News @ M-Media
Tag: China
  • ၀န်ဇူးမြို့ရှိ အထင်ကရ ခရစ်ယာန် ဘုရားကျောင်းအား တရုတ်အာဏာပိုင်များ ဖြိုဖျက်
    မေ ၁ ၊ ၂၀၁၄
    M-Media
    – နိုင်ငံအရှေပိုင်း ၀န်ဇူးမြို့ရှိ အထင်ကရ ခရစ်ယာန် ဘုရားကျောင်းတစ်ခုအား ယခုတစ်ပတ် တနင်္လာနေ့က တရုတ်အစိုးရမှ ဘူဒိုဇာဖြင့်ထိုးကာ ဖြိုဖျက်ခဲ့သည်ဟု သိရသည်။
    140430054144-china-church-demolished-story-top
    The Sanjiang Church ဟု ခေါ်သည့် အဆိုပါဘုရားကျောင်းမှာ မူလ ခွင့်ပြုထားသည်ထက် ၄ ဆ ပိုကြီးအောင် ဆောက်လုပ်ထားခြင်းကြောင့် တရားမ၀င် အဆောက်အဦးဖြင့် သတ်မှတ်ကာ ဖြိုချ  ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
    ထိုကဲ့သို့ ဖြိုချမှုမှာ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများအား ဆန့်ကျင်သည့် အစိုးရ၏ အချက်ပေးမှုဖြစ်သည်ဟု ခရစ်ယာန် အဖွဲ့အစည်းများက စိုးရိမ်နေရသည်။ ထိုဘုရားကျောင်း မဖျက်ဆီးရေး အတွက် ခရစ်ယာန် ဘာသာဝင်များနှင့် အာဏာပိုင်များမှာ ၁ လခန့် အခြေအတင် ဖြစ်ခဲ့ကြသည်။
    အဆိုပါ ပရိုတက်စတင့် ဘုရားကျောင်းကို အစိုးရ၏ Three-Self Patriotic Movement ပရောဂျက်အောက်တွင် ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ စံပြုရမည့် ဆောက်လုပ်ရေး ပရောဂျက်တစ်ခုအဖြစ် ဒေသခံ အာဏာပိုင်များက ပြီးခဲ့သည့် စက်တင်ဘာလကပင်ချီးကျူးခဲ့သေးသည်။
    သို့သော်လည်း The Sanjiang Church ဘုရားကျောင်းတည်ရှိသည့် ယွန်ဂျီယာကောင်တီမှ ၀ါဒဖြန့်ဌာန ပြောရေးဆိုခွင့်ရှိသူ ဂျင်လီဘိုက ၁၈၈၁ စတုရန်း မီတာသာ ရှိရမည့် အဆိုပါ ဘုရားကျောင်းမှာ ၇၉၂၈ စကွဲယားမီတာရှိနေပြီး ဧပြီ ၂၂ ရက်နေ့နောက်ဆုံးထားကာ ပြန်လည်ပြုပြင်ရန် အချိန်ပေးခဲ့ကြောင်း၊ သို့သော်လည် ၅၀၀ စတုရန်းမီတာသာ ဖယ်ရှားခဲ့ခြင်းကြောင့် အာဏာပိုင်များက ဘူဒိုဇာဖြင့် ဖြိုဖျက်ခဲ့ခြင်းဖြစ်ကြောင်း CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။
    ထို့ပြင် ထိုဘုရားကျောင်းအား တရားမ၀င် တိုးချဲ့ဆောက်လုပ်မှု အတွက် ဒေသခံအာဏာပိုင် ၅ ဦးကိုစစ်ဆေးနေပြီး တစ်ဦးအား ဖမ်းဆီးထားကာ၊ အခြား ၄ ဦးအား ထိန်းသိမ်းထားကြောင်း ဂျင်က ထပ်လောင်းပြောကြားခဲ့သည်။
    CNN
  • ၂၀၁၄ ခုနှစ်အကုန်တွင် တရုတ်စီးပွားရေး အမေရိကန်ကို ကျော်လွှားနိုင်ဖွယ်ရှိ
    ဧပြီ ၃၀၊ ၂၀၁၄
    M-Media
    ရဲဝင်း
    economies_chart_0
