News @ M-Media

Author: Ko Lay

  • ကိုရိုနာဗိုင်းရပ်စ်နှင့်အတူ အတင့်ရဲလာသည့် အိန္ဒိယမှ ဘာသာရေးအစွန်းရောက်များ

    ကိုရိုနာဗိုင်းရပ်စ်နှင့်အတူ အတင့်ရဲလာသည့် အိန္ဒိယမှ ဘာသာရေးအစွန်းရောက်များ

    ဧပြီ ၃၀၊ ၂၀၂၀
    M-Media

    -အိန္ဒိယမှာ Covid-19 ပြန့်နှံ့မှုကြောင့် နိုင်ငံကို တံခါးပိတ်ကာ ရွေ့လျားသွားလာမှု ကန့်သတ်ထားတဲ့အချိန်မှာ နိုင်ငံအတွင်းက အစ္စလာမ်ဘာသာဝင်တွေအပေါ် အမုန်းဝါဒဖြန့်တာ၊ တိုက်ခိုက်​နှောက်ယှက်တာ၊ သပိတ်မှောက်ဖို့ တိုက်တွန်း ဆော်ဩတာတွေ မြင့်တက်လာလာပါတယ်။

    ဒီလိုလုပ်ဆောင်မှုတွေထဲမှာ ဟိန္ဒူ ဘာသာရေးအစွန်ရောက်တွေအပြင် အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က ခေါင်းဆောင်တွေလည်း ပါဝင်လာပါတယ်။

    နိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် ဒီအိုရီယာမြို့က BJP ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဆူရက်ရှ် တီဝါရီဟာ မွတ်စလင်တွေရောင်းတဲ့ ဟင်းသီးဟင်းရွက်ဆိုင်တွေမှာ မဝယ်ဖို့ တိုက်တွန်းတဲ့ ဗီဒီယိုတစ်ခု ပြီးခဲ့တဲ့အင်္ဂါနေ့က ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပါတယ်။

    “စိတ်ထဲမှာ မှတ်ထားပါ။ ငါ လူတိုင်းကို ပွင့်ပွင့်လင်းလင်းပြောချင်တယ်။ မွတ်စလင်တွေရောင်းတဲ့ ဟင်းသီးဟင်းရွက်ဆိုင်တွေမှာ ဝယ်စရာ မလိုဘူး”

    ဒီဗီဒီယိုကြောင့် ဝေဖန်မှုတွေမြင့်တက်လာခဲ့ပြီးတဲ့နောက် BJP ပါတီဟာ တီဝါရီကို သတိပေးခဲ့ပါတယ်။

    တီဝါရီက ဧပြီလ ၁၈ ရက်နေ့ ဒီအိုရီယာမြို့မှာ နှာခေါင်းစည်းတွေ ဝေတဲ့အချိန် ဒေသခံတွေက မွတ်စလင်တွေဟာ သူတို့တံတွေးတွေကို သစ်သီး၀လံတွေမှာ သုတ်လိမ်းကာ ကိုရိုနာဗိုင်းရပ်စ် ဖြန့်နေကြတယ်လို့ ပြောကြားခဲ့တဲ့အတွက် လူတွေ ဗိုင်းရပ်စ်မကူးအောင် ပြောကြားရခြင်းဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

    လူနေထူထပ်တဲ့ အူတာပရာဒက်ရှ်ပြည်နယ်မှာ မွတ်စလင်သစ်သီးဆိုင်တွေကို သပိတ်မှောက်ဖို့ ပြောဆိုတိုက်တွန်းမှုဟာ တီဝါရီက ပထမဆုံး မဟုတ်ပါဘူး။

    ဟိန္ဒူအစွန်းရောက်အုပ်စုတွေဟာ ဟိန္ဒူတွေရောင်းတဲ့ သစ်သီးဆိုင်တွေထံ သွားရောက်ကာသင်္ကန်းရောင် ဟိန္ဒူအလံကို အဓမ္မလွှင့်ထူခိုင်းပြီး မွတ်စလင်ဆိုင်တွေမှာ မဝယ်အောင် ကြိုးပမ်းမှုတွေလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဖြစ်ပေါ်ခဲ့ပါတယ်။

    မြို့တော် နယူးဒေလီ၊ ကာရ်နာတာကာ၊ တီလန်ဂါနာနဲ့ မဒ်ယာ ပရာဒက်ရှ်တို့အပါအဝင် တစ်ချို့ပြည်နယ်တွေမှာ မွတ်စလင်မဝင်ရ ဆိုင်းဘုတ်တွေ တပ်ဆင်မှုတွေလည်း ရှိနေပါတယ်။

