News @ M-Media

Author: Ko Lay

  • ခြစားမှုဖြင့် ထောင်ကျနေသည့် မလေး၀န်ကြီးချုပ်ဟောင်း ပြစ်ဒဏ်တစ်၀က် လွတ်ငြိမ်းခွင့်ရ

    ခြစားမှုဖြင့် ထောင်ကျနေသည့် မလေး၀န်ကြီးချုပ်ဟောင်း ပြစ်ဒဏ်တစ်၀က် လွတ်ငြိမ်းခွင့်ရ

    ဖေဖော်၀ါရီ ၂၊ ၂၀၂၄

    M-Media 


    -ခြစားမှုနဲ့ ထောင်ချခံထားရတဲ့ ၀န်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်ရဲ့ ပြစ်ဒဏ်ကို ထက်၀က်လျှော့ချပေးလိုက်တယ်လို့ မလေးရှား အယူခံခုံရုံးက ဒီကနေ့မှာ ထုတ်ပြန်ကြေငြာပါတယ်။ 

    နာဂျစ်ဟာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတာဖြစ်ပြီး အခုလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ၆ နှစ်သာ ပြစ်ဒဏ်ကျခံရတော့မှာပါ။ 

    ထောင်ထဲမှာ ၂ နှစ်ကျော် ရှိနေပြီဖြစ်တဲ့ နာဂျစ်ဟာ ၂၀၂၈ ခုနှစ် သြဂုတ်လမှာ ပြန်လည်လွတ်မြောက်လာမှာ ဖြစ်ပါတယ်။ နာဂျစ်အပေါ် ချမှတ်ထားတဲ့ ဒဏ်ကြေး ရင်းဂစ် သန်း ၂၁၀ ကိုလည်း သန်း ၅၀ အထိ အယူခံခုံရုံးက လျှော့ပေးခဲ့ပါတယ်။ 

    ဒဏ်ကြေး ပေးဖို့ပျက်ကွက်ရင် နောက်ထပ် ထောင်ဒဏ်တစ်နှစ် ကျခံရမှာဖြစ်ပါတယ်။ 

    နာဂျစ်ဟာ ၀န်ကြီးချုပ်တာ၀န်ထမ်းဆောင်ချိန် နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB က ငွေကြေးတွေကို အလွဲသုံးစားလုပ်မှုအတွက် အာဏာလက်လွတ်သွားတဲ့အချိန် ဖမ်းဆီး တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ 

    မလေးရှားဘုရင် ဦးဆောင်တဲ့ အယူခံဘုတ်အဖွဲ့ဟာ ဇန်န၀ါရီလ ၂၉ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးပြီး နာဂျစ်ရဲ့ပြစ်ဒဏ်ကို လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။ 

    Ref: CNA 

  • အစ္စရေးလုံခြုံရေးအတွက် အီရန်ကို ကိုင်တွယ်ရမည်ဟု ကန်ထောက်လှမ်းရေးအကြီးအကဲပြော

    အစ္စရေးလုံခြုံရေးအတွက် အီရန်ကို ကိုင်တွယ်ရမည်ဟု ကန်ထောက်လှမ်းရေးအကြီးအကဲပြော

    ဇန်န၀ါရီ ၃၀၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – စီအိုင်အေအကြီးအကဲ ၀ီလီယံ ဘန်းစ်)

    -အစ္စရေးနဲ့ အရှေ့အလယ်ပိုင်း လုံခြုံရေးအတွက် အဓိကသော့ချက်ဟာ အီရန်ကို ကိုင်တွယ်ဆောင်ရွက်ဖို့ဖြစ်တယ်လို့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ CIA အကြီးအကဲ ၀ီလီယံ ဘန်းစ်က ပြောကြားလိုက်ပါတယ်။ 

    ဂါဇာမှာ အစ္စရေးရဲ့ လူသတ်ပွဲ ရပ်တန့်ရေးအတွက် ပဲရစ်မြို့က ဆွေးနွေးပွဲကို ၀ီလီဘန်းစ်လည်း တက်ရောက်ခဲ့ပါတယ်။ 

    အမေရိကန်နိုင်ငံရေးဂျာနယ် Foreign Affairs က ဘန်းစ်ရဲ့ ဆောင်းပါးမှာ အရှေ့အလယ်ပိုင်းဒေသအတွင်း အီရန်ရဲ့ အရေးပါလာပုံတွေကို ထောက်ပြထားပါတယ်။ 

    “(အရှေ့အလယ်ပိုင်းက) ပြဿနာတွေကြောင့် အီရန်ဟာ ပိုအားကောင်းလာပြီး လက်၀ေခံအဖွဲ့တွေကနေတစ်ဆင့် တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်လာတယ်။ နျူလက်နက်အစီအစဥ်ကို ချဲ့ထွင်နေသလို၊ ရုရှားရဲ့ ကျူးကျော်မှုကိုလည်း အီရန်က အကူအညီပေးနိုင်လာပါတယ်”

