News @ M-Media

Author: Ko Lay

  • တောင်အာဖရိကမှ ဗလီတစ်လုံး နိုင်ငံ၏ သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံရ

    တောင်အာဖရိကမှ ဗလီတစ်လုံး နိုင်ငံ၏ သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံရ

    အောက်တိုဘာ ၁၊ ၂၀၁၉
    M-Media

    အမွေအနှစ်စာရင်းသွင်းခံရသည့် Al-Jaamia Masjid ဗလီ

    – တောင်အာဖရိနိုင်ငံ မြို့တော် ကိပ်တောင်းက ဗလီဝတ်ကျောင်းတော်တစ်လုံးဟာ နိုင်ငံရဲ့ သမိုင်းအမွေအနှစ်တစ်ခုအဖြစ် ပြီးခဲ့တဲ့တစ်ပတ်မှာ သတ်မှတ်ခံလိုက်ရပါတယ်။

    Al-Jaamia Masjid လို့ အမည်တွင်တဲ့ အဲဒီဗလီဟာ ကိပ်တောင်းမြို့ ဆင်ခြေဖုံးက ကလာရာမောင့် ရပ်ကွက်မှာ တည်ရှိတာ ဖြစ်ပါတယ်။ တောင်အာဖရိက နာမည်ကျော် လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အဘ်ဒူလာ ဟာရွန်က ဒီဗလီကို တည်ထောင်ခဲ့ပြီး၊ ၁၂ နှစ်လောက် ရှေ့ဆောင်အီမာမ်ဖြစ် တာဝန်ထမ်းဆောင်သွားခဲ့ပါတယ်။

    ဒီဗလီ သမိုင်းဝင်အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခံရဖို့အတွက် ကိပ်တောင်းမြို့တော် အုပ်ချုပ်ရေးအဖွဲ့ အပါအ၀င် တောင်အာဖရိက ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးပညာရှင်တွေ၊ ကျွမ်းကျင်သူတွေက ကူညီပေးခဲ့ကြတာ ဖြစ်ပါတယ်။

    “အီမာမ်ဟာရွန်ဟာ ဘာသာရေး သွန်သင်မှုတွေကနေတစ်ဆင့် လူမှုအဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲပေးခဲ့ပြီး၊ ဒါ့ကြောင့်ပဲ လူမှုရေးဆိုင်ရာ မညီမျှမှုတွေကို လူတွေက နားလည် သဘောပေါက်လာကြပါတယ်။ အလ်-ဂျာမီယာ ဗလီက သူ့ရဲ့အတန်းတွေမှာ လာတက်သူတွေရဲ့ အတွေးအခေါ်တွေကလည်း ပြောင်းလဲတိုးတက်သွားခဲ့ကြပါတယ်” လို့ တောင်အာဖရိက ယဉ်ကျေးမှုနှင့် အားကစားဝန်ကြီး Anroux Marais က ပြောကြားခဲ့ပါတယ်။

    ဒီဗလီကို သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်တာဟာ ဒီကနေ့ တောင်အာဖရိကမှာ ရရှိခံစားနေရတဲ့ ဒီမိုကရက်တစ် အသိုက်အ၀န်း ဖြစ်ပေါ်လာအောင် ကူညီပေးခဲ့သူတွေ၊ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့သူတွေကို သတိတရ အောက်မေ့ အသိအမှတ်ပြုမှုတစ်ခု ဖြစ်တယ်လို့လည်း ၀န်ကြီးက ဆိုပါတယ်။

    ဗလီဝတ်ကျောင်းတော်မှာ ပြုလုပ်တဲ့ အထိမ်းအမှတ် အခမ်းအနားမှာ အီမာမ် ဟာရွန်ရဲ့သားဖြစ်သူ မိုဟာမက် ဟာရွန်နဲ့ ဗလီဝတ်ကျောင်းတော် တာဝန်ရှိသူတွ၊ တောင်အာဖရိက အစိုးရတာဝန်ရှိသူတွေက ဂုဏ်ပြုစကားတွေ ပြောကြားခဲ့ပါတယ်။

    အီမာမ် ဟာရွန်

    လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အီမာမ် အလ်ဒူလာ ဟာရွန်

    အီမာမ် အဘ်ဒူလာ ဟာရွန်ဟာ တောင်အာဖရိကရဲ့ လူဖြူ၊ လူမည်း ခွဲခြားမှု တိုက်ဖျက်ရေး သမိုင်းမှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး၊ လူဖြူတွေကြီးစိုးတဲ့ အစိုးရရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုခံရစဉ် ၁၉၆၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