    မွတ်စလင်တွေက Covid-19 ဖြန့်နေတယ်

    ကမ္ဘာတစ်ဝှမ်း ကိုဗစ်ရောဂါ ပြန့်နှံ့ပြီးတဲ့နောက် အိန္ဒိယနိုင်ငံမှာ မွတ်စလင်တွေဟာ ဒီရောဂါကို ဖြန့်နေတယ်ဆိုတဲ့ ဝါဒဖြန့်မှုမျိုးတွေ ပေါ်ပေါက်လာပါတယ်။

    အစ္စလာမ် နယ်လှည့် သာသနာပြုအဖွဲ့ တဘ်လီဂ်ဂျမာအသ်က မတ်လအတွင်း ဒေလီမြို့ ဆင်ခြေဖုံးမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုကို တက်ရောက်သူ တော်တော်များများမှာ ကိုဗစ်ကူးစက်မှု တွေ့ခဲ့ရပြီးတဲ့နောက် ဒီလို ဝါဒဖြန့်မှုတွေ ဖြစ်လာတာပါ။

    မွတ်စလင်တွေဟာ ‘ကိုရိုနာ အကြမ်းဖက်မှု’ လုပ်ဆောင်နေတယ်လို့လည်း အိန္ဒိယနိုင်ငံရေးသမားအချို့နဲ့ ဂျာနယ်လစ်တွေက ဝါဒဖြန့်ခဲ့ကြပါတယ်။ အိန္ဒိယက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီလိုဝါဖြန့်မှုတွေဟာ အောက်ခြေက ဆေးစစ်မှု အချက်အလက်တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ပြောကြားထားပါတယ်။

    မွတ်စလင်ခေါင်းဆောင်တွေကတော့ ဗိုင်းရပ်စ်စပြန့်လာတဲ့ မတ်လနဲ့ ဧပြီလအစောပိုင်းတွေမှာ နိုင်ငံရေး၊ ဘာသာရေး အသင်းအဖွဲ့တွေဟာ လူစုလူဝေး အများအပြား လုပ်ဆောင်ကြပေမယ့် မွတ်စလင်တွေသာ ပစ်မှတ်ထား တိုက်ခိုက်ခံရနေရတယ်လို့ ထောက်ပြခဲ့ကြပါတယ်။

    အာဇန်နှိုးဆော်သံကို ပိတ်ပင်ရန် ကြိုးစားမှု

    ဟိန္ဒူအစွန်းရောက်တွေဟာ ဗလီတွေကို တိုက်ခိုက်တာ၊ အာဇန် ဝတ်​ပြုဖို့ နှိုးဆော်သံကို ပိတ်ပင်တာတွေလည်း လုပ်ဆောင်လာကြပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ် ဂိုရက်ခ်ပူးရ်ဒေသမှာ အင်္ဂါနေ့က ဗလီဝတ်ကျောင်းတစ်လုံး တိုက်ခိုက်ခံရပြီး၊ အဲဒီဗလီက မော်ဇင် (နိဗ္ဗာ​န်ဆော်သူ) လည်း ရိုက်နှက်ခံခဲ့ရပါတယ်။ အစွန်းရောက်တွေဟာ အာဇန်နှိုးဆော်မှု မပြုလုပ်ဖို့ ဖိအားပေးခဲ့ပြီးတဲ့နောက် ဒီလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    တိုက်ခိုက်မှုကြောင့် အသေးစားဒဏ်ရာတွေ ရခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် မော်ဇင် အဘ်ဒူလ် ရဟ်မန်က ဗလီဟာ အစိုးရက ချမှတ်ထားတဲ့ ရွေ့လျားသွားလာမှု ကန့်သတ်ချက်တွေကို အတိအကျ လိုက်နာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    ဧပြီ ၂၉၊ ၂၀၂၀
    M-Media

    UFO များ ပျံသန်းနေသည့် ဗီဒီယိုကို အမေရိကန်စစ်ဌာနချုပ် ထုတ်ပြ

    ကောင်းကင်ယံမှာ အမျိုးအမည်မသိ အရာတွေ ပျံသန်းနေတဲ့ ဗီဒီယို ၃ ခုကို အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က မနေ့မှာ ထုတ်ပြလိုက်ပါတယ်။ ၂၀၀၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တုန်းက အမေရိကန် တိုက်လေယာဉ်မှူးတွေ ရိုက်ထားတဲ့ ဗီဒီယိုတွေဖြစ်ပြီး အရင်ကလည်း ပေါက်ကြားဖူးပါတယ်။

