News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • ၁၉၇၃ ရွှေတိဂုံစေတီတော်ကြီး မွမ်းမံပြင်ဆင်ခဲ့စဉ်က (ပါဝင်ပြုပြင်ခဲ့သည့် မွတ်လင်မ် ဘူမိ အင်ဂျင်နီယာ ကိုယ်တိုင်ရေး ဆောင်းပါး)

    ၁၉၇၃ ရွှေတိဂုံစေတီတော်ကြီး မွမ်းမံပြင်ဆင်ခဲ့စဉ်က (ပါဝင်ပြုပြင်ခဲ့သည့် မွတ်လင်မ် ဘူမိ အင်ဂျင်နီယာ ကိုယ်တိုင်ရေး ဆောင်းပါး)

    shwe bo tu taw sin kyee 4 par 1

    လှကြည်

    ဗုဒ္ဓံ ပူဇေမိ
    ဓမ္မံ ပူဇေမိ
    သံဃံ ပူဇေမိ
    .
    ၁၉၇၃ မှာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးသွားတဲ့ ရွှေတိဂုံဘုရားကြီးရဲ့အစိတ်အပိုင်းတစ်ခုကို လှကြည်တို့တက်ပြီး ပြုပြင်မွမ်းမံတဲ့ အချိန်မှာ ရွှေတိဂုံဘုရားကြီးကို အရိုအသေပြုတဲ့အနေနဲ့ ရွတ်ဆိုခဲ့တာဖြစ်ပါတယ်။
    .
    လှကြည်ဆိုတဲ့ကောင်မလွယ်ဘူး။ သူနဲ့မဆိုင်တာတွေ လျှောက်လျှောက်ရွတ်နေတယ်လို့ အကြောင်းသိတွေက ပြောကြဦးမယ်။ တကယ်တော့ ရာသီဥတုဒဏ်ကြောင့် ရွှေတိဂုံစေတီတော်ကြီး ကိုယ်လုံးတော်မှာ ပျက်စီးချို့ယွင်းနေတာတွေကို စေတီတော်ပေါ်တက်ပြီး ဘူမိဗေဒအင်ဂျင်နီယာပညာနဲ့ (Grouting)တွေလုပ်၊ ပြုပြင်မွမ်းခံခွင့်ရခဲ့တာဖြစ်ပါတယ်။ အဲဒီအတွက် လှကြည် တော်တော်ပဲ ကုသိုလ်ရခဲ့ပါတယ်။ရွှေတိဂုံဘုရားကြီး တန်ခိုးကြီးလှပါပေတယ်။၁၉၇၃-နှစ်ဦးပိုင်းလောက်မှာ လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်ကြီးကို ထုံးစံအတိုင်း နှစ်နှစ်တစ်ကြိမ် ရွှေသင်္ကန်းကပ်နိုင်ဖို့ သန့်ရှင်းရေးလုပ်ခြင်း၊ ရေညှိများခွာခြင်းကိစ္စတွေကို ပန်းရန်ဆရာကြီးများအဖွဲ့က လုပ်ကိုင်ခဲ့ကြတယ်။ ပန်းရန်သမားတစ်ယောက်က စေတီတော်ကြီးရဲ့ ရှစ်မြှောင့်တစ်နေရာမှာ အဲဒီလိုရေညှိခွာရင်း သန်လျက်နဲ့ခေါက်ကြည့်လိုက်တော့ အတွင်းက လှိုဏ်သံကြားလိုက်ရတယ်။ အဲဒါနဲ့ ပိုပြီးသေချာအောင် ထပ်ပြီးပြင်းပြင်းလေးခေါက် လိုက်တော့ အဲဒီနေရာကအုတ်တွေက ဆွေးမြည့်နေလို့ သံလျက်က အတွင်းကို ကျွံဝင်နေပြီး အပေါက်ကြီးဖြစ်သွားတယ်။ အဲဒီအုတ်တွေကို ကိုင်ကြည့်လိုက်တဲ့အခါမှာ ပေါင်ဒါလိုအမှုန့်ဖြစ်သွားတယ်။ဒါနဲ့ ပန်းရန်သမားလေးလည်း သူ့ဆရာကိုခေါ်ပြီး စေတီတော်ကြီးရဲ့ ဂေါပကအဖွဲ့ဝင်များကို အကျိုးအကြောင်းသွားပြီး ပြောပြကြတယ်။ အဲဒီအပေါက်ကြီးက လူကြီးတစ်ယောက် ကောင်းကောင်းဝင်လို့ရအောင်ကျယ်နေတယ်။ အဲဒီအပေါက်ကြီးကနေ အားကောင်းတဲ့ လက်နှိပ်ဓါတ်မီးနဲ့ထိုးကြည့်တဲ့အခါ အောက်အနက် ဘယ်လောက်ရှိတယ်ဆိုတာ မမြင်နိုင်ဘူးဖြစ်နေတယ်။ ဒါနဲ့ ငြမ်းလုပ်ဖို့ထားတဲ့ ၁၂-ပေခန့်ရှည်တဲ့ ၀ါးလုံးနှစ်လုံးကိုဆက်ပြီး ထောက်ကြည့်ကြတယ်။ ဒါလည်းပဲ အောက်ကို လုံးဝ မထိမိဘူး။ စေတီတော်ကြီးအတွင်းက လှိုဏ်ခေါင်းက တော်တော်နက်ပြီးကျယ်နေတာကို သွားတွေ့ရတယ်။စေတီတော်ကြီးကို မိုးမကျမီမှာ ရွှေသင်္ကန်းအပြီးကပ်ရမှာမို့ ဂေါပကအဖွဲ့နဲ့ ပန်းရန်ဆရာများအဖွဲ့က ကြိုးစားပြီးမြန်မြန်ဆန်ဆန် လုပ်ကြရမှာဖြစ်တယ်။ ပန်းရန်ဆရာများအဖွဲ့က ဒီလှိုဏ်ခေါင်းကြီးကတော့ သူတို့အနေနဲ့ ဘယ်လိုမှ မလုပ်တတ်ကြောင်းကို ဂေါပကအဖွဲ့ကိုပြောတယ်။ ဂေါပကအဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးလှမြင့်(BelAir)၊ ဦးသော်ဇင်(Handicap9)၊ ဦးထွန်းလွင်၊ ဦးအောင်သိန်းတို့က အဲဒီတုန်းက ဆောက်လုပ်ရေးဝန်ကြီးကိုတင်ပြတော့ အင်ဂျင်နီယာအကျော်အမော်တွေခေါ်ပြီး တိုင်ပင်ဆွေးနွေးကြတယ်။ ဘယ်သူမှ မလုပ်တတ်ကြဘူး။ မလုပ်ရဲကြဘူး။ အစိုးရအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးနေ၀င်းသိသွားတော့ “ဒီတန်ခိုးကြီးဘုရားကြီးကို ဂရုစိုက်ပြီးပြုပြင်ကြပါ။ ရှေးဟောင်းဘုရားကြီးလည်းဖြစ်တယ်။ ဒီလိုဘုရားကြီမျိုး တို့လည်းမတည်နိုင်ဘူး။ ငွေကုန်ချင်သလောက်ကုန်ပါစေ၊ ကောင်းအောင်လုပ်ကြပါ”ဆိုပြီး အမှာပါးလိုက်ပါတယ်။
    .
    ဂေါပကအဖွဲ့က ဒီအင်ဂျင်နီယာအကျော်အမော်တွေ မလုပ်တတ်ဘူးဆိုရင် အင်ဂျင်နီယာတွေ မွေးထုတ်ပေးနေတဲ့ စက်မှုတက္ကသိုလ်က ဆရာကြီး ပါမောက္ခချုပ် ဒေါက်တာအောင်ကြီးကို မေးမှပဲဆိုပြီး သူ့ကိုခေါ်ပြီးပြပါတယ်။
    .
    ဒေါက်တာအောင်ကြီးဟာ ကမ္ဘာကျော် မက်ဆာချူးဆက် စက်မှုတက္ကသိုလ်က ဒေါက်တာဘွဲ့(Ph.D) ရထားသူဖြစ်ပါတယ်။ ဒေါက်တာကြီးလည်း ဒီဧရာမလှိုဏ်ခေါင်းကြီးကိုကြည့်ပြီး ဘာမှမပြောနိုင်ပါ။
    .
    ဒေါက်တာအောင်ကြီးက “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အင်ဂျင်နီယာများကတော့ မတတ်ကျွမ်းပါဘူး။ တစ်ခုတော့ရှိပါတယ်။ Engineering Geologist များကတော့ တတ်ကျွမ်းပါတယ်။ ဒီနည်းကတော့ ဘိလပ်မြေမှုတ်သွင်းခြင်းပညာဖြစ်ပါတယ်။ သတ္ထုတွင်းဝန်ကြီးဌာန ဘူမိဗေဒနှင့် ဓါတ်သတ္ထုရှာဖွေရေးဦးစီးဌာနက Engineering Geologist များဟာ ဆည်မြောင်းဌာနမှ ဆည်များ(Dams)များ အက်ကွဲတဲ့အခါ၊ ရေများယိုစိမ့်ထွက်တဲ့အခါများမှာ သွားရောက်ပြီး Grouting လုပ်ပေးကြပါတယ်။ ဒီနည်းနဲ့သာလျှင် လုပ်လို့ရပါမယ်”လို့ အကြံပြုခဲ့ပါတယ်။
    .
    စေတီတော်ကြီးရဲ့ ဂေါပကအဖွဲ့ဝင်တွေဟာ အတော်ကြီးပေါက်ရောက်ပါတယ်။ ဒီကိစ္စကို သတ္ထုတွင်းဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီး သူရအောင်ဖေကို ပြောပြလိုက်တယ်။ ချက်ချင်းပါပဲ။ ဘူမိဗေဒနှင့် ဓါတ်သတ္ထုရှာဖွေရေးဦးစီးဌာနက ညွှန်ချုပ်ဒေါက်တာတင်အေးကို တာဝန်ပေးလိုက်ပါတယ်။  ဒေါက်တာတင်အေးကလည်း Engeering Geology Section Head ဦးသိန်းလွင်ကို ချက်ချင်းအလုပ်စဖို့ အမိန့်ချလိုက်ပါတယ်။ အဲဒီအချိန် အဲဒီဌာနမှာက ဦးသိန်းလွင်နဲ့ ဦးလှကြည် နှစ်ဦးပဲရှိနေတဲ့အချိန်ဖြစ်ပါတယ်။ ဌာနက တစ်ခြားဝန်ထမ်းတွေဖြစ်တဲ့ ကိုမျိုးမြတ်၊ ကိုဥာဏ်စိုး၊ ကိုအောင်မြင့်စိုး၊ ကိုယောရှုတို့က အသက၊ အသက၊ နယ်အသီးသီးတာဝန်ကျရာဒေသတွေကိုသွားပြီး တာဝန်ထမ်းဆောင်နေကြရတယ်။ ဒီကိစ္စကို ၀န်ကြီးရုံးက အရေးကြီးလုပ်ငန်းအမှတ်စဉ်(၁)၊ ဦးစားပေးအဆင့်(၁) ချက်ချင်းဆောင်ရွက်ရန်လို့ သတ်မှတ်လိုက်တယ်။
    .
    ညွှန်ချုပ်က ဦးသိန်းလွင်ကိုခေါ်ပြီး ‘ဘာလိုလဲ၊ လိုတာပြောပါ’လို့ပြောတယ်။ ဦးသိန်းလွင်က မုံရွာ ကြေးနီစီမံကိန်းမှာရှိတဲ့ Grouting Machine ကို ရန်ကုန်သို့ အမြန်သယ်ဆောင်ပေးဖို့၊ အရည်အချင်းရှိတဲ့ လွန်တူးသမား(Driller) နှစ်ယောက်ပေးဖို့ တောင်းဆို လိုက်ပါတယ်။ (Driller မပါပဲ ဒီကိစ္စ လုံးဝလုပ်လို့ မရပါ။ ယခင့် ယခင်တုန်းကများ ဒီလိုတောင်းဆိုလိုက်ရင် ၃-၄ လနဲ့ ရောက်မလာဘူး။ ခုတော့လည်း မြန်လိုက်တာ။ ဒါတောင် နှစ်လတော့ ကြာသေးတယ်။
    .01
    Driller တွေ ရောက်လာရုံတင်မကဘူး Drilling Section Head ဦးစောထွန်း(Drilling CE)တောင် ပါလိုက်သေးတယ်။ ဦးစောထွန်းက အလွန်ဝပြီး ပေါင် ၂၂၀ ကျော်ပါတယ်။ အလွန် အသားမည်းပေမယ့် သူ့လုပ်ငန်းကို သူအလွန်ကျွမ်းကျင်ပြီး လူနဲ့မလိုက်အောင် လွန်စွာသွက်လက်ပေါ့ပါးတယ်။ Grouting Machine ကို Servicing လုပ်၊ သန့်စင်ဆေးကြောပြီး လုပ်ငန်းစလို့အချိန်ရောက်တော့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးလုပ်ပါတယ်။
    .
    ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးမှာပြုလုပ်တဲ့ အဲဒီအစည်းအဝေးမှာ ၁။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၊ ၂။ ဆိပ်ကမ်းကော်ပိုရေးရှင်းမှ ဦးဥာဏ ခေါင်းဆောင်သောအဖွဲ့၊ ၃။ ဘဓရမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်အေးခေါင်းဆောင်တဲ့ Engineering Geologist အဖွဲ့တစ်ဖွဲ့၊ Drilling အဖွဲ့တစ်ဖွဲ့တို့ ပါဝင်ပါတယ်။
