News @ M-Media

Tag: China

  • တရုတ်ရှိ ဧရာမ မော်စီတုံးရုပ်တုကို အစိုးရဖျက်ဆီး

    တရုတ်ရှိ ဧရာမ မော်စီတုံးရုပ်တုကို အစိုးရဖျက်ဆီး

    ဇန်န၀ါရီ ၁၀၊ ၂၀၁၆
    M-Media

    moi 4

    – တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှ ၃၇ မီတာမြင့်သည့် မော်စီတုံးရုပ်တုကြီးကို အစိုးရခွင့်ပြုချက်မရှိပဲ ဆောက်လုပ်သည့်အတွက် ဖြိုချခံခဲ့ရသည်ဟု သိရသည်။

    တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းကိုင်ဖခင်ကြီးဖြစ်ပြီး ဟီနန်ပြည်နယ်ရှိ လယ်ကွင်းခေါင်ခေါင်တွင် ထီးထီးမားမားကြီး ထိုင်နေသည့် အဆိုပါ ရွှေရည်သုတ်ရုပ်တုကြီးမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူမှုကွန်ရက်များတွင် အလွန်အမင်း ပြန့်နှံ့ခဲ့ကာ ထိုရုပ်ထုမှာ ကမ္ဘာ့သတင်းစာများ၏ ခေါင်းစီးအဖြစ် ဖော်ပြခြင်းခံခဲ့ရသည်။

    People’s Net သတင်းဌာနကမူ ထိုရုပ်ထုကြီးမှာ ဖျက်ဆီးခံခဲ့ရသသည်ဟု ဒေသခံ အာဏာပိုင်းများ၏ ပြောကြားမှုကို ကိုးကား၍ ယမန်နေ့တွင် ဖော်ပြခဲ့သည်။ သို့သော်လည်း ဒေါ်လာ ၄၆၀၀၀၀ ကုန်ကျခဲ့သည် အဆိုပါရုပ်ထုအား မည်သည့်အကြောင်းကြောင့် ဖျက်ဆီးရသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ သတင်းအချို့ကမူ စိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်းကြောင့် ဖြိုချခံခဲ့ရသည်ဟု ဖော်ပြခဲ့သည်။

    ရုပ်တု၏ ကုန်ကျစားရိတ်ကို ဒေသတွင်း လုပ်ငန်းရှင်ပေါင်းများက ငွေကြေးထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ၉ လ ကြာခဲ့ပြီးနောက် ဒီဇင်ဘာတွင် အပြီးသတ်နိုင်ခဲ့သည်။ အငတ်ဘေးကြောင့် လူသန်းပေါင်းများစွာ သေဆုံးခဲ့ရသည့်အတွက် မော်စီတုံးမှာ အပြစ်တင်ခြင်း ခံခဲ့ရသော်လည်း တရုတ်နိုင်ငံသူနိုင်ငံသားများက နိုင်ငံကို စုစည်းနိုင်ခဲ့သည့် ၎င်းအား ကြည်ညိုလေးစားကြသည်။

    ၁၉၅၀ ပြည့်နှစ် နှောင်းပိုင်းကာလများတွင် မော်စီတုန်း၏ စီးပွားရေးပေါ်လစီများကြောင့် ဟီနန်ပြည်နယ်တွင် လူသန်း ၄၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည့်အတွက် မော်စီတုံးရုပ်ထုအား ထိုပြည်နယ်တွင် ဆောက်လုပ်မှုကို အင်တာနက်အသုံးပြုအချို့က ဝေဖန်ခဲ့ကြသည်။

    moi 2
    မပျက်ဆီးစဉ်က တွေ့ရစဉ်

    Ref: Al-jazeera

  • ယုံကြည်စိတ်ချမှု ပြဿနာနှင့် ပတ်သက်၍ ရှင်းလင်းရန် မိုက်ခရိုဆော့ဖ်အား တရုတ်က တောင်းဆိုထား

    ယုံကြည်စိတ်ချမှု ပြဿနာနှင့် ပတ်သက်၍ ရှင်းလင်းရန် မိုက်ခရိုဆော့ဖ်အား တရုတ်က တောင်းဆိုထား

    ဇန်န၀ါရီ ၆၊ ၂၀၁၅
    M-Media

    – ယုံကြည်စိတ်ချရမှု မရှိခြင်းနှင့် ပတ်သက်၍ ပြုလုပ်သော စုံစမ်းစစ်ဆေးမှုများမှ တွေ့ခဲ့သည့် ပြဿနာတစ်ချို့အတွက် ရှင်းလင်းတင်ပြမှုများ ပြုလုပ်ရန် တရုတ် စက်မှုလက်မှုနှင့် စီးပွားရေးအာဏာပိုင်အဖွဲ့က မိုက်ခရိုဆော့ဖ်ကုမ္ပဏီကို တောင်းဆိုလိုက်သည်။

