News @ M-Media

Tag: Afghanistan

  • ၂၀၁၅ ခုနှစ်တွင် အာဖဂန်ပြည်သူများ ထိခိုက်သေဆုံးမှု စံချိန်တင်ပမာဏဖြစ်ခဲ့

    ၂၀၁၅ ခုနှစ်တွင် အာဖဂန်ပြည်သူများ ထိခိုက်သေဆုံးမှု စံချိန်တင်ပမာဏဖြစ်ခဲ့

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
    M-Media

    afghan

    – အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၁၅ ခုနှစ်အတွင်း တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူအရေအတွက်ဟာ ၁၁၀၀၀ ကျော်ခဲ့ပြီး အမေရိကန်ရဲ့ ကျူးကျော်တိုက်ခိုက်မှု ၁၄ နှစ်တာကာလအတွင်းမှာ တစ်နှစ်တာအမြင့်ဆုံး အရပ်သားသေဆုံးမှု ဖြစ်ခဲ့ပါတယ်။

    ယမန်နေ့က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ နှစ်ပတ်လည်အစီရင်ခံစာထဲမှာ ပြီးခဲ့တဲ့နှစ်အတွင်း အာဖဂန်ပြည်သူ ၃၅၄၅ ဦး သေဆုံးခဲ့ပြီး ၇၄၅၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အာဖဂန်တပ်တွေဟာ တာလီဘန်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပြီး သေဆုံးသူအများစုဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။

    ၂၀၁၅ ခုနှစ်အတွင်း အာဖဂန်ပြည်သူတွေ ထိခိုက်သေဆုံးမှုဟာ ယခင်အမြင့်ဆုံးမှတ်တမ်းဖြစ်တဲ့ ၂၀၁၄ ခုနှစ်ထက်ကို ၄ ရာခိုင်နှုန်း ပိုများခဲ့ပါတယ်။

    အာဖဂန်က စစ်ဘေးဒဏ်ကြောင့် သေဆုံးဒဏ်ရာရသူ လေးယောက်အနက် တစ်ယောက်ဟာ ကလေးငယ်ဖြစ်နေပြီး ဆယ်ယောက်မှာ တစ်ယောက်က အမျိုးသမီးဖြစ်နေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ အာဖဂန်ဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် နီကိုးလပ်စ် ဟေးဆမ်ကတော့ ထွက်ပေါ်လာတဲ့ကိန်းဂဏန်းတွေဟာ လက်ခံနိုင်စရာမကောင်းတဲ့ ကိန်းဂဏန်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ထိခိုက်သေဆုံးခဲ့တဲ့ အာဖဂန်ပြည်သူ ၆၂ ရာခိုင်နှုန်းလောက်ဟာ အစိုးရဆန့်ကျင်ရေးအုပ်စုတွေရဲ့ လက်ချက်ကြောင့်ဖြစ်ပြီး ၁၇ ရာခိုင်နှုန်းလောက်က အာဖဂန်အစိုးရတပ်တွေကြောင့် သေဆုံးဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    “ပြီးခဲ့တဲ့နှစ်က ကလေးအရေအတွက်ပေါင်းများစွာဟာ တိုက်ခိုက်သတ်ဖြတ် ခံခဲ့ရပါတယ်။ တစ်ချို့ကလေးငယ်တွေဟာ သူတို့ရဲ့မိဘတွေကို ရှာမတွေ့ကြတော့ပါဘူး။ သေဆုံးသူ ၁၀ ယောက်မှာ အမျိုးသမီးတစ်ယောက်လောက် ပါနေပါတယ်” လို့ အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ လူအခွင့်အရေးဒါရိုက်တာ ဒန်နီယဲလီ ဘဲလ်က ပြောကြားခဲ့ပါတယ်။

    တာလီဘန်နဲ့ တခြားသော လက်နက်ကိုင်အဖွဲ့တွေဟာ အစိုးရတပ်တွေနဲ့ ပြည်ပတပ်တွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တဲ့အတွက် အာဖဂန်မြောက်ပိုင်းနဲ့ တောင်ပိုင်းနေပြည်သူတွေဟာ အထူး ထိခိုက်ခံစားရသူတွေ ဖြစ်နေတယ်လို့ အသတင်းတွေက ဖော်ပြကြပါတယ်။

    ပြီးခဲ့တဲ့နှစ်အနည်းငယ်က အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေ ဆုတ်ခွာခဲ့ပြီးနောက်မှာ အာဖဂန်စစ်တပ်နဲ့ ရဲတွေဟာ အစိုးရဆန့်ကျင်တိုက်ခိုက်ရေးသမားတွေရဲ့ မြင့်တက်လာတဲ့ ထိုးနှက်တိုက်ခိုက်မှုတွေကို တွန်းလှန်ဖို့ ရုန်းကန်နေရပါတယ်။

    Ref : Al-jazeera

  • ၁၁ နှစ်ကြာပြီးနောက် အာဖဂန်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် ဖြစ်လာ

    ၁၁ နှစ်ကြာပြီးနောက် အာဖဂန်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် ဖြစ်လာ