    တောင်အာဖရိမှာ လူဖြူ၊ လူမည်း ခွဲခြားမှု ကျင့်သုံးနေစဉ်အတွင်း အီမာမ် ဟာရွန်ဟာ ဒီစနစ်ကိုဆန့်ကျင်ဟောပြောမှုကြောင့် ရက်ပေါင်း ၁၂၃ တိတိ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။

    အီမာမ်ဟာရွန် သေဆုံးမှု နှစ် ၅၀ ပြည့်မြောက်တဲ့ အခုနှစ်မှာတော့ သူဖမ်းဆီးခံရတဲ့ မေလ ၂၈ ရက်နေ့ သေဆုံးသွားတဲ့ စက်တင်ဘာ ၂၇ ရက်နေ့အထိ တောင်အာဖရိက နိုင်ငံတစ်ဝှမ်း ပညာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ အားကစားနဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေ၊ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ဖမ်းဆီးခံရစဉ်အတွင်း အီမာမ် ဟာရွန်တစ်ယောက် နည်းမျိုးစုံနဲ့ ညှင်းပမ်းနှိပ်စက်ခံရပါတယ်။ ကိပ်တောင်းက ရဲစခန်းမှာ ဆပ်ပြာတုံးနင်းမိကာ လှေကားကနေ ခြေချော်ကျ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် ညှင်းပမ်းသတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ အများစုက ယူဆထားကြပါတယ်။

    Ref: iol.co.za

  • သတင်းထောက် ကာရှိုဂျီကို မိမိသတ်ခိုင်းခြင်းမဟုတ်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    သတင်းထောက် ကာရှိုဂျီကို မိမိသတ်ခိုင်းခြင်းမဟုတ်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    စက်တင်ဘာ ၃၀၊ ၂၀၁၉
    M-Media

    -ဝါရှင်တန်ပို့စ်သတင်းထောက် ဂျမားလ်ကာရှိုဂျီကို မိမိက သတ်ခိုင်းတယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ မမှန်ဘူးလို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်ပြီး၊ တိုင်းပြည်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ဒီကိစ္စကို တာဝန်အပြည့်အ၀ယူတယ်လို့ ဆိုပါတယ်။

    အမေရိကန်ရုပ်သံ CBS ရဲ့ “60 Minutes” အစီအစဉ်အတွင်း ကာရှိုဂျီကို သတ်ခိုင်းခဲ့လားဆိုတဲ့အမေးကို ဘင် ဆလ်မန်က အခုလို ဖြေကြားလိုက်တာပါ။ ဒီဖြစ်ရပ်ဟာ စက်ဆုပ်ရွံရှာဖွယ်ရာ ကောင်းတယ်လို့လည်း ဘင် ဆလ်မန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒါဟာ အမှားတစ်ခုပါ။ အနာဂတ်မှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မဖြစ်အောင် လုပ်သင့်အားလုံး ဆောင်ရွက်သွားမှာပါ”

    ကာရှိုဂျီဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂ ရက်နေ့က အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဆော်ဒီအစိုးရက ဒီသတင်းကို ပထမပိုင်းမှာ ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကောင်စစ်ဝန်ရုံးအတွင်း သတ်ဖြတ်မှုဖြစ်ခဲ့တာကို ၀န်ခံခဲ့ပါတယ်။

    ကာရှိုဂျီရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းတစ်ကာ ဖျောက်ဖျက်လိုက်တယ်လို့ တူရကီ ထောက်လှမ်းရေးရင်းမြစ်တွေကို ကိုးကားပြီး တူရကီမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ CIA ကတော့ သတ်ဖြတ်မှုကို ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က တိုက်ရိုက်အမိန့်ပေးတာ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဆော်ဒီအစိုးရကတော့ ဒီထုတ်ပြန်မှုကို ငြင်းဆိုခဲ့ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ အရင်က ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပါဘူး။ အခုတစ်ပတ်မှာ ထုတ်လွှင့်မယ့် PBS သတင်းဌာနရဲ့ မှတ်တမ်းရုပ်ရှင်မှာတော့ မိမိရဲ့ ကြီးကြပ်မှုအောက်မှာ ဒီကိစ္စ ဖြစ်သွားတဲ့အတွက် အပြည့်အ၀တာဝန်ရှိပြီး၊ ဒီကိစ္စကို တာဝန်ခံသွားမယ်လို့ ပထမဆုံး ၀န်ခံခဲ့ပါတယ်။ မနေ့က CBS သတင်းဌာနနဲ့ အင်တာဗျူးကတော့ တာဝန်ရှိကြောင်း ဒုတိယအကြိမ် ၀န်ခံမှု ဖြစ်ပါတယ်။