    နိုင်ငံတော် စက်မှုလက်မှုနှင့် စီးပွားရေးအာဏာပိုင်အဖွဲ့ (SAIC) က မည်သည့်ကိစ္စနှင့်ပက်သက်၍ စုံစမ်းမေးမြန်းခဲ့ကြောင်းကို အတိအကျ ထုတ်ပြောခဲ့ခြင်းမရှိပေ။ သို့သော် ထိုကဲ့သို့ တောင်းဆိုမှုမှာ ၂၀၁၄ နှစ်အလယ်တွင် ဖြန့်ချီခဲ့သော ၀င်ဒိုးစနစ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

    မိုက်ခရိုဆော့ဖ်အနေဖြင့် မိမိတို့၏ တောင်းဆိုမှုအတွက် အပြည့်အ၀ ဖြေရှင်းချက်ပေးရမည်ဟု SAIC က ၎င်း၏ ၀က်ဘ်ဆိုက်၌ လွှင့်တင်ခဲ့သော ကြေညာချက်တွင် ပြောဆိုထားသည်။

    SAIC ၏ စုံစမ်းမှုများမှာ တစ်နှစ်ကျော်ကြာပြီးနောက် ယခုကဲ့သို့ မိုက်ခရိုဆော့ဖ်အား ဖြေရှင်းချက် တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး ဈေးကွက်ဖြစ်သော တရုတ်တွင် စီးပွားရေးချဲ့ထွင်ရန် ကြိုးပမ်းမှုများ သဲထဲရေသွန်ဖြစ်တော့မည့် အရိပ်အယောင်များ မြင်နေရသည်။

    “တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့နဲ့ SAIC ရဲ့ မေးမြန်းမှုတွေ၊ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ အသေအချာ ဆောင်ရွက်သွားမှာပါ” ဟု မိုက်ခရိုဆော့ဖ်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ပြည်တွင်းကုမ္ပဏီများနှင့် စားသုံးသူများအား ကာကွယ်ရန် ကြိုးပမ်းသည်ဟု အချို့က ဆိုကြသော တရုတ်၏ ဆောင်ရွက်မှုအတွင်း မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှာ တရုတ်အာဏာပိုင်များ စောင့်ကြည့်မှုကို ခံနေရသည့် အမေရိကန်၏ အကြီးမားဆုံးကုမ္ပဏီများအနက်မှ တစ်ခုဖြစ်သည်။

    စုံစမ်းစစ်ဆေးမှုကို စတင်ပြုလုပ်ခဲ့သည့်အချိန်တွက် SAIC က မိုက်ခရိုဆော့ဖ်မှာ ၀င်းဒိုးနှင့် ၎င်း၏ရုံးသုံးဆော့ဖ်ဝဲများနှင့်ပက်သက်၍ အချက်အလက်များကို အပြည့်အ၀ ထုတ်ပြန်ခြင်းမရှိဟု ဆိုသည်။ ထို့ပြင် SAIC မှာ မိုက်ခရိုဆော့ဖ်ဒုဥက္ကဌနှင့် အကြီးတန်းမန်နေဂျာများကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ပေဂျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးနှင့် ချန်းဒူပြည်နယ်များရှိ ကုမ္ပဏီလုပ်ငန်းခွင်များတွင် SAIC သည် မှတ်တမ်းမှတ်ရာများ၊ အီးမေးလ်များနှင့် အခြားသော အချက်အလက်များကို စုဆောင်းရယူခဲ့သည်။

    Ref: Channelnewsasia

  • တရုတ်စစ်တပ်က တပ်မဟာသစ် ၃ ခု ဖွဲ့စည်း

    တရုတ်စစ်တပ်က တပ်မဟာသစ် ၃ ခု ဖွဲ့စည်း

    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media

    ch

    – တရုတ်စစ်တပ်မှာ တပ်မဟာသစ် ၃ ခုကို ထပ်မံဖွဲ့စည်းလိုက်ပြီး အဆိုပါတပ်မဟာများတွင် လက်နက်ကိရိယာများကို အဆင့်မြှင့်တင်ပေးမည်ဖြစ်ကာ စစ်ဌာနချုပ်ကိုလည်း ခေတ်မီအောင် ဆောင်ရွက်သွားမည်ဟု သမ္မတဇီကျင်ပင်းက ကြေညာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

    သမ္မတ၏ စစ်ဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ အရှေ့နှင့် တောင်တရုတ်ပင်လယ်များ၌ နယ်မြေအငြင်းပွားမှု ကိစ္စများတွင် ပြင်းပြင်းထန်ထန် တောင်းဆိုလာမှုနှင့်အတူ တိုက်ဆိုင်စွာ ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။ တရုတ်ရေတပ်မတော်တွင် ရေငုပ်သင်္ဘောများ၊ လေယာဉ်တင်သင်္ဘောများဖြင့် အားဖြည့်နေပြီး လေတပ်မှာလည်း ကိုယ်ပျောက်တိုက်လေယာဉ်များကို ဖန်တီးလျက်ရှိနေသည်။

