News @ M-Media

Author: Ko Lay

  • အမေရိကန် မွတ်စလင်အမျိုးသမီးငယ် တစ်ဦး ထိပ်တန်းတက္ကသိုလ် ၈ ခု၏ ၀င်ခွင့်ရရှိ

    အမေရိကန် မွတ်စလင်အမျိုးသမီးငယ် တစ်ဦး ထိပ်တန်းတက္ကသိုလ် ၈ ခု၏ ၀င်ခွင့်ရရှိ

    ဧပြီ ၉၊ ၂၀၁၅
    M-Media

    8-4-15_US-Muslim-Girl-Makes-Exceptional-Academic-Record

    – အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်မှ မွတ်စလင်အမျိုးသမီးငယ်တစ်ဦးမှာ 8 Ivy League Schools ဟုခေါ်သည့် အမေရိကန်၏ ထိပ်တန်းတက္ကသိုလ် ၈ ခုမှ ကျောင်းဝင်ခွင့် လက်ခံမှုကို ရရှိခဲ့သည်။

    အဆိုပါ အမျိုးသမီးငယ်မှာ မူနီရာ ခါလစ်ဖ်ဖြစ်ပြီး Mounds Park Academy (MPA) မှ အကြီးတန်းကျောင်းသူ တစ်ဦးလည်းဖြစ်ကာ ထိုကဲ့သို့ ထိပ်တန်းတက္ကသိုလ်များအားလုံး၏ ကျောင်းဝင်ခွင့် လက်ခံမှုမှ ၎င်း၏ အရည်အချင်းအား အသိအမှတ်ပြုခြင်းဖြစ်ပြီး ရှားပါးသည့် ဖြစ်ရပ်မျိုးလည်းဖြစ်သည်။

    “ကျွန်မ အရမ်း အံအားသင့်ခဲ့ပါတယ်။ ကျွန်မအတွက် အကောင်းဆုံး အချိန်ကတော့ မိသားစုဝင်တွေကို ဖုန်းခေါ်ပြီး သူတို့ဆီက စိတ်လှုပ်ရှားမှုတွေကို ကြားခဲ့ရတာပါပဲ။ ဒါဟာ ဘုရားသခင်ထံက ကောင်းချီး အစစ်အမှန်ပါပဲ” ဟု မူနီရာ ခါလစ်ဖ်က ပြောကြားခဲ့သည်။

    8 Ivy League Schools စာရင်းတွင် ပါဝင်သည့် တက္ကသိုလ်များမှာ ဘရောင်း တက္ကသိုလ်၊ ကိုလံဘီယာ တက္ကသိုလ်၊ ကော်နဲလ် တက္ကသိုလ်၊ ဒါ့တ်မောက်သ် ကောလိပ်၊ ဟားဗတ် တက္ကသိုလ်၊ ပင်ဆဲလ်ဗာနီးယား တက္ကသိုလ်၊ ပရင်စတန် တက္ကသိုလ်နှင့် ယေးလ်တက္ကသိုလ်တို့ ဖြစ်ကြသည်။

    မူနီရာမှာ အခြားသော ထိပ်တန်းတက္ကသိုလ်များဖြစ်သည့် စတန်းဖို့ဒ်၊ ဂျော့ဂ်ျတောင်းနှင့် မင်နီဆိုတာ တက္ကသိုလ်များ၏ ကျောင်းဝင်ခွင့်လက်ခံမှုကိုလည်း ရရှိခဲ့သည်။

    “အဲဒီကျောင်းတွေအားလုံးဟာ ပညာသင်ယူတတ်မြောက်ဖို့အတွက် ထူးခြားကောင်းမွန်တဲ့နေရာတွေဖြစ်တာကြောင့် ဒီကျောင်းတွေထဲကတစ်ခုကို ရွေးဖို့ အခွင့်အရေးရတာကိုလည်း ကျွန်မ ဂုဏ်မမောက်ပါဘူး” ဟု မူနီရာက ထပ်လောင်းပြောကြားခဲ့သည်။

    ရတောင့်ရခဲ့ အောင်မြင်မှုကို ရရှိခဲ့သည့် မူနီရာမှာ မည်သည့်တက္ကသိုလ်သို့ တက်ရောက်ရမည်ကို မဆုံးဖြတ်ရသေးဘဲ အဆိုပါတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှု၍ နောက်ဆုံး ဆုံးဖြတ်ချက်ကို မေလ ၁ ရက်နေ့တွင် ချမည်ဟု ဆိုသည်။

