News @ M-Media
Author: Ko Lay
  • လိင်တူ စိတ်ဝင်စားသူ အမျိုးသမီး ဈာပန ကျင်းပရန် အမေရိကန်မှ ခရစ်ယာန် ဘုရားကျောင်း  ငြင်းဆန်
    လိင်တူ စိတ်ဝင်စားသူ အမျိုးသမီး ဈာပန ကျင်းပရန် အမေရိကန်မှ ခရစ်ယာန် ဘုရားကျောင်း ငြင်းဆန်
    ဇန်န၀ါရီ ၁၄၊ ၂၀၁၅
    M-Media
    gay
    – အမျိုးသမီးချစ်သူနှင့် နမ်းရှုံ့နေသည့် ဓာတ်ပုံပါဝင်သော မှတ်တမ်းဗီဒီယို ပြသခြင်းကို မကြိုက်နှစ်သက်သောကြောင့် လိင်တူချစ်သူ အမျိုးသမီးတစ်ဦး၏ ဈာပနအခမ်းအနားကို ကျင်းပပြုလုပ်ရန် အမေရိကန်ရှိ ဘုရားကျောင်းက ငြင်းဆန်ခဲ့သည်ဟု သိရသည်။
    ကိုလိုရာဒိုပြည်နယ် ဒန်ဗာမြို့ရှိ New Hope Ministries ခရစ်ယာန်ဘုရားကျောင်းဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့က သေဆုံးခဲ့သော ဗန်နက်ဆာ ကော်လီယာအမည်ရှိ အမျိုးသမီးတစ်ဦး၏ ဈာပနကို ပြီးခဲ့သည့်စနေနေ့က ပြုလုပ်ခဲ့ရာ လိုက်ပါပို့ဆောင်သူ အားလုံး ဘုရားကျောင်းသို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်းမှ ဈာပနအခမ်းအနား ကျင်းပရန် ဘုရားကျောင်းက ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။
    `လူတွေက နံနက် ၁၀ နာရီမှာ ရောက်လာကြတယ်။ ၁၀ နာရီ ၁၅ လောက်ကြတော့ သင်းအုပ်ဆရာက `နည်းပညာပိုင်းဆိုင်ရာ အခက်အခဲကြောင့် ဈာပနအခမ်းအနားကို တစ်ခြားနေရာကို ရွှေ့လိုက်ပါတယ်´ လို့ ပြောခဲ့ပါတယ်´ ဟု သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူက ပြောကြားခဲ့သည်။
    ထိုကဲ့သို့ ပြောင်းရွှေ့ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကော်လီယာ၏ အမှတ်တရများကို ရိုက်ကူးထားသည့် ဗီဒီယိုတွင် ၎င်း၏ချစ်သူ အမျိုးသမီးတစ်ဦးနှင့် နမ်းရှုံ့နေသည့် ဓာတ်ပုံကြောင့်ဖြစ်သည်ဟု ဆိုသည်။
    ဘုရားကျောင်းမှ သင်းအုပ်ဆရာ ရေးချာဗက်ဇ်က ဗီဒီယိုအား ပြသချင်ပါက ထိုပုံအား ဖျက်ပေးရန် တောင်းဆိုခဲ့သော်လည်း မိသားစုက သဘောမတူခဲ့ပေ။ ထို့ကြောင့် ဈာပနအခမ်းအနားအား တစ်လမ်းကျော်ရှိ ရေခဲတိုက်၌ ကျင်းပပြုလုပ်ရန် ဘုရားကျောင်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး မိသားစုများကမူ ဘုရားကျောင်း၏ ထိုလုပ်ရပ်အတွက် ဒေါသထွက်ခဲ့ကြသည်။
    ဗန်နက်ဆာ၏ သူငယ်ချင်းများကမူ `ဗန်နက်ဆာရဲ့ ဂုဏ်သိက္ခာ´ `New Hope ဘုရားကျောင်းမှာ ခင်ဗျားတို့ ခရစ်တော်ကို ရှာတွေ့မှာမဟုတ်ဘဲ သူတော်ကောင်းယောင်ဆောင်မှုကိုသာ တွေ့ရမှာပါ´ စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ
    ဓာတ်ပုံရိုက်ပြီး ဆိုရှယ်စာမျက်နှာများပေါ်တွင် လွှင့်တင်ခဲ့ကြသည်။