    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    afa

    – ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO ၏ ၁၀ ကြိမ်မြောက်ညီလာခံတွင် အာဖဂန်နစ္စတန်ကို အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် အတည်ပြုခဲ့သည်ဟု သိရသည်။

    အာဖဂန်နစ္စတန်မှာ ၁၁ နှစ်ကြာညှိနှိုင်းဆွေးနွေးမှုများအပြီးတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ၁၆၄ ခုမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီး ၃၆ ခုမြောက် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံလည်း ဖြစ်လာခဲ့သည်။

    “ကျွန်တော်တို့အနေနဲ့ ဆင်းရဲမွဲတေမှုကို လျော့ပါးစေဖို့အတွက် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးကို ဖော်ဆောင်ဖို့ကတိပြုခဲ့ပြီး၊ တည်ငြိမ်အေးချမ်းမှုကို ကြာရှည်စွာထိန်းသိမ်းထားမယ်လို့လည်း ကတိပြုခဲ့တဲ့အတွက် ယနေ့ဟာဆိုရင် အာဖဂန်နစ္စတန်ရဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ပါတယ်” ဟု အာဖဂန်၏ လက်ထောက်ညွှန်ချုပ် မိုဟာမက်ခန်းက အောင်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

    ကုန်းတွင်းပိတ်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော အာဖဂန်နစ္စတန်၏ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ခြင်းမှာ ပဋိပက္ခအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၌ အကျိုးဖြစ်ထွန်းစေမည်ဟု မျှော်လင့်ရသည်။

    “ပြီးခဲ့တဲ့ ၁၀ နှစ်မှာ ကျွန်တော်တို့နိုင်ငံကို တည်ဆောက်ဖို့၊ ပညာရေးအသင်းအဖွဲ့တွေ ပေါ်ထွန်းလာဖို့နဲ့ ပုဂ္ဂလိကအခန်းကဏ္ဍတွေအတွက် အာရုံစိုက် လုပ်ဆောင်ခဲ့ပါတယ်။ ကမ္ဘာရေးကုန်သွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ အာဖဂန်နစ္စတန်နိုင်ငံကို နည်းပညာစွမ်းရည်တွေ ထောက်ပံ့ပေးဖို့အတွက်လည်း နိုင်ငံတကာအဖွဲ့အစည်းတွေကို တောင်းဆိုခဲ့ပါတယ်” ဟု ခန်းက ထည့်သွင်းပြောကြားခဲ့သည်။

    ၎င်းက ဆက်လက်၍ စွမ်းအင်လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အုံလုပ်ငန်းများ အပါအ၀င် စီးပွားရေးအချက်အခြာကျသည့် လုပ်ငန်းကြီးများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်စေရန် တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲမှုများကိုလည်း အရှိန်မြှင့်လုပ်ဆောင်ထားသည်ဟု ဆိုသည်။

    “ပိုမိုကြီးကျယ်တဲ့ ဘဏ္ဍာရေးမူဝါဒတွချမှတ်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နိုင်ဖို့နဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ သဘောတူညီခဲ့ပါတယ်”

    Ref: Xinhua

  • အာဖဂန်-ပါကစ္စတန်ငလျင် သေဆုံးသူ ၃၀၀ ကျော်ပြီ

    အာဖဂန်-ပါကစ္စတန်ငလျင် သေဆုံးသူ ၃၀၀ ကျော်ပြီ

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    paki

    – ယမန်နေ့ ညနေပိုင်းက အာဖဂန်နှင့် ပါကစ္စတန်မြောက်ပိုင်းတို့တွင် လှုပ်ခတ်သွားခဲ့သည့် မြေငလျင်ကြောင့် သေဆုံးသူမှာ ၃၃၅ ဦး ရှိလာခဲ့ပြီး တောင်တန်းများထူထပ်သည့် အဆိုပါဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းများမှာ အခက်အခဲတစ်ချို့ ရှိနေသည်။

    ပြင်းအား ၇.၅ မဂ္ဂနီကျုရှိသည့် အဆိုပါ ငလျင်ပြီးနောက် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်ခဲ့သောကြောင့် ပြည်သူများမှာ ကြောက်ရွံ့ထိတ်လန့်ကာ ၎င်းတို့၏ နေအိမ်များသို့ မပြန်ဝံ့ကြဘဲ ရေခဲအမှတ်နားအထိ နီးအောင် အေးခဲသော ရာသီဥတုကို အန်တုကာ အိမ်အပြင်တွင်သာ နေထိုင်နေကြသည်။

    ပါကစ္စတန်ကမူ ငလျင်ဒဏ်ခံဒေသများသို့ စစ်တပ်နှင့် အရပ်သား ကယ်ဆယ်ရေးလုပ်သားများကို စေလွှတ်ထားပြီး သေဆုံးသူမှာ ပါကစ္စတန်တွင် ၂၅၃ ဦးရှိကာ၊ အာဖဂန်တွင် အနည်းဆုံး ၈၂ ဦးရှိနေသည်။ ထို့ပြင် ဒဏ်ရာရသူများမှာ ၂၀၀၀ ကျော်ရှိကာ၊ အဆောက်အဦးများ ပြိုကျပျက်ဆီးမှုလည်း များပြားသည်။

