News @ M-Media
Author: Ko Lay
  • အာဆင်နယ်၏ ဖလားလက်မဲ့ဖြစ်မှုကို မော်ရင်ဟို ခနဲ့
    အာဆင်နယ်၏ ဖလားလက်မဲ့ဖြစ်မှုကို မော်ရင်ဟို ခနဲ့
    ဧပြီ ၂၇၊ ၂၀၁၅
    M-Media
    morinho
    – ခံစစ်အားပြုသည့် မိမိတို့အသင်းက ပျင်းစရာကောင်းသည်မဟုတ်ဘဲ ၁၀ နှစ်ခန့် ဖလားလက်မဲ့ဖြစ်ရခြင်းကသာ ပျင်းစရာကောင်းခြင်းဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက အာဆင်နယ်ပရိတ်သတ်မျာားး ခနဲ့လိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် အာဆင်နယ်အသင်းနှင့် လန်ဒန်ဒါဘီပွဲစဉ်တွင် ချယ်ဆီးမှာ မရှုံးအောင်သာ အဓိကထား၍ ကစားသွားခဲ့ပြီး ပွဲမှာ မြိုင်ဆိုင်ခြင်း မရှိခဲ့ပ။ ထို့ကြောင့် အာဆင်နယ်ပရိတ်သတ်များက “ပျင်းစရာကောင်းတဲ့ ချယ်ဆီး” ဟု သံပြိုင်ဟစ်အော်ကာ ချယ်ဆီးအား လှောင်ပြောင်ခဲ့သည်။
    မော်ရင်ဟိုကမူ ပွဲအပြီးတွင် အာဆင်နယ်အသင်း၏ ဖလားလက်မဲ့ရာသီများကို ရည်ညွှန်း၍ ပြန်လည်ချေပခဲ့သည်။
    “၁၀ နှစ်လောက် ဖလားမရတာကသာ ပျင်းစရာကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဖလားရဖို့ ၁၀ နှစ်လောက် စောင့်ရင်း၊ စောင့်ရင်း၊ စောင့်ရင်းနဲ့ ပျင်းစရာကောင်းသွားတာပါ။ ဒီလိုအော်ကြတာ (ပျင်းစရာကောင်းတယ်လို့ အာဆင်နယ်ပရိတ်သတ်တွေပြောတာ) ကျွန်တ်ာတို့ကိုပြောတာ မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။ အိမ်ကွင်းမှာကစားတဲ့ပွဲမှာ (အာဆင်နယ်က) တိုက်စစ်မှူးကို ထုတ်ထားတယ်…. သူတို့ (ပရိတ်သတ်တွေ) က ဂျရူးနဲ့ ၀ဲလ်ဘတ်ကို အတူတွဲကစားတာ မြင်ကောင်းမြင်ချင်မှာပါ” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် ပျင်းစရာကောင်းသည့် မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်တွင် ဒုတိယဂိုးအများဆုံးသွင်းထားကြောင်း၊ ရဂိုး၊ ပေးဂိုး ကွာခြားချက်မှာလည်း အကောင်းဆုံး ဖြစ်နေကြောင်း၊ ထိပ်တန်းအသင်းများကသာ ရာသီအစကတည်းက ထိပ်ဆုံးတွင် ရှိနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ထိုပွဲအနိုင်ကြောင့် ချယ်ဆီးမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးအတွက် လက်ကျန် ၅ ပွဲတွင် ၂ ပွဲသာ အနိုင်ကစားရန်လိုတော့ပြီး အာဆင်ဝင်းဂါးကလည်း ချယ်ဆီးမှာ ခြေမချော်နိုင်တော့ဟု ပြောကြားခဲ့သည်။
    Ref: Goal.com
  • ပါကစ္စတန်တွင် ဆိုက်ကလုန်းတိုက်ခတ်၊ သေဆုံးသူများပြား
    ပါကစ္စတန်တွင် ဆိုက်ကလုန်းတိုက်ခတ်၊ သေဆုံးသူများပြား
    ဧပြီ ၂၇၊ ၂၀၁၅
    M-Media
