News @ M-Media

Author: Ko Lay

  • GPS လွတ် AI ဖိုက်တာဂျက် ထုတ်လုပ်ရေးတွင် တရုတ်ထက်သာရန် အမေရိကန် ကြိုးပမ်းနေ

    GPS လွတ် AI ဖိုက်တာဂျက် ထုတ်လုပ်ရေးတွင် တရုတ်ထက်သာရန် အမေရိကန် ကြိုးပမ်းနေ

    မေ ၁၄၊ ၂၀၂၄

    M-Media 


    – GPS လွတ် AI ဖိုက်တာဂျက်တွေ ဖန်တီးထုတ်လုပ်ရာမှာ တရုတ်လို ပြိုင်ဘက်နိုင်ငံတွေထက် ရှေ့ကိုရောက်နေအောင် အမေရိကန်က ကြိုးပမ်းဆောင်ရွက်နေပါတယ်။ 

    အမေရိကန် လေတပ်ဟာ AI အခြေပြု F-16 တိုက်လေယာဥ်နဲ့ လူမောင်း F-16 တိုက်လေယာဥ်တို့ စီးချင်းထိုးမှုကို မေလ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ 

    ဒါဟာ အမေရိကန်လေတပ်ရဲ့ ဉာဏ်ရည်တုနည်းပညာအသုံးပြုမှုမှာ သမိုင်းမှတ်တိုက်သစ် စိုက်ထူလိုက်နိုင်တာပါ။ 

    F-16 တိုက်လေယာဥ်မှာ အသုံးပြုမယ့် ဉာဏ်ရည်တုစနစ်ကို မြေပြင်မှာ အရင်ဖန်တီးတာဖြစ်ပြီး၊ ပြည့်စုံသွားမှ တိုက်လေယာဥ်ထဲ ထည့်သွင်း အသုံးပြုတာဖြစ်ပါတယ်။ အသုံးပြုပြီးတဲ့အခါမှာ ဒီစနစ်ကို လေယာဥ်ကနေ ဖယ်ရှားခဲ့ပါတယ်။ 

    ဉာဏ်ရည်တုနည်းပညာကို တိုက်ခိုက်ရေးအပြင်၊ လမ်းပြစနစ်မှာလည်း အသုံးပြုဖို့ အမေရိကန်လေတပ်က ကြိုးပမ်းနေပါတယ်။ GPS အစားထိုး AI လမ်းပြစနစ်သစ် ဖြစ်ပါတယ်။ 

    GPS ဟာ ဂြိုဟ်တုအခြေပြု လမ်းပြစနစ်ပါ။ ဂြိုဟ်တုတွေ တိုက်ခိုက်ခံရတာ၊ ဒါမှမဟုတ် နှောက်ယှက်ခံရတာမျိုးမှာ ဆက်သွယ်ရေး မပြတ်တောက်စေဖို့အတွက်ရည်ရွယ်ပြီး AI လမ်းပြစနစ်ကို ဖန်တီးနေတာ ဖြစ်ပါတယ်။ 

    အမေရိကန်ဟာ ဉာဏ်ရည်တုနည်းပညာနယ်ပယ်မှာ တရုတ်နဲ့ အဓိက ယှဥ်ပြိုင်နေရတာ ဖြစ်ပါတယ်။ AI ကို စစ်ပွဲတွေမှာ အသုံးပြုလာရင် လူသားတွေ ထိခိုက်သေဆုံးမှုတွေ များပြားလာမယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိပါတယ်။ 

    အမေရိကန် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ရဲ့ ဒုတိယအကြီးအကဲ ဗိုလ်ချုပ် ခရစ္စတိုဖာ ဂရာဒီက ဉာဏ်ရည်တုနည်းပညာမှာ တရုတ်နဲ့ ယှဥ်ပြိုင်နေရတာကို အတည်ပြု ပြောဆိုပါတယ်။ 

    “ပြိုင်ဆိုင်မှုလို့ ခေါ်ချင်ခေါ်လို့ရပါတယ်။ တကယ်လည်း ပြိုင်ဆိုင်နေရတာပါ။ အနာဂတ်စစ်မြေပြင်မှာ AI ဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ နှစ်နိုင်ငံစလုံး သိထားကြပါတယ်။ ဒီအတွက် တရုတ်က အားထုတ်ကြိုးပမ်းနေသလို၊ ကျွန်တော်တို့လည်း အတူတူပါပဲ”

    Ref: Interesting Engineering

  • အကူအညီပေးရေးအဖွဲ့များကို အစ္စရေးက တမင် ပစ်မှတ်ထား တိုက်ခိုက်

    အကူအညီပေးရေးအဖွဲ့များကို အစ္စရေးက တမင် ပစ်မှတ်ထား တိုက်ခိုက်

    မေ ၁၄၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – အစ္စရေး၏ အကြမ်းဖက်တိုက်ခိုက်မှုကို ခံခဲ့ရသည့် WCK အကူအညီပေးရေးယာဥ်)

    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့က စတင်ခဲ့တဲ့ အစ္စရေးရဲ့ ဂါဇာတစ်ကျော့ပြန်လူသတ်ပွဲအတွင်း ကုလနဲ့ အကူအညီပေးရေးအဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်မှု အနည်းဆုံး ၈ ကြိမ်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ 