    .
    အဓိကဦးဆောင်ပြီးလုပ်ငန်းလုပ်ကိုင်မှာက ဘဓရ Engineering Geologist အဖွဲ့နဲ့ Drilling အဖွဲ့ပါပဲ။ ဆိပ်ကမ်းကော်ပိုရေးရှင်းကတော့ လိုအပ်တာတွေကို ကူညီပံ့ပိုးဖို့ပါပဲ။ ဂေါပကအဖွဲ့က “ကိုသိန်းလွင်တို့ ကိုလှကြည်တို့ ကောင်းအောင်ကြိုးစားပြီးလုပ်ကြပါ။ ငွေကိုတော့ အကန့်အသတ်မရှိ ကြိုက်သလောက်သုံးပါ”လို့ ပွင့်ပွင့်လင်းလင်းပြောပါတယ်။
    .
    ဂေါပကအဖွဲ့ကို ဦးသိန်းလွင်က တိုးတိုးတိတ်တိတ်တင်ပြတာ တစ်ခုရှိပါတယ်။
    .
        “ကိုလှကြည်ကို ကျွန်တော်တို့အားလုံး သိပြီးသားပါ။ သူက ဗုဒ္ဓဘာသာဝင်မဟုတ်ဘူး။ အဓိက ဒီလုပ်ငန်းကို သူပဲ အချိန်ပြည့်တာဝန်ယူပြီးလုပ်ရမှာ။ သူက မွတ်ဆလင်မို့ ကန့်ကွက်ချင်ရင် ခုကတည်းကပြောပါ။”
    .
        ဂေါပကအဖွဲ့က “မကန့်ကွက်ပါဘူး၊ လုပ်စရာရှိတာ လုပ်သာလုပ်ပါ”တဲ့။
    .
        ဒါကြောင့် မောင်လှကြည် မွတ်ဆလင်၊ ဘုရားပေါ် ရောက်လာတာပါ။
    .
    ခုနတုန်းက ပန်းရံဆရာတွေ တွေ့ရှိခဲ့တဲ့ ဧရာမလှိုဏ်ခေါင်းကြီးဆိုတာကို ရှစ်မြှောင့်ပစ္စယာ စနေထောင့်မှာ တွေ့ရတာပါ။ စနေထောင့်ဆိုတာ အကြမ်းနားလည်အောင်ပြောရရင် ဦးဝိစာရကျောက်တိုင်ဘက် နည်းနည်းကျပါတယ်။ ဒီလို အက်ကြောင်းကြီးက စနေထောင့်မှာပဲ ဖြစ်ပါတယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် စတဲ့ဘက်တွေမှာလည်းမဖြစ်ဘူး။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ ထောင့်တွေမှာလည်းမဖြစ်ဘူး။ ဘာလို့ စနေထောင့်တစ်ခုတည်းမှာပဲဖြစ်ရသလဲဆိုတော့ စနေထောင့်ဟာ မုတ်သုံရာသီ (Moonsoon Weather)ကို တိုက်ရိုက်တည့်တည့်ခံရတဲ့ နေရာဖြစ်တယ်။ နှစ်ပေါင်းတစ်ထောင်ကျော်ကျော်လောက် ရာသီဥတုဒဏ်၊ ရေဒဏ်၊ မိုးဒဏ်နဲ့ ရေတိုက်စားမှုဒဏ်ခံခဲ့ရတယ်။ အဲဒီရေတွေထဲမှာလည်း ငှက်မျိုးစုံရဲ့ အညစ်အကြေးတွေ ပါလာပြီး အက်ဆစ်ပျော်ရည်အပျော့စားဖြစ်ပြီး စားသွားတာလည်းပါမှာပေါ့။ ဒီရာသီဥတုရဲ့ဒဏ်ကို နှစ်ပေါင်းများစွာခံခဲ့ရတဲ့အတွက် လှိုဏ်ခေါင်းဟာ ဖြည်းဖြည်းချင်းဖြစ်လာတာပါ။
    .
    ဒီ ရွှေတိဂုံဘုရားကြီးကို ရွှေချတယ်၊ ရွှေသင်္ကန်းကပ်တယ်ဆိုတာ တကယ့်ရွှေအစစ်ကို ကပ်ရတာ။ အကြိမ်ပေါင်းများစွာ ရွှေချခံရလို့ အချို့နေရာတွေမှာ ရွှေအထူကြီးဖြစ်နေတယ်။ တချို့ အတုံးလိုက်၊ အခဲလေးတွေ၊ အဖတ်ဖတ်ကလေးတွေကို ဒီအတိုင်း ရှစ်မြှောင့်ပစ္စယာနဲ့ အခြားပစ္စယာပေါ်မှာ ကျနေတာတွေ တွေ့ခဲ့ရတယ်။ ဒီပစ္စယာအတွင်းပိုင်းကို လူတိုင်းမ၀င်ရဘူးလေ။ လူတကာဝင်ရင် ဒီရွှေအတုံးလေးတွေ ဘယ်တွေ့ရတော့မတုံး။ အထူးယုံကြည်ရတဲ့လူ တာဝန်ရှိသူနဲ့ ဂေါပကအဖွဲ့တွေသာ ၀င်ရတာကိုး။ မိုးရေတိုက်စားပြီးပါလာတဲ့ ဒီရွှေတွေကို နှစ်စဉ်နှစ်တိုင်း စနစ်တကျစစ်ပြီး ရွှေချောင်းပြန်လုပ်ထားတာ ဂေါပကအဖွဲ့မှာ တွေ့ရတယ်။
    .
    Groating လုပ်တယ်ဆိုတာ Grout ကို စက်နဲ့ ကိုယ်လိုချင်တဲ့နေရာကို မှုတ်သွင်းတာပဲ ဖြစ်ပါတယ်။ Grout ဆိုတာ ရွှံ့၊ သဲ၊ ဘိလပ်မြေနှင့် တခြားအမှုန့် စတာတွေကို လိုသလို အချိုးအစားအမျိုးမျိုး ရေနဲ့ရောစပ်ပြီး စက်ရဲ့မှုတ်အား၊ ဖိအား Pressure နဲ့ ကိုယ်ရောက်စေချင်တဲ့နေရာကို ပိုက်တပ်မှုတ်သွင်းတာပဲဖြစ်ပါတယ်။ Pressure အတက်အကျကို Pressure Gauge နဲ့ ထိန်းထားရပါတယ်။ ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေမှာ Pressure ဘယ်လောက်ပဲ ရှိနေရမယ်ဆိုတာကို Geologist အမြဲပြောပြရမယ်။ ဒါ သူ့တာဝန်ပဲဖြစ်ပါတယ်။ Pressure များသွားရင် DAM ကွဲထွက်သွားနိုင်တယ်။ ကြောက်စရာကောင်းတယ်။
    .
    ၁၁-၁-၁၉၇၃ မှာ ရှစ်မြှောင့်ပစ္စယာ စနေထောင့်ကစပြီး Grouting လုပ်ပါတယ်။ လှကြည်ဆိုတဲ့ကောင်ကတော့ နံနက်အစောကြီး ၅-နာရီလောက်ကတည်းက ဘုရားပေါ်တက်၊ လူရှင်းတဲ့ ဇရပ်တစ်ခုကနေပြီး ဦးသုံးကြိမ်ချကာ ဘုရားရှိခိုးတော့တာပဲ။ ဒီကောင်က မြို့မကျောင်းသားဆိုတော့ ဗုဒ္ဓဘာသာ ဘုရားရှိခိုးနည်း ကောင်းကောင်းနားလည်တယ်။ သူပြောတာက “ဘာသာရေးဘေးဖယ်ထားပြီး သူ့အရပ်၊ သူ့ဒေသ၊ သူ့အရိပ် အာဝါသကို မှီခိုရတော့မယ်ဆိုရင် သူ့ကို အရိုအသေပေးရမယ်။ သူ့စည်းကမ်းအတိုင်း သူ့ကို ရိုသေလေးစားစွာ ရှိခိုးဦးချရမယ်”တဲ့။ သူ နေ့တိုင်းနေ့တိုင်း ဒီလိုလုပ်ပြီးမှ စိတ်အေးလက်အေးနဲ့ ဘုရားပေါ်တက် အလုပ်လုပ်တယ်။
    .
    ဒီမှာတော့ Grout ကို ဘိလပ်မြေပဲသုံးပြီး ရေ ၂၂-ဂါလန်ကို ဘိလပ်မြေ ၄-အိပ် အချိုးနဲ့ ရောစပ်ပါတယ်။ Pressure ကို Zero P.S.I သုည၊ တစ်ခါတစ်ရံ One P.S.I လောက်ပဲ သုံးတယ်။ တစ်နေ့တာ အလုပ်ကို မနက်က စလိုက်တာ ည ၉-နာရီ ၁၀-နာရီလောက်မှာမှ လက်စသတ်ပါတယ်။ Grouting စလုပ်တဲ့ ပထမနေ့တွေမှာတော့ ဒေါက်တာအောင်ကြီးတို့ ဒေါက်တာတင်အေးတို့ လာကြတာပေါ့။ နောက် ရက်တွေကြာလာတော့လည်း ထပ်ပြီးမလာကြတော့ပါဘူး။ ဆရာဦးသိန်းလွင်ကတော့ သူ့တာဝန်မပြတ်သေးတဲ့ တခြားအရပ်ဒေသတွေ သွားလိုက်၊ ပြီးတော့ ပြန်လာလိုက်ပါပဲ။ လှကြည်ဆိုတဲ့ကောင်ကတော့ နေ့တိုင်းရှိပါတယ်။
    .
    လုပ်ရကိုင်ရတာ အစပိုင်းမှာတော့ ရင်တုန်ရတယ်။ ကြောက်စရာကောင်းတယ်။ လုပ်ရတဲ့လုပ်ငန်းက စွန့်စားရတဲ့လုပ်ငန်းတစ်ခုပါပဲ။ စောစောကပြောသလို လိုအပ်တဲ့ Pressure ကို မထိန်းနိုင်ရင်၊ ထိန်းနေတဲ့ကြားထဲက တစ်ခုခုချွတ်ချော်သွားခဲ့ရင်၊ လုပ်ရင်းကိုင်ရင်း Pressure အလိုလို တက်သွားရင် ကိစ္စချောပြီ။ ပြီးပြီ။ ရွှေတိဂုံစေတီတော်ကြီး ပြိုကျသွားမှာပေါ့။ စေတီတော်ကြီးပြိုကျသွားရင် ‘ငလှကြည် နင်လည်းသေလိုက်တော့’။ ဒီဘုရားကြီးဟာ မြန်မာပြည်သာမဟုတ်၊ ဗုဒ္ဓဘာသာတစ်ခုတည်းသာမဟုတ်၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေရဲ့ မေတ္တာစုဝေးရာဖြစ်တယ်။ တစ်စုံတစ်ခုသာ လွဲမှားသွားလို့ကတော့ အဲဒီ မေတ္တာစူးတာနဲ့ သေသွားနိုင်တယ်။ ဘုရားကြီးရဲ့သက်တမ်းကလည်းကြည့်ဦး နှစ်ပေါင်း ၂၅၀၀ ကျော်ပြီ။
    .
    အဲဒီလို စွန့်စားလုပ်ကိုင်ရတာကလွဲရင် ကျန်တာ လုပ်ရကိုင်ရတာ စိတ်ချမ်းသာစရာကောင်းပါတယ်။ Driller တွေကလည်း ဦးရွှေ၊ ဦးဇော်ဝင်းအပြင် Drilling CE ဦးစောထွန်းကြီးကိုယ်တိုင် ပါဝင်လေတော့ အစစအရာရာ အဆင်ပြေပါတယ်။ ဂေါပကအဖွဲ့က နံနက်စာ၊ နေ့လည်စာ၊ ညစာ ကောင်းကောင်းမွန်မွန်ကျွေးတဲ့အပြင် ပြန်ရင်လည်း ဒံပေါက်တစ်ထုတ်စီ ပေးလိုက်သေးတယ်။ ကောင်းလေစွ၊ ကောင်းလေစွ။
    .
    လှကြည်ဆိုတဲ့ကောင်က ဦးသိန်းလွင်ရဲ့နောက်လိုက်သာဖြစ်ပေမယ့် ဒီကိစ္စကို သိပ်ကျေနပ်ပြီး ဂုဏ်ယူလို့မဆုံးဖြစ်နေတယ်။ Grouting စလုပ်တဲ့နေ့ နောက်တစ်ရက်နံနက် ကြေးမုံသတင်းစာထဲမှာ ရွှေတိဂုံဘုရားပေါ်မှာ လှကြည် အလုပ်လုပ်နေတဲ့ပုံကြီး မျက်နှာစာမှာ ပါလာပါလေရော။ တယ်လီဖုန်းလာပြီ အစ္စလာမ်သာသနာရေးရာကောင်စီ ဥက္ကဌကြီး မိုဟာမက် ဂါဇီဟာရှင်ထံမှ “မောင်လှကြည် အလွန်ကောင်းတဲ့ကိစ္စကို ဆောင်ရွက်တဲ့အတွက် တို့က ဂုဏ်ယူပါတယ်။ အေး တို့ဗလီတွေပျက်တဲ့အခါလည်း လာလုပ်ပေးပါဦး”တဲ့။
    .
    ဟောက်ကဲ့ – ဟောက်ကဲ့ – ဟောက်ကဲ့ (ဆလမ္မာလေကွန်း)
    .
    (၁၉၇၃၊ ရွှေတိဂုံစေတီတော်ကြီး Grouting ပြုလုပ် ပြင်ဆင်မွမ်းမံခြင်း အစီရင်ခံစာ၊ ရနံ့သစ်မဂ္ဂဇင်းပါ ရွှေတိဂုံစေတီတော်ပြုပြင်ခြင်း ဆောင်းပါး ကို တည်းဖြတ်ဖော်ပြထားခြင်းဖြစ်ပါသည်။)
    .=======================================
    ကို ညီလင်းဆက် Scan ဖတ်ပေးပြီး FB တွင်  မျှဝေထားသည်ကို Type ၇ိုက်ပြီးပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