    ထို့ပြင် ၎င်းတို့အနေဖြင့် ဘုရားကျောင်းမှ တောင်းပန်မှုကို လိုချင်သည်ဟုလည်း ရေးသားဖော်ပြခဲ့ကြသည်။ New Hope Ministries ဘုရားကျောင်းကမူ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့် မှတ်ချက်မှ မပေးခဲ့ပေ။
    Ref : CNN
  • သမိုင်းတစ်လျှောက် အမြင့်ဆုံး ကာကွယ်ရေးအသုံးစားရိတ် ဂျပန်အတည်ပြု
    သမိုင်းတစ်လျှောက် အမြင့်ဆုံး ကာကွယ်ရေးအသုံးစားရိတ် ဂျပန်အတည်ပြု
    ဇန်န၀ါရီ ၁၄၊ ၂၀၁၅
    M-Media
    jpn
    – ကင်းထောက်လေယာဉ်များနှင့် F-35 တိုက်ခိုက်ရေး တိုက်လေယာဉ်များ ၀ယ်ယူခြင်းအပါအ၀င် နိုင်ငံ၏ စစ်အင်အား တိုးချဲ့ရေး ဆောင်ရွက်ရန် အစီအစဉ်အဖြစ် သမိုင်းတစ်လျှောက် စံချိန်တင် ကာကွယ်ရေးအသုံးစားရိတ်ကို ဂျပန်နိုင်ငံက အတည်ပြုလိုက်သည်ဟု သိရသည်။
    ဂျပန်နိုင်ငံမှာ ယခင်က ကာကွယ်ရေးအသုံးစားရိတ်ကို ကန့်သတ်ထားခဲ့ပြီး ဒီဇင်ဘာ ၂၀၁၂ ရှင်ဇိုအာဘေး တက်လာချိန်မှစ၍ အဆိုပါကန့်သတ်မှုကို ရုပ်သိမ်းခဲ့ကာ သုံးနှစ်ဆက်တိုက် ကာကွယ်ရေးအသုံးစားရိတ်ကို တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
    အဆိုပါ ကာကွယ်ရေးအသုံးစားရိတ်တွင် P-1 ကင်းထောက်လေယာဉ်များ၊ F-35 တိုက်လေယာဉ်များနှင့် အခြား စစ်သုံးယာဉ်များ တိုးမြှင့်ရန် ပါဝင်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် တပ်ဖြန့်ချထားနိုင်ရန် စီစဉ်ထားသည့် Global Hawk ဒရုန်းလေယာဉ်၏ အစိတ်အပိုင်းများ ၀ယ်ယူခြင်းလည်း ပါဝင်မည်ဖြစ်သည်။
    တရုတ်နှင့် ဂျပန်တို့မှာ အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းစုတစ်ခု ပိုင်ဆိုင်မှုအတွက် အချင်းများနေကြပြီး ထိုအချက်က ဂျပန်၏ ကာကွယ်ရေးအင်အားတိုးမြှင့်ရန် ဆောင်ရွက်ရသည့် အကြောင်းအရင်းတစ်ရပ်လည်း ဖြစ်သည်။
    Ref : aljazeera
  • ရော်နယ်ဒိုတွေ ကံကောင်းတဲ့နေ့
    ရော်နယ်ဒိုတွေ ကံကောင်းတဲ့နေ့
    ဇန်န၀ါရီ ၁၄၊ ၂၀၁၅
    M-Media
    rvd
    – ဇန်န၀ါရီ ၁၂ ရက် တနင်္လာနေ့မှာ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့တာကို လူတိုင်းသိကြမှာပါ။
    ပြီးခဲ့တဲ့ ၁၂ လတာအတွင်းမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာကြောင့် ရခဲ့တယ်လို့ ပြောလို့ရပေမယ့် ကံတရားကလည်း အကြောင်းအရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ နောက်ထပ် ကံကောင်းခဲ့တဲ့ ရော်နယ်ဒိုတစ်ယောက် ရှိခဲ့ပါတယ်။
    သူကတော့ ရီးယဲလ်မက်ဒရစ် ကစားသမားသမားဟောင်း ဖြစ်ခဲ့ဖူးသူ ဘရာဇီးလ် ဂန္တ၀င်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုပဲဖြစ်ပါတယ်။
    ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၃ ကြိမ်တိုတိုင်ရရှိခဲ့တဲ့ ရော်နယ်ဒိုတစ်ယောက် ဘဟားမားစ်မှာ ပြုလုပ်ခဲ့တဲ့ ကာရစ်ဘီယံ ပိုကာပြိုင်ပွဲ PCA မှာ ကန်ဒေါ်လာ ၄၂၁၈၀ အနိုင်ရခဲ့တာပါ။ အဲဒီပိုကာပြိုင်ပွဲဟာ လက်ရှိမှာ ဆက်လက်ကစားနေပြီး ပြိုင်ပွဲပြီးဆုံးလို့ ငွေပမာဏအများဆုံး ရရှိအောင် ကစားနိုင်သူဟာ ဆုကြေး ကန်ဒေါ်လာ ၁.၄ သန်း ရရှိမှာ ဖြစ်ပါတယ်။
    ဘောလုံးလောကမှာ ပြိုင်ဘက်မရှိတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ပိုကာလောကမှာလည်း ကမ္ဘာ့အဆင့်ကစားသမား ဖြစ်နေပြီး အခုပြိုင်ပွဲမှာ ၀င်ကစားတဲ့ ကစားသမား ၈၁၆ ဦးမှာ အဆင့် ၂၆ နေရာမှာ ရှိနေပါတယ်။
    `ကျွန်တော် တကယ့်ကို စိတ်လှုပ်ရှားနေပါတယ်။ ဘောလုံးလောကရဲ့ အမြင့်ဆုံးအဆင့်မှာ ကစားတဲ့အခါ ခံစားရတဲ့ ခံစားမှုမျိုးပါပဲ။ အတွေ့အကြုံကလည်း တော်တော်ကောင်းပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ရည်ရွယ်ချက်က ပြိုင်ပွဲကြီးတစ်ခုမှာ ဆုတစ်ခုရဖို့ ဖြစ်ပြီး ဒါကို ကျွန်တော် လုပ်နိုင်ခဲ့ပါတယ်´ လို့ ရော်နယ်ဒိုက သူ့ရဲ့ ပီတိကို ဖွင့်ဟခဲ့ပါတယ်။
    ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၁၄ နှစ်ကုန်ပိုင်းလောက်မှာ တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်လ်နဲ့ ပိုကာကစားခဲ့ပြီး အဲဒီပွဲမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။
    Ref : dailymail
  • မိမိတို့ပစ်မှတ်မှာ ချန်ပီယံလိဂ်ဖြစ်သည်ဟု ဆောက်သက်တမ်ကွင်းလယ်လူ ဆို
    မိမိတို့ပစ်မှတ်မှာ ချန်ပီယံလိဂ်ဖြစ်သည်ဟု ဆောက်သက်တမ်ကွင်းလယ်လူ ဆို
    ဇန်န၀ါရီ ၁၄၊ ၂၀၁၅
    M-Media
    sut
    – အာဆင်နယ်နှင့် မန်ယူတို့ကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီးနောက် မိမိတို့၏ ပစ်မှတ်မှာ ချန်ပီယံလိဂ် ၀င်ခွင့်ရရေးပင် ဖြစ်သည်ဟု ဆောက်သက်တမ်ကွင်းလယ်လူ စတီဗင် ဒါးဗီးစ်က ပြောကြားလိုက်သည်။
    ရာသီအစကတည်းက ခြေစွမ်းကောင်းများ ပြသခဲ့သည့် ဆောက်သမ်တမ်မှာ ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်က ခြေစွမ်း ပြန်ကျခဲ့သည်။ သို့သော်လည်း နောက်ဆုံး ၅ ပွဲတွင် ချယ်ဆီးအသင်းကိုသာ ၁ ဂိုး စီသရေကျခဲ့ပြီး အဲဗာတန်၊ အာဆင်နယ်၊ မန်ယူတို့ကို အနိုင်ကစားနိုင်ခဲ့ကာ အများဆုံးရရှိနိုင်သည့် ၁၅ မှတ်တွင် ၁၃ မှတ်ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။
    ထို့ကြောင့် ယခုလက်ရှိတွင် အမှတ်ပေးဇယား တတိယနေရာတွင်ရှိနေကာ အဆင့် ၄ မှ မန်ယူအား ၂ မှတ် ဖြတ်ထားသည်။
