News @ M-Media

Tag: China

  • တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေးငယ်အား မိခင်က ကိုက်စားမှုဖြစ်ပွား

    တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေးငယ်အား မိခင်က ကိုက်စားမှုဖြစ်ပွား

    ဒီဇင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    776943-13f0df0e-7c15-11e4-b418-1a31bf855847
    – တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံတွင် မွေးကင်းစ ကလေးငယ်တစ်ဦးအား မိခင်ဖြစ်သူက ကိုက်စားရန် ကြိုးစားခဲ့မှုကြောင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု တရုတ်အာဏာပိုင်များက ပြောကြားလိုက်သည်။

    နိုင်ငံတောင်ပိုင်း ဂွမ်ဒုံးပြည်နယ် ရှန်ဇန်းမြို့ရှိ ဆေးရုံတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူမှာ စိတ်ကျန်းမာရေးမကောင်းသူဖြစ်သည်ဟု သိရသည်။

    အဆိုပါမျိုးသမီးအား ကိုယ်ဝန်နေ့စေ့လစေ့ဖြင့် လမ်းပေါ်တွင် တွေ့ရှိခဲ့ရသောကြောင့် ဆေးရုံသို့ တင်ပို့ခဲ့ပြီးနောက် ကလေးမီးဖွားစေခဲ့သည်။ ဆေးရုံသို့ရောက်ပြီး ၃ ရက်အကြာ တစ်မနက်တွင် သူနာပြုက ၎င်း၏ အခန်းထဲသို့ ၀င်ရောက်လာခဲ့ရာ အဆိုပါမျိုးသမီးမှာ ကလေးငယ်၏ လက်အား ကိုက်ဖြတ်နေသည်ကို တွေ့ရှိခဲ့ရသည်။

    ထိုမြင်ကွင်းကြောင့် သူနာပြုက အရေးပေါ်ခလုပ်ကို နှိပ်ခဲ့ပြီး ကလေးကိုလည်း ၎င်း၏ လက်ထဲမှ ဆွဲလုခဲ့ရာ မိခင်ဖြစ်သူက အတင်းကိုက်ထားသောကြောင့် ဆရာဝန်များ လာရောက်သည့်အချိန်မှ  ဆွဲထုတ်နိုင်ခဲ့သည်။
    `တုန်လှုပ်စရာပါပဲ။ လက်က တော်တော်လေးဆိုးဆိုးရွားရွား ထိခိုက်သွားပြီး အနာတရ ဖြစ်ရုံသာမက သွေးလည်းတော်တော်ထွက်သွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဆရာဝန်တွေက သူမရဲ့ ကိုက်ထားတဲ့ ပါးစပ်ကို ဟနိုင်ခဲ့ပါတယ်။ အဲဒီနောက် သူမကို အိပ်ဆေးထိုးပေးခဲ့ပြီး ကလေးကိုတော့ အန္တရာယ်ကင်းတဲ့နေရာကို ခေါ်သွားနိုင်ခဲ့ပါတယ်´ ဟု ဆေးရုံ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ အမျိုးသမီး ကိုယ်ဝန်အရင့်အမာဖြစ်နေချိန်တွင် ယောက္ခမဖြစ်သူက မောင်းထုတ်ခဲ့သောကြောင့် ထိုအမျိုးသမီးမှာ လမ်းပေါ်တွင် သီတင်းပတ်များစွာ နေထိုင်ခဲ့ရကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ပြင် မည်သည့်အကြောင်းအရင်းက သူမအား ထိုကဲ့သို့လုပ်ဆောင်ရန် စေ့ဆော်ခဲ့သည်ကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိနေသည်။

    dailytelegraph

  • သေဒဏ်ကျ ခံရသည့် အကျဉ်းသားများထံမှ ခန္ဓာကိုယ် အစိတ်အပိုင်း ထုတ်ယူမှု တရုတ် ရပ်ဆိုင်းမည်

    သေဒဏ်ကျ ခံရသည့် အကျဉ်းသားများထံမှ ခန္ဓာကိုယ် အစိတ်အပိုင်း ထုတ်ယူမှု တရုတ် ရပ်ဆိုင်းမည်