    ပင်တဂွန်ကတော့ အရင်က ပေါက်ကြားထားတဲ့ဗီဒီယိုတွေဟာ အမှန်ဖြစ်တယ်ဆိုတာကို အများပြည်သူတွေ သိရှိနိုင်ဖို့ ဒီလိုထုတ်ပြန်ရတာလို့ ပြောပါတယ်။ အမျိုးအမည်မသိ ပျံသန်းတဲ့အရာ UFO တွေဟာ သိပ္ပံလောကမှာ စိတ်ဝင်စားစရာအကောင်းဆုံး ကိစ္စဖြစ်ပြီး အခြားဂြိုဟ်တွေကနေ လာရောက်တာဆိုတဲ့ ယူဆမှုတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် အသေးစိတ် ဖော်ထုတ် သက်သေပြနိုင်တာမျိုးတော့ မရှိသေးပါဘူး။

    ကိုဗစ်တားဆီးရေး လက်ပတ်အသုံးပြု စောင့်ကြည့်နည်းကို ကမ္ဘာ့နိုင်ငံများ အသုံးပြုလာ

    ကိုဗစ်ကာလအတွင်း ပြည်သူတွေရဲ့ အသွားအလာကို စောင့်ကြည့် ထိန်းချုပ်နိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံတွေဟာ ခြေရာခံနိုင်တဲ့ လက်ပတ်တွေကို အသုံးပြုလာကြပါတယ်။

    လက်ရှိ ဟောင်ကောင်၊ တောင်ကိုရီးယားနဲ့ ဘူလ်ဂေးရီးယားတို့မှာ စမ်းသပ် အသုံးပြုနေပါတယ်။ လက်ပတ်တွေမှာ GPS ခြေရာခံစနစ်ကို အသုံးပြုထားပြီး သတ်မှတ်ဧရိယာထဲက အပြင်ထွက်တာ၊ လက်ပတ်ကို ချွတ်ဖို့ ကြိုးစားတာတွေမှာ အာဏာပိုင်တွေက အလိုအလျောက် သိရှိမှာပါ။

    အရင်က ဖုန်းအက်ပလီကေးရှင်း အသုံးပြုတဲ့ စောင့်ကြည့်တဲ့ နည်းလမ်းကို အသုံးပြုခဲ့ပေမယ့် လူတွေဟာ ဖုန်းကို အိမ်မှာထားပြီး အပြင်ထွက်ကြတဲ့အတွက် အခုလို လက်ပတ်နည်းကို ပြောင်းလဲအသုံးပြုလာတာ ဖြစ်ပါတယ်။

    ယူကေထောက်လှမ်းရေးတွင် AI နည်းပညာကို အသုံးပြုရန် လိုအပ်နေ

    ရန်သူတွေရဲ့ ခြိမ်းခြောက်မှု မြင့်လာတဲ့အတွက် ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ဟာ ဉာဏ်ရည်တုနည်းပညာ (AI) ကို အသုံးပြုဖို့ လိုအပ်တယ်လို့ တတ်သိပညာရှင်များအဖွဲ့ Rusi က ဆိုပါတယ်။

    Rusi အဖွဲ့ဟာ ယူကေထောက်လှမ်းရေးဌာနကို နက်နက်နဲနဲ လေ့လာဆန်းစစ်ခွင့် ရခဲ့တာပါ။ ရန်သူတွေထဲမှာ နိုင်ငံတွေသာမကဘဲ၊ ရာဇဝတ်ကောင်တွေပါ ပါဝင်နေပြီး အနာဂတ်မှာ AI ကို အသုံးပြုထားတဲ့ တိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တဲ့အတွက် AI နဲ့ ပြန်လည်တုန့်ပြန်ဖို့ ပြင်ဆင်ထားရမှာဖြစ်ကြောင်း Rusi အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    AI ကို အသုံးပြုရင် တစ်ကိုယ်ရယ်အချက်အလက် ကာကွယ်မှု၊ လူ့အခွင့်အရေးကိစ္စတွေကို ထည့်သွင်းစဉ်းစားကာ စည်းကမ်းအသစ်တွေ ချမှတ်ဖို့ လိုအပ်တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    Ref: BBC