    `ကျွန်တော်တို့ အသင်းလိုက်ပုံစံနဲ့ သွားနေတာပါ။ တကယ်လို့များ ကျွန်တော်တို့ဟာ ဇန်န၀ါရီလကုန်၊ ဒါမှမဟုတ် ဖေဖော်ဝါရီလကုန်မှာ ဒီအဆင့်မျိုး ရှိနေခဲ့ရင် ချန်ပီယံလိဂ်ဝင်ကစားရဖို့ ဖြစ်နိုင်ပါပြီ´ ဟု ဒါးဗီးစ်၏ ပြောကြားမှုကို အသင်း၏ ၀ဘ်ဆိုက်၌ ဖော်ပြထားသည်။
    ထို့ပြင် မိမိတို့အသင်းအနေဖြင့် ပွဲတိုင်းတွင် ပိုကောင်းအောင် ကြိုးစားနေပြီး ကွင်းအတွင်းသို့ဝင်ကာ ရလဒ်ကောင်းများရယူရန် စိတ်ဆန္ဒရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal.com
  • မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုကို ဆန့်ကျင်သော ချီတက် လမ်းလျှောက်မှု ဂျာမနီတွင်ပြုလုပ်ခဲ့
    မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုကို ဆန့်ကျင်သော ချီတက် လမ်းလျှောက်မှု ဂျာမနီတွင်ပြုလုပ်ခဲ့
    `နိုင်ငံခြားသားတွေကိုမုန်းတာ၊ လူမျိုးရေးခွဲခြားတာနဲ့ အစွန်းရောက်ဝါဒတွေဟာ ကျွန်မတို့တိုင်းပြည်မှာ နေရာမရှိပါဘူး´ (ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်)
    ဇန်န၀ါရီ ၁၄၊ ၂၀၁၅
    M-Media
    agl
    – ယမန်နေ့က ဘာလင်တွင် ပြုလုပ်ခဲ့သော မွတ်စလင်မုန်းတီးရေးလှုပ်ရှားမှုကို ဆန့်ကျင်သည့် ချီတက်ပွဲတွင် ပါဝင်ခဲ့သည့် ဂျာမနီ ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်က မိမိတို့တိုင်းပြည်တွင် အမုန်းတရားများ၊ လူမျိုးရေးခွဲခြားမှုနှင့် အစွန်းရောက်ဝါဒတို့အတွက် နေရာမရှိဟု ပြောကြားလိုက်သည်။
    ဂျာမန်မွတ်စလင် ဗဟိုကောင်စီမှ စီစဉ်ကာ ဘာလင်ရှိ သမိုင်းဝင် Brandenburg Gate မှ စတင်ခဲ့သည့် အဆိုပါ ချီတက်ပွဲကို “Let’s be there for each other. Terror: not in our name!” (ငါတို့အားလုံး အတူရှိကြစို့။ အကြမ်းဖက်ခြင်းကို တို့လက်မခံ) ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂျာမနီရှိ မွတ်စလင်အသင်းအဖွဲ့ ၂၈ ခု ပါဝင်ခဲ့ကာ ဘာလင်တူရကီအသင်း TGB လည်း ပါဝင်ခဲ့သည်။
    ချီတက်လမ်းလျှောက်ပွဲကို အစ္စလာမ်ဘာသာဝင်များ၏ ထုံးတမ်းစဉ်လာ ဆုတောင်းမှုဖြင့် စတင်ခဲ့ပြီး၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များနှင့် ဂျူးဘာသာရေးခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။
    ထိုချီတက်ပွဲကို တက်ရောက်ခဲ့သည့် ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်ကမူ ဘာသာတရား သို့မဟုတ် ဇာတိကိုလိုက်၍ လူအုပ်စုတစ်ခုအား ဖယ်ထုတ်ထားခြင်းမှာ မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာမဟုတ်ဟု ပြောကြားခဲ့သည်။
    `နိုင်ငံခြားသားတွေကိုမုန်းတာ၊ လူမျိုးရေးခွဲခြားတာနဲ့ အစွန်းရောက်ဝါဒတွေဟာ ကျွန်မတို့ တိုင်းပြည်မှာ နေရာမရှိပါဘူး´ ဟု မာကဲလ်က ချီတက်လမ်းလျှောက်မှုတွင် ပါဝင်သည့် လူအုပ်စုကြီးအား ပြောကြားခဲ့သည်။