    ဒီဇင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    20141246331681734_20
    – ကိုယ်အင်္ဂါအစိတ်အပိုင်များ အစားထိုးကုသရန်အတွက် သေဒဏ်ချမှတ်ခြင်းခံရသူများထဲမှ အစိတ်အပိုင်းများအား အသုံးပြုခြင်းကို ရပ်တန့်တော့မည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ယနေ့တွင် ကြေညာလိုက်သည်။

    နိုင်ငံအတွင်း ကိုယ်အင်္ဂါအစိတ်အပိုင်းများ အစားထိုးကုသလိုသူများအတွက် တရုတ်အာဏာပိုင်များမှာ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို လှူဒါန်းရန် သေဒဏ်ကျခံနေရသည့် အကျဉ်းသားများကို ဖိအားပေးလေ့ရှိပြီး ထိုကိုယ်အင်္ဂါအစိတ်အပိုင်းများ ရယူရာတွင်လည်း စံမီသည့် အန္တရာယ်ကင်းရေးလုပ်ဆောင်မှုများကို ဆောင်ရွက်ခြင်းမရှိဟု နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပမှ လူ့အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်မှုများ ရှိနေသည်။

    အမျိုးသားကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုကွန်ယက်ကို ဦးဆောင်နေသည့် ဟူအန်ဂျီဖူကမူ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် ဟောပြောမှုတစ်ခုတွင် အကျဉ်းသားများမှ ကိုယ်အင်္ဂါအစိတ်ပိုင်းများ ထုတ်ယူမှုအား ဇန်န၀ါရီ ၁ ရက်နေ့မှစ၍ ရပ်တန့်တော့မည်ဟု ကြေညာခဲ့သည်။

    ထိုကဲ့သို့ကြေညာခဲ့သော်လည်း နိုင်ငံ၏ လိုအပ်နေသာ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုအတွက် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို မည်သည့်နေရာမှ ရယူမည်ဆိုခြင်းနှင့် ပတ်သက်၍ မေးခွန်းများလည်းရှိနေသည်။

    တရုတ်လူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်းများကြောင့် တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းမှု အနိမ့်ဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး တည်ဆဲဥပဒေအရ ကာယကံရှင်ကိုယ်တိုင်က မိမိ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းကို လှူဒါန်းရန် ဆန္ဒရှိသော်လည်း မိဘများ၏ သဘောတူညီချက်ရမှ လှူဒါန်းနိုင်သည်။

    Agencies

  • နိုင်ငံရေး သီချင်းဆိုသည့်ဟု စွပ်စွဲပြီး တိဘက် အဆိုတော်အား တရုတ်အစိုးရ ထောင် ၄ နှစ်ချ

    နိုင်ငံရေး သီချင်းဆိုသည့်ဟု စွပ်စွဲပြီး တိဘက် အဆိုတော်အား တရုတ်အစိုးရ ထောင် ၄ နှစ်ချ

    ဒီဇင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    20141217502889734_20
    – တိဘက်လူမျိုးများ ညီညွတ်ရေးအတွက် ရည်ရွယ်ပြုလုပ်ခဲ့သော ဂီတဖျော်ဖြေပွဲတစ်ခုတွင် နိုင်ငံရေးအသုံးအနှုန်းများဖြင့် သီချင်းဆိုခဲ့သည်ဟုဆိုကာ တိဘက် အဆိုတော်တစ်ဦးကို တရုတ်အစိုးရက ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

    အသက် ၃၉ နှစ်အရွယ်ရှိ အဆိုတော ကာလ်ဆန်ယာဖီလ်ဆိုသူဖြစ်ပြီး တိဘက်လူမျိုးများ ညီညွတ်ရန်နှင့် ၎င်းတို့၏ ရိုးရာစကားကိုသာ ပြောဆိုသုံးစွဲကြရန် တိုက်တွန်းအားပေးသည့် ၂၀၁၂ ခုနှစ် ပြုလုပ်ခဲ့သော ဂီတဖျော်ဖြေပွဲတွင် ပါဝင်တင်ဆက်ခဲ့ပြီးနောက် အဖမ်းခံခဲ့ရကာ တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တရားရုံးက ပြီးခဲ့သည့် ကြာသာပတေးနေ့တွင် ထိုကဲ့သို့ စီရင်ချက် ချခဲ့ခြင်းဖြစ်သည်။