    မူရင်းထဲကအတိုင်း စာလုံးပေါင်း မပြင်ထားပါ။

    ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ M-Media တွင် ဖော်ပြခဲ့သည့် ဆောင်းပါးကို ပြန်လည်ဖော်ပြအပ်ပါသည်။

  • ကျည်ဆံနှင့် ဗုံးဆံများအကြား ဆီးရီးယားပြည်သူများ၏ သောကကို ဖြေသိမ့်ပေးကြသူများ

    ကျည်ဆံနှင့် ဗုံးဆံများအကြား ဆီးရီးယားပြည်သူများ၏ သောကကို ဖြေသိမ့်ပေးကြသူများ

    ဧပြီ ၁၆၊ ၂၀၁၆
    M-Media

    syria 2

    – ပဋိပက္ခအတွင်း ခြေလက် ဆုံးရှုံးခဲ့ရသူများ လမ်းပြန်လျှောက်နိုင်ရေး၊ ကလေးသဘာဝ ကစားခုန်စားနိုင်ရေးတို့အတွက် ဆီးရီးယားရှိ လူငယ်ကျောင်းသားနှစ်ဦးက ရွေ့လျားဆေးခန်းငယ်လေးဖြင့် တစ်မြို့ဝင်တစ်မြို့ထွက် ကူညီပေးနေသည်။

    လွန်ခဲ့သည့် ၄ နှစ်အတွင်း အဆိုပါ လူငယ်နှစ်ဦးမှာ ခြေလက်အင်္ဂါ ချို့တဲ့နေသော လူပေါင်း ၂၅၀၀၀ ခန့်ကို ခြေလက်တု ၅၀၀၀ ခန့် တပ်ဆင်ပေးခဲ့ပြီဖြစ်သည်။ သာမန်ထရပ်ကားအဖြူဖြင့် ၎င်းတို့၏ ရွေ့လျားဆေးခန်းလေးကို စတင်ခဲ့သည်မှာ ၆ လပင် မပြည့်တတ်သေး။ သို့သော်လည်း အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။

    သမ္မတ ဘာရှာ အလ်-အာဆတ် အစိုးရတပ်များနှင့် သူပုန်များအကြား ဖြစ်ပွားခဲ့သည့် ၅ နှစ်ကြာစစ်ပွဲအတွင်း ဆီးရီးယားပြည်သူ အနည်းဆုံး ၂ သိန်းခွဲခန့် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ဒဏ်ရရသူများကတော့ ရေတွက်၍ပင်မရ။

    ဒဏ်ရာရသူများစုမှာ အသက် ၁၅ နှစ်မှ ၄၅ နှစ်အရွယ်ကြား ဖြစ်ကြသော်လည်း အဆိုပါ လူငယ်နှစ်ဦး၏ ရွေ့လျားဆေးခန်းက ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကိုပင် ခြေတုလက်တုများ အစားထိုးပေးနေလေသည်။