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ရဲ့ မေလ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီတိုက်ခိုက်မှုတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားပါတယ်။ 

    အကူအညီပေးရေးအဖွဲ့တွေရဲ့ အဆောက်အဦးတွေ၊ အကူအညီပေးရေး ယာဥ်တန်းတွေကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

    တိုက်ခိုက်မှု ၈ ခုစလုံးမှာ တိုက်ခိုက်ခံရတဲ့ အကူအညီပေးရေးအဖွဲ့တွေဟာ သူတို့ရဲ့ လှုပ်ရှားမှု အသေးစိတ်ကို အစ္စရေးထံ ပေးပို့အကြောင်းကြားထားပြီးသားဖြစ်တယ်ဆိုတာ တွေ့ရကြောင်း HRW က ပြောပါတယ်။ 

    ကုလနဲ့ အကူအညီပေးရေးအဖွဲ့တွေကို အကြမ်းဖက်တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေအရ  စစ်ရာဇ၀တ်မှုဖြစ်ပါတယ်။ 

    အစ္စရေးရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ၈ ခုအတွင်း အကူအညီပေးရေး၀န်ထမ်း အနည်းဆုံး ၃၁ ဦး သေဆုံး၊ ဒဏ်ရာရရှိခဲ့ပါတယ်။ 

    ကြိုတင်သတိပေးခြင်းမရှိဘဲ တမင်ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပြီး အမေရိကန်လုပ် F-16 တိုက်လေယာဥ်တွေ၊ ဗြိတိန်လုပ် စစ်လက်နက်ပစ္စည်းတွေ အသုံးပြုခဲ့တာကို တွေ့ရကြောင်းလည်း HRW ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

    “အကူအညီပေးရေး၀န်ထမ်းတွေ သေဆုံးတဲ့ ဒီလိုတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ဖြစ်ပွားနေတယ်ဆိုတာ အစ္စရေးရဲ့ မဟာမိတ်တွေက လက်ခံဖို့လိုပြီး ဒါကို ရပ်တန့်အောင် လုပ်ပေးရပါမယ်”လို့ HRW က တာ၀န်ရှိသူ ဘဲလ်ကစ် ၀ီလီက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera 

  • နှစ် ၁၀၀ ကျော်မှ ရောင်းချခွင့်ရသည့် ရှေးဟောင်းဒင်္ဂါးများ

    နှစ် ၁၀၀ ကျော်မှ ရောင်းချခွင့်ရသည့် ရှေးဟောင်းဒင်္ဂါးများ

    မေ ၁၃၊ ၂၀၂၄

    M-Media 


    -ဒိန်းမတ်နိုင်ငံက ထောပတ်လုပ်ငန်းရှင် သူဌေး လာစ်အီမီလ် ဘရွန် စုဆောင်းထားခဲ့တဲ့ ရှေးဟောင်ဒင်္ဂါးတွေကို အခုနှစ်နွေရာသီမှာ လေလံပစ်တော့မယ်လို့ သိရပါတယ်။ 

    ဘရွန်ရဲ့ စုဆောင်းမှုမှာ ဒင်္ဂါးပေါင်း ၂ သောင်း ပါ၀င်ပြီး လက်ရှိကာလပေါက်စျေးအရ ကန်ဒေါ်လာ ၇၅ သန်းလောက် တန်ကြေးရှိပါတယ်။ 

    ရှေးဟောင်းဒင်္ဂါး စုဆောင်းမှုသမိုင်းမှာ တန်ကြေးအများဆုံး စုဆောင်းမှုလည်း ဖြစ်ပါတယ်။ 

    ဘရွန်ကို ၁၈၅၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ထောပတ်လုပ်ငန်းနဲ့ ချမ်းသာပြီးနောက်ပိုင်း ဒိန်းမတ်၊ နော်၀ေနဲ့ ဆွီဒင်တို့က ရှေးဟောင်းဒင်္ဂါးတွေကို ရှာဖွေ စုဆောင်းခဲ့တာ ဖြစ်ပါတယ်။ 

    ပထမကမ္ဘာစစ်ပြီးနောက်ပိုင်း သူရေးသားခဲ့တဲ့ သေတမ်းစာမှာ သူ့ရဲ့စုဆောင်းမှုကို နှစ်ပေါင်း ၁၀၀ တိတိ သိမ်းထားပြီးမှ ရောင်းချဖို့ ဖော်ပြထားပါတယ်။ 

    သူစုဆောင်းထားတဲ့ ရှေးဟောင်းဒင်္ဂါးတွေထဲက တစ်ချို့ဟာ တစ်ပြားကို ဒေါလာ တစ်သန်းလောက်အထိ တန်ကြေးရှိပါတယ်။ 

    အများပြည်သူကို လေလံမပစ်ခင် ဒိန်းမတ်အမျိုးသားပြတိုက်က ရှေးဟောင်း ရွှေဒင်္ဂါး ၆ ပြားနဲ့ ငွေဒင်္ဂါးတစ်ပြားကို စုစုပေါင်း ဒေါ်လာ ၁ သန်းကျော်နဲ့ ၀ယ်ယူခဲ့ပါတယ်။ 