    `အာဏာပိုင်တွေက သူဟာ နိုင်ငံရေး စကားလုံးတွေပါတဲ့ သီချင်းတွေကို ဆိုခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်´ ဟု အဆိုပါသတင်းကို ဖော်ပြခဲ့သော အိန္ဒိယအခြေစိုက် phayul.com တွင် ဖော်ပြထားပြီး အဆိုပါ ဂီတပွဲ စီစဉ်ပေးသူကိုလည်း ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

    တိဘက် ရိုးရာဂီတနှင့် ပေါ့ဂီတတို့အား ပေါင်းစပ်တင်ဆက်သည့် ယာဖီလ်အား မည်သည့်ပုဒ်မတပ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်းမသိရသေးဘဲ VOA ကမူ ယာဖီလ်မှာ တိဘက် ဂီတဖျော်ဖြေပွဲများကို စီစဉ်ခြင်းနှင့် သီချင်းဆိုခြင်းတို့ဖြင့် နိုင်ငံရေးဘက်ကိုနွယ်အောင် ဆောင်ရွက်သည်ဟု စွဲချက်တင်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြင်းတစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။

    ယာဖီလ်သီဆိုခဲ့သော သီချင်းများတွင် `တိဘက်စကားသင်ကြားသင့်သည်´ `ကျွန်ုပ်တို့ ညီညွတ်ရမည်´ စသည့်ခေါင်းစဉ်များဖြင့် သီချင်းများပါဝင်ခဲ့သည်။

     Agencies
  • တရုတ်နိုင်ငံတွင် ၂ ရက်အတွင်း ဒုတိယမြောက် ကျောက်မီးသွေး တွင်းပေါက်ကွဲမှု ၁၁ ဦးသေ

    တရုတ်နိုင်ငံတွင် ၂ ရက်အတွင်း ဒုတိယမြောက် ကျောက်မီးသွေး တွင်းပေါက်ကွဲမှု ၁၁ ဦးသေ

    နိုဝင်ဘာ ၂၇ ၊ ၂၀၁၄
    M-Media
    2014112764115143734_20
    – တရုတ်နိုင်ငံ တောင်ပိုင်း ဂွီဇူးပြည်နယ်တွင် ယနေ့နံနက် အစောပိုင်းက ကျောက်မီးသွေးမိုင်းတွင်းတစ်ခု ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ပေါက်ကွဲသည့်မိုင်းတွင်းမှာ ဆွန်ဟီမြို့ရှိ ဆွန်လင်းမိုင်းတွင်းဖြစ်ပြီး ထိုမိုင်းတွင်းတွင် မိုင်းလုပ်သား ၁၉ ဦး အလုပ်လုပ်ကိုင်နေကာ ကျန်သည့် ၈ ဦး၏ အခြေအနေကို မသိရသေးဘဲ ပေါက်ကွဲရခြင်း အကြောင်းအရင်းများကိုလည်း စုံစမ်းနေသည်ဟု တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။

    နိုင်ငံအရှေ့မြောက်ပိုင်း လီယိုနင်းပြည်နယ်တွင်လည်း ယမန်နေ့နံနက်ပိုင်းက ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် အနည်ဆုံး ၂၄ ဦး သေဆုံးခဲ့ရပြီး အခြားသူများမှာလည်း ဆိုးရွားသည့် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။

    တရုတ်နိုင်ငံ၏ကျောက်မီးသွေးတွင်းများ၌ အန္တရာယ်ကင်းရှင်းရေး တိုးတက်လာပြီး သေဆုံးမှုများ နည်းပါလာသောသော်လည်း ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး ကျောက်မီးသွေးတွင်းများအဖြစ် ဆက်လက်ရှိနေသည်။

    ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံတစ်ဝှမ်း မိုင်းတွင်းများနှင့် ပတ်သက်သည့် မတော်တဆမှု ၅၈၉ ခုကြောင့် လူပေါင်း ၁၀၄၉ ဦး ပျောက်ဆုံး၊ သေကြေခဲ့ကြသည်။ သို့သော်လည်း ထိုအရေအတွက်မှာ ၂၀၁၄ ခုနှစ်ကထက် ၂၄ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

    AFP

  • အစ်မချစ်သူအား လုယူ လက်ထပ်ခဲ့ပြီး နောက်တယောက်နှင့် လက်တွဲနိုင်ရန် သတ်ပစ်

    အစ်မချစ်သူအား လုယူ လက်ထပ်ခဲ့ပြီး နောက်တယောက်နှင့် လက်တွဲနိုင်ရန် သတ်ပစ်

    နိုဝင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    Qiao-Li-Tsui
    –  အခြားအမျိုးသားတစ်ဦးနှင် လက်ထပ်နိုင်ရန်အတွက် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးမှာ ၎င်း၏ ခင်ပွန်းဖြစ်သူအား ရိုက်သတ်ကာ မသေမရှင် မြေမြှုပ်ခဲ့သည့် ဖြစ်ရပ်တစ်ခု တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    နိုင်ငံအရှေ့ပိုင်း ဟွန်ဇူးမြို့တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး Qiao Li Tsui မှာ လွန်ခဲ့သည့် ၂ နှစ်ခန့် အသက် ၃၀ အရွယ် Jian Tsao နှင့်တွေ့ဆုံခဲ့ပြီး ချစ်သူများ ဖြစ်ခဲ့ကြသည်။ Jian Tsao မှာ Qiao ၏ အသက် ၂၇ နှစ်အရွယ် အစ်မဖြစ်သူ Wan Niu နှင့် စေ့စပ်ထားသူဖြစ်သော်လည်း Qiao မှာ Jian အား အစ်မဖြစ်သူကို ထားခဲ့ရန် တိုက်တွန်းခဲ့ပြီးနောက် လွန်ခဲ့သည် ၁ နှစ်က လက်ထပ်ခဲ့ကြသည်။

    လက်ထပ်ပြီး တစ်နှစ်ခန့်အကြာတွင် Qiao မှာ အသက် ၂၇ နှစ်အရွယ် Cai Chen နှင့် အွန်လိုင်းတွင် တွေ့ရှိခဲ့ပြီးနောက် ချစ်သူများ ဖြစ်ခဲ့ကြပြီး ၎င်းတို့နှစ်ဦးလက်ထပ်ရန်အတွက် ခင်ပွန်းဖြစ်သူ Jian ကို သတ်ရန် ကြံစည်ခဲ့သည်။

    ထို့နောက် Qiao မှာ ခင်ပွန်းဖြစ်သူအား ပျော်ပွဲစားထွက်ရန်ဟုဆိုကာ တောင်တန်းတစ်ခုပေါ်သို့ ဖျားယောင်းခေါ်ဆောင်သွားပြီး ဓားဖြင့် Jian ရင်ဘတ်အား အချက်ပေါင်းများစွာ ထိုးခဲ့ကာ ခင်ပွန်းဖြစ်သူ သတိလစ်သွားချိန်တွင် ချစ်သူသစ် Cai Chen နှင့်ပေါင်း၍ မြေမြှုပ်ခဲ့ကြသည်။

    သို့သော်လည်း အဆိုပါ စုံတွဲအား ရက်အနည်းငယ်အကြာတွင် ဖမ်းမိခဲ့ပြီး Jian ၏ အလောင်းအား စစ်ဆေးကြည့်ရာတွင် အဆုတ်ထဲ၌ မြေမှုန့်များကို တွေ့ရသောကြောင့် မသေခင် မြေမြှုပ်ခြင်း ခံခဲ့ရသည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။

    ၎င်းတို့နှစ်ဦးကိုလည်း တရားစွဲဆိုထားပြီး ပြစ်မှုထင်ရှားပါက Qiao မှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ကျခံရဖွယ်ရှိနေသည်။

    ref_ Mirror