    နိုင်ငံတကာမှ အသိအမှတ်ပြုမှု

    သူမ၏ ပညာရေးဆိုင်ရာ ထူးခြားသော မှတ်တမ်းနှင့်အတူ မူနီရာမှာ MPA ၏ Social Consciousness ကလပ်ကို တည်ထောင်သူဖြစ်ပြီး လက်ရှိ အကြီးအကဲဖြစ်သူ ရန်ဒီ ကွမ်ဖော့တ်၏ ချီးကျူးမှုကိုလည်း ရရှိခဲ့သည်။

    “မူနီရာဟာ MPA ရဲ့ မြင့်မားတဲ့ ပညာရေးရပ်ဝန်းကနေ ထိုးထွက်လာခဲ့တာပါ။ ဒီမှာက အသိပညာပိုင်းဆိုင်ရာ စူးစမ်းလိုစိတ်ရှိဖို့၊ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိတဲ့ စကားပြောကောင်းသူ ဖြစ်လာဖို့ ကျောင်းသားတွေအတွက် ကျွန်တော်တို့ စိန်ခေါ်မှုတွေ ပေးပါတယ်။ သူမဟာ ကမ္ဘာတစ်ဝှမ်းက လူ့အဖွဲ့အစည်းတွေအတွင်းမှာ ထူးထူးခြားခြား ဆောင်ရွက်နိုင်ခဲ့ပြီး၊ အဆက်မပြတ် ပြောင်းလဲနေတဲ့ ကမ္ဘာကြီးက စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ သူမအနေနဲ့ အဆင်သင့်ဖြစ်နေပြီဆိုတာကိုလည်း ကျွန်တော်သိပါတယ်” ဟု ကွမ်ဖော့တ်က ပြောကြားခဲ့သည်။

    ထို့ပြင် မူနီရာမှာ လူငယ်များ၏ ပညာရေးအတွက် တက်ကြွစွာ ဆောင်ရွက်မှုကြောင့် ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ ပညာရေး Youth Courage Award ဆုကို ရရှိခဲ့သည့် ကမ္ဘာတစ်ဝှမ်းရှိ လူငယ် ၉ ဦးထဲတွင် တစ်ဦးအပါအ၀င် ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့လူငယ် သံတမန်အဖြစ် ခန့်အပ်ခြင်းခံထားရပြီး ကမ္ဘာလုံးဆိုင်ရာ ပညာရေး မြှင့်တင်မှုအတွက် ဆောင်ရွက်နေသည်။

    “သူမရဲ့ အသိဥာဏ်၊ နိုးကြားမှု၊ အားကောင်းတဲ့ စိတ်ဓာတ်ခွန်အား၊ လက်တွေ့ကျွမ်းကျင်မှုနဲ့ သြဇာတိက္ကိမတွေ ပေါင်းစပ်ပြီး မူနီရာဟာ ကမ္ဘာ့အဆင့်မှာ အပြောင်းအလဲတွေလုပ်နိုင်မယ့် အလားအလာတွေ ရှိနေတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ သူမဟာ ထင်မြင်ချက်တွေ၊ အသိပညာမဲ့မှုတွေကို ဆန့်ကျင်ဖယ်ရှားပြီး မတူညီတဲ့ နောက်ခံအသိုင်းအ၀ိုင်းရှိတဲ့ သူတွေနဲ့ အကျိုးရှိရှိ ပူးပေါင်းဆောင်ရွက်တတ်ပါတယ်” ဟု MPA ၏ ကောလိပ်ဆိုင်ရာ အကြံအဥာဏ်ပေးရေးအဖွဲ့မှ ဒါရိုက်တာ လီဆာ ပက်ဒါဆန်က ပြောကြားခဲ့သည်။

    မူနီရာမှာ အာဖရိကလူငယ်များ၏ ပညာရေး ပိုမိုကောင်းမွန်ရန်အတွက် East African youth အဖွဲ့အတွက် အလုပ်လုပ်ပေးနေပြီး စကောလားရှစ်များ ရှာဖွေခြင်း၊ စာကြည့်တိုက်များ တည်ဆောက်ခြင်းနှင့် မိလ္လာဆိုင်ရာ ပြဿနာများ ဖြေရှင်းခြင်းတို့ကို အာရုံစိုက် ဆောင်ရွက်ပေးနေသော အကျိုးအမြတ်မယူသည့် Lighting the Way အဖွဲကိုလည်း ၎င်းကိုယ်တိုင် တည်ထောင်ခဲ့သည်။