    ကာရှိုဂျီအသတ်ခံရမှုအတွက် ဆော်ဒီက လူ ၁၁ ဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဆော်ဒီ ရှေ့နေချုပ်က သတ်ဖြတ်မှုကို တော်ဝင်မိသားစုရဲ့ ထိပ်တန်းအကြံပေးဟောင်း ထောက်လှမ်းရေးဌာန ဒုတိယအကြီးအကဲ ဆာအွဒ် အလ်-ကာတာနီက အမိန့်ပေးစီစဉ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဆော်ဒီ တပ်မဟာ ၃ ခုကို တိုက်ခိုက်ကာ စစ်သားထောင်ချီ ဖမ်းဆီးထားဟု ဟူသီသူပုန်အဖွဲ့ ထုတ်ပြန်

    ဆော်ဒီ တပ်မဟာ ၃ ခုကို တိုက်ခိုက်ကာ စစ်သားထောင်ချီ ဖမ်းဆီးထားဟု ဟူသီသူပုန်အဖွဲ့ ထုတ်ပြန်

    စက်တင်ဘာ ၂၉၊ ၂၀၁၉
    M-Media

    ဆော်ဒီစစ်သားများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့မှ ထုတ်ပြန်နေစဉ်

    -ဆော်ဒီအာရေဗျနိုင်ငံ အနောက်တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ နယ်စပ်အနီး တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာမှာ အရာရှိတွေအပါအ၀င် ဆော်ဒီစစ်သား ထောင်နဲ့ချီ ဖမ်းဆီးရမိခဲ့တယ်လို့ ယီမင်သူပုန်အဖွဲ့က ထုတ်ပြန်ခဲ့ပြီး ဆော်ဒီကတော့ ဒီသတင်းကို အတည်ပြုခြင်း မရှိသေးပါဘူး။

    မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဟူသီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လွန်ခဲ့တဲ့ ၃ ရက်အတွင်း ဆော်ဒီအာရေဗျရဲ့ နဂ်ျရန်ပြည်နယ်တစ်ဝိုက် ရန်သူတွေရဲ့ တပ်မဟာ ၃ ခုကို တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း ဒရုန်းလေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို အသုံးပြုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဟူသီတွေထုတ်လွှင့်တဲ့ Almasirah TV ရုပ်သံကလည်း ဆော်ဒီစစ်တပ်က အရာရှိ၊ စစ်သား ထောင်ချီနဲ့ စစ်သုံးယာဉ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

    ယီမင်နိုင်ငံရဲ့ မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ ဟူသီတွေဟာ ပြီးခဲ့တဲ့လတွေအတွင်း ဆော်ဒီအာရေဗျအပေါ် တိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်လာခဲ့ပါတယ်။ အဲဒီအထဲမှာ ဆော်ဒီအတွက် အထိအနာဆုံး တိုက်ခိုက်မှုကတော့ စက်တင်ဘာ ၁၄ ရက်နေ့က နိုင်ငံပိုင် ရေနံလုပ်ငန်း Aramco ရဲ့ ရေနံထုတ်လုပ်ရာနေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကမ္ဘ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ ၅ ရာခိုင်နှုန်းလောက် လျော့ကျသွားခဲ့ပါတယ်။

    ယီမင်အစိုးရကို ဟူသီသူပုန်တွေက ဖြုတ်ချခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစလို့ ယီမင်မှာ ပြည်တွင်းစစ် စတင်ခဲ့တာပါ။ အနောက်နိုင်ငံတွေ ကျောထောက်နောက်ခံ ပြုထားပြီး ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ၂၀၁၅ ခုနှစ် မတ်လကနေ စတင်ကာ ယီမင်အစိုးရဖက်ကနေု ဟူသီတွေကို တိုက်ခိုက်ခဲ့ပါတယ်။

    ဆော်ဒီဦးဆောင်တဲ့အဖွဲ့က ယီမင်မှာ တိုက်ခိုက်မှုတွေကို ရပ်ရင် သူတို့ကလည်း ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ဆော်ဒီကို တိုက်ခိုက်မှုကို ရပ်ဆိုင်းမယ်လို့ ဟူသီသူပုန်တွေက စက်တင်ဘာ ၂၀ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

    ဆော်ဒီစစ်သားထောင်ချီ ဖမ်းဆီးထားတယ်ဆိုတဲ့ ဟူသီတွေရဲ့ ထုတ်ပြန်မှုအတွက် ဆော်ဒီက ပြန်လည်တုန့်ပြန်ပြောကြားတာမျိုး မရှိသေးပါဘူး။

    Ref: Aljazeera