    ထိုချီတက်လမ်းလျှောက်ပွဲသို့ ဂျာမနီသမ္မတ ဂျိုအာချင်းဂေါက်လည်း တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့သည်။
    `ကျွန်တော်တို့အားလုံးဟာ ဂျာမနီနိုင်ငံသားတွေပါပဲ။ ကျွန်တော်တို့ဟာ မတူညီတဲ့ နိုင်ငံရေးအုပ်စု၊ ယဉ်ကျေးမှုတွေ၊ ဘာသာတရား နောက်ခံတွေ ပေါင်းစုထားတာ ဖြစ်တယ်။ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် လေးစားကြပြီး ရိုင်းပင်းကြရမှာ ဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ဟာ စည်းလုံးညီညွတ်မှု၊ တရားမျှတမှုနဲ့ လွတ်လပ်မှုမှာ နေချင်ကြတဲ့သူတွေ ဖြစ်ပါတယ်´ ဟု ဂျိုအာချင်းဂေါက်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် အကြမ်းဖက်မှုများကို လုပ်ဆောင်သော အစ္စလာမ့်မစ် အခြေခံဝါဒီများအတွက် မိမိတို့၏ အဖြေမှာ ဒီမိုကရေစီ၊ တစ်ဦးကိုတစ်ဦး လေးစားမှုနှင့် လူ့ဂုဏ်သိက္ခာကို အလေးထားမှုသာ ဖြစ်ပြီး ထိုအချက်များမှာ မိမိတို့၏ ဘ၀တည်ဆောက်မှုလမ်းစဉ်သာ ဖြစ်ကြောင်း အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှုနှင့်စပ်လျဉ်း၍ ညီညွတ်မှုဖြင့် ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
    ချီတက်လမ်းလျှောက်သူများမှာ ပြင်သစ်သံရုံးရှေ့အရောက်တွင် ပဲရစ်မြို့၌ ပြီးခဲ့သည့် တစ်ပတ် တိုက်ခိုက်မှုများအတွင်း သေဆုံးသွားခဲ့သူများအတွက် တစ်မိနစ်ခန့် ငြိမ်သက် ဂါရ၀ပြုခဲ့ကြသည်။
    `ပြင်သစ်ပြည်သူတွေ၊ သေဆုံးသွားသူတွေရဲ့ မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ်။ အကြမ်းဖက်သမားတွေ နိုင်မသွားပါဘူး။ နိုင်မှာလည်း မဟုတ်ပါဘူး´ ဟု ဂျာမန်မွတ်စလင် ဗဟိုကောင်စီ ဥက္ကဌ မက်ဇ်ယက်က ပြောကြားခဲ့ပြီး မိမိတို့အားလုံးမှာ ဂျာမနီနိုင်ငံသားများ ဖြစ်ကြသည်ဟု နိဂုံးချုပ်ခဲ့သည်။
    ဂျာမနီနိုင်ငံတွင် လွန်ခဲ့သည့် သီတင်းပတ်များမှစ၍ လက်ယာစွန်းရောက်အဖွဲ့တစ်ခုဖြစ်သော PEGIDA မှ နိုင်ငံအရှေ့ပိုင်း မြို့တော် ဒရက်စ်ဒန်တွင် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ပြီး ဂျာမန်ပြည်သူများကမူ ၎င်းတို့အဖွဲ့အား နာဇီလက်သစ်အဖွဲ့ဟု သတ်မှတ်ကာ ထိုလုပ်ရပ်များကို ဆန့်ကျင်သော တန်ပြန်ဆန္ဒပြမှုများအား နိုင်ငံတစ်ဝှမ်း ပြုလုပ်ခဲ့ကြသည်။
    ဂျာမနီဝန်ကြီးချုပ် မာကဲလ်ကလည်း PEGIDA အဖွဲ့၏ လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး အစ္စလာမ်သာသနာမှာ ဂျာမနီ၏ အယူဝါဒဖြစ်သည်ဟု တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။
    Ref : onislam