    ၂၁ ရာစုနှစ်အတွင်း တဟုန်ထိုး တိုးတက်လာနေတဲ့ တရုတ်နိုင်ငံစီးပွားရေးဟာ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကို ၂၀၁၄ ခုနှစ်အကုန်မှာ ကျော်တက် သွားလိမ့်မယ်လို့ နောက်ဆုံးထွက်ပေါ်လာတဲ့ စာရင်းအင်း တွက်ချက်မှုတွေအရ သိရပါတယ်။
    အမေရိကန်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးမှာ ရှေ့ပြေးနိုင်ငံအဖြစ် ဦးဆောင်နေခဲ့ပြီး ၁၈၇၂ ခုနှစ်ကတည်းက အင်္ဂလန် နိုင်ငံကို ကျော်တက်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် တွက်ချက်မှုတွေအရ တရုတ်စီးပွားရေးဟာ ၂၀၁၉ ခုနှစ်မှာ အမေရိကန်နိုင်ငံထက် ပိုမို ကြီးထွားသွားလိမ့်မယ်လို့ ဘောဂဗေဒပညာရှင်တွေက တွက်ချက်ထား ခဲ့ပေမယ့် ယခုနှစ် ဧပြီလ ၂၉ ရက်နေ့ထုတ်  International Comparison Program (ICP) ရဲ့ အစီရင်ခံစာမှာတော့ ယခင်တွက်ချက်ထားတာထက် တရုတ်စီးပွားရေးက ပိုမိုအားကောင်းနေတယ်လို့ ဖော်ပြထားပါတယ်။
    ကမ္ဘာ့ဘဏ်က ကြီးမှူးတဲ့ International Comparison Program (ICP) ဟာ ကမ္ဘာ့နိုင်ငံ ၁၉၉ နိုင်ငံရဲ့ စီးပွားရေး ပမာဏကို နှိုင်းယှဉ် တိုင်းတာရာမှာ နိုင်ငံတွေရဲ့ ငွေကြေးအရ ဝယ်ယူနိုင်စွမ်း ကွာခြားမှုညွှန်းကိန်း Purchasing Power Parity (PPP) ကိုနှိုင်းယှဉ်တွက်ချက်ပါတယ်။ ကုန်စည်နဲ့ ဝန်ဆောင်မှု ဝယ်ယူနိုင်စွမ်းတွေ အပေါ်မှာအခြေခံတဲ့ ပြည်တွင်းအသားတင် စုစုပေါင်းထုတ်ကုန်တန်ဖိုး (GDP) တွေ ကို နှိုင်းယှဉ်တဲ့နည်း ကိုအသုံးပြုပြီး နိုင်ငံတွေရဲ့ စီးပွားရေး ပမာဏတွေကို နှိုင်းယှဉ်တိုင်းတာတဲ့ နည်းလမ်းဖြစ်ပါတယ်။
    ယင်းတွက်ချက်မှုတွေအရ ၂၀၀၅ ခုနှစ်မှာ တရုတ်နိုင်ငံစီးပွားရေးဟာ အမေရိကန်နိုင်ငံစီးပွားရေးရဲ့ ၄၃ ရာခိုင်နှုန်းသာ ရှိခဲ့ပေမယ့် ၂၀၁၁ ခုနှစ်မှာ ၈၇ ရာခိုင်နှုန်း ရှိနေပြီဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အမေရိကန်က ရှေ့ပြေးနေပြီး တရုတ်နဲ့ အိန္ဒိယ စီးပွားရေးတွေက ဒုတိယနဲ့ တတိယ စီးပွားရေးအကြီးဆုံးနိုင်ငံတွေ အဖြစ် နေရာယူထားပါတယ်။
    ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အကြားမှာ တရုတ်စီးပွားရေးဟာ ၂၄ ရာခိုင်နှုန်းတိုးလာမှာဖြစ်ပြီး အမေရိကန်ကတော့ ၇.၆ ရာခိုင်နှုန်းသာ တိုးလာ လိမ့်မယ်လို့ နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) က ခန့်မှန်းထားတဲ့တွက် ၂၀၁၄ ခုနှစ်အကုန်မှာတရုတ် စီးပွားရေးက အမေရိကန်ကို ကျော်တက်ပြီး ကမ္ဘာ့စီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်လာပါလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ အိန္ဒိယ နိုင်ငံစီးပွားရေးကလည်း ၂၀၀၅ ခုနှစ်မှာ ဒဿမ နေရာမှာရှိနေခဲ့ပေမယ့် ၂၀၀၅ မှ ၂၀၁၁ ခုနှစ် ကြားကာလအတွင်း နှစ်ဆနီးပါး တိုးမြင့်လာခဲ့တဲ့ အတွက် ယခုအခါ တတိယ နေရာကို ရောက်ရှိလာခဲ့ပါတယ်။
    ကမ္ဘာ့လူဦးရေ ၁၇ ရာခိုင်နှုန်းသာရှိတဲ့ အချမ်းသာဆုံးနိုင်ငံတွေဟာ ကမ္ဘာ့ GDP ၅၀ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့နိုင်ငံတွေဖြစ်နေပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးကလည်း တိုးမြင့်လာတဲ့အတွက် ကမ္ဘာပေါ်မှာ ဆင်ရဲ-ချမ်းသာ ကွာခြားမှုနှုန်း လျော့ကျလာနေပါတယ်။
    ယင်းအစီရင်ခံစာမှာ လူနေမှုစရိတ် အမြင့်ဆုံးနိုင်ငံတွေ အဖြစ်  ဆွဇ္ဇလန်၊ နော်ဝေ၊ ဘာမူတ၊ သြစတေးလျနဲ့ ဒိန်းမတ် နိုင်ငံတွေဖြစ်ပြီး လူနေမှုစရိတ် အသက်သာဆုံးနိုင်ငံတွေ အဖြစ် အီဂျစ်၊ ပါကစ္စတန်၊ မြန်မာ၊ အီသီယိုပီးယားနဲ့ လာအို နိုင်ငံ တို့ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
  • ခိုးဝင်လာသည့် တရုတ်နိုင်ငံသားများနှင့် ဗီယက်နမ် နယ်ခြားစောင့်တပ် အပြန်အလှန် ပစ်ခတ် ၇ ဦးသေဆုံး
    ခိုးဝင်လာသည့် တရုတ်နိုင်ငံသားများနှင့် ဗီယက်နမ် နယ်ခြားစောင့်တပ် အပြန်အလှန် ပစ်ခတ် ၇ ဦးသေဆုံး
    ဧပြီ ၁၉၊ ၂၀၁၄
    M-Media
    – တရုတ်နှင့် ဗီယက်နမ် နယ်စပ်အနီးတွင် တရုတ်နိုင်ငံသားများနှင့် ဗီယက်နမ် နယ်ခြားစောင့် တပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လူ ၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
    ယမန်နေ့ နေ့လည်ပိုင်းက ဗီယက်နမ်နိုင်ငံ ကွမ်နင်းပြည်နယ်သို့ တရားမ၀င် ၀င်ရောက်လာသော တရုတ်နိုင်ငံသားများအား ဖမ်းဆီးရာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့သူများမှာ တရုတ်နိုင်ငံသား ၅ ဦးနှင့် ဗီယက်နမ် နယ်ခြားစောင့်တပ်မှ ၂ ဦးတို့ဖြစ်သည်။
    ဗီယက်နမ်နိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာကြသည့် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၄ ဦးနှင့် ကလေး ၂ ဦးတို့အား တရုတ်နိုင်ငံသို့ ပြန်ပို့ရန် ဗီယက်နမ် အာဏာပိုင်များက ဆောင်ရွက်နေစဉ် ၎င်းတို့ထဲမှ တစ်ဦးက နယ်ခြားစောင့်တပ်သား၏ သေနတ်ကိုလု၍ ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
    တရုတ်နိုင်ငံသား အချို့မှာ ၎င်းတို့အား ထိန်းသိမ်းထားသည့် ရုံးခန်းမှ ခုန်ချခဲ့ကြပြီး ဒဏ်ရာရသူများရှိခဲ့ကြောင်း ဗီယက်နမ်အစိုးရ၏ ကြေညာချက်တွင် အဖော်ပြထားပြီး၊ ဒဏ်ရာရရှိသူများမှာ မည်သူမည်ဝါဖြစ်သည်ကို ဖော်ပြထားခြင်းမရှိပေ။
    ထိုဒေသတွင် လွတ်လပ်စွာသတင်းပေးပို့မှုအား တားမြစ်ထားသောကြောင့် အသေးစိတ်အချက်အလက်များကို သိရှိရခြင်းမရှိချေ။ ဗီယက်နမ်၏ ကွမ်နင်းပြည်နယ်မှာ တရုတ်ဘက်မှ ဂွမ်ရှီပြည်နယ်နှင့် မျက်နှာချင်းဆိုင်ရှိနေပြီး တရုတ်ကုန်သည်များနှင့် ခရီးသွားများမှာ ထိုပြည်နယ်များကို ဖြတ်၍ ဗိယက်နမ်အတွင်းသို့ ၀င်ထွက်သွားလာလေ့ရှိကြသည်။
    Ref : ABC News
  • ကျွန်းပိုင်ဆိုင်မှုကိစ္စ တစ်ဖက်သတ် ဆောင်ရွက်ခြင်း မပြုရန် တရုတ်အား အမေရိကန် သတိပေး
    ဧပြီ ၆၊ ၂၀၁၄
    M-Media
    201446553271580_20
    – ဂျပန်နှင့် အခြားသော အရှေ့တောင် အာရှနိုင်ငံများနှင့် ဖြစ်ပွားနေသည့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းများကို ဖြေရှင်းရာတွင် တစ်ဘက်သတ် ဆောင်ရွက်မှုများ မပြုလုပ်ရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က တရုတ်နိုင်ငံအား သတိပေး ပြောကြားခဲ့သည်။
    တရုတ်နိုင်ငံ၏ စစ်ရေးပြင်ဆင်မှု၊ အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်နိုင်ငံနှင့် အငြင်းပွားနေသော ကျွန်းစုအား ရဲရဲတင်းတင်း လုပ်ကိုင်ဆောင်ရွက်နေမှုများကြောင့် စိုးရိမ်မှုများ တိုးပွားလာနေသည့် မဟာမိတ် ဂျပန်နိုင်ငံသို့ အလည်အပတ်ရောက် ရှိစဉ်အတွင်း ချက်ဟေဂယ်က ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။ ဟေဂယ်မှာ မနက်ဖြန်တွင် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်မည်ဖြစ်သည်။
    “အင်အားကြီးနိုင်ငံတစ်ခုမှာ ကြီးမားတဲ့ တာဝန်ယူမှုလည်း ရှိရပါမယ်။ တရုတ်နိုင်ငံဟာ အင်အားကြီး နိုင်ငံတစ်ခုပါ” ဟု ဟေဂယ်ကဆိုပြီး တရုတ်နိုင်ငံ၏ စစ်အင်အား အသုံးပြုမှုနှင့် စပ်လျဉ်း၍လည်း တရုတ်နိုင်ငံနှင့် ဆွေးနွေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ဟေဂယ်မှာ ပြီးခဲ့သည့် သီတင်းပတ်ကလည်း အရှေ့တောင်အာရှနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများနှင့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားနေသည့် ပိုင်ဆိုင်မှုအငြင်းပွားခြင်းများနှင့် ပတ်သက်၍ အမေရိကန်မှာ စိုးရိမ်မှု ကြီးထွားလာနေသည်ဟု သတိပေးခဲ့သည်။
  • တရုတ်စီးပွား သောင်းကျန်းမှုကြောင့် မြန်မာ့ရှားပါး မျောက်များ မျိုးသုဉ်းတော့မည်
    ဧပီ ၂ ၊ ၂၀၁၄
    M-Media
    Myanmar Endangered Monkeys
    ရန်ကုန်။    ။ တရုတ်နိုင်ငံ၏ တရားမ၀င်သစ်ထုတ်လုပ်ခြင်းနှင့် မျောက်အရိုး ရှာဖွေခြင်းကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ရှားပါး မျောက်မျိုးနွယ်များအဖို့ အန္တရာယ်ရင်ဆိုင်နေရပြီဟု လေ့လာဆွေးနွေးမှု အုပ်စုတစ်ခုက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
    ဗြိတိန်အခြေစိုက် Fauna & Flora International က တရုတ်နိုင်ငံ၏ တရားမ၀င်သစ်ထုတ်လုပ်ခြင်း၊ ရိက္ခာနှင့် ရိုးရာတိုင်းရင်းဆေးဝါးအတွက် အမဲလိုက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော သစ်တောပြုန်းတီးမှုသည် မြန်မာ့ရှားပါးတိရစ္ဆာန်မျိုးစိတ်တစ်ခုဖြစ်သည့် ၎င်း snub-nosed မျောက်များအပေါ် အဓိက ခြိမ်းခြောက်လျက်ရှိကြောင်း၊ ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးစေ့စပ်မှုလုပ်ငန်းစဉ်တိုးတက်လာပြီး ထိုနေရာ၌ Imawbum အမျိုးသားပန်းခြံတည်ဆောက်နိုင်မှသာ တိရစ္ဆာန်များမျိုးသုဉ်းမှုအန္တရာယ်ကို ကာကွယ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။
    ၂၀၁၀ ခုနှစ်က ကချင်ပြည်နယ်တွင် ရှာဖွေတွေ့ရှိခဲ့သော အဆိုပါမျောက်အမျိုးအစားကို အပြည်ပြည်ဆိုင်ရာ သဘာ၀၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး သမဂ္ဂ IUCN မှ မျိုးသုဉ်းပျောက်ကွယ်တော့မည့် အန္တရာယ် အရှိဆုံးစာရင်း၌ ထည့်သွင်းခဲ့သည်။ လူသူ မပေါက်ရောက်သော တောနက်အတွင်း အဆိုပါမျောက်များမှာ အကောင်ရေ ၂၆၀ မှ ၃၃၀ အထိသာ ကျန်ရှိနေသည်ဟု IUCN မှ ခန့်မှန်းထားသည်။
    AP
    ဓါတ်ပုံ အညွှန်း- ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် စောလော်၌ မျောက်မ တစ်ကောင်အား တောလိုက်မုဆိုးတို့မှ ပစ်ခတ်ပြီးနောက် သစ်ပင်ထက်မှ မွေးကင်းစအရွယ် မျောက်လေး တစ်ကောင်ပြုတ်ကျလာပြီး ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ ၎င်းမျောက်မှာ နှာခေါင်းတိုအထက်လှန်နေသည့် ရှားပါးမျိုးနွယ် ဖြစ်သည်။ ၂၀၁၁ ဧပြီ ၂၂ ရက်ထုတ် Fauna & Flora International မဂ္ဂဇင်းခေါင်းကြီးပိုင်းတွင်ဖော်ပြထားသည့် snub-nosed မျောက်မျိုးနွယ် (AP ဓာတ်ပုံ- Jeremy Holden)