News @ M-Media

Tag: China

  • ဝီဂါဖိနှိပ်မှုတွင် ပါဝင်သည့် တရုတ်ဇီ၀နည်းပညာကုမ္ပဏီများ ပိတ်ဆို့အရေးယူမှုခံရ

    ဝီဂါဖိနှိပ်မှုတွင် ပါဝင်သည့် တရုတ်ဇီ၀နည်းပညာကုမ္ပဏီများ ပိတ်ဆို့အရေးယူမှုခံရ

    ဒီဇင်ဘာ ၁၇၊ ၂၀၂၁
    M-Media

    -နိုင်ငံအနောက်ပိုင်းက လူမျိုးစုငယ်တွေအပေါ် တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပူးပေါင်းပါဝင်မှုအတွက် တရုတ် ဇီ၀နည်းပညာကုမ္ပဏီတစ်ချို့ကို အမေရိကန်က ပိတ်ဆို့အရေးယူမှု​တွေလုပ်ဆောင်လိုက်ပါတယ်။

    ဇီ၀နည်းပညာကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ကြောင်း အမေရိကန်ကုန်သွယ်ရေးဌာနကနေ မနေ့က ကြေငြာချက်ထုတ်ပြန်ခဲ့သလို၊ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသက ပို့ကုန်တွေကို ပိတ်ပင်ရေး ရည်ရွယ်တဲ့ ဥပဒေတစ်ခုကိုလည်း အမေရိကန်လွှတ်တော်က ပြဌာန်းခဲ့ပါတယ်။

    “ဇီ၀နည်းပညာနဲ့ ဆေးဘက်ဆိုင်ရာ တီထွင်ဖန်တီးမှုတွေမှာ လူ့အသက်တွေကို ကယ်တင်နိုင်ပါတယ်။ ကံဆိုးတာက တရုတ်နိုင်ငံဟာ ဒီနည်းပညာတွေကို ပြည်သူလူထုအပေါ် ကန့်သတ်ထိန်းချုပ်ဖို့၊ လူမျိုးစုငယ်တွေ၊ ဘာသာရေးလူနည်းစုတွေကို ဖိနှိပ်ဖို့ အသုံးပြုနေတာပါ” လို့ ကန် ကုန်သွယ်ရေးဝန်ကြီး ဂီနာရိုင်မွန်ဒိုက ပြောပါတယ်။

    ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းခံလိုက်ရတဲ့ တရုတ် ဇီ၀နည်းပညာကုမ္ပဏီတွေက HMN Internationa၊ Jiangsu Hengtong Marine Cable Systems၊ Jiangsu Hengtong Optic Electric၊ Shanghai Aoshi Control Technology Co Ltd နဲ့ Zhongtian Technology Submarine Cable တို့ ဖြစ်ပါတယ်။

    တရုတ်စစ်တပ်ရဲ့ ဆေးဝါးသိပ္ပံဆိုင်ရာ အကယ်ဒမီနဲ့ လက်အောက်က သုတေသနအဖွဲ့အစည်း ၁၁ ခုကိုလည်း သွင်းကုန်ပိတ်ပင်တဲ့စာရင်းမှာ အမေရိကန် ကုန်သွယ်ရေးဌာနက ထည့်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကလည်း တရုတ်နည်းပညာကုမ္ပဏီ SenseTime ကို ပိတ်ဆို့ အရေးယူမှု ပြုလုပ်ခဲ့ပါတယ်။

    ပိတ်ဆို့အရေးယူမှု ခံရတဲ့ ကုမ္ပဏီတွေဟာ အမေရိကန်ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ရမှာ မဟုတ်သလို၊ ထုတ်ကုန်တွေကိုလည်း အမေရိကန်ကို တင်ပို့လို့ရမှာ မဟုတ်ပါဘူး။

    နည်းပညာအသုံးပြုပြီး နိုင်ငံအတွင်းက လူနည်းစုတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှု တိုးမြှင့်ပြုလုပ်လာတဲ့ တရုတ်ကို တုန့်ပြန်ရေး သမ္မတဘိုင်ဒန်အစိုးရက ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာပါတယ်။ အမေရိကန်လွှတ်တော်ကလည်း ဝီဂါတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ကိစ္စမှာ အမေရိကန်က တရုတ်အစိုးရကို ပြစ်ဒဏ်ပေးနိုင်မယ့် ဥပဒေတွေကို ပြဌာန်းပေးထားပါတယ်။