    A child is taken to Leady Reading Hospital for treatment after torrential rains caused flooding and houses to collapse in Peshawar
    – ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ယမန်နေ့တွင် မီနီဆိုက်ကလုန်းဟု ခေါ်ဆိုသော မုန်တိုင်းတစ်ခု တိုက်ခတ်သွားပြီး ယခုအချိန်အထိ လူပေါင်း ၄၄ ဦး သေဆုံးခဲ့ပြီဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်ကာ သေဆုံးသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာဖွယ် ရှိနေသည်။
    ယမန်နေ့ညပိုင်းတွင် မုန်တိုင်းကြောင့် ပက်ရှ်ဝါရ်မြို့နှင့် အနီးအနားရှိ ခရိုင်များတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပွားခဲ့ပြီး အိမ်များ၊ အဆောက်အဦးများ၊ သစ်ပင်များ ပြိုကျ ပျက်ဆီးခဲ့ကြသည်။
    ဒဏ်ရာရသူများမှာ ကလေးငယ် ၁၀၀ အပါအ၀င် စုစုပေါင်း ၂၀၀ ကျော်ရှိနေပြီး လယ်သမားများ၏ ကောက်ပဲသီးနှံများမှာလည်း ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ကြကာ ကျွဲနွားတိရစ္ဆာန်များလည်း သေကျေပျက်ဆီးခဲ့ကြသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
    “အနည်းဆုံး လူ ၄၄ ဦးသေဆုံးပြီး ၂၀၂ ဦးလောက် ဒဏ်ရာရပါတယ်။ မုန်တိုင်းကြောင့် မိုးကြီးကာ မိုးသက်မုန်တိုင်းတွေ တိုက်ခက်ခဲ့ပြီး ဂျုံတွေ၊ သီးပင်စားပင်တွေ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့ပါတယ်” ဟု ပြည်နယ် ပြန်ကြားရေးဝန်ကြီး မွတ်ရှ်တက် ဂါနီက ပြောကြားခဲ့သည်။
    တာဝန်ရှိသူများမှာ မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများကို တွက်ချက်နေပြီး၊ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများတွင်လည်း လျှပ်စစ်ဓာတ်အားများ ပြတ်တောက်လျက်ရှိနေသည်။
    ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေး အကြီးတန်းတာဝန်ရှိသူ အမီရ် အာဖက်က သေဆုံးသူအရေအတွက်ကို အတည်ပြုခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။ အဆောက်အဦးများ ပြိုကျပျက်ဆီးမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက်မှာ ယခုထက်ပို၍ မြင့်မားလာနိုင်သည်။
    Ref: Alarabiya
  • ဘိုင်ယန်မြူးနစ် ၂၅ ကြိမ်မြောက် ဘွန်ဒစ်လီဂါချန်ပီယံဖြစ်ပြီ
    ဘိုင်ယန်မြူးနစ် ၂၅ ကြိမ်မြောက် ဘွန်ဒစ်လီဂါချန်ပီယံဖြစ်ပြီ
    ဧပြီ ၂၇၊ ၂၀၁၅
    M-Media
    beyar
    – ဒုတိယနေရာမှ ၀ုလ်ဖ်ဘတ်အသင်းက ယမန်နေ့တွင် မိုချန်ဂလာဘ်ကို ရှုံးနိမ့်သွားသောကြောင့် ဘိုင်ယန်မြူးနစ်အသင်းမှာ ဘွန်ဒစ်လီဂါဖလားကို ၂၅ ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