  • ဘောလီး​ဝုဒ်ရုပ်ရှင်လောကမှ နာမည်ကျော် သရုပ်ဆောင် အစ်ရ်ဖန်း ခန်း ကွယ်လွန်

    ဘောလီး​ဝုဒ်ရုပ်ရှင်လောကမှ နာမည်ကျော် သရုပ်ဆောင် အစ်ရ်ဖန်း ခန်း ကွယ်လွန်

    ဧပြီ ၂၉၊ ၂၀၂၀
    M-Media

    -အိန္ဒိယ ဘောလီးဝုဒ်ရုပ်ရှင်လောကရဲ့ နာမည်ကျော် သရုပ်ဆောင် အစ်ရဖန်း ခန်းဟာ ကင်ဆာရောဂါကြောင့် ဒီကနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

    Slumdog Millionaire၊ Life of Pi၊ The Amazing Spider-Man စတဲ့ ရုပ်ရှင်ကားတွေနဲ့ ကမ္ဘာ့ဇာတ်ခုံအထိ ထိုးဖောက်နိုင်ခဲ့တဲ့ ခန်းဟာ ကွယ်လွန်ချိန်မှာ အသက် ၅၃ နှစ်ပဲ ရှိပါသေးတယ်။

    ၂၀၁၈ ခုနှစ်မှာ သရက်ရွယ်ကင်ဆာ ခံစားနေရကြောင်းစတင် သိရှိခဲ့ပြီး အဲဒီအချိန်ကတည်းက ဆေးကုသမှု ခံယူခဲ့ရတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အူမကြီးပိုးဝင်တဲ့ ဝေဒနာကို ခံစားရတာကြောင့် မွန်ဘိုင်းဆေးရုံ တင်ခဲ့ရပြီး ဒီကနေ့မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

    “အစ်ရဖန်းခန်းဟာ စိတ်ဓာတ်ခိုင်မာသူဖြစ်ပြီး နောက်ဆုံးအချိန်အထိ ရောဂါကို တွန်းလှန်သွားတာပါ။ အနီးပတ်ဝန်းကျင်ကလူအားလုံးရဲ့ စိတ်ဓာတ်တွေကို မြှင့်တင်ပေးနိုင်သူလည်း ဖြစ်ပါတယ်။ ချစ်ရတဲ့ မိသားစုတွေ ဝန်းရံပြီး နောက်ဆုံးအချိန်ကို ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်” လို့ ခန်းရဲ့ မန်နေဂျာက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အစ်ရဖန်းခန်းရဲ့ မိခင်ဖြစ်သူဟာ လွန်ခဲ့တဲ့ ၄ ရက် ဧပြီလ ၂၅ ရက်နေ့မှာ ကွယ်လွန်ခဲ့တာပါ။ ခန်းကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ သားသမီးနှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

    အစ်ရဖန်းခန်းကို ၁၉၆၇ ခုနှစ်က အိန္ဒိယနိုင်ငံမြောက်ပိုင်း ရာဂျက်စသန်ပြည်နယ်မှာ မွေးဖွားခဲ့ပြီး ငယ်ငယ်ကတည်းက အနုပညာကို ဝါသနာပါသူလည်း ဖြစ်ပါတယ်။ ခန်းရဲ့ အနုပညာသည်ဘ၀ အစပိုင်းဟာ ခက်ခဲခဲ့ပြီး မဆုတ်မနစ် ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်ကျော်ကြားလာတာ ဖြစ်ပါတယ်။

    ဘောလီးဝုဒ်ရုပ်ရှင်အသိုင်းအဝိုင်း၊ အိန္ဒိယ အနုပညာအသိုင်းအဝိုင်းနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းကတော့ အစ်ရဖန်းခန်း ကွယ်လွန်မှုအတွက် နှမြှောတသ ဖြစ်ရတယ်လို့ ဆိုရှယ်မီဒီယာတွေမှာ ရေးသားခဲ့ကြပါတယ်။

    Ref: Aljazeera

  • ကင်ဂျုံအွန် မသေဆုံးသေးဟု တောင်ကိုရီးယား ပြော

    ကင်ဂျုံအွန် မသေဆုံးသေးဟု တောင်ကိုရီးယား ပြော

    ဧပြီ ၂၇၊ ၂၀၂၀
    M-Media

    -မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် သေဆုံးပြီဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ဘဲ ကျန်းကျန်းမာမာနဲ့ အသက်ရှင်လျက် ရှိနေတယ်လို့ တောင်ကိုရီးယားအစိုးရက ပြောကြားလိုက်ပါတယ်။