    “လူနာတစ်ဦး အထူးသဖြင့် ကလေးငယ်လေးတွေကို ခြေတုလက်တု တပ်ပေးတဲ့အချိန် ဖြစ်လာတဲ့ခံစားမှုက ဖော်ပြလို့ကို မရပါဘူး။ သူတို့က လမ်းလျှောက်ချင်တယ်။ ကစားချင်ကြတယ်။ ဒါကြောင့် သူတို့လေးတွေ လမ်းပြန်လျှောက်လို့ရအောင် ကူညီပေးနိုင်တာဟာ တစ်မူထူးခြားတဲ့ ခံစားမှုပါပဲ” ဟု အမ်ဂျဒ် ဟဂ်ျ ခါမစ်က ပြောကြားခဲ့သည်။

    အသက် ၂၄ နှစ်အရွယ်ရှိ ခါမစ်မှာ ဟုမ်စ်တက္ကသိုလ်တွင် ပြင်သစ်စာပေကို သင်ကြားနေသူဖြစ်ပြီး ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် အဘ်ဒဲလ်ရာဟင် ခွလ်ဖ်မှာ ကျောင်းဆရာတစ်ယောက်ဖြစ်ရန် သင်တန်းတက်နေသူဖြစ်သည်။ သို့သော်လည်း ကျောင်းတက်ပြီး ၄ လအကြာတွင်ပင် မြို့တွင်း အခြေအနေ ဆိုးလာသောကြောင့် ၎င်းတို့၏ အိပ်မက်အား စွန့်လွှတ်ခဲ့ရသေလည်။

    ထို့နောက် ၎င်းတို့နှစ်ဦးစလုံးမှာ ဆေးရုံတစ်ရုံတွင် အလုပ်ဝင်ခဲ့ပြီး ခြေတုလက်တုများ ပြုလုပ်တပ်ဆင်နည်းကို သင်ကြားခဲ့ရသည်။ ထို့ပြင် တူရကီနယ်စပ်မြို့ ရီဟာနီယာ၊ ပါကစ္စတန်၊ ဗြိတိန်နှင့် ဂျာမနီတို့အထိပင် သွားရောက်သင်ယူခဲ့ရသည်။

    ၎င်းတို့ကုသပေးသော လူနာများတွင် နိုင်ငံအနောက်မြောက်ပိုင်းရှိ အတိုက်အခံတပ်များ ထိန်းချုပ်ထားရာ အ စ်ဒလစ်ဘ်ပြည်နယ်၊ ဒမတ်စကတ်ရှိ ဒူးမားရပ်ကွက်နှင့် နိုင်ငံမြောက်ပိုင်း အဲလစ်ပိုမြို့မှ လာကြသူများပင် ပါဝင်သည်။ အဲလစ်ပိုမှာ ပဋိပက္ခမဖြစ်ပွားခင် ဆီးရီးယား၌ အကြီးဆုံးမြို့တစ်မြို့ ဖြစ်ခဲ့သည်။

    ခြေလက်အင်္ဂါချို့တဲ့သူများ၏ အရေအတွက်က ၎င်းတို့၏ ရွေ့လျားဆေးကုခန်းမှ ကူညီပေးနိုင်သည့် ပမာဏထက် ပိုများလေသည်။ ရွေ့လျားဆေးခန်း ရောက်ရှိရာနေရာတိုင်းတွင် လူနာများအား ဗုံးဒဏ်မခံရအောင် ကာကွယ်ပေးရခြင်းမှာ အမြဲတမ်းလိုလို ရင်ဆိုင်နေရသည့် ပြဿနာဖြစ်သည်ဟု ခါမစ်က ပြောကြားခဲ့သည်။ ကုလကတော့ ဆီးရီးယားတွင် အကူအညီမရသည့် ပြည်သူအရေအတွက်မှာ ၄.၆ သန်းရှိသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။

    ခါမစ်တို့၏ ရွေ့လျားဆေးကုခန်းမှ အကျိုးခံစားရသူများထဲတွင် အဘိုး၏နေအိမ်သို့အသွား မြေမြှုပ်မိုင်း နင်းမိသောကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသည့် အသက် ၉နှစ်အရွယ် သမီးငယ်လေး ဆလ်မာလည်း ပါဝင်လေသည်။

    “ဆေးရုံမှာ သတိရလာတော့ သမီးရဲ့ ခြေထောက်တစ်ဖက် မရှိတော့ပါဘူး။ အစကတော့ သမီး အားငယ်သွားတယ်။ ဒါပေမယ့် အဖေက ခြေတောက်အတုရမယ်ဆိုပြီး ပြောလိုက်တော့ တော်တော်ပျော်သွားပါတယ်” ဟု ဆလ်မာက ပြောကြားခဲ့သည်။

    အသက် ၁၄ နှစ်အရွယ် လူငယ်လေး ကူဆေးမှာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ၎င်း၏ အမြွှာညီအကို အဒီနှင့်အတူ သိုးကျောင်းသွားစဉ် မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ခြေထောက်တက်ဖက်နှင့် ညာဘက်လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။ မိုင်းကို တိုက်ရိုက်နင်းမိခဲ့သည့် အဒီက နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ကူဆေးက အမြှောက်ဆံများမှာ ယခုထိ ၎င်း၏ ဦးနှောက်အနီး ရှိနေသည်ဟု ပြောကြားခဲ့သည်။

    အစ်ဒလစ်ဘ်ပြည်နယ် အဘူမာလစ်မြို့မှ ကူဆေးတစ်ယောက် ခြေတုလက်တို့ကြောင့် ၎င်း၏ နဂိုမူလ လွတ်လပ်သော သဘာဝအနည်းငယ်ကို ပြန်လည်ရရှိခဲ့လေသည်။

    “ကျွန်တော်က အမြဲတမ်း ထွက်ကစားတယ်။ ဒါမှမဟုတ် သိုးကျောင်းပါတယ်။ အိမ်မှာထိုင်နေရတာကို ကျွန်တော် မကြိုက်ဘူးဗျ” ဟု ကူဆေးက ပြောကြားခဲ့သည်။

    Ref: Reuters

  • နီပေါပြည်သူများ၏ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူ (သို့မဟုတ်) မွတ်စလင် ဥပဒေပညာရှင် မိုနာ အန်ဆွာရီ

    နီပေါပြည်သူများ၏ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူ (သို့မဟုတ်) မွတ်စလင် ဥပဒေပညာရှင် မိုနာ အန်ဆွာရီ

    ဧပြီ ၁၆၊ ၂၀၁၆

    M-Media
    nepal
    မိုနာ အန်ဆွာရီသည် သူမ၏မိသားစုအတွင်း ပထမဆုံးဘွဲ့ရပညာတတ်တစ်ဦးဖြစ်လာသလို၊ နီပေါနိုင်ငံ၏ ပထမဆုံးသော ဥပဒေဘွဲ့ရှင် မွတ်စ်လင်မ်တစ်ဦးလည်း ဖြစ်လာခဲ့သည်။ (ဓာတ်ပုံ – Prabhat Jha/Al Jazeera)

    – နီပေါနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ တစ်ဦးတည်းသော အမျိုးသမီးအဖွဲ့ဝင်ဖြစ်သည့်အားလျော်စွာ အန်ဆွာရီသည် ခွဲခြားဆက်ဆံခြင်းများအတွက် တိုက်ပွဲဝင်လျက်ရှိသည်။

    နီပေါဝန်ကြီးချုပ်ရုံးမှ မိုနာ အန်ဆွာရီထံ ဖုန်းဝင်လာသည်။ လူ့အခွင့်အရေးကိစ္စကို အစိုးရနှင့် ပူးပေါင်းအကောင်အထည်ဖော်နေသော နီပေါလူ့အခွင့်အရေးကော်မရှင်အဖွဲ့ NHRC ၌ ပါဝင်ရန် ၎င်းတို့က တောင်းဆိုခဲ့သည်။

    နီပေါနိုင်ငံတောင်ပိုင်းမြို့တော် Nepalgunj ရှိ အခြေခံလူတန်းစားအလွှာ မွတ်စ်လင်မ်မိသားစုဝင် ရှေ့နေ အန်ဆွာရီမှာ မယုံနိုင်လောက်အောင် အံ့အားသင့်သွား၏။

    “ကျွန်မ ဒီနေရာမှာ လုပ်ကိုင်ဆောင်ရွက်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့မိပါဘူး။ ကျွန်မတို့မိသားစုဝင်ထဲ ဘယ်သူမှ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်း မရှိကြဘူးလေ။ ဒါဟာ ၀ီရိယရဲ့အကျိုးရလဒ်ပါပဲ” ဟု ယခုအခါ NHRC တွင် ကော်မရှင်နာတစ်ဦးဖြစ်နေသူ မိုနာ အန်ဆွာရီ (၃၉ နှစ်)က မြို့တော် ခတ္တမန္ဒူ ဟော်တယ်ခန်းမ၌ သိမ်မွေ့စွာထိုင်လျက် ပြောကြားခဲ့သည်။

    သူမ၏ထွန်းတောက်မှုသည် နီပေါနိုင်ငံတွင် ဆယ်နှစ်ကြာ မော်ဝါဒီပုန်ကန်မှုပြီးဆုံးပြီးနောက် ပဒေသရာဇ်စနစ်အဆုံးသတ်ချိန်မှစ၍ ပြောင်းလဲလာသည့် ပုံရိပ်တစ်ခုဟု ဆိုနိုင်ပေသည်။

    လုံခြုံရေးတပ်ဖွဲ့ အလွန်အကျွံ သုံးစွဲမှုနှင့် ခွဲခြားဆက်ဆံမှု စသည့်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေရသော ကော်မရှင်အဖွဲ့ဝင်ငါးဦးအနက် သူမတစ်ဦးတည်းသာ အမျိုးသမီးဖြစ်နေခြင်းကြောင့် လုပ်ငန်းပိုင်းတွင် အလွန်ခက်ခဲစွာ ဖြတ်သန်းရကြောင်း သူမက ဆိုသည်။

    ဖွင့်ထုတ်ပြောဆိုခြင်းနှင့် ဝေဖန်ခံရခြင်း

    အမျိုးသမီးနှင့် တိုင်းရင်းသားအခွင့်အရေးများမှသည် Madhesi လူမျိုးနွယ်၏ အခြေအနေနှင့် မြေငလျင်အလွန် ပြန်လည်တည်ဆောက်ရေးနှောင့်နှေးမှုများအထိ သာမန်နီပေါပြည်သူတို့ ရင်ဆိုင်နေရသော ပြဿနာများအပေါ် အခွင့်ထူးခံ နိုင်ငံရေးအလွှာ၏ဆောင်ရွက်ချက်တို့နှင့်ပတ်သက်ပြီး အန်ဆွာရီက မကြာခဏ ထိပ်တိုက်ဝေဖန်တတ်ရာ သူမသည် ဆိုရှယ်မီဒီယာပေါ်တွင် ထင်ရှား၏။