    Ref: Reuters

  • နိုင်ငံခြားမှ ကိုဗစ်ဝင်လာမည်ကို စိုးရိမ်သည့်အတွက် တရုတ်က နယ်စပ်ကို တင်းကြပ်

    နိုင်ငံခြားမှ ကိုဗစ်ဝင်လာမည်ကို စိုးရိမ်သည့်အတွက် တရုတ်က နယ်စပ်ကို တင်းကြပ်

    ဒီဇင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -နိုင်ငံခြားတိုင်းပြည်တွေကနေ ကိုဗစ်ပိုး ဝင်လာမှာကို စိုးရိမ်တဲ့အတွက် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ဖို့ တရုတ်အစိုးရက နယ်စပ်မြို့တွေကို ညွှန်ကြားလိုက်ပါတယ်။

    တရုတ်နိုင်ငံမှာ အောက်တိုဘာလ အလယ်လောက်ကစပြီး ပြည်တွင်း ကိုဗစ်ကူးစက်မှုအရေအတွက် မြင့်တက်လာကာ ၂ ထောင်ကျော်လောက်ရှိခဲ့ပြီး အဆိုးဝါးဆုံး ခံစားရတဲ့ဒေသတွေက ရုရှား၊ မွန်ဂိုလီးယားတို့နဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဒေသတွေ ဖြစ်ပါတယ်။

    ဒီဇင်ဘာ ၁၁ ရက်နေ့ တရုတ်ဗဟိုအစိုးရက ပြည်နယ်အစိုးရတွေကိုပေးပို့တဲ့ ညွှန်ကြားစာမှာ လတ်တလောကူးစက်မှုတွေအားလုံးဟာ အခြားတိုင်းပြည်ကနေ ဝင်ရောက်လာတာကြောင့်ဖြစ်ပြီး၊ ကိုဗစ်စစ်ဆေးမှုတွေ၊ ကန့်သတ်မှုတွေကို နောက်နှစ် မတ်လ ၁၅ ရက်နေ့အထိ တင်းတင်းကြပ်ကြပ် ဆောင်ရွက်ဖို့လည်း ​အမိန့်ပေးထားပါတယ်။

    နယ်စပ်ဒေသကနေ နိုင်ငံခြားထွက်လိုသူတွေအနေနဲ့ မသွားခင် ၄၈ နာရီအတွင်း ကိုဗစ်ကင်းစင်​ကြောင်း ဆေးစစ်ချက်ပြဖို့၊ နယ်စပ်ကို ပြန်ဝင်လာသူတွေ ကိုဗစ် ရှိ၊ မရှိ အနည်းဆုံး တစ်ကြိမ်စစ်ဆေးဖို့၊ ကူးစက်နိုင်ခြေရှိတဲ့ ဒေသတွေမှာ ကိုဗစ်စည်းမျဉ်းတွေကို တင်းကြပ်ဖို့လည်း ညွှန်ကြားစာမှာ ပါဝင်ပါတယ်။

    ပြည်မကလူတွေ နယ်စပ်မြို့တွေကို မလိုအပ်ရင်မသွားဖို့ တရုတ်အစိုးရက နိုဝင်ဘာလမှာ အမိန့်ထုတ်ခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ ၀ူဟန်မြို့ကနေ စတင်ပြန့်နှံ့လာတဲ့ ကိုဗစ်ပိုးကြောင့် ကမ္ဘာ့တစ်ဝှမ်း လူ ၅ သန်းကျော် သေဆုံးခဲ့ပါတယ်။

    Ref: Reuters

  • ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်သူများ ပြန်ပေးဆပ်ရမည်ဟု တရုတ်ခြိမ်းခြောက်

    ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်သူများ ပြန်ပေးဆပ်ရမည်ဟု တရုတ်ခြိမ်းခြောက်

    ဒီဇင်ဘာ ၉၊ ၂၀၂၁
    M-Media

    -လာမယ့်နှစ် ဘေဂျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်မှုအတွက် ပြန်ပေးဆပ်ရလိမ့်မယ်လို့ တရုတ်က အနောက်နိုင်ငံတွေကို သတိပေးလိုက်ပါတယ်။

    တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုမြောက်အောင် လူ့အခွင့်အရေးချိုးဖောက်မှု​ကို ဆန့်ကျင်​တဲ့အနေနဲ့ ၂၀၂၂ ခုနှစ် ဘေဂျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်မယ်လို့ အမေရိကန်က အခုတစ်ပတ်အစောပိုင်းမှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    ဩတေးလျ၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့လည်း သပိတ်မှောက်ကြောင်း မနေ့က ကြေငြာပါတယ်။

    ဒီသပိတ်မှောက်မှုဟာ အားကစာသမားတွေ မစေလွှတ်တာမျိုးသာ ဖြစ်ပေမယ့် တရုတ်အစိုးရက ဒေါသထွက်ခဲ့ပြီး လက်တုန့်ပြန်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က ပြောပါတယ်။

    “အိုလံပစ်ပြိုင်ပွဲအပေါ် နိုင်ငံရေးအမြတ်ထုတ်တဲ့ အမေရိကန်၊ ဩစတေးလျ၊ ဗြိတိန်နဲ့ ကနေဒါတို့ရဲ့ လုပ်ရပ်ကို လူတွေက ထောက်ခံမှာမဟုတ်သလို၊ ကိုယ့်ကိုယ်ကို ဖယ်ကျဉ်လိုက်တာ ဖြစ်ပါတယ်။ ဒီအမှားတွေအတွက် မုချဧကန် ပြန်ပေးဆပ်ရပါလိမ့်မယ်”

    အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ဒီလိုသပိတ်မှောက်မှုကို လူ့အခွင့်အရေးအဖွဲ့တွေကလည်း ကြိုဆိုပါတယ်။

    လူ့အခွင့်အရေး​စောင့်ကြည့်အဖွဲ့ Human Rights Watch ရဲ့ တရုတ်ဆိုင်ရာ ဒါရိုက်တာ ဆိုဖီ ရစ်ချက်ဆန်က ဝီဂါနဲ့ အခြား တူရကီစကားပြော လူနည်းစုတွေအပေါ် တရုတ်အစိုးရက ရာဇဝတ်မှု ကျူးလွန်နေတာကို ဆန့်ကျင်ရာမှာ အခုသပိတ်မှောက်မှုက အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: AFP

  • တရုတ်၏ အသံထက်မြန်သည့်ဒုံးကျည် စမ်းသပ်မှုကို ကန်ကာကွယ်ရေးဝန်ကြီး ရှုတ်ချ

    တရုတ်၏ အသံထက်မြန်သည့်ဒုံးကျည် စမ်းသပ်မှုကို ကန်ကာကွယ်ရေးဝန်ကြီး ရှုတ်ချ

    ဒီဇင်ဘာ ၂၊ ၂၀၂၁
    M-Media

    -တရုတ်က အသံထက်မြန်တဲ့​ ဒုံးကျည်တွေ ပိုမိုပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေတာဟာ ဒေသတွင်း တင်းမာမှု ပိုမိုမြင့်တက်လာစေပြီး၊ တရုတ်ရဲ့ခြိမ်းခြောက်မှုကို ဟန့်တားနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြားလိုက်ပါတယ်။

    ဆိုးလ်မြို့ကိုရောက်နေတဲ့ အော်စတင်ဟာ တောင်ကိုရီးယား တာဝန်ရှိသူတွေနဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးအပြီး ဒီကနေ့မှာ ဒီလိုမှတ်ချက်ပေးခဲ့တာပါ။ အစည်းအဝေးမှာ တရုတ်၊ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှု၊ ဒေသတွင်းအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်

    “တရုတ်နိုင်ငံက စစ်ရေးအင်အားကောင်းဖို့ ကြိုးစားနေမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ စိုးရိမ်မှုတွေ ရှိပါတယ်။ နောက်ပြီး ဒီဆောင်ရွက်မှုတွေဟာ ဒေသတွင်းမှာ တင်းမာမှု မြင့်တက်စေပါတယ်” လို့ အော်စတင်က ပြောပါတယ်။

    ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ တရုတ်က အသံထက်မြန်တဲ့ဒုံးကျည် စမ်းသပ်မှုကို ​အော်စတင်က ရည်ညွှန်းခဲ့တာပါ။ တရုတ်က မိမိတို့ကို စိန်ခေါ်နိုင်မယ့်လမ်းကြောင်း ဘာ့ကြောင့်လျှောက်နေလဲဆိုတာသိချင်ကြောင်း အော်စတင်ကာ ပြောကြားခဲ့ပြီး၊ ကိုယ်တိုင်နဲ့ မဟာမိတ်တွေကို အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ရေးစွမ်းအားကို ဆက်လက်မြှင့်တင်သွားမယ်လို့လည်း ဆိုပါတယ်။