    ဘယ်လိုပုံစံမျိုးနဲ့ အီရန်ကို ကိုင်တွယ်ဆောင်ရွက်မလဲဆိုတာကို ဘန်းစ်က ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် အရှေ့အလယ်ပိုင်းက ဘယ်ပြဿနာကိုမဆို အမေရိကန်ရဲ့ ဦးဆောင်မှုမပါဘဲ မဖြေရှင်းနိုင်ဘူးလို့ သူက ဆိုပါတယ်။ 

    အီရတ်အခြေစိုက်ပြီး အီရန်က ကျောထောက်နောက်ခံပြုထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုက ဂျော်ဒန်မှာရှိတဲ့ အမေရိကန်စစ်စခန်းကို အထိနာအောင် ဒရုန်းနဲ့ တိုက်ခိုက်မှု ပြုလုပ်ပြီးတဲ့နောက် ဘန်းစ်ရဲ့ ဒီမှတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ကုလ စစ်ရှောင်စခန်းများတွင် လူ ၄၀၀ နီးပါး သတ်ဖြတ်ခဲ့သည့် အစ္စရေး

    ကုလ စစ်ရှောင်စခန်းများတွင် လူ ၄၀၀ နီးပါး သတ်ဖြတ်ခဲ့သည့် အစ္စရေး

    ဇန်န၀ါရီ ၃၀၊ ၂၀၂၄

    M-Media 


    -အောက်တိုဘာ ၇ ရက်နေ့ကစတင်ကာ ဂါဇာမှာ တစ်ကျော့ပြန် ပြုလုပ်ခဲ့တဲ့ လူသတ်ပွဲအတွင်း အစ္စရေးဟာ ကုလအဆောက်အဦးတွေကို အနည်းဆုံး အကြိမ် ၂၆၀ လောက် တိုက်ခိုက်ခဲ့တယ်လို့ ပါလက်စတိုင်း အကူအညီပေးရေးအဖွဲ့ UNRWA က ထုတ်ပြန်ပါတယ်။ 

    စာသင်ကျောင်းတွေ၊ စစ်ရှောင်စခန်းတွေ၊ ရိက္ခာသိုလှောင်ရုံတွေ စတဲ့ ကုလသမဂ္ဂက ကြီးကြပ်တဲ့ အဆောက်အဦးတွေ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

    ဒီတိုက်ခိုက်မှုတွေအတွင်း အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ အနည်းဆုံး ၃၆၀ ရှိတယ်လို့ UNRWA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    အစ္စရေးဟာ ၃ လအတွင်း ကုလ၀န်ထမ်း ၁၅၂ ဦးကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ 

    ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ကို တုန့်ပြန်တယ်လို့ အစ္စရေးက ခေါင်းစဥ်တပ်ပြီး ဂါဇာက ပါလက်စတိုင်း လူ့အဖွဲ့အစည်းကို တိုက်ခိုက်သတ်ဖြတ်နေရာမှာ ၃ လကျော်အတွင်း အသတ်ခံရသူ အရေအတွက်ဟာ ၂၆၇၅၁ ဦး ရှိလာပြီဖြစ်ပါတယ်။ 

    လူ ၇ သောင်းနီးပါး ဒဏ်ရာရထားပြီး၊ အဆောက်အဦးအပျက်စီးတွေကြားမှာ ပိတ်မိနေသူ အရေအတွက်ဟာ တစ်သောင်းနီးပါး ရှိလာပါပြီ။ 

    ဂါဇာကမ်းမြှောင်တစ်ခုလုံးက အဆောက်အဦးအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကိုလည်း အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထားပါတယ်။ 

    Ref: Aljazeera 

    (ဓာတ်ပုံ – UNRWA ၏ ထုတ်ပြန်မှု)

  • ဂျော်ဒန်မှာ အနူလက်သီး မိသွားတဲ့ အမေရိကန်

    ဂျော်ဒန်မှာ အနူလက်သီး မိသွားတဲ့ အမေရိကန်

    ဇန်န၀ါရီ ၂၉၊ ၂၀၂၄

    M-Media


    -Tower 22 လို့ အမည်တွင်တဲ့ ဂျော်ဒန်က အမေရိကန် စစ်အခြေစိုက်စခန်းဟာ တနင်္ဂနွေနေ့မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရပါတယ်။ 

    တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦး သေဆုံးခဲ့ပြီး ၃၄ ဦး ဒဏ်ရာရတယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ 

    ဂါဇာမှာ အစ္စရေးက လူသတ်ပွဲစတဲ့ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အရှေ့အလယ်ပိုင်းမှာ အမေရိကန်တွေ ပထမဆုံး အထိနာတဲ့ တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ 

    အီရတ်မှာအခြေစိုက်ပြီး အီရန်ကျောထောက်နောက်ခံပြုထားတဲ့ လက်နက်ကိုင်အဖွဲ့ Islamic Resistance က တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ထုတ်ပြန်ပါတယ်။ 

    လူပေါင်း ၂၆၀၀၀ ကျော် အသတ်ခံထားရတဲ့ အစ္စရေးရဲ့ ဂါဇာလူသတ်ပွဲမှာ အမေရိကန်က ပံ့ပိုးပေးနေတာကို လက်တုန့်ပြန်တာလို့လည်း ဆိုပါတယ်။ 