    “Madhesi လှုပ်ရှားမှုကို စစ်တပ်စေလွှတ်ကိုင်တွယ်မှုအပေါ် ပထမဆုံး ဆန့်ကျင်ခဲ့သူက ကျွန်မ ပါပဲ။ အဲ့ဒါကို ကျွန်မက ပထမဆုံး လူသိရှင်ကြား ရင်ဆိုင်ပြောထုတ်ခဲ့တယ်လေ။ ဝေဖန်မှု အများအပြား ကြုံခဲ့ရတယ်။ ၀ါရင့်ဂျာနယ်လစ်တစ်ဦးဆိုရင် ကျွန်မကို ဆောင်းပါးရေးပြီး ဝေဖန်တဲ့အထိပါပဲ” ဟု မကြာသေးမီက ဖြစ်ပွားခဲ့သော Madhesi လူမျိုးတို့၏ ကန့်ကွက်ဆန္ဒပြမှုများကို သူမက ရည်ညွှန်းပြောဆိုသည်။ Madhesi လူမျိုးတို့သည် နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံထက်မနည်း ရှိသော်လည်း စီးပွားရေးနှင့် နိုင်ငံရေးအရ ကိုယ်စားပြုခွင့် အပြည့်အ၀ မရရှိချေ။ အခြားသတင်းစာတိုက်များကမူ သူမ၏ရပ်တည်ချက်ကို ထောက်ခံအားပေးနေကြသော်လည်း သူမသည် မီဒီယာပေါ် ရပ်မနေဘဲ ရှေ့ထွက်လုပ်သွားရဦးမည်ဟု ဆိုသည်။

    မတ်လလယ်က အန်ဆွာရီသည် Madhesi ဆန္ဒပြသူများကို အင်အားသုံးသည့်ကိစ္စနှင့်စပ်လျဉ်းပြီး ဂျီနီဗာရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံ တင်ပြခဲ့သည်။ ၎င်းနောက် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ၀န်ကြီးချုပ် KP Oli ၏ ရုံးမှ NHRC ဥက္ကဋ္ဌနှင့် အခြားအဖွဲ့ဝင်လေးဦးအား ခေါ်ူတွေ့ဆုံခဲ့၏။

    Madhesi လူမျိုးတို့မှာ သမိုင်းနှင့်ချီပြီး နိုင်ငံကိုယ်စားပြုခွင့်မရရှိခဲ့ခြင်းကို ထပ်မံ အတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကြောင့် Tarai ဒေသအတွင်း ကန့်ကွက်ဆန္ဒပြမှုများ ပွင့်ထွက်လာခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ လူအသေအပြောက် အနည်းဆုံး ၅၀ ဦးရှိလာခဲ့ပြီး အများစုမှာ Madhesi လူမျိုးနွယ်များ ဖြစ်ကြသည်။ မည်သို့ဆိုစေ လူ့အခွင့်အရေးအုပ်စုများ၊ လူမှုလှုပ်ရှားသူများက အန်ဆွာရီအား ကျားကန်ပေးထားကြ၏။

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို တိုက်ဖျက်ခြင်း

    ယခုသော် အန်ဆွာရီသည် အစိုးရနှင့်အတူ လက်တွဲဆောင်ရွက်နေပြီဖြစ်သည်။ NHRC အဖွဲ့ဝင် မဖြစ်မီက သူမသည် နိုင်ငံတော်အမျိုးသမီးများကော်မရှင်အဖွဲ့ (NWC) ၌ ကော်မရှင်နာတစ်ဦးအဖြစ် လေးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းမှာ သူမ၏ ပထမဆုံး အစိုးရ၏ လွှဲအပ်ချက်လုပ်ငန်းကြီးဖြစ်၏။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ၏ စီမံကိန်းတစ်ခု ၌ လုပ်ကိုင်နေချိန် ၂၀၁၀ ခုနှစ်တွင် NWC အဖွဲ့ထဲပါဝင်ရန် ဖိတ်ကြားခံရသည်။ ၎င်းမှာ ထိုကဲ့သို့ အဆင့်မြင့်ရာထူးတွင် မွတ်စ်လင်မ်အမျိုးသမီးတစ်ဦးကို ပထမဦးဆုံး ခန့်အပ်ခြင်းဖြစ်ကြောင်း သူမက ပြောပြသည်။ NWC ၌ အန်ဆွာရီနှင့် ၂ နှစ်နီးပါး အတူလက်တွဲလုပ်ဆောင်ခဲ့သူ Urmila Devi Vishvakarma က သူမအတွက် မိမိတို့ ဂုဏ်ယူကြောင်း ဆိုသည်။

    ၂၀၀၆ ခုနှစ်တွင် မော်ဝါဒီတော်လှန်ရေး အဆုံးသတ်ပြီးသည့်နောက် နီပေါနိုင်ငံတွင် ဒီမိုကရေစီတံခါး ပွင့်လှစ်လာသည်။ သို့ဖြင့် အမျိုးသမီးများ၊ တိုင်းရင်းအုပ်စုကဲ့သို့ ခွဲခြားဖိနှိပ်ခံနေရသူများက မိမိတို့၏ သက်ဆိုင်ရာအခွင့်အရေးများကို ထုတ်ဖော်တောင်းဆိုလာကြသည်။

    “အရေးကိစ္စ အတော်များများကို ကျွန်မ အသံထုတ်ခဲ့တယ်။ အထူးသဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေပါ။ ဒါ့အပြင် လိင်ခွဲခြားမှုကို အဆုံးသတ်စေမယ့် ဥပဒေမူကြမ်းတစ်ရပ်ကိုလည်း တင်သွင်းနိုင်ခဲ့ပါတယ်” ဟု အန်ဆွာရီက ဖွင့်ပြောသည်။

    “သူမဟာ NGO ကျောထောက်နောက်ခံနဲ့ လာခဲ့တာကြောင့် စနစ်ကျပြီး ထက်မြက်တယ်။ နိုင်ငံတကာဥပဒေနဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ သူမရဲ့အတွေ့အကြုံက သူမရဲ့လုပ်ငန်းခွင်သစ်အတွက် အထောက်အကူရစေခဲ့ပါတယ်” ဟု NWC ၏ ဥက္ကဋ္ဌဟောင်း Sheikh Chand Tara က သူမ၏ကျွမ်းကျင်မှု၊ အမြင်စူးရှမှုနှင့်ပတ်သက်ပြီး ချီးမွှမ်းစကားဆိုပါသည်။

    နီပေါနိုင်ငံ၏ ပထမဆုံး မွတ်စ်လင်မ်အမျိုးသမီး ဥပဒေဘွဲ့ရှင် ဖြစ်လာခြင်း

    သူမ၏ခရီးလမ်းက ယနေ့တိုင် လွယ်ကူချောမွေ့မှု မရှိသေး၊ အခက်အခဲအတားအဆီးများကို ကျော်ဖြတ်နေရဆဲပင်။ သူမမိသားစု၏၀င်ငွေမှာ ဖခင်ဖြစ်သူ၏ လက်သမားဆိုင်တစ်ခုတည်းမှသာ မှီခိုနေရ၏။ သူမ၏ မိဘများသည် စာပေမတတ်မြောက်ကြ။ ထို့ကြောင့် သူတို့၏ရင်သွင်းများကို ပညာတတ်များ ဖြစ်ကာ ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်စေလိုခဲ့ကြ၏။

    “နီပေါက မွတ်စ်လင်မ်မိဘတွေဟာ များသောအားဖြင့် သူတို့ရဲ့ကလေးတွေကို ခေတ်ပညာရေးကျောင်း မပို့လိုကြဘူး။ ဒါပေမယ့် ကျွန်မကတော့ အစိုးရနဲ့ တွဲဖက်ဖွင့်လှစ်တဲ့ကျောင်းကို တက်ခဲ့ပါတယ်”။

    “သားများကသာ မိသားစုကို ကြည့်ရှုစောင့်ရှောက်မည့်သူများ၊ သမီးများမှာ သူတစ်ပါးထံ သွားမည့်သူများ” ဟူ၍ ၂၇ သန်းသော ပြည်သူများစွာတို့၏အမြင်အတိုင်း သူမသည် မိသားစုအတွင်း ယောက်ျားလေးများနှင့်တန်းတူ အခွင့်အရေး မရရှိသေးပေ။

    “ကျွန်မရဲ့ အစ်ကို/မောင်တွေက အလယ်အလတ်တန်း အင်္ဂလိပ်ဘော်ဒါကျောင်း သွားရတယ်။ ကျွန်မကတော့ အစိုးရကျောင်း သွားတက်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီကနေ ဘာသာရေးပညာသာမက ခေတ်ပညာကိုပါ ရရှိခဲ့တဲ့အတွက် ကျွန်မ ၀မ်းသာပါတယ်” ဟု သူမက ရှင်းပြသည်။

    သို့သော် ကောလိပ်ပညာရေးအတွက် ငွေကြေးအခက်အခဲကြုံတွေ့ရသဖြင့် ပထမနှစ်ပြီးသည့်နောက် ကျောင်းနားခဲ့ရသည်။ ပညာသင်ဆု ရလာပြီးသည့်နောက်မှာမှ နောက်ထပ် သုံးနှစ် ပြန်တက်ခဲ့ရသည်။
    “နောက်ပိုင်းမှာ Nepalgunj က တစ်ခုတည်းသော အစိုးရကောလိပ် Mahendra Multiple College မှာ ဥပဒေဘွဲ့သင်တန်းကို စာရင်းသွင်းတက်ရောက်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်”။