    ဘိုင်ယန်မှာ ဟာသာဘာလင်အား စနေနေ့က ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ၀ုလ်ဖ်ဘတ်အသင်းက ရှုံးနိမ့်သွားကာ ကစားရန် ၄ ပွဲ ကျန်ရှိနေသော်လည်း ၁၅ မှတ် ဖြတ်ထားနိုင်သောကြောင့် ယခုကဲ့သို့ ချန်ပီယံဘွဲ့အား ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
    ထိုသို့ဆွတ်ခူးခြင်းမှာ ဂွါဒီယိုလာ ဘာစီလိုနာမှ ရောက်ရှိလာပြီးနောက် ၂ ရာသီစလုံး ဘွန်ဒစ်လီဂါကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ဘွန်ဒစ်လီဂါတွင် ဘိုင်ယန်မှာ ပွဲစဉ် ၅ ပြီးကတည်းက ဇယားအား တောက်လျှောက် ဦးဆောင်လာခဲ့ခြင်းဖြစ်ပြီး ၃ ရာသီဆက်တိုက် ဘွန်ဒစ်လီဂါ ချန်ပီယံ ဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။
    ပြီးခဲ့သည့်နှစ်ကလည်း ဘိုင်ယန်မှာ ရာသီမကုန်ခင် ၇ ပွဲအလိုတွင် ဘွန်ဒစ်လီဂါဆုဖလားကို ရရှိခဲ့သည်။ လက်ရှိအချိန်တွင် ဘိုင်ယန်မှာ ပြည်တွင်း ရှုံးထွက်ဖလားနှင့် ချန်ပီယံလိဂ်တို့တွင် ဆီးမီးဖိုင်နယ်သို့ ရောက်ရှိနေကာ ဖလားသုံးလုံး လမ်းကြောင်းပေါ်တွင် ရှိနေသည်။
    Ref: Goal.com
  • ပူတင်အစိုးရ ပြိုလဲပါက မိမိတို့အတွက် အန္တရာယ်ရှိသည်ဟု ရုရှား ဂျူးခေါင်းဆောင် ပြော
    ပူတင်အစိုးရ ပြိုလဲပါက မိမိတို့အတွက် အန္တရာယ်ရှိသည်ဟု ရုရှား ဂျူးခေါင်းဆောင် ပြော
    ဧပြီ ၂၇၊ ၂၀၁၅
    M-Media
    Lighting candles in memory of Holocaust victims
    – ရုရှားသမ္မတ ဗလာဒီမာပူတင် ဖြုတ်ချခံရပါက ရုရှားရှိ ဂျူးလူမျိုးများမှာ ဆိုးရွားသည့်အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု ရုရှားရှိ ဂျူးဘုန်းတော်ကြီး အလက်ဇန်ဒါ ဘိုရိုဒါက ပြောကြားလိုက်သည်။
    ရုရှားဂျူးလူ့အဖွဲ့အစည်းအသင်း ခေါင်းဆောင်ဖြစ်သူ ဘိုရိုဒါမှာ သောကြာနေ့က ပြုလုပ်ခဲ့သည့် ဂျူးအခမ်းအနားတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့် အခြားသော ဥရောပနိုင်ငံများထက် လက်ရှိရုရှားအစိုးရက ဂျူးလူမျိုးများ၏ လုံခြုံရေးကို အာမခံပေးကာ ရုရှားရှိ ဘာသာရေး အသင်းအဖွဲ့များကလည်း ဂျူးဆန့်ကျင်ရေးဝါဒကို ပိုမို၍ ဆန့်ကျင်ကာကွယ်ပေးကြသည်ဟု
    ထည့်သွင်းပြောကြားခဲ့သည်။
    “ပူတင်အစိုးရ ပြိုလဲသွားမယ်ဆိုတဲ့ ဖြစ်နိုင်ချေနဲ့အတူ အန္တရာယ်တွေဟာလည်း တစ်ပါတည်း ပါလာမယ်ဆိုတာ ရုရှားကဂျူးတွေ နားလည်ထားရပါမယ်။ ပြီးတော့ ကစားပွဲရဲ့ ဥပဒေတွေကို နားလည်ထားရမှာဖြစ်သလို၊ ကန့်သတ်မှုတွေကိုလည်း သတိထားရပါမယ်” ဟု ဘိုရိုဒါက ဆိုသည်။