    ဧပြီလ ၁၅ ရက်နေ့ တိုင်းပြည်ရဲ့ အဓိက အခမ်းအနားတစ်ခုမှာ ကင် မပါဝင်ခဲ့ဘဲ အဲဒီနောက်ပိုင်းမှာလည်း အများပြည်သူရှေ့ကို ထွက်မလာတော့တဲ့နောက် ဘယ်ရောက်နေလဲဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာတာပါ။

    ကင်ဂျုံအွန်ဟာ နှလုံးသွေးကြော ခွဲစိပ်ဖို့၊ ကိုရိုနာဗိုင်းရပ်စ်နဲ့ မထိတွေ့နိုင်ရေး သီးခြားနေထိုင်ဖို့ ရှိနေပြီး၊ ဝွန်ဆန်မြို့က အပန်းဖြေစခန်းတစ်ခု ဆောက်လုပ်နေတဲ့ အလုပ်သမားတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ပြီးခဲ့တဲ့တစ်ပတ်မှာ ဖော်ပြခဲ့ပါတယ်။

    ကင်ဂျုံအွန်တစ်ယောက် ကျန်းမာရေးဆိုးရွားနေပြီး တရုတ်က ဆေးအဖွဲ့တစ်ခု စေလွှတ်ပေးခဲ့ရတယ်ဆိုတဲ့သတင်းတွေ ထွက်လာသလို၊ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

    မနေ့က တံခါးပိတ်ပြုလုပ်တဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့အစည်းဝေးမှာ ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ကင်ယုံချိုက မိမိတို့မှာ ထောက်လှမ်းနိုင်တဲ့ စွမ်းဆောင်ရည်ရှိပြီး မြောက်ကိုရီးယားမှာ ထူးခြားတဲ့ အဖြစ်အပျက်မျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    တောင်ကိုရီးယားသမ္မတ သမ္မတ မွန်ဂျယ်အင်ရဲ့ နိုင်ငံခြားရေးဆိုင်ရာ အကြံပေး မွန်ချွန်အင်ကလည်း ကင်ဂျုံအွန် ကျန်းကျန်းမာမာရှိတယ်လို့ အမေရိကန်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်ချက်က ခိုင်မာပါတယ်။ ကင်ဂျုံအွန် ကျန်းကျန်းမာမာနဲ့ သက်ရှိထင်ရှားရှိတယ်။ ဧပြီလ ၁၃ ရက်နေ့ကနေစပြီး ဝွန်ဆန်မြို့မှာ သူ နေထိုင်နေပါတယ်။ သံသယဖြစ်စရာ လှုပ်ရှားမှုတွေ အခုအချိန်အထိ ဘာမှ မတွေ့သေးပါဘူး”

    ဝါရှင်တန်အခြေစိုက် မြောက်ကိုရီးယား စောင့်ကြည့်ရေးအဖွဲ့ 38 North က ဂြိုဟ်တုပုံရိပ်တွေအရ အပန်းဖြေမြို့ ဝွန်ဆန်က အထူးရထားဘူတာမှာ ရထားတစ်စီးကို တွေ့ရပြီး ကင်ဂျုံအွန်စီးတဲ့ရထား ဖြစ်နိုင်တယ်လို့ မနေ့က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒါကို သတင်းဌာနတွေက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

    Ref: Aljazeera

  • ကိုဗစ်စစ်နိုင်သည့် စက် ၂ လုံး အဆင်သင့်ဖြစ်နေဟု တပ်မတော် ထုတ်ပြန်

    ကိုဗစ်စစ်နိုင်သည့် စက် ၂ လုံး အဆင်သင့်ဖြစ်နေဟု တပ်မတော် ထုတ်ပြန်

    ဧပြီ ၂၅၊ ၂၀၂၀

    M-Media

    -ကိုဗစ်စစ်ဆေးရာမှာ နိုင်ငံတကာက အသုံးပြုနေတဲ့ အဲဒီစက် နှစ်လုံးနဲ့ စစ်ဆေးဖို့အတွက် အဆင်သင့်ဖြစ်နေပြီး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဧပြီလ ၂၄ ရက်နေ့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Source – BBC Burmese