    ပညာသင်ကြားဆဲကာလအတွင်း ကျောင်းငယ်များ၌ စာသင်ကြားပေးခြင်း၊ ပြင်ပနည်းပြဆရာပြုလုပ်ခြင်းဖြင့် ကျောင်းစားရိတ်ကို ကိုယ်တိုင်ရှာဖွေခဲ့ရသည်။ နယ်ခံသတင်းစာများအတွက် အမျိုးသမီးနှင့်ကလေးငယ်တို့၏ ပြဿနာများဆိုင်ရာ ဆောင်းပါးများကိုလည်း အချိန်ပေးရေးသားခဲ့သေးသည်။
    ထို့နောက်ဝယ် သူမသည် မိသားစုအတွင် ပထမဆုံး ဘွဲ့ရရှိသူ၊ ၎င်းအပြင် မွတ်စ်လင်မ်လူ့အဖွဲ့အစည်း၌ ပထမဆုံးသော အမျိုးသမီးဥပဒေဘွဲ့ရှင် ဖြစ်လာခဲ့သည်။ မွတ်စ်လင်မ်တို့သည် နိုင်ငံ့လူဦးရေ၏ ၅ ရာခိုင်နှုန်းပင် မရှိသည့်အပြင် ဆင်းရဲနွမ်းပါးကာ ပညာရေးနိမ့်ပါးနေကြ၏။

    Nepalgunj ကဲ့သို့ မြို့ငယ်လေးတွင် သူမ၏ရှေ့နေအလုပ်မှာ ဘ၀ရပ်တည်ဖို့ ရုန်းကန်ရ၏။ သူမ၏ အမှုသည်အများစုက ဆင်းရဲသူဆင်းရဲသားများနှင့် အဖိနှိပ်ခံမိန်းမသားများ ဖြစ်ခဲ့၏။ မိမိ၏ကျောထောက်နောက်ခံ အနေအထားအရ ခတ္တမန္ဒူတွင် လုပ်ငန်းစတင်လုပ်ဆောင်ရန် အလွန်အမင်း ခက်ခဲလှကြောင်း၊ သို့သော် မိသားစုက တစိုက်မတ်မတ် အားပေးကူညီခဲ့ကြောင်း၊ ၎င်းနောက် နိုင်ငံတကာ NGO များ၌ ဆက်လက် အလုပ်ဝင်ခဲ့ကြောင်း သူမက ပြောပြသည်။

    ဖျန်ဖြေဖြောင်းဖျနှစ်သိမ့်ခြင်းကို ဘယ်တော့မှ မလုပ်

    သူမ၏အလုပ်မှာ တစ်စစနှင့် အသိအမှတ်ပြုခံလာရတော့သည်။ ၂၀၁၂ ခုနှစ်တွင် သမ္မတကိုယ်တိုင် ချီးမြှင့်သော လူထုအကျိုးဆောင်ဆုတံဆိပ် Suprabal Jana Sewa Shree Award ကို ရရှိခဲ့၏။ ထိုနှစ်မှာပင် နီပေါ၏ စံပြအမျိုးသမီးများနှင့် အောင်မြင်သူများကို အသိအမှတ်ပြုသော Nava Devi Award ကို ချီးမြှင့်ခံရပြန်၏။ သို့ဖြင့် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းအတွင်း ဂုဏ်ယူဖွယ်ပန်းတစ်ပွင့် ဖြစ်လာခဲ့ပေသည်။

    “ကောင်းမွန်ထိရောက်တဲ့အလုပ်ကို သူမ လုပ်ဆောင်နေတာပါ။ ပြီးတော့ လူ့အဖွဲ့အစည်းဝင်အများအပြားရဲ့ စံပြပုဂ္ဂိုလ်စာရင်းဝင်လည်း ဖြစ်နေပါတယ်” ဟု Nepalgunj မှ ဒေသခံ မော်ဝါဒီခေါင်းဆောင် Athar Hussain Faruqi က ဆိုသည်။

    အန်ဆွာရီသည် နီပေါနိုင်ငံအနှံ့ခြေဆန့်လျက် အမျိုးသမီးများ၊ ခွဲခြားချိုးနှိမ်ခံလူ့အသိုင်းအ၀ိုင်းများ၏အသံတို့ကို နားဆင်ခဲ့ပြီးဖြစ်သည်။

    “ကျွန်မရဲ့ ကျောထောက်နောက်ခံအနေအထားကနေတဆင့် အမျိုးသမီးအားလုံးကို ကိုယ်စားပြုတဲ့ မူဝါဒပိုင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ရမယ့်လူတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ကျွန်မ စဉ်းတောင်မစဉ်းမိခဲ့ဖူးဘူး”။

    မွတ်စ်လင်မ်လူ့အဖွဲ့အစည်းသည် ဖြည်းဖြည်းချင်း ဦးမော့လာမည်ဟု သူမ ယုံကြည်ထားသည်။ “အခြေခံဥပဒေသစ်မှာ မွတ်စ်လင်မ်တွေအတွက် အလုပ်အကိုင်ရေးရာဝေစုတစ်ရပ် ရစေရေး ပြဋ္ဌာန်းပေးလိုက်တဲ့အတွက် မွတ်စ်လင်မ်များအတွက် မျှော်လင့်ချက်ရောင်ခြည်သစ်တစ်ခု ဖြစ်လာစေပါတယ်”။

    အမျိုးသမီးများအား အစိုးရလုပ်ငန်း၏ ၃၃ ရာခိုင်နှုန်း၌ လျာထားပေးမည့် ဆုံးဖြတ်ချက်ကိုလည်း သူမက ထောက်ခံထားသည်။ ၎င်းအချက်အားဖြင့် လူမှုရေးနှင့် ပညာရေးတွင် အနိမ့်ဆုံးရေချိန်ရောက်နေသည့် မွတ်စ်လင်မ်အမျိုးသမီးများအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု သူမက ယုံကြည်ထားသည်။

    “ကျွန်မက ငြိမ်ခံနောက်တွန့်နေလေ့ရှိသူမျိုး မဟုတ်တဲ့အပြင် တရားမျှတမှုကို ယုံကြည်တဲ့အတွက်ကြောင့် ဖျန်ဖြေဖြောင်းဖျနှစ်သိမ့်ခြင်းကို ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ ခြိမ်းခြောက်မှု အများအပြားကို ရင်ဆိုင်နေရပေမယ့်လည်း ကရုမစိုက်ဘဲ ရှေ့ဆက်သွားပါမယ်”။

    အန်ဆွာရီကတော့ မိမိယုံကြည်ရာအတိုင်း ဆက်လက်တိုက်ပွဲဝင်ပေဦးမည်။

    (Source: Al Jazeera’s “Meet Mohna Ansari: Nepal’s first female Muslim lawyer” written by Saif Khalid.)
    ဘာသာပြန် – မင်းထွဋ်ခေါင်

  • Large Blue ခူကောင်တို့၏ မာယာ

    Large Blue ခူကောင်တို့၏ မာယာ

    ဧပြီ ၁၃ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    Large Blue
    အင်္ဂလန်က Large Blue Butterfly ( Maculinea arion) လိပ်ပြာမတွေဟာ သူတို့ရဲ့ ဥတွေကို စမုံဖြူပင် (Thyme Plant) တွေပေါ် ဥဥချတယ်။ ဆိုတော့ ဥကပေါက်လာတဲ့ လိပ်ပြာသားလောင်း ခူကောင်တွေဟာ စမုံဖြူပန်းတွေကို စားတယ်။ ဒီလိုနဲ့ ကာလတစ်ခုကြာလာပြီဆိုရင် သူတို့ဟာ Myrmica ပုရွက်ဆိတ်တွေကို စားတယ်။ တိတိကျကျ ပြောရရင် သူတို့ဟာ ပုရွက်ဆိတ်ဟန်ဆောင်ပြီး ပုရွက်ဆိတ်တွေကို စားတာ။

    ညမှောင်ပျိုးစအချိန်မှာ ခူကောင်တွေဟာ အပင်ပေါ်ကနေ လှိမ့်ချလိုက်တယ်။ Myrmica ပုရွက်ဆိတ်တွေအလာကို စောင့်နေတာ။ ပုရွက်ဆိတ်တွေလာပြီဆိုရင် ဒီခူကောင်တွေအတွက် ဂွင်တည့်သွားပြီ။ သူတို့ဟာ ပုရွက်ဆိတ်တစ်ကောင်ရဲ့ ကိုယ်ဟန်အနေအထား (Posture) အဖြစ် ပြောင်းလိုက်ပြီး သူတို့ဟာ ပုရွက်ဆိတ်တွေဖြစ်ကြောင်း ပုရွက်ဆိတ်အစစ်တွေကို ယုံကြည်စေတယ် ။

    ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်မှာပါဝင်တဲ့ ဝတ်ရည်ထုတ်အင်္ဂါ (Nectary Organ) တွေကနေ ဝတ်ရည်ချိုတွေ ထုတ်ပြီး ပုရွက်ဆိတ်တွေကို တစ်နာရီကျော်ကျော် ကြာအောင် တိုက်ကျွေးပြန်လေရဲ့ ။ဆိုတော့ ပုရွက်ဆိတ်တွေက ယုံကြည်သွားပြီး ဒီခူကောင်တွေကို သူတို့အသိုက်ဆီ ခေါ်သွားတော့တာပဲ ။

    ပုရွက်ဆိတ်အသိုက်ထဲ ရောက်လာတဲ့ ဒီခူကောင်တွေဟာ ပုရွက်ဆိတ်တွေကို ၉လ ၁၀လကြာအောင် လိမ်လည်ထားတယ်။ သူတို့ ဒီလောက်ကြာအောင် ဘယ်လိုနည်းပညာသုံးပြီး လိမ်လည်ထားနိုင်ပါလိမ့်။

    အသံ နဲ့၊ ဟုတ်တယ်၊ အသံနဲ့ လိမ်လည်ထားတာ။ ဘာအသံလဲ သိလား။ ပုရွက်ဆိတ်ဘုရင်မရဲ့ အသံ။ ဟုတ်တယ်၊ သူတို့တွေဟာ ပုရွက်ဆိတ်ဘုရင်မတွေ အသုံးပြုလေ့ရှိတဲ့ အသံကို တုပ အသံပြုပြီး ပုရွက်ဆိတ်တွေကို လိမ်လည်ထားတယ်။

    ပုရွက်ဆိတ်သိုက်ထဲမှာ အဲဒီခူကောင်တွေဟာ လိပ်ပြာမဖြစ်တစ်ဖြစ်အရွယ် (Pupal Stage) တိုင်အောင် ၉လ-၁၀လ တိုင်တိုင် နေပြီး ပုရွက်ဆိတ်သားလောင်းလေးတွေကို စားသောက်နေတာ ။ ခူကောင်တစ်ကောင်ကို ပုရွက်ဆိတ်သားလောင်း ၂၃၀ ခန့်ထိ ပေါ့။

