News @ M-Media
Tag: China
  • တရုတ်နိုင်ငံက အငြင်းပွားဖွယ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်း
    တရုတ်နိုင်ငံက အငြင်းပွားဖွယ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်း
    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media
    china
    – နည်းပညာကုမ္ပဏီများမှာ ရုပ်ဖျက်ထားသည့် မှတ်တမ်းများကဲ့သို့ အရေးပါသော အချက်အလက်များကို အစိုးရအား လွှဲပြောင်းပေးအပ်ရန် လိုအပ်ပြီး အကြမ်းဖက်မှုကို တန်ပြန်စစ်ဆင်နိုင်ရန် စစ်တပ်အား ပြည်ပသို့စေလွှတ်ခြင်းကို ခွင့်ပြုထားသည့် အငြင်းပွားဖွယ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေသစ်ကို တရုတ်ပါလီမန်က ယမန်နေ့တွင် အတည်ပြုလိုက်သည်ဟု သိရသည်။
    တရုတ်အစိုးရကမူ ၎င်းတို့တိုင်းပြည်တွင် စစ်သွေးကြွများနှင့် ခွဲထွက်ရေးသမားများ တဖြည်းဖြည်း များပြားလာခြင်းနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားထားသည်။ အဆိုပါဥပဒေသည် လွတ်လပ်စွာပြောဆိုခွင့်ကဲ့သို့သော လူ့အခွင့်အရေးများကို ချိုးဖောက်နိုင်သည့်အပြင် အင်တာနက်လွတ်လပ်ခွင့်ကိုလည်း ထိပါးလာနိုင်သောကြောင့် အနောက်နိုင်ငံများက အထူးစိုးရိမ်လျက် ရှိနေကြသည်။
    အမေရိကန်သမ္မတ အိုဘားမားကလည်း ထိုဥပဒေနှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိနေကြောင်း တရုတ်သမ္မတ ဇီဂျင်ပင်းကို တိုက်ရိုက် ပြောကြားထားဖူးသည်။
    သို့သော်လည်း ထိုဥပဒေမှာ နည်းပညာကုမ္ပဏီများ၏ ပုံမှန်ဆောင်ရွက်ချက်များကို ထိခိုက်စေမည်မဟုတ်ဘဲ အသိဥာဏ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ဆုံးရှုံးမှု သို့မဟုတ် မရိုးသားသည့် ကိစ္စများလည်း ပါဝင်မည်မဟုတ်ဟု လွှတ်တော်ရာဇ၀တ်မှုရေးရာဌာနမှ အကြီးအကဲ လီရှောင်ဝေက ပြောကြားခဲ့သည်။
    ဇူလိုင်လကပြဌာန်းခဲ့သော တရုတ်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး ဥပဒေတွင် သတင်းအချက်အလက်နှင့် ပတ်သက်သည့် အဓိက အခြေခံအဆောက်အဦးများနှင့် သတင်းအချက်အလက်စနစ်များမှာ လုံခြုံ၍ ထိန်းချုပ်နိုင်သည့်အနေအထားတွင် ရှိရန် လိုအပ်သည်ဟု ဖော်ပြထားသည်။
    ယခုပြဌာန်းလိုက်သည့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကိုလည်း ပြည်ပစစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ရန် ခွင့်ပြုထားသည်။ သို့သော်လည်း ကျွမ်းကျင်သူများကမူ ထိုသို့ ပါဝင်ခြင်းက လက်တွေ့နှင့် သံတမန်ရေးဆိုင်ရာပြဿနာများ ကြုံတွေ့ရနိုင်သည်ဟု သတိပေးထားသည်။
    ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုဆန့်ကျင်ရေးဌာနခွဲမှ ခေါင်းဆောင် အန်ဝေကျင်းက တရုတ်နိုင်ငံမှာ အကြမ်းဖက်သမားများ အထူးသဖြင့် အရှေ့တာကက်စတန် တပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုကို ခံနေရသည်ဟု ပြောကြားခဲ့သည်။