    ထို့ပြင် Girl Up အဖွဲ့၏ သံတမန်နှင့် အသိပညာပေးသူအဖြစ်လည်း မူနီရာက ဆောင်ရွက်နေသည်။ အဆိုပါအဖွဲ့မှာ အခြားသောတိုင်းပြည်များရှိ မိန်းကလေးငယ်များအရေး ဆောင်ရွက်ပေးရန် အမေရိကန်မိန်းကလေးငယ်များကို လှုံ့ဆော်စည်းရုံးပေးနေသော ကုလသမဂ္ဂ ဖောင်ဒေးရှင်း၏ လှုပ်ရှားမှုတစ်ခုလည်း ဖြစ်သည်။

    မူနီရာမှာ နိုင်ငံရေးသိပ္ပံကို အထူးပြုဘာသာရပ်အဖြစ် ယူရန် စီစဉ်ထားပြီး ပြည်သူ့ဝန်ဆောင်မှုမှတစ်ဆင့် ကမ္ဘာကြီးတွင် အကျိုးသက်ရောက်မှုရှိလာရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    Ref: Onislam

  • ဆော်ဒီတွင် တရုတ်နိုင်ငံသား ၆၀၀ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာ

    ဆော်ဒီတွင် တရုတ်နိုင်ငံသား ၆၀၀ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာ

    ဧပြီ ၈၊ ၂၀၁၅
    M-Media

    7-4-15_600-Chinese-Workers-Revert-to-Islam-in-SaudiC

    – အစ္စလာမ်ဓမ္မပညာရှင်တွေက အစ္စလာမ့်ရေးရာတွေကို သင်ကြားပို့ချပေးခဲ့ပြီးတဲ့နောက်ပိုင်း ဆော်ဒီအာရေဗျမှာ အလုပ်လုပ်ကိုင်နေတဲ့ တရုတ်လူမျိုး ၆၀၀ ကျော်ဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်လာခဲ့တယ်လို့ Saudi Sabq သတင်းစာကို ကိုးကားပြီး Onislam ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    အဲဒီအလုပ်သမားတွေထဲမှာ အင်ဂျင်နီယာတွေနဲ့ သာမန်အလုပ်သမားတွေပါဝင်ပြီး မက္ကာဟ်မြို့မှာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ အစ္စလာမ်ကို နားလည်သဘောပေါက်ဖို့အတွက် Taneem Da`wah အဖွဲ့က ကြိုးပမ်းခဲ့ကြတာဖြစ်ပြီး အစ္စလာမ်နဲ့ ပတ်သက်လို့ ကျင့်ရန်၊ ကျဉ်ရန်တွေကို ညဘက်မှာ အချိန်ထုတ်ပြီး ၁၂ နာရီကြာ သင်ကြားပို့ချပေးခဲ့ပါတယ်။

    အဲဒီ တရုတ်လူမျိုးတွေ အစ္စလာမ်ကို သက်ဝင်ယုံကြည်တဲ့အခမ်းအနားကို မကြာသေးခင်က အစ္စလာမ်ဘာသာဝင်ဖြစ်လာတဲ့ သစ်လွင်တရုတ်မွတ်စလင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ သူတို့တွေဟာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခြင်း မပြုခင်မှာ ဗလီဝတ်ကျောင်းတော်တွေကို လေ့လာခွင့်ရခဲ့ပြီး မရှင်းမလင်းတာတွေမေးမြန်းဖို့အတွက် တွေ့ဆုံပွဲတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ကြပါတယ်။

    အစ္စလာမ်ဓမ္မပညာရှင်တွေကတော့ တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ အစ္စလာမ်နဲ့ပတ်သက်တဲ့ စာအုပ်တွေကိုလည်း သူတို့ကို ဝေငှပေးခဲ့ကြပါတယ်။

    ဆော်ဒီအရေဗျမှာ တရုတ်လူမျိုးတွေ အစ္စလာမ်ကို အစုလိုအပြုံလိုက် သက်ဝင်ယုံကြည်လာတာဟာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဆော်ဒီဘုရင်ကြီး အဘ်ဒွလ်အဇစ်ရဲ့ ပကာသနမပါတဲ့ အသုဘကိုကြည့်ပြီး အစ္စလာမ်ကို လေ့လာကာ တရုတ်လူမျိုး ၅၀၀ လောက် အစ္စလာမ်ကို သက်ဝင်လာခဲ့ကြပါတယ်။