    သူတို့တွေဟာ လိပ်ပြာအဖြစ် အရွယ်ရောက်လာပြီဆိုတာနဲ့ ပုရွက်ဆိတ်တွေ မရိပ်မိအောင် အသိုက်ကနေ ချက်ချင်းထွက်ခွါသွားတော့တာပဲ။

    ( The Insects: An Outline of Entomology By P. J. Gullan and P. S. Cranston , Pg. 17 )

    တကယ်ပဲ ဖြစ်ရပ်မှန်တွေဟာ ပုံပြင်တွေထက် ပိုဆန်းကျယ်နေလေရဲ့။

  • စိတ်ကူးထဲက အိမ်ကလေး

    စိတ်ကူးထဲက အိမ်ကလေး

    ဧပြီ ၁၁ ၊ ၂၀၁၆
    M-Media
    နှင်းဆီခင် ရေးသည်။
    drean house
    ဘဝမှာ အရေးကြီးဆုံး၊ အဓိကကျဆုံး အရာတွေထဲမှာ စားဝတ်နေရေးဆိုတာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ ရှင်သန်ဖို့အတွက် မဖြစ်မနေစားသောက်ကြရသလို ရာသီဥတုဒဏ်နဲ့ လုံခြုံနွေးထွေးမှုအတွက် ဝတ်စားဆင်ယင်ဖို့ကလည်း လိုအပ်ပြန်တယ်။ ဒါပြင် အမိုးအကာအောက်မှာ လုံခြုံစိတ်ချစွာ နေထိုင်ဖို့အတွက် မှီတင်းနေထိုင်စရာဆိုတာကလည်း မလွဲမသွေလိုအပ်ပြန်တယ်။

    အမိုးအကာသာမက လူတစ်ယောက်အတွက် လိုအပ်ချက်တွေပြည့်စုံတဲ့ အိမ်ကလေးတစ်အိမ်ဆိုတာ မိသားစုနားခိုရာလေး တစ်ခုလို့ ပြောရမှာပါ။ မြို့ပြကြီးတွေမှာရှိတဲ့ ခြံဝင်းကျယ်ကျယ်နဲ့ လုံးချင်းတိုက်တွေ၊ အိမ်ခန်းတွေ အများကြီးပါပြီး လူဦးရေထူထပ်တဲ့ တိုက်တန်းလျားတွေအပြင် ကျေးလက်ဒေသနဲ့ ဆင်ခြေဖုံးဒေသက ပျဉ်ထောင်အိမ်တွေ အားလုံးလုံးဟာ နားခိုစရာ အရိပ်အာဝါသတွေချည်းပဲပေါ့။

    တစ်ခုရှိတာက မိသားစု၊ အိမ်ထောင်စုတွေ အတူပူးပေါင်းနေထိုင်ကြသူတွေက သီးသန့်နေစရာလေးကို တောင့်တောင့်တတဖြစ်ကြသလို ဌားရမ်းနေထိုင်သူတွေကလည်း အခန်းပိုင်လေး ပိုင်ဆိုင်ချင်ကြပြန်တယ်။ ဒီလိုပါပဲ တိုက်ခန်းကျဉ်းကျဉ်းလေးမှာ နေကြသူတွေက တိုက်ခန်းကျယ်ကျယ်ကြီး ဒါမှမဟုတ် လုံးချင်းအိမ်မျိုးကို မျှော်လင့်ကြပြန်ရော။ ပျဉ်ထောင်အိမ်ငယ်လေးမှာ နေသူကလည်း တိုက်တာအဆောက်အအုံကို တမ်းတမိတာမျိုး ရှိသလိုပါပဲ။ လူတစ်ကိုယ် စိတ်ကူးတစ်မျိုးစီရှိတတ်တာ သဘာဝပဲပေါ့။

    တချို့ကတော့ ကိုယ့်ရင်ထဲက စိတ်ကူးတွေကို အကောင်အထည်ဖော်ခွင့် ရကြတယ်။ အဲ့ဒီလိုရအောင်လည်း မနားမနေ ကြိုးစားကြတယ်။ တချို့ကျပြန်တော့ အားသွန်ခွန်စိုက် ကြိုးပမ်းစရာ သိပ်မလိုဘဲ အခြေအနေကပေးလာတာမို့ စိတ်ကူးအိမ်မက်ကို အကောင်အထည်ဖော်နိုင်သည်ပဲပေါ့။

    ဂျွန်နဲ့စင်သီတာတို့ဟာ ချစ်သူဘဝကတည်းက သူတို့ရဲ့ အနာဂတ်ဘဝကို လှပတဲ့အိမ်မက်တွေ မက်ခဲ့ကြတယ်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူဘဝတိုင်းမှာ နေ့ရက်တိုင်းဟာ အပျော်လေးတွေနဲ့ချည်း အဆုံးသတ်ခဲ့တယ်။ ကျောင်းပြီးတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ ဘဝရောက်အောင် နှစ်အတော်ကြာကြာလေး အချိန်ယူခဲ့ကြပြီးမှ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့ကြတယ်။

    ဂျွန်ကစာနယ်ဇင်းသမားတစ်ဦးဖြစ်သလို စင်သီတာကလည်း စာကြည့်တိုက်မှူးမို့ အလုပ်တာဝန်တွေကြားမှာ ခေါင်းမဖော်နိုင်ခဲ့ဘူး။ အိမ်ထောင်ဦးမှာ သူတို့လက်လှမ်းမှီသလောက် နေနိုင်ခဲ့တာကတော့ တိုက်ခန်းကျဉ်းကျဉ်းလေးတစ်ခန်းပါပဲ။ အထပ်မြင့်အဆောက်အုံ တန်းလျားကြီးဆိုတော့  အိမ်နီးချင်းအခန်းတွေက အများကြီးမှ အများကြီး။

    အိမ်ထောင်ပရိဘောဂ နည်းနည်းပါးပါးနဲ့ ပြောင်းလာကြတဲ့ သူတို့ဇနီးမောင်နှံကို အိမ်နီးချင်းအခန်းတွေမှာ နေထိုင်ကြ သူတွေက ပြတင်းပေါက်တွေကနေ စူးစမ်းကြည့်တယ်။

    “မောင်ရယ် ကြည့်စမ်းပါဦး။ အခန်းတိုင်းလိုလိုက ထွက်ကြည့်နေလိုက်ကြတာ၊ ကျွန်မ မနေတတ်တော့ဘူး။ ရှေ့ဆက် ဘယ်လိုစခန်းသွားရမလဲဆိုတာ မတွေးတတ်တော့ဘူး” လို့ စင်သီယာက မျက်နှာငယ်လေးနဲ့ ပြောလာတယ်။

    “အားငယ်တတ်လိုက်တာ အချစ်ရယ်၊ မောင်တစ်ယောက်လုံး ရှိနေမှာပဲဟာ ဘာကိုစိုးရိမ်စရာရှိလို့လဲ။ ဘာပဲဖြစ်ဖြစ် မောင်တို့နှစ်ယောက်တည်းနဲ့ ဘဝတစ်ခုကို စနိုင်ခဲ့တာကိုပဲ ဂုဏ်ယူစမ်းပါကွာ” လို့ အားပေးရင်း ဇနီးသည်ရဲ့ လက်အစုံကို တင်းတင်းဆုပ်ရင်း ဂျွန်က အားပေးခဲ့တယ်။ တကယ်တမ်း နေလာတော့လည်း အခက်အခဲ သိပ်ပြီးမရှိလှပါဘူး။ အခက်အခဲမရှိဆို မိုးလင်းကတည်းက နှစ်ယောက်စလုံး အိမ်ကထွက်သွားလိုက်ကြတာ ညနေစောင်းမှ အိမ်ကိုပြန်ရောက်ကြတာကိုး။

    တစ်ခုတော့ ရှိတာပေါ့။ ကပ်လျက်အခန်းက အိမ်နီးချင်းတွေလို သူတို့ကို ချောင်းမြောင်းကြည့်ရင်း စကားတင်းဆိုကြတာမျိုး။ အထူးသဖြင့် အသက်ခပ်လတ်လတ်နှင့် အသက်ကြီးကြီးမိန်းမတွေ။ တစ်ခါတစ်လေကျတော့လည်း စင်သီယာကို ရယ်ပြပြုံးပြ နှုတ်ဆက်တာမျိုးတွေ ရှိပါတယ်။ ဂျွန်ကတော့ မိုးကြီးချုပ်မှ ပြန်ရောက်လေ့ရှိတာမို့ ပတ်ဝန်းကျင်နဲ့ အဆက်ပြတ်သလို ဖြစ်နေတယ်။

    “မောင်ရေ တစ်နေ့နေ့ တစ်ချိန်ချိန်မှာပေါ့။ ဆင်ခြေဖုံးတစ်နေရာရာမှာ သဘာဝအလှအပတွေ ခံစားနိုင်တဲ့ အိမ်ကလေးတစ်လုံးမှာ နေကြရအောင်နော်။  အခုအိမ်ခန်းကိုကြည့်ပါဦး။ ထင်ရူးသေတ္တာတစ်လုံးကို အပေါက်တွေဖောက်ထားသလိုမျိုး။ အိပ်ခန်းရော ဧည့်ခန်းပါ လေးထောင့်စပ်စပ်ကြီးတွေ။ နံရံကြီးတွေကလည်း မှုန်မှိုင်းနေလိုက်တာ။ ရှိသေးတယ်။ ပတ်ဝန်းကျင်က ကလေးလေးတွေ စည်းမရှိ ကမ်းမရှိ ဆော့ကစားနေကြဖို့ပဲ သိတယ်။ ကျွန်မတို့မှာ ကလေးတွေရလာရင် ဒီလိုပတ်ဝန်းကျင်နဲ့ ခက်ရချည်သေးရဲ့ မောင်ရယ်” လို့ စင်သီယာကညည်းတော့