    ကြာသာပတေးနေ့တွင် ဇီဂျင်ပင်းမှာ ကြည်းတပ်အတွက် စစ်ဌာနချုပ်အသစ်၊ ဒုံးကျည်တပ်မဟာနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်အတွက် ဗဟာဗျူဟာ ထောက်ပံ့ရေး တပ်မဟာတို့ ဖွဲ့စည်းသည့်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဒုံးကျည်တပ်မဟာမှာ နိုင်ငံ၏ နျူကလီးယား လက်နက်များကို ကိုင်တွယ်ထိန်းချုပ်မည်ဖြစ်သည်။

    တရုတ်နိုင်ငံမှာ စစ်တပ်သုံးယာဉ်၊ လက်နက်၊ ကိရိယာများကို အဆင့်မြှင့်တင်မှုများကို လျှင်မြန်စွာလုပ်ကိုင်ဆောင်ရွက်နေသည်။ သို့သော် နယ်မြေအလိုက်ဖွဲ့စည်းထားသည့် တပ်ခွဲများတွင် ရှုပ်ထွေးသောစနစ်များကို အဆင့်မြှင့်တင်ရေးသည် အလွန်ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။

    စစ်တပ်အတွင်း ပိုမိုကျယ်ပြန့်သော ပြုပြင်ပြောင်းလဲရေးအစီအစဉ်များမှာ အငြင်းပွားစရာများဖြစ်ပေါ်နေပြီး တပ်ပိုင်သတင်းစာကလည်း ပြုပြင်ပြောင်းလဲရေးကိစ္စများအပေါ် အတိုက်အခံများ၏ သတိပေးချက်၊ မှတ်ချက်များကို ရေးသားထုတ်ဝေခဲ့ကာ အလုပ်အကိုင် ဆုံးရှုံးမှုများအတွက်လည်း စိုးရိမ်မှုများရှိနေကြောင်း ဖော်ပြရေးသားခဲ့သည်။

    သမ္မတဇီကျင်ပင်းကမူ စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုများကို ထိထိရောက်ရောက် အမြစ်မှလှန်၍ သုတ်သင်အရေးယူလျက်ရှိပြီး အရာရှိဒါဇင်ပေါင်းများစွာကို စုံစမ်းဖော်ထုတ်ကာ ထောင်သွင်းအကျဉ်းချခဲ့သည်။

    Ref : Channelnewsasia

  • တရုတ်နိုင်ငံက အငြင်းပွားဖွယ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်း

    တရုတ်နိုင်ငံက အငြင်းပွားဖွယ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်း

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    china

    – နည်းပညာကုမ္ပဏီများမှာ ရုပ်ဖျက်ထားသည့် မှတ်တမ်းများကဲ့သို့ အရေးပါသော အချက်အလက်များကို အစိုးရအား လွှဲပြောင်းပေးအပ်ရန် လိုအပ်ပြီး အကြမ်းဖက်မှုကို တန်ပြန်စစ်ဆင်နိုင်ရန် စစ်တပ်အား ပြည်ပသို့စေလွှတ်ခြင်းကို ခွင့်ပြုထားသည့် အငြင်းပွားဖွယ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေသစ်ကို တရုတ်ပါလီမန်က ယမန်နေ့တွင် အတည်ပြုလိုက်သည်ဟု သိရသည်။

    တရုတ်အစိုးရကမူ ၎င်းတို့တိုင်းပြည်တွင် စစ်သွေးကြွများနှင့် ခွဲထွက်ရေးသမားများ တဖြည်းဖြည်း များပြားလာခြင်းနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားထားသည်။ အဆိုပါဥပဒေသည် လွတ်လပ်စွာပြောဆိုခွင့်ကဲ့သို့သော လူ့အခွင့်အရေးများကို ချိုးဖောက်နိုင်သည့်အပြင် အင်တာနက်လွတ်လပ်ခွင့်ကိုလည်း ထိပါးလာနိုင်သောကြောင့် အနောက်နိုင်ငံများက အထူးစိုးရိမ်လျက် ရှိနေကြသည်။

    အမေရိကန်သမ္မတ အိုဘားမားကလည်း ထိုဥပဒေနှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိနေကြောင်း တရုတ်သမ္မတ ဇီဂျင်ပင်းကို တိုက်ရိုက် ပြောကြားထားဖူးသည်။

    သို့သော်လည်း ထိုဥပဒေမှာ နည်းပညာကုမ္ပဏီများ၏ ပုံမှန်ဆောင်ရွက်ချက်များကို ထိခိုက်စေမည်မဟုတ်ဘဲ အသိဥာဏ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ဆုံးရှုံးမှု သို့မဟုတ် မရိုးသားသည့် ကိစ္စများလည်း ပါဝင်မည်မဟုတ်ဟု လွှတ်တော်ရာဇ၀တ်မှုရေးရာဌာနမှ အကြီးအကဲ လီရှောင်ဝေက ပြောကြားခဲ့သည်။

    ဇူလိုင်လကပြဌာန်းခဲ့သော တရုတ်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး ဥပဒေတွင် သတင်းအချက်အလက်နှင့် ပတ်သက်သည့် အဓိက အခြေခံအဆောက်အဦးများနှင့