    Ref: Onislam

  • ယီမင်ပြဿနာဖြေရှင်းရေး အီရန်နှင့် တူရကီတို့ သဘောတူ

    ယီမင်ပြဿနာဖြေရှင်းရေး အီရန်နှင့် တူရကီတို့ သဘောတူ

    ဧပြီ ၈၊ ၂၀၁၅
    M-Media

    ccbfc29e961f894eee437d61bb8b4177

    – နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာသော ယီမင်စစ်ပွဲ အဆုံးသတ်ရေး နိုင်ငံရေး အဖြေအတွက် လိုအပ်ချက်နှင့် ပတ်သက်၍ တူရကီနှင့် အီရန်တို့ သဘောတူညီချက်ရရှိခဲ့သည်ဟု အီရန်သမ္မတ ရူဟာနီက ပြောကြားလိုက်သည်။

    “ကျွန်တော်တို့ဟာ အီရတ်၊ ဆီးရီးယားနဲ့ ပါလက်စတိုင်းအကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ယီမင်အတွက်တော့ တော်တော်ကြာကြာ ဆွေးနွေးခဲ့ကြပါတယ်။ စစ်ပွဲတွေ၊ သွေးမြေကျမှုတွေကို ဒီဒေသမှာ ချက်ချင်း ရပ်တန့်ရမယ်ဆိုတာကိုလည်း ကျွန်တော်တို့နှစ်ယောက်စလုံး တွေးကြပါတယ်။ ပြီးတော့ ပြည့်စုံတဲ့ အပစ်ရပ်ရေးကို တည်ဆောက်ရမှာဖြစ်ပြီး ယီမင်မှာ တိုက်နေခိုက်နေတာတွေကိုလည်း ရပ်ကို ရပ်တန့်ပစ်ရပါမယ်” ဟု ရူဟာနီက တီဟီရန်တွင် တူရကီသမ္မတ အာဒိုဂန်နှင့် ဆွေးနွေးမှုအပြီး ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    တူရကီသမ္မတကမူ ယီမင်ကိစ္စနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးခဲ့ဘဲ အီရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးအကြောင်းကိုသာ ပြောကြားခဲ့သည်။ တူရကီမှာ ယီမင်ရှိ ဟူသီသူပုန်များအား ဆော်ဒီဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့က လေကြောင်းမှတိုက်ခိုက်ခြင်းကို ထောက်ခံထားသည်။

    ရူဟာနီကမူ ဒေသတွင်းအခြားသော နိုင်ငံများ၏ အကူအညီဖြင့် မိမိတို့ ၂ နိုင်ငံမှာ ယီမင်နိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်ရေးနှင့် ယီမင်နိုင်ငံများသားများအကြား တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာရေးကို ကူညီဆောင်ရွက်သွားရန် မျှော်လင့်ထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ယီမင်တွင် အီရန်က ကျောထောက်နောက်ခံပေးထားသည့် ဟူသီသူပုန်များနှင် ဆော်ဒီမှ ထောက်ခံသော သမ္မတာဟာဒီအား သစ္စာခံသည့် တပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး ပြည်တွင်းစစ်အသွင် ဆောင်နေသည်။

    တူရကီသမ္မတ အာဒိုဂန်မှာ ၀န်ကြီးများနှင့်အတူ အီရန်နိုင်ငံသို့ တစ်ရက်တာ သွားရောက်ခဲ့ပြီး အီရန်နိုင်ငံ၏ အဓိပတိ အယာတိုလာ ခါမေနီနှင့်လည်း တွေ့ဆုံခဲ့သည်။

    Ref: Aljazeera

  • ဘရာဇီးလ်ဘောလုံးသမားများ အသင်းအတွက် စိတ်နှစ်ကစားခြင်းမရှိဟု ဆန်းတို့စ်ပြော

    ဘရာဇီးလ်ဘောလုံးသမားများ အသင်းအတွက် စိတ်နှစ်ကစားခြင်းမရှိဟု ဆန်းတို့စ်ပြော

    ဧပြီ ၈၊ ၂၀၁၅
    M-Media

    santos

    – ဘရာဇီးလ်ကစားသမားများအနေဖြင့် ဂျပန်ကစားသမား၏ နိုင်ငံအသင်းအတွက် “စိတ်နှစ်မြှုပ်မှု” အရည်အချင်းကို သင်ယူရမည်ဟု ဘရာဇီလ်းဖွား ဂျပန်ကစားသrား အလက်ဇန်ဒရို ဆန်းတို့စ်က ပြောကြားလိုက်သည်။