    “အချစ်ရယ် မောင်တို့ရဲ့ အိမ်မက်လေးကို အကောင်အထည်ဖော်နိုင်ဖို့ အချိန်ယူရမယ်လေ။  မောင့်အလုပ်ရှင်က လက်ရှိတာဝန်ထက်ပိုမြင့်တဲ့ ရာထူးကေးပးဖို့ ကတိပေးထားတာက အချစ်သိထားတာပဲ။ လောလောဆယ်တော့ သည်းခံပြီး နေကြရအောင်ပါကွာ” ဆိုတဲ့ ဂျွန်ရဲ့အားပေးနှစ်သိမ့်တာကြောင့် စင်သီယာ စိတ်ကိုဖြေခဲ့ရတယ်။

    အိမ်ထောင်သက် ငါးနှစ်လောက်အကြာမှာတော့ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက် (အမြွာ) ထွန်းကားခဲ့တယ်။ ကလေးတွေရလာလို့မှ မကြာသေးဘူး။ ဂျွန်ကနိုင်ငံခြားရပ်မှာ ရာထူးတိုးမြှင့်ထမ်းဆောင်ဖို့ ဖြစ်လာတယ်။ သူတို့ရဲ့ ကံကြမ္မာအလှည့်အပြောင်းလို့ ဆိုရမယ်။ စင်သီယာကလည်း အလုပ်ကထွက်ပြီး ကလေးတွေကိုပြုစုသလို ဂျွန်ကလည်း အလုပ်ကျွမ်းကျင်တာကြောင့် စီးပွားရေးက တစ်ဟုန်တိုးတက်လာတယ်။ ဂျွန်ကဖုန်းဆက်တဲ့အခါတိုင်း
    “အချစ်ရေ မောင်တို့ အနာဂတ်ဟာ လှပတော့မှာပါ။ မဝေးတော့ပါဘူး။ တို့ရဲ့ စိတ်ကူးထဲက အိမ်ကလေးလည်း ရေးရေးပေါ်လာပါပြီကွာ” တဲ့။

    ငါးနှစ်လောက်အကြာမှာ ဂျွန်ဟာမိသားစုဆီ ပြန်လာခဲ့တယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်နိုင်လောက်အောင် ငွေကြေးကပြည့်စုံလာပြီလေ။ တစ်နှစ် နှစ်နှစ်လောက်အတွင်းမှာ သူတို့ရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ဖြစ်လာတယ်။

    ရောင်းရန် လို့ကြေငြာထားတဲ့ အိမ်ကလေးကို ဂျွန်တို့မိသားစုသွားကြည့်ကြမဲ့နေ့ဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ နေ့ တစ်နေ့ပါပဲ။ အိမ်ကလေးက ဆင်ဖြေဖုံးဒေသမှာ။ သူတို့နေတဲ့ တိုက်ခန်းကဆိုရင် တစ်နာရီလောက်မောင်းရတယ်။ အိမ်နားကိုရောက်တော့
    “မောင်ရယ် ကြည့်ပါဦး။ လှလိုက်တဲ့ အိမ်ကလေး။ အုတ်တိုက်နီနီ ရဲရဲကလေး။ အပေါ်ထပ်၊ အောက်ထပ်မှာ အခန်းတွေကလည်း အများကြီး။ ခြံကလည်း ကျယ်မှကျယ်။ ကလေးတွေ ဘယ်လောက်များ လွတ်လွတ်လပ်လပ် ကစားလို့ကောင်းကြမလဲနော်။ ဒါတင်ဘယ်ကမလဲ ဟိုးမှာကြည့်လိုက်စမ်း၊  စမ်းချောင်းလေး။ မောင်တို့အိမ်အနောက်ဘက်ထိ စီးဆင်းနေတာတောင်ရှိသေး။ အင်း မောင်တို့ လှေလှော်သွားရင်း သီချင်းတွေ ညည်းကြရအောင်ကွာ”။

    ကလေးနှစ်ယောက်က လှေနားကို အပြေးသွားကြတယ်။ လှေပေါ်တက်မယ်လုပ်တော့ အိမ်လိုက်ပြတဲ့ အရောင်းကိုယ်စားလှယ်က လှမ်းပြောတယ်။
    “နေကြဦး၊ လှေဝမ်းမှာ အပေါက်တစ်ပေါက်ရှိတယ်။ ရေစိမ့်ဝင်လိမ့်မယ်။ နောက်မှ ဖာထေးပြီး စီးကြတာပေါ့” ဆိုလို့ လှေပေါ်မတက်ကြတော့ဘူး။

    “အခုမှ သဘာဝအလှတွေ တကယ်ခံစားလို့ရတာ အမှန်ပဲမောင်။ အသက်ဝဝရူ၊ လွတ်လွတ်လပ်လပ်နေ၊ စိတ်ရူပ်စရာ အိမ်နီးချင်းတွေလည်း မရှိဘူး။ ခြံတစ်ခြံဆီက အဝေးကြီးရယ်။ ဒီလောက်အဆင်ပြေတဲ့အိမ်မျိုး ဒီတစ်သက်မှာ တွေ့မယ်မထင်ဘူးနော်။”

    “ဒါဆိုရင် မောင်တို့ဝယ်လိုက်ကြရအောင်” ဆိုပြီး တစ်ပတ်အတွင်းမှာပဲ အိမ်ကလေးကို ဝယ်ဖြစ်သွားခဲ့တယ်။ အိမ်ပြောင်းတဲ့နေ့ကဆိုရင် အခန်းတိုင်းလိုလို ပြတင်းပေါက်တွေဖွင့်ပြီး စူးစမ်းကြသေးတယ်။ စင်သီယာကတော့ ရင်ကော့လို့ ထွက်သွားလိုက်မယ်။ ဘယ်သူ့မှ မှုမနေပါဘူးဆိုတဲ့ အတွေးမျိုးကို တွေးထားတယ်။

    အိမ်အသစ်ကလေးမှာ ပစ္စည်းတွေကိုနေရာချ၊ လှည်းကျင်းပြင်ဆင်လိုက်ကြတာ မိသားစုတွေ ပင်ပန်းသွားကြပေမယ့် တက်ကြွပျော်ရွှင်နေကြတယ်။ သာယာတဲ့နွေဦးရာသီဆိုတော့ မြင်မြင်သမျှဟာ သာယာလှပနေတယ်။ ခြံထဲမှာ ပန်းပင်မျိုးစုံသာမက မိုးမခပင်တွေပါ စိုက်ကြတယ်။ လှေကလေးကိုလည်း ဖာထေးပြီးပြီမို့ မိသားစု ပျော်ပျော်ပါးပါး လှေလှော်ထွက်နိုင်ကြပီလေ။ မြို့ကိုသွားဖို့ဆိုလည်း လွယ်မှလွယ်၊ အိမ်မှာက ကားကောင်းကောင်းနှစ်စီးထားနိုင်တာကိုး။ မျှော်လင့်ထားသမျှ အကောင်အထည်ပေါ်လာတော့လည်း ရင်ထဲကအပျော်တွေကို နှိုင်းပြလို့မရအောင် ပျော်ခဲ့ကြသည်ပဲပေါ့။

    ဒါပေမယ့် သူတို့ရဲ့အပျော်တွေဟာ လေထန်တဲ့မိုးရာသီမှာ အဆုံးသတ်ခဲ့ရတယ်လို့ ပြောရမယ်။ နွေဦးတုန်းက အသံသာသာလေးနဲ့ ငြိမ့်ငြိမ့်လေးစီးနေတဲ့ ချောင်းရေအလျဉ်ဟာ အခုတော့ မကောင်းဆိုးဝါး တစ်ကောင်ရဲ့  အော်သံကြီးလို မြည်ဟည်းပြီး တဝေါဝေါ စီးနေတယ်။ ရေစီးသန်ရုံမကဘူး။ ရေတွေက ကမ်းပါးကို လျှံလာတဲ့အခါ သူတို့ရဲ့ မီးဖိုခန်းကနေစပြီး ရေတွေဝင်လာစပြုပြီပေါ့။ စမ်းချောင်းရဲ့ကမ်ပါးမှာ မေးတင်ဆောက်ထားတဲ့ အိမ်ကလေးဟာ ရာသီဥတုဒဏ်ကို အလူးအလဲခံနေရတယ်။ မိသားစုအားလုံး အပေါ်ထပ်မှာပဲ နေကြရတယ်။ အောက်ထပ် တစ်ထပ်လုံးက  ရေနဲ့ဖွေးဖွေး ဖြစ်နေတာကိုး။

    ဇနီးမောင်နှံနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သက်ပြင်းချရုံကလွဲလို့ မလွယ်ဘူး။ ဟုတ်ပါတယ်။ မောင်လည်း စဉ်းစားမိပါတယ်။ ကဲ မြို့မှာ တိုက်ခန်းတစ်ခန်းခန်းကို အမြန်ဆုံးဝယ်ပြီး ပြောင်းကြမှ ဖြစ်တော့မယ်။

    ဂျွန်က သူ့အကြံအစည်ကို အကောင်အထည်ဖော်လိုက်တယ်။ သိပ်ပြီး သာယာလှပခဲ့တဲ့ ဒီအိမ်လေးနဲ့  ပတ်ဝန်းကျင်ကို မကြည့်ချင်၊ မကြည့်ရဲလောက်အောင် ဖြစ်ခဲ့ရတယ်။

    ဒီတစ်ခေါက်တိုက်ခန်း အရင်နဲ့စာရင် တော်တော်လေးကျယ်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ အိမ်နီးချင်းတွေတော့ နည်းနည်းပါးပါး ရှိတာပေါ့။ သူတို့မိသားစုပြောင်းလာတော့ သာမန်လောက်ပဲ စပ်စုကြပါတယ်။

    “အချစ်ရေ ကိုယ်နေတဲ့နေရာလေးမှာ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင်နေဖို့ပဲ အရေးကြီးပါတယ်ကွာ။ လူသူဝေးတဲ့ သဘာဝအလှဆိုတာ အမြဲတမ်းရှိနေတတ်တာ  မဟုတ်ဘူးဆိုတာ မောင်တို့နားလည်ထားရမယ်” ဆိုတော့ စင်သီယာက သဘောတူခေါင်းညိတ်ရင်း ဂျွန်ရဲ့စကားကို ထောက်ခံလိုက်တယ်။

    စမ်းချောင်းနားက အိမ်ကလေးကတော့ ထီးထီးကြီး ကျန်နေခဲ့တယ်။ အိမ်ဝမှာ ဆိုင်းဘုတ်ချိတ်ထားခဲ့တယ်။ “ရောင်းရန်” လို့။

    နှင်းဆီခင်