    Ref: Sky News 

  • အစ္စရေး၏ အကြမ်းဖက်မှုကြောင့် ပျက်ဆီးခဲ့ရပြီဖြစ်တဲ့ ဂါဇာက ပညာရေးစနစ်

    အစ္စရေး၏ အကြမ်းဖက်မှုကြောင့် ပျက်ဆီးခဲ့ရပြီဖြစ်တဲ့ ဂါဇာက ပညာရေးစနစ်

    မေ ၁၃၊ ၂၀၂၄

    M-Media 


    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက တစ်ကျော့ပြန် လူသတ်ပွဲမှာ အစ္စရေးဟာ ကမ်းမြှောင်တစ်ခုလုံးက အခြေခံအဆောက်အဦး ၈၅ ရာခိုင်နှုန်းကျော်ကို တိုက်ခိုက်ဖျက်ဆီးထားပါတယ်။

    ဖျက်ဆီးခံရတဲ့ အထဲမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ကုလနဲ့ အကူအညီပေးရေးအဖွဲ့တွေရဲ့ ပရဟိတကျောင်းတွေလို့ ပညာရေးအဆောက်အဦးတွေ ပါ၀င်ပါတယ်။ 

    ပညာရေးအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးမှုဟာ နိုင်ငံတကာ ဥပဒေအရ စစ်ရာဇ၀တ်မှုမြောက်ပါတယ်။ အစ္စရေးကတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ကျောထောက်နောက်ခံနဲ့အတူ ၁၉၄၀ ပြည့်နှစ်တွေ ကတည်းက ပါလက်စတိုင်းဒေသမှာ စစ်ရာဇ၀တ်မှုပေါင်းများစွာကို ကျူးလွန်လာခဲ့တာ ဖြစ်ပါတယ်။ 

    ဓာတ်ပုံတွေကတော့ အစ္စရေးက ဖျက်ဆီးထားတဲ့ ဂါဇာက နာမည်ကျော် တက္ကသိုလ်တွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera

  • မြန်မာပဋိပက္ခကြောင့် ထိုင်းက နယ်စပ်ကို ပိုမိုတင်းကြပ်မည်

    မြန်မာပဋိပက္ခကြောင့် ထိုင်းက နယ်စပ်ကို ပိုမိုတင်းကြပ်မည်

    မေ ၁၃၊ ၂၀၂၄

    M-Media 


    -မြန်မာနိုင်ငံဖက်မှာ ပဋိပက္ခတွေ ပိုမိုမြင့်တက်လာတဲ့အချိန် မိမိတို့ရဲ့ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့ ပိုမိုအားထုတ်လုပ်ဆောင်နေတယ်လို့ ထိုင်း၀န်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောပါတယ်။ 

    မေလ ၁၁ ရက်နေ့ ကန်ချာနာဘူရီပြည်နယ် ခရီးစဥ်မှာ ဆရက်သာက မြန်မာနယ်စပ် လုံခြုံရေးကိစ္စတွေကိုပါ ဆွေးနွေးသုံးသပ်ခဲ့ပါတယ်။ 

    ထိုင်းစစ်တပ်ရဲ့ ပြည်နယ်အခြေစိုက် တပ်မှူးတွေက လက်ရှိပြုလုပ်ထားတဲ့ နယ်စပ်လုံခြုံရေး အစီအမံတွေအပြင် နယ်စပ်၀င်ပေါက်တွေပါ ပိတ်ပစ်ဖို့ အကြံပြုခဲ့တယ်လို့ ဆရက်သာက ပြောပါတယ်။ 

    ပြဿနာတွေဟာ လုံခြုံရေးတင်မကဘဲ မှောင်ခိုလုပ်ငန်း၊ မူးယစ်ကုန်ကူးမှုအထိ ကျယ်ပြန့်ပြီး နယ်စပ်အင်အား ထပ်တိုးဖို့ မြန်မာဖက်က ၀င်လာသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးအပ်ဖို့ ကိစ္စတွေကိုပါ ပြင်ဆင်ထားဖို့လိုကြောင်း ထိုင်း၀န်ကြီးချုပ်က ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ 

    လက်ရှိ ထိုင်းနိုင်ငံဟာ မြန်မာဖက်က ထပ်တိုးဒုက္ခသည် အနည်းဆုံး ၅၀၀၀ လောက်ကို လက်ခံနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ 

    မှောင်ခိုကုန်ပစ္စည်း စီးဆင်းမှုပြဿနာကို ဖြေရှင်းဖို့အတွက် ဒရုန်းနဲ့ X-ray လို နည်းပညာတွေကို အသုံးပြုနေပြီး၊ နိုင်ငံရဲ့လုံခြုံရေးကို ပိုမိုကာကွယ်နိုင်ဖို့ ဘက်ဂျက်ထပ်မံချထားပေးမယ်လို့လည်း ဆရက်သာက ကတိပြုခဲ့ပါတယ်။ 

    Ref: The Nation