    ၂၀၁၄ ဘရာဇီးလ်ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ်၌ ဂျာမနီအား ၇ ဂိုး ၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရခြင်းအပါအ၀င် ဘရာဇီးလ်မှာ အောင်မြင်မှုမရခဲ့သော်လည်း ပြိုင်ပွဲအပြီး နည်းပြသစ် ဒွန်ဂါကိုင်တွယ်ခဲ့သည့် အချိန်တစ်လျှောက်တွင် လက်ရှိ အချိန်အထိ ၈ ပွဲဆက်တိုက် အနိုင်ရရှိထားသည်။

    ကစားသမား သက်တမ်းတစ်လျှောက်ကို ဂျေလိဂ်တွင် ကုန်ဆုံးခဲ့ပြီး လက်ရှိတွင် ဘရာဇီးလ်ကလပ် Maringa ၌ ကစားနေသည့် ဆန်းတို့စ်ကမူ ဘရာဇီးလ်ကစားသမားများ၏ အသင်းအတွက် စိတ်နှစ်မြှုပ်မှုမရှိခြင်းကို ဝေဖန်လိုက်ပြီး ဘရာဇီးလ်အသင်း တိုးတက်ချင်ပါက ကမ္ဘာ့ဖလားကျရှုံးမှုကို လုံးဝ မေ့ပစ်၍မရဟု ပြောကြားခဲ့သည်။

    “စိတ်နှစ်မြှုပ်မှုဆိုတဲ့အရည်အချင်းကို ဂျပန်ကစားသမားတွေဆီကနေ ဘရာဇီးလ်ကစားသမားတွေက သင်ယူရပါလိမ့်မယ်။ ဘရာဇီးလ်မှာ အရည်အသွေးမြင့်ကစားသမားတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကံမကောင်းတာကတော့ အဲဒီကစားသမားကောင်းတွေဟာ သူတို့ရဲ့အရည်အသွေးကို သက်သေပြဖို့ အခွင့်အရေး များများစားစား မရကြပါဘူး။ ဂျပန်မှာ ဘောလုံးသမားတွေဟာ အမြဲတမ်း တိုးတက်ဖို့ ရည်ရွယ်နေကြပါတယ်။ ပြီးတော့ ကြိုးကြိုးစားစားလည်းရှိပြီး စိတ်ဓာတ်လည်း ပြတ်သားကြပါတယ်။ ဘရာဇီးလ်မှာတော့ ဒါမျိုးကို မတွေ့ရပါဘူး” ဟု ဆန်းတို့စ်က ပြောကြားခဲ့သည်။

    ဆန်းတို့စ်မှာ ဘရာဇီးလ်တွင် မွေးဖွားခဲ့သော်လည်း ငယ်စဉ်ကတည်းက ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်ပြီး ဂျပန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခဲ့သည်။

    ဘရာဇီးလ်ကစားသမားများနှင့် ပတ်သက်၍ “ဘရာဇီးလ်မှာ ယုံကြည်မှုလွန်ကဲတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ သူတို့ဟာ ကစားသမားကောင်းတွေဖြစ်တာကြောင့် လေ့ကျင့်ဖို့မလိုအပ်ဘူး၊ အမြဲတမ်း ဒီလိုပဲဖြစ်နေမယ်လို့ သူတို့ ထင်ကြပါတယ်။ တကယ်တော့ တစ်ခုခု တိုးတက်နေရမှာပေါ့လေ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • လူမည်းတစ်ဦးအား ပစ်သတ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အမေရိကန် တရားစွဲ

    လူမည်းတစ်ဦးအား ပစ်သတ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အမေရိကန် တရားစွဲ