    အမေရိကန်က သမ္မတ ဂျိုးဘိုင်ဒန်က တိုက်ခိုက်သူတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်လို့ ကတိပြု ပြောဆိုပါတယ်။ 

    Tower 22 

    ————-

    Tower 22 ဟာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းက ထောက်ပို့စခန်းတစ်ခုပါ။ 

    ဂျော်ဒန်နိုင်ငံ အရှေ့မြောက်ပိုင်း ဆီးရီးယား၊ အီရတ်တို့နဲ့ ကပ်နေတဲ့ ဒေသမှာ တည်ရှိပါတယ်။ အမေရိကန် ကြည်းတပ်နဲ့ လေတပ်က စစ်သား အနည်းဆုံး ၃၅၀ လောက်ရှိပြီး လက်နက်တွေလည်း တော်တော်များများရှိပါတယ်။ 

    ဒီလိုစခန်းမျိုးမှာ လေကြောင်းရန်ကာကွယ်ရေးစနစ် ချမထားဘူးလား၊ ဒါမှမဟုတ် အလုပ်မလုပ်တာလား စတဲ့ မေးခွန်းတွေက တိုက်ခိုက်ခံရမှုအပြီးမှာ မြင့်တက်လာပါတယ်။ 

    ဆီးရီးယားနိုင်ငံ အလ်-တနက်ဖ်မြို့က ကန်စစ်သား ၂၅၀၀ လောက် လက်ရှိ ရှိနေတဲ့ စစ်စခန်းအတွက် Tower 22 က အဓိက ထောက်ပို့ဌာန ဖြစ်ပါတယ်။ 

    အရှေ့အလယ်ပိုင်းမှာ ဂျော်ဒန်ဟာ အမေရိကန်နဲ့ နီးကပ်တဲ့ စစ်ရေးဆက်ဆံမှုရှိပြီး၊ အမေရိကန်ကပေးတဲ့ စစ်ရေးအထောက်အပံ့ အများဆုံးရတဲ့ နိုင်ငံအနည်းငယ်ထဲမှာလည်း ဂျော်ဒန် ပါ၀င်ပါတယ်။ 

    နောက်ကျောမလုံ

    ——————-

    အောက်တိုဘာ ၇ ရက်နေ့က ဂါဇာမှာစတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲနောက်ပိုင်း အရှေ့အလယ်ပိုင်းက အမေရိကန်စစ်စခန်းတွေဟာ ပိုမို တိုက်ခိုက်ခံလာရပါတယ်။ 

    အီရတ်နဲ့ ဆီးရီးယားက အမေရိကန်စစ်စခန်းတွေဟာ ၃ လအတွင်း တိုက်ခိုက်မှုပေါင်း ၁၇၀ ကျော်ကို ကြုံခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေကို အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင် အဖွဲ့အစည်းတွေက လုပ်ဆောင်တာပါ။ 

    Tower 22 ကို တိုက်ခိုက်ခဲ့တဲ့ Islamic Resistance က အစ္စရေးရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို တုန့်ပြန်တဲ့ အနေနဲ့ အမေရိကန် စစ်စခန်းတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

    Ref: Aljazeera 

  • ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သည့် အစ္စရေး သူလျှို ၄ ဦးကို အီရန် ကွပ်မျက်

    ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သည့် အစ္စရေး သူလျှို ၄ ဦးကို အီရန် ကွပ်မျက်

    ဇန်န၀ါရီ ၂၉၊ ၂၀၂၄

    M-Media 


    -အီရန်ထဲ၀င်ရောက်ပြီး ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်တဲ့ အစ္စရေး သူလျှို ၄ ယောက်ကို ကွပ်မျက်လိုက်တယ်လို့ အီရန်က ထုတ်ပြန်ပါတယ်။  

    နောက်ဆုံးအယူခံကို တရားရုံးချုပ်က ပယ်ချပြီးတဲ့နောက် တနင်္လာနေ့ မနက်မှာ ကွပ်မျက်လိုက်တာပါ။ 

    သူလျှို ၄ ဦးဟာ အစ္စရေးထောက်လှမ်းရေး မိုဆာ့ဒ်အဖွဲ့က လူတွေဖြစ်ပြီး အီရန်နိုင်ငံမြောက်ပိုင်း ကာ့ဒ်ဒေသကနေ တရားမ၀င် ၀င်ရောက်လာတာလို့ အီရန်နဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

    နိုင်ငံအလယ်ပိုင်း အစ္စဖာဟန်မြို့မှာရှိတဲ့ လက်နက်ထုပ်လုပ်ရေးစက်ရုံကို ၂၀၂၂ ခုနှစ် နွေရာသီမှာ ဗုံးခွဲတိုက်ခိုက်ဖို့ စီစဥ်ထားပေမယ့် အီရန်ထောက်လှမ်းရေးတွေက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့ ဒီဇင်ဘာနှောင်းပိုင်းကလည်း မိုဆာ့ဒ်အဖွဲ့နဲ့ အဆက်အသွယ်ရှိတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို အီရန်က ကွပ်မျက်ခဲ့ပါတယ်။

    Ref: Aljazeera