    အသံထက်မြန်တဲ့ဒုံးကျည်တွေ စမ်းသပ်တယ်ဆိုတဲ့သတင်းကို တရုတ်ဖက်က ငြင်းဆိုခဲ့ပြီး အာကာသယာဉ်တွေ ပြန်လည်အသုံးပြုနိုင်စေဖို့ စမ်းသပ်မှုသာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    မြောက်ကိုရီးယားက ဒုံးကျည်နဲ့ အခြားလက်နက်တွေ ပိုမိုပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းနေတာဟာ ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဖြစ်ပွားစေတယ်ဆိုတာ အမေရိကန်၊ တောင်ကိုရီးယားခေါင်းဆောင်းတွေက အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် သံတမန်နည်းလမ်းနဲ့ ချဉ်းကပ်ဖြေရှင်းဖို့သာ စိတ်ပိုင်းဖြတ်ထားတယ်လို့ အစည်းအဝေးအပြီး ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref : Reuters

  • တရုတ်က သည်းခံနိုင်စွမ်းကုန်အောင် လုပ်နေသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးပြော

    တရုတ်က သည်းခံနိုင်စွမ်းကုန်အောင် လုပ်နေသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးပြော

    နိုဝင်ဘာ ၂၉၊ ၂၀၂၁
    M-Media

    -တရုတ်ဟာ မိမိတို့စစ်တပ် သည်းခံနိုင်စွမ်းကုန်အောင် လုပ်ဆောင်နေပြီး မိမိတို့မှာလည်း ပြန်လည်တုန့်ပြန်နိုင်စွမ်း ရှိနေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    တရုတ်လေတပ်က တိုက်လေယာဉ်၊ နျူဗုံးသယ်နိုင်တဲ့ ဗုံးကြဲလေယာဥ် စုစုပေါင်း ၂၇ စီးဟာ မနေ့က ထိုင်ဝမ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးဇုန်ထဲကို ထပ်မံဝင်ရောက်လာတဲ့အတွက် ထိုင်ဝမ်တိုက်လေယာဉ်တွေ ပျံတက်ပြီး သတိပေးခဲ့ရပါတယ်။

    ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူကိုချန်းက တရုတ်မှာ ကျူးကျော်နိုင်တဲ့စွမ်းအားရှိရင် မိမိတို့မှာလည်း တန်ပြန်တုန့်ပြန်နိုင်တဲ့စွမ်းအား ရှိတယ်လို့ မနေ့က လွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    တရုတ်လေတပ်ဟာ ထိုင်ဝမ်လေပိုင်နက်ထဲကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကစတင်ပြီး အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်နေတာဖြစ်ပါတယ်။ ထိုမ်ဝင်ကို သူတို့ပိုင်နက်လို့ တရုတ်က သတ်မှတ်ထားပြီး လိုအပ်ရင် စစ်အင်အားသုံး သိမ်းပိုက်သွားမယ်လို့လည်း ပြောထားပါတယ်။

    ထိုင်ဝမ်ကတော့ သူတို့ဟာ လွတ်လပ်တဲ့ ဒီမိုကရက်တစ်နိုင်ငံလို့ ခံယူထားတာပါ။

    ကာကွယ်ရေးဝန်ကြီး ချူကိုချန်းက တရုတ်ရဲ့ မနေ့က ကျူးကျော်ဝင်ရောက်မှုဟာ အလွန်ဆိုးရွားတဲ့ အခြေအနေမျိုးဖြစ်ပြီး အနာဂတ်စီမံကိန်းအတွက် တရုတ်ကအသုံးပြုတဲ့ လေယာဉ်တွေကို စောင့်ကြည့်လေ့လာသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ တရုတ်ရဲ့ လေယာဉ်အုပ်ကို သတိပေးဖို့ တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ပြီး ဒုံးကျည်ကာကွယ်ရေးစနစ်ကိုလည်း အသင့်ပြင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    တရုတ်ဖက်က ဒီလိုပျံသန်းမှုတွေဟာ မိမိတို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ဖြစ်တယ်လို့ အရင်က ထုတ်ပြန်ဖူးပါတယ်။

    Ref: Reuters