    ဧပြီ ၈၊ ၂၀၁၅
    M-Media

    american police

    – အသက် ၅၀ အရွယ် လူမည်းတစ်ဦးကို သေနတ်ဖြင့် ၈ ချက်ပစ်ကာ သစ်ပစ်ခဲ့သည့် ဗီဒီယို ပေါ်ထွက်လာပြီးနောက် အမေရိကန်ပြည်ထောင်စု တောင်ကယ်လီဖိုးနီးယားရှိ လူဖြူရဲတပ်ဖွဲ့ဝင်တစ်ဦးကို တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    မြောက်ချာလီစတန်မြို့ အုပ်ချုပ်ရေးမှူး ကိသ် ဆမ်မေးက ပြည်နယ် စုံစမ်းစစ်ဆေးရေးမှူးများမှာ ဗီဒီယိုကို ကြည့်ရှုပြီးနောက် ဝေါလ်တာ စကော့အား သတ်ဖြတ်မှုဖြင့် အသက် ၃၃ နှစ်ရွယ် ရဲတပ်ဖွဲ့ဝင် မိုက်ကယ် ဆလာဂါကို တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်အတွက် FBI နှင့် အမေရိကန်တရားရေးဌာနတို့ကလည်း သီးခြား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    “ခင်ဗျားအမှားလုပ်ရင်၊ ခင်ဗျားမှာတာပဲ။ မကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ချပြီဆိုရင်လည်း ခင်ဗျားဟာ ဥပဒေအတွင်းကလူ ဖြစ်ဖြစ် လမ်းပေါ်က သာမန်နိုင်ငံသားတစ်ယောက် ဖြစ်ဖြစ် ကျွန်တော်ဂရုမစိုက်ပါဘူး။ အဲဒီဆုံးဖြတ်ချက်အတိုင်း ခင်ဗျား ခံစားရမှာပါ” ဟု ဆမ်မေးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    အဆိုပါအဖြစ်အပျက်မှာ ဘရိတ်မီးမလင်းသောကြောင့် စေကာ့၏ကားကို လမ်းဘေးတွင် ရပ်ခိုင်းပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စကော့နှင့် ဆလာဂါတို့အကြား ထိုးကြိတ်မှုများလည်းရှိခဲ့ကာ နောက်ပိုင်းတွင် စကော့က ထွက်ပြေးခဲ့ကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာမှ ဖော်ပြခဲ့သည့် ဗီဒီယိုတွင် တွေ့ရှိရသည်။

    အဆိုပါ ဗီဒီယိုမှာ အနီးရှိ လူတစ်ဦးက ရိုက်ကူးထားခြင်းဖြစ်ပြီး စကော့ ထွက်ပြေးသွားသည့်အခါ ရဲတပ်ဖွဲ့ဝင် ဆလာဂါမှာ သေနတ်ဖြတ်ဖြင့် ၈ ချက်ပစ်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။ ထို့နောက် စကော့မှာ မျက်ခင်းပြင်ပေါ်သို့ ပစ်ကျသွားခဲ့သည်။

    ၂၀၀၉ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ဝင်ရောက်ခဲ့သည့် ဆလာဂါက စကော့မှာ ၎င်း၏ မေ့ဆေးသေနတ်ကို လုပြေးသွားခြင်းကြောင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်သည်ဟု အခြားသော ရဲတပ်ဖွဲ့ဝင်များသို့ ပြောကြားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အစီရင်ခံစားတွင် ဖော်ပြထားသည်။ သို့သော်လည်း ဗီဒီယိုအရ ဆလာဂါထံမှ စကော့ ပြေးသွားသည့်အချိန်တွင် လက်နက် ကိုင်ဆောင်ထားသည့်ပုံ မရှိချေ။

    စကော့လဲကျသွားပြီးနောက် ဆလာဂါမှာ ၎င်း၏အနားသို့သွားကာ လက်ထိပ်ခတ်ခဲ့သည်ကို ဗီဒီယိုတွင် တွေ့မြင်ခဲ့ရသည်။ ထို့နောက် ဆလာဂါမှာ ၎င်းသေနတ်ဖြင့် ပစ်ခဲ့သည့်နေရာသို့ လမ်းလျှောက်လာခဲ့ပြီးနောက် စကော့လဲကျရာနေရာသို့ ပြန်သွားကာ ၎င်း၏အနီး မြေပေါ်သို့ အရာဝတ္ထုတစ်ခုကို ပစ်ချလိုက်သည်ကိုလည်း အဆိုပါ ဗီဒီယိုတွင် မှတ်တမ်းတင်ထားသည်။

    စကော့မိသားစု၏ ရှေ့နေဖြစ်သူ ခရစ် စတီးဝပ်ကမူ ယခုသတင်းအတွက် မည်သည့် မှတ်ချက်မှ မပေးခဲ့ပေ။

    Ref: Aljazeera