    Ref: Aljazeera

  • တောင်အာရှငလျင် သေဆုံးသူ ၄၀ ခန့်ရှိနေပြီး ထပ်မံမြင့်တက်လာနိုင်

    တောင်အာရှငလျင် သေဆုံးသူ ၄၀ ခန့်ရှိနေပြီး ထပ်မံမြင့်တက်လာနိုင်

    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media

    afg

    – အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းကို ဗဟိုပြု၍ ပြင်းအား ၇.၅ မဂ္ဂနီကျုရှိ မြေငလျင်တစ်ခု ယနေ့ညနေပိုင်းက လှုပ်ခတ်သွားခဲ့ပြီး၊ အိန္ဒိယနှင့် ပါကစ္စတန်တို့ပါ အဆိုပါ မြေငလျင်ဒဏ်ကို ခံစားခဲ့ရသည်။

    ကနဦးရရှိသော သတင်းများအရ အာဖဂန်မှ တက်ခ်ဟာရ်ပြည်နယ်ရှိ မိန်းကလေးစာသင်ကျောင်းတွင် အနည်းဆုံး ကျောင်းသား ၁၂ ဦးသေဆုံးခဲ့ကာ၊ ဆွက်တောင်ကြား၊ အာဖဂန်နှင့် ပါကစ္စတန်နယ်စပ်တို့တွင်လည်း အသေအပျောက်များ ရှိနေပြီး လက်ရှိအချိန်အထိ စုစုပေါင်း ၄၀ ကျော် သေဆုံးသည်ဟု သိရသည်။

    ထို့ပြင် အာဖဂန်မြောက်ပိုင်းတွင် အဆောက်အဦးများ ဆိုးဆိုးဝါးဝါးပျက်ဆီးခဲ့ပြီး သေဆုံးသူအရေအတွက်မှာလည်း မြင့်တက်လာဖွယ် ရှိနေသည်။ ငလျင်ဒဏ်ကို အာဖဂန် မြို့တော် ကဘူးလ်၊ အိန္ဒိယမြို့တော် နယူးဒေလီနှင့် ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်တို့အထိ ခံစားခဲ့ရပြီး ပြည်သူများမှာ လမ်းမများပေါ်သို့ အလျင်အမြန် ထွက်ပြေးခဲ့ကြသည်။

    အဆိုပါငလျင်ပြီးနောက် နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အာဖဂန်အစိုးရမှာ ကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် စတင်လုပ်ဆောင်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    Ref: Aljazeera

  • အာဖဂန်မှဆုတ်ခွာရေး အမေရိကန် ထပ်မံရွှေ့ဆိုင်း

    အာဖဂန်မှဆုတ်ခွာရေး အမေရိကန် ထပ်မံရွှေ့ဆိုင်း

    အောက်တိုဘာ ၁၅၊ ၂၀၁၅
    M-Media

    us

    – အာဖဂန်မှ ယခုနှစ်အကုန်တွင် ကန်စစ်သားများ လျော့ချမည့်အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီး ယခုရှိနေသည့် အရေအတွက် ၉၈၀၀ အတိုင်းသာ လာမည့်နှစ်ကုန်အထိ ထားရှိရန် အမေရိကန်က ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

    ယခု ဆုံးဖြတ်ချက်မှာ ၁၄ နှစ်တာကြာမြင့်နေသည့် ကျူးကျော်စစ်ပွဲအား အဆုံးသတ်ရေးအတွက် အမေရိကန်အစိုးရက ဒုတိအကြိမ် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။ ယခင်က ၂၀၁၅ အကုန်တွင် အာဖဂန်၌ စစ်သား ၅၅၀၀ ထားရှိပြီး နောက်ပိုင်းတွင် မြို့ကဘူးလ်၌ အမေရိကန်သံရုံးသာ တည်ရှိရန် စီစဉ်ထားခြင်းဖြစ်သည်။

    အစီအစဉ်အသစ်အရ အိုဘားမားအလွန် ၂၀၁၇ ခုနှစ် အစောပိုင်းတွင်မှ အမေရိကန်စစ်သားအရေအတွက်ကို ၅၅၀၀ အထိ လျော့မည်ဖြစ်သည်။ ထို့ပြင် စစ်အခြေစိုက်စခန်းအား ကဘူးလ်တွင် ထားရှိမည်ဖြစ်ပြီး ဘာဂရမ်၊ ဂျလာလာဘတ်နှင့် ကန်ဒါဟာတို့တွင် စစ်စခန်းများ ထားရှိသွားမည်ဖြစ်သည်။ ယခုအစီအစဉ်အသစ်ကို အိုဘားမားက ၀ါရှင်တန်စံတော်ချိန် အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၁၁ နာရီတွင် အိမ်ဖြူတော်၌ ကြေငြာဖြစ်သည်။

    Ref: CNN