် ၃၂.၃ သန်းတို့ဖြင့် အဆင့်သုံးနှင့် အဆင့်လေး နေရာတွင်ရှိနေသည်။

    ထိုစာရင်းတွင် ကစားသမားများ၏ လခနှင့် ဆုကြေးငွေများကိုသာ ထည့်တွက်ထားခြင်းဖြစ်ပြီး ကြော်ငြာဝင်ငွေများ၊ ရုပ်ပုံအသုံးပြုကြေးများ၊ စပွန်ဆာကြေးများနှင့် အခြားသော ၀င်ငွေများ မပါဝင်ပေ။

    ဖော်မြူလာဝမ်းမှ ပြိုင်ကားသမား ဆီဘက်စတီယန် ဗက်တဲလ်နှင့် ဖာနန်ဒိုအလွန်ဆိုတို့မှာ ယခုနှစ်အတွင်း ၀င်ငွေအကောင်းဆုံး အဆိုပါစာရင်းတွင် အဆင့် ၅ နှင့် အဆင့် ၆ နေရာတို့တွင် အသီးသီးရှိနေသည်။

    ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်မှာ ပေါင် ၂၂.၆ သန်းဖြင့် အဆင့် ၇ နေရာတွင် ရှိနေပြီး အဆင့် ၁၀ အတွင်းဝင်ခဲ့သည်။ မန်ယူအသင်းတိုက်စစ်မှူး ၀ိန်းရူနီကမူ အဆင့် ၁၂ သာ ချိတ်ခဲ့သည်။

    Ref: Dailymail

  • မော်ရင်ဟိုနှင့် ဟဇာ့ဒ် တစ်နှစ်တာအကောင်းဆုံးဆုများရ

    မော်ရင်ဟိုနှင့် ဟဇာ့ဒ် တစ်နှစ်တာအကောင်းဆုံးဆုများရ

    မေ ၂၂၊ ၂၀၁၅
    M-Media

    morinho

    – ချယ်ဆီးအသင်းအား ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မော်ရင်ဟိုမှာ ပရီးမီးယားလိဂ်၏ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည်ဟု သိရသည်။

    ချယ်ဆီးမှာ ပြီးခဲ့သည့်နှစ် သြဂုတ်လကတည်းက ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နိုင်ခဲ့ပြီး ရာသီကုန်ရန် ၃ ပွဲအလိုတွင် ချန်ပီယံဖြစ်ခဲ့သည်။ ယခုနှစ်ရာသီမှာ ချယ်ဆီးသို့ ပြန်လည်ရောက်ရှိလာပြီးနောက် မော်ရင်ဟို၏ ဒုတိယမြောက်ရာသီဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ချယ်ဆီးအသင်းမှာ ဒုတိယ ရရှိခဲ့သည်။

    ယခုနှစ်တစ်နှစ်လုံးတွင် တစ်လတာအကောင်းဆုံး နည်းပြဆုကို မရခဲ့သည့် မော်ရင်ဟိုမှာ ရော်နယ်လ်ကိုးမန်း၊ ဂါရီ မောန့်၊ နီဂျဲလ် ပီယာဆန်နှင့် အာဆင်ဝင်းဂါးတို့ကို ကျော်ဖြတ်ကာ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ချယ်ဆီး ပရီးမီးယားလိဂ်
    ချန်ပီယံဖြစ်ခဲ့သည့် ၂၀၀၄-၀၅နှင့် ၂၀၀၅-၀၆ ဘောလုံးရာသီများတွင်လည်း မော်ရင်ဟိုမှာ အဆိုပါဆုကို ရရှိခဲ့ပြီး ယခုအကြိမ်မှာ ၃ ကြိမ်မြောက်ဖြစ်သည်။

    PFA ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု၊ ဘောလုံးကလောင်ရှင်များအဖွဲ့၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတို့ကို ဆွတ်ခူးရရှိခဲ့သည့် ကွင်းလယ်လူ အေဒင် ဟဇာ့ဒ်မှာ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်။ ဟဇာ့ဒ်မှာ အသင်းဖော် ဂျွန်တယ်ရီ၊ မာတစ်နှင့် ဖာဘရီဂတ်စ်တို့ကို ကျော်ဖြတ်၍ ရရှိခဲ့ခြင်းဖြစ်သည်။

    Ref: Goal