    ထို့ပြင် ရုရှား၌ သဘောတရားအရ အကန့်အသတ်မရှိသည့် ဘာသာရေးလွတ်လပ်ခွင့်ရှိပြီး ဂျူးလူ့အဖွဲ့အစည်းက ထိုအခြေအနေအား ဆက်လက်တည်ရှိနေရေး သေချာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရုရှားရှိ ဂျူးများအားလုံး အထူးသဖြင့် ပူတင်နှင့် ၎င်း၏ အစိုးရကို ဆန့်ကျင်သောသူများမှာ မိမိတို့အပေါ်တွင် ရှိနေသည့် အန္တရာယ်များနှင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို မဖြစ်မနေ နားလည်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ရုရှားအစိုးရအား ထောက်ခံမှုမှာ လစ်ဘရယ်ဂျူးများနှင့် ယူကရိန်းရှိ ဂျူးများအကြားတွင် လျော့ကျလာခဲ့ပြီး ၎င်းတို့က မော်စကိုမှာ ပြည်သူများ၏ လွတ်လပ်ခွင့်များကို ထိပါးကာ ယူကရိန်းရှိ ပြဿနာကိုလည်း မီးထိုးပေးနေသည်ဟု စွပ်စွဲကြသည်။
    ရုရှား ဂျူးလူ့အဖွဲ့အစည်းအသင်းကမူ နိုင်ငံအတွင်းရှိ ဂျူးများအား ပြန်လည်စုစည်းရာတွင် ပူတင်၏ ကူညီမှုကို ချီးကျူးခဲ့သည်။ ရုရှားနိုင်ငံတွင် ဂျူးအရေအတွက်မှာ ၃၅၀၀၀၀ ခန့်ရှိနေသည်။
    ပူတင်အစိုးရကလည်း ဂျူးဘုရားကျောင်းများ ပြင်ဆင်မှုတွင် ကူညီပေးခဲ့ပြီး မော်စကိုတွင် ကြီးမားသည့် ဂျူးပြတိုက်တစ်ခု ဆောက်လုပ်ရန်အတွက်လည်း ရန်ပုံငွေ မတည်ပေးခဲ့သည်။
    Ref: RT
  • ချန်ပီယံဖြစ်ဖို့ သေချာသလောက်ဖြစ်လာတဲ့ ချယ်ဆီး၊ မန်ယူတို့ ရှုံးပွဲထပ်တွေ့ခဲ့ပြီး တန်းဆင်းဇုန်မှာ အကြိတ်အနယ်ဖြစ်လာတဲ့ ပရီးမီးယားလိဂ်
    ချန်ပီယံဖြစ်ဖို့ သေချာသလောက်ဖြစ်လာတဲ့ ချယ်ဆီး၊ မန်ယူတို့ ရှုံးပွဲထပ်တွေ့ခဲ့ပြီး တန်းဆင်းဇုန်မှာ အကြိတ်အနယ်ဖြစ်လာတဲ့ ပရီးမီးယားလိဂ်
    ဧပြီ ၂၇၊ ၂၀၁၅
    M-Media
    epl 2
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ လီဗာပူးလ်ကလွဲလို့ အသင်းကြီးတွေအားလုံး နိုင်ပွဲမရခဲ့ဘဲ သရေပွဲ ၄ ပွဲအထိ ရှိခဲ့ပါတယ်။ လန်ဒန်ဒါဘီမှာ ချယ်ဆီးက သရေကစားသွားပြီး ချန်ပီယံဖြစ်ရေးအတွက် အကောင်းဆုံး အနေအထားကို ရောက်ရှိလို့ လာခဲ့ပါတယ်။
    ဒီတစ်ပတ်မှာ နောက်ဆုံးကစားသွားတဲ့ အာဆင်နယ်နဲ့ ချယ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီဟာ စွဲမက်စရာမရှိဘဲ သရေပွဲနဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။ ချယ်ဆီးက သူတို့ရဲ့ ပုံစံအတိုင်း ခံစစ်ကို အထိုင်ချကစားသွားပြီး အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ချယ်ဆီးနောက်တန်းကိုတော့ ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ဘဲ ကွင်းလယ်မှာ အချိန်ကုန်ခဲ့ပါတယ်။ ပထမပိုင်းမှာ အော်စကာက အာဆင်နယ်ဂိုးသမား အော့စ်ပီနာကိုကျော်ပြီး ကန်သွင်းမှုကို ဘယ်လာရင် ဂိုးစည်းပေါ်ကနေ
    ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပြီးကာနီးမှာ အာဆင်နယ်တို့ ဂိုးသွင့်အချို့ ရခဲ့ပေမယ့် ဂိုးပေါက်တောင် မတည့်ခဲ့ပါဘူး။ ဒီပွဲသရေကြောင့် ချယ်ဆီးဟာ ၁၀ မှတ်အသာနဲ့ ဇယားကို ဆက်လက်ဦးဆောင်ထားပြီး လက်ကျန် ၅ ပွဲမှာ ၂ ပွဲ နိုင်တာနဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးရရှိမှာ ဖြစ်ပါတယ်။
    အီတီဟတ်မှာ ကစားခဲ့တဲ့ မန်စီးတီးနဲ့ အက်စတွန်ဗီလာတို့ပွဲမှာ အိမ်ရှင်တို့ ခြေစွမ်းမပြနိုင်ဘဲ ပွဲအစ ၃ မိနစ်မှာ အဂူရို၊ ၆၆ မိနစ်မှာ ကိုလာရော့ဗ်ရဲ့ဂိုးတွေနဲ့ ၂ ဂိုး ဂိုးမရှိ ဦးဆောင်ထားနေရာကနေ ၂ ဂိုးပြန်ပေးလိုက်ရပြီး ဖာနန်ဒင်ဟိုရဲ့ ၈၈ မိနစ်ဂိုးကြောင့်သာ အနိုင် ၃ မှတ် ရခဲ့တာဖြစ်ပါတယ်။ အက်စတွန်ဗီလာကတော့ ဒီပွဲအရှုံးကြောင့် တန်းဆင်းဇုန်နဲ့ ၂ မှတ်သာ ကွာတော့ပြီး လက်ကျန်ပွဲတွေမှာ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်မှာ ချယ်ဆီးကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် အရှုံးပေးခဲ့ရတဲ့ မန်ယူတို့ မနေ့ကပွဲမှာလည်း အဲဗာတန်ကို အဝေးကွင်းမှာ ခြေအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ အဲဗာတန်တို့က ချယ်ဆီးရဲ့ပုံစံအတိုင်း ခံစစ်ကို အာရုံစိုက်ခဲ့ပြီး ပွဲအစ ၅ မိနစ်မှာ ဂျိမ်းစ် မက်ကာသီရဲ့ ဦးဆောင်ဂိုးက အိမ်ရှင်တို့အတွက် အားတက်စရာ ဖြစ်ခဲ့ပါတယ်။ ၃၅ မိနစ်မှာ ဂျွန်စတုန်းစ်က ဒုတိယဂိုးသွင်းပေးခဲ့ပြီး ၇၄ မိနစ်မှာ ကီဗင် မီရာလက်စ်က တတိယဂိုးသွင်းပေးခဲ့တာကြောင့် အဲဗာတန်တို့ ၃
    ဂိုးပြတ်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့ပါတယ်။
    လီဗာပူးလ်ကတော့ အဝေးကွင်းမှာ ဂိုးကံခေတာကြောင့် ၀က်စ်ဘရွန်းကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပါတယ်။ တန်းဆင်းဇုန်ကလွတ်ဖို့ကြိုးစားရင်း နောက်ပိုင်းမှာ နိုင်ပွဲတွေဆက်လာတဲ့ လက်စတာက ဘ၀တူ ဘန်လေကို ဂျာမီဗာဒီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပြီး တန်းဆင်းဇုန်နဲ့ တစ်မှတ်အကွာမှာ ရှိနေပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဆောက်သက်တမ် ၂-၂ စပါး
    ဘန်လေ ၀-၁ လက်စတာ
    ခရစ္စတယ်ပဲလေ့စ် ၀-၂ ဟားလ်စီးတီး
    နယူးကာဆယ် ၂-၃ ဆွမ်ဆီး
    ကျူပီအာရ် ၀-၀ ၀က်စ်ဟမ်း
    စတုတ် ၁-၁ ဆန်းဒါးလန်း
    မန်စီးတီး ၃-၂ အက်စတွန်ဗီလာ
    အဲဗာတန် ၃-၀ မန်ယူ
    အာဆင်နယ် ၀-၀ ချယ်ဆီး