    အဆိုပါ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေသစ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကို အသေးစိတ်မတင်ပြရန် မီဒီယာကို ကန့်သတ်ထားသည်။ ပုံစံတူလိုက်လုပ်လာနိုင်သည့်အတွက် အကြမ်းဖက်ရေးလှုပ်ရှားမှုများကို မီဒီယာနှင့် လူမှုကွန်ယက်များတွင် မရေးသားရန်အပြင် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သည့် ပြကွက်များကိုလည်း မပြသရန် တားမြစ်ထားသည်။
    Ref: Reuters
  • တရုတ်၏ ကလေးတစ်ယောက်ပေါ်လစီ တရားဝင်အဆုံးသတ်
    တရုတ်၏ ကလေးတစ်ယောက်ပေါ်လစီ တရားဝင်အဆုံးသတ်
    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media
    china
    – တရုတ်နိုင်ငံမှာ အိမ်ထောင်ရှင်များတွင် ကလေးနှစ်ဦးယူခွင့်ပြုသည့် ဥပဒေကို ယနေ့တွင် လက်မှတ်ရေးထိုးကာ တစ်အိမ်ထောင် ကလေးတစ်ယောက်စနစ်အား တရားဝင် ဖျက်သိမ်းလိုက်သည်ဟု သိရသည်။
    နိုင်ငံအတွင်း သက်ကြီးရွယ်အိုများ များပြားလာခြင်း၊ အမျိုးသား၊ အမျိုးသမီး ကွာဟချက် ကြီးမားလာခြင်းနှင့် အလုပ်လုပ်နိုင်သည့် အရေအတွက် နည်းပါးလာခြင်းတို့ကြောင့် ၁၉၇၀ ပြည့်နှစ်ကတည်းက ချမှတ်ကျင့်သုံးခဲ့သည့် တစ်အိမ်ထောင် ကလေးတစ်ယောက်ပေါ်လစီကို ဖျက်သိမ်းရန် ပြီးခဲ့သည့် အောက်တိုဘာက အာဏာရ ကွန်မြူနစ်ပါတီမှ ကြေငြာခဲ့သည်။
    ယခုဥပဒေ၌ တစ်အိမ်ထောင်လျှင် ကလေး ၂ ယောက် ယူခွင့်ရှိသော်လည်း ထပ်မံမွေးဖွားမှုများအတွက် ကန့်သတ်ချက်များ ရှိနေသည်။ တရုတ်အာဏာပိုင်များကမူ ထိုကဲ့သို့ တစ်အိမ်ထောင် ကလေးတစ်ယောက်ပေါ်လစီက တရုတ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်ခဲ့ပြီး မွေးဖွားမှုး သန်း ၄၀၀ ခန့်ကို ဟန့်တားနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
    Ref: Channelnewsasia
  • ထိပ်ဆုံး ၂ သင်းစလုံးရှုံး၊ မန်ယူ အရှုံးမှတ်တမ်းတစ်ခု ထပ်ရခဲ့ပြီး၊ နည်းပြသစ်နဲ့ချယ်ဆီး သရေသာရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈
    ထိပ်ဆုံး ၂ သင်းစလုံးရှုံး၊ မန်ယူ အရှုံးမှတ်တမ်းတစ်ခု ထပ်ရခဲ့ပြီး၊ နည်းပြသစ်နဲ့ချယ်ဆီး သရေသာရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈
    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media
    epl 1
    – ဒီဇင်ဘာ ၂၆ ရက် Boxing Day မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ မှာ ထိပ်ဆုံး ၂ သင်းစလုံး ရှုံးနိမ့်ခဲ့ရပြီး နည်းပြသစ်နဲ့ ပွဲထွက်တဲ့ ချယ်ဆီးက သရေသာ ရခဲ့ပါတယ်။ မန်ယူကတော့ နောက်ဆုံး ၆ ပွဲမှာ စတုတ္ထမြောက်အရှုံးကို ထပ်မံမြည်းစမ်းလိုက်ရပါတယ်။
    အန်ဖီးလ်က လီဗာပူးလ်နဲ့ လက်စတာတို့ပွဲမှာတော့ အိမ်ရှင်တို့ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ၆၃ မိနစ် ဘန်တီကီရဲ့ဂိုးနဲ့ ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်မှုကို အဆုံးသတ်လိုက်နိုင်ပါတယ်။ တန်ပြန်တိုက်စစ်ကိုအားပြုတဲ့ လက်စတာ ပွဲပြီးကာနီးမှာ လီဗာပူးလ်ကို ဖိအားပေးနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့အနိုင်ဂိုးတော့ မရခဲ့ပါဘူး။ လီဗာပူးလ်ဟာ ဒီနှစ်မှာ လက်စတာနဲ့တွေ့ရင် ဂိုးမပေးရတဲ့ ပထမဆုံး အသင်းကြီးတစ်သင်းလည်း ဖြစ်ခဲ့ပါတယ်။ လက်စတာကတော့ ပွဲတိုင်း ဂိုးသွင်းနိုင်တဲ့စံချိန် ရပ်တန့်သွားခဲ့ပါတယ်။
    epl 2
    ပြီးခဲ့တဲ့တစ်ပတ်မှာ မန်စီးတီးကို အနိုင်ကစားပြီး ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်စွမ်းရှိတဲ့အသင်းအဖြစ် ရေးပန်းစားခဲ့တဲ့ အာဆင်နယ်ကတော့ ဆောက်သက်တမ်ကို မရှုမလှ အရေးနိမ့်ခဲ့ပါတယ်။ အသင်းကြီးတစ်သင်းရဲ့ ခြေစွမ်းမျိုး မပြသနိုင်ခဲ့တဲ့ အာဆင်နယ်အတွက် အရှုံးဟာ ထိုက်တန်ခဲ့ပြီး ဆောက်သက်တမ်ကတော့ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲမရှိမှု မှတ်တမ်းကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။
    ဖိအားဒဏ်ခံနေရတဲ့ဗန်ဂါးလ်ကလည်း အပြောင်းအလဲမလုပ်နိုင်ခဲ့ဘဲ စတုတ်ကို အဝေးကွင်းမှာ ၂ ဂိုး ပြတ်နဲ့ လွယ်လွယ်ကူကူပဲ အရှုံးပေးခဲ့ရပါတယ်။ ဒီပွဲအရှုံးဟာ ၁၉၆၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် မန်ယူရဲ့ ပရီးမီးယားလိဂ် လေးပွဲဆက်တိုက်အရှုံး ဖြစ်ခဲ့ပါတယ်။ စတုတ်အတွက် ဂိုးတွေကိုတော့ ၁၉ မိနစ်မှာ ဘိုဂျန်နဲ့ ၂၆ မိနစ်မှာ အာရ်နူတိုဗစ်တို့က သွင်းယူပေးခဲ့တာပါ။
    ယာယီနည်းပြ ဟစ်ဒင့်နဲ့ ပထမဆုံးပွဲထွက်လာတဲ့ချယ်ဆီး အော်စကာရဲ့ မိနစ် ၈၀ ပင်နယ်တီလွဲချော်မှုနဲ့အတူ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ၃၂ မိနစ်မှာ အိမ်ရှင်တို့အတွက် ဒီယေဂိုကော်စတာက ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ၀က်ဖို့ဒ်ရဲ့ ဖိအားပေးခြင်းကို ခံခဲ့ရပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးလိုက်ရပါတယ်။ ချယ်ဆီးအတွက် ဒုတိယချေပဂိုးကိုတော့ ၆၅ မိနစ်မှာ ကော်စတာကပဲ သွင်းပေးခဲ့တာဖြစ်ပါတယ်။
    မန်စီးတီးကေepl 4တာ့ အမှားအယွင်းမရှိခဲ့ဘဲ တန်းဆင်းဇုန်က ဆန်းဒါးလန်းကို စတာလင်၊ တိုးယေး၊ ဘိုနီ၊ ဒီဘရူနီတို့ရဲ့ဂိုးတွေရဲ့ အနိုင်ယူပြီး ထိပ်ဆုံး ၂ သင်းနဲ့ အမှတ်ကွာဟမှုကို ကျဉ်းမြောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ အဆင့် ၄ မျှော်မှန်းနေတဲ့စပါးကလည်း မန်ယူရဲ့ ခြေချော်မှုကို အခွင့်အရေးယူနိုင်ခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲ ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    စတုတ် ၂-၀ မန်ယူ
    ဘုန်းမောက် ၀-၀ ခရစ္စတယ်ပဲလေ့စ်
    လီဗာပူးလ် ၁-၀ လက်စတာ
    စပါး ၃-၀ နော်ဝစ်ခ်ျ
    မန်စီးတီး ၄-၁ ဆန်းဒါးလန်း
    ချယ်ဆီး ၂-၂ ၀က်ဖို့ဒ်
    ဆွမ်ဆီး ၁-၀ ၀က်စ်ဘရွန်း
    အက်စတွန်ဗီလာ ၁-၁ ၀က်စ်ဟမ်း
    နယူးကာဆယ် ၀-၁ အဲဗာတန်
    ဆောက်သက်တမ် ၄-၀ အာဆင်နယ်
  • ၀ီဂါလူမျိုးများ ဖိနှိပ်ခံရကြောင်းဖော်ပြသည့် ပြင်သစ်ဂျာနယ်လစ်ကို တရုတ်က နှင်ထုတ်ရန် စီစဉ်
    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media
    china
    – တရုတ်နိုင်ငံ ဇင်ကျန်းပြည်နယ်ရှိ ၀ီဂါလူမျိုး အစ္စလာမ်ဘာသာဝင်များအား တရုတ်ကွန်မြူနစ်အစိုးရက ဖိနှိပ်ချုပ်ချယ်မှုများကို ရေးသားဖော်ခဲ့သည့် ပြင်သစ်ဂျာနယ်လစ်တစ်ဦးကို နိုင်ငံအတွင်းမှ တရုတ်အစိုးရက နှင်ထုတ်ရန်သွားမည်ဟု သိရသည်။
    L’Obs မဂ္ဂဇင်းမှ ဂျာနယ်လစ် အူရ်ဆူလာ ဂူသီယာဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့် ၎င်း၏ ဗီဇာနှင့် မီဒီယာခွင့်ပြုကဒ်တို့ကို သက်တမ်းတိုးပေးမည်မဟုတ်ဟု တရုတ်အာဏာပိုင်များက ပြောကြားခဲ့ကြောင်း အဆိုပါမဂ္ဂဇင်းတိုက်က သောကြာနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
    ဇင်ကျန်းပြည်နယ်ရှိ ၀ီဂါလူမျိုးများကို တရုတ်အစိုးရက ဖိနှိပ်ချုပ်ချယ်မှုများရှိသည်ဆိုသော သတင်းများ ထွက်ပေါ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး တရုတ်အစိုးရမှာ ၀ီဂါများ၏ ဘာသာတရားကျင့်သုံးမှုအား တားမြစ်ပိတ်ပင်ခြင်း၊ ဟန်လူမျိုးများအား ဇင်ကျန်းပြည်နယ်သို့ ပြောင်းရွှေ့စေကာ ၀ီဂါလူမျိုးများ အရေအတွက်လျော့ကျအောင် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နေသည်ဟု စွပ်စွဲခံထားရသည်။
    အင်္ဂါနေ့က ဖော်ပြသည့် မဂ္ဂဇင်း၏ အယ်ဒီတာ့အာဘော်တွင် ဂူသီယာ၏ လုပ်ဖော်ကိုင်ဖက်များက သူမမှာ အသက်အန္တရာယ်ပင် ခြိမ်းခြောက်ခံခဲ့ရပြီး၊ တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုက ပြုလုပ်သည့် လှုပ်ရှားမှုတစ်ခုတွင် ဂူသီယာအား ဘက်လိုက်သော နိုင်ငံရေးခံယူချက်နှင့် တရုတ်ဆန့်ကျင်ရေး သဘောတရားများ ရှိသည်ဟု စွပ်စွဲခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။ L’Obs မဂ္ဂဇင်းကမူ ထိုစွပ်စွဲချက်များအား ငြင်းဆိုခဲ့သည်။
    တရုတ်အာဏာပိုင်များက ဂူသီယာ၏ ဖော်ပြမှုမှာ “ရှက်ဖွယ်လိလိဖြစ်သော အကြမ်းဖက်ဝါဒလုပ်ရပ်နှင့် ရက်စက်သည့် သတ်ဖြတ်မှုလုပ်ရပ်” ဖြစ်သည်ဟု ယမန်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေငြာချက်တွင်
    ဖော်ပြထားသည်။
    နယ်စည်းမခြားသတင်းထောက်များအဖွဲ့မှ နိုင်ငံပေါင်း ၁၈၀ ကို စာရင်းပြုစုထားသော ကမ္ဘာ့မီဒီယာလွတ်လပ်မှု အညွှန်းကိန်း (World Press Freedom Index) တွင် တရုတ်နိုင်ငံမှာ အဆင့် ၁၇၆ တွင်ရှိနေပြီး ၎င်း၏နောက်တွင် ဆီးရီးယား၊ မြောက်ကိုရီးယား၊ တာခ်မန်နစ္စတန်နှင့် အီရစ်ထရီယာနိုင်ငံတို့သာ ရှိနေသည်။
    Ref: Aljazeera
  • မိမိတို့၏ အကျိုးစီးပွားကို လေးစားရန် တရုတ်က အမေရိကန်ကို တောင်းဆို
    မိမိတို့၏ အကျိုးစီးပွားကို လေးစားရန် တရုတ်က အမေရိကန်ကို တောင်းဆို
    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media
    chi
    – အမေရိကန်အနေဖြင့် မိမိတို့နိုင်ငံ၏ အဓိကကျသော အကျိုးစီးပွားများကို လေးစားရန် တရုတ်က တောင်းဆိုလိုက်ပြီး တောင်တရုတ်ပင်လယ်ရှိ မိမိတို့၏ ကျွန်းစုများအနီး အင်အားပြခြင်းကိုလည်း ရှောင်ကျဉ်ရန် ပြောကြားလိုက်သည်။
    တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ယမန်နေ့က တယ်လီဖုန်းပြောဆိုရာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အမေရိကန်အနေဖြင့် ထိုင်ဝမ်သို့ စစ်လက်နက်ကရိယာများ ရောင်းချမှုကို ရပ်တန့်ရန်နှင့် (တရုတ်က နန်ရှာကျွန်းစုဟုခေါ်သော) စပရက်တလေကျွန်းစုအနီးတွင် ကင်းထောက်လေယာဉ်များ ပျံသန်းမှုကို အဆုံးသတ်ပေးရန် လိုအပ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    အမေရိကန်က အဆိုပါကျွန်းများမှာ တရုတ်နိုင်ငံက ဖန်တီးနေသည့် ကျွန်းတုများဟု ပြောကြားထားသည်။
    “အမေရိကန်က တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိတယ်ဆိုရင် တရုတ်နိုင်ငံရဲ့ အဓိကအကျိုးစီးပွားတွေကို လေးစားမှုရှိရမှာဖြစ်ပါတယ်” ဟု ၀မ်ယီက ထည့်သွင်းပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁၀ ရက်နေ့က အမေရိကန်၏ B-52 ဗုံးကြဲလေယာဉ် ၂ စင်းမှာ စပရက်တလေကျွန်းစု၏ အလွန်နီးကပ်သည့်နေရာမှ ပျံသန်းသွားခဲ့ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးကမူ အမေရိကန်မှာ ဒေသအတွင်း တင်းမာမှုများ မြင့်တက်စေရန် တမင်တကာ ဆောင်ရွက်ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
    အမေရိကန်မှာ ထိုင်ဝမ်နှင့် ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းဝယ်ရေး သဘောတူညီမှုကို ပြီးခဲ့သည့်တစ်ပတ်က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါသဘောတူညီချက်အရ ထိုင်ဝမ်သည် စစ်ရေယာဉ်နှစ်စီးကို လက်ခံရရှိမည်ဖြစ်ပြီး မြေပြင်နှင့် အဏ္ဏ၀ါ နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် တိုက်ခိုက်ရေးယာဉ်များ၊ ဒုံးကျည်များကို ရရှိမည်ဖြစ်သည်။ အဆိုပါ လက်နက်ကိရိယာမျာမှာ ၁၉၇၀ ပြည့်နှစ်များက ထုတ်လုပ်ထားသည်များ ဖြစ်သည်။
    “အမေရိကန်က ထိုင်ဝမ်နဲ့ လက်နက်သဘောတူညီမှုဟာ အလွန် ထိလွယ်ရှလွယ်ပြီး အန္တရာယ်ကြီးတဲ့အတွက် အထူးသတိထားသင့်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဟွမ်လီ က ပြောကြားခဲ့သည်။
    တရုတ်မှာ ထိုင်ဝမ်ကို ၎င်း၏ နယ်မြေအစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပြီး တောင်တရုတ်ပင်လယ်အငြင်းပွားမှုတွင် ထိုင်ဝမ်နိုင်ငံသည်လည်း ရပိုင်ခွင့် တောင်းဆိုထားသူဖြစ်သည်။
    အမေရိကန်မှာ နယ်မြေဆိုင်ရာ အငြင်းပွားမှုတွင် တရုတ်၏ပြိုင်ဘက်များကို အားပေးထောက်ခံမှုများ ပြုလုပ်လျက်ရှိပြီး တရုတ်ကမူ အမေရိကန်မှာ တောင်တရုတ်ပင်လယ်တွင် တင်းမာမှုမြင့်တက်စေရန် ဒေသတွင်းပြဿနာများကို မီးထိုးပေးနေသည်ဟု စွပ်စွဲပြောဆိုထားသည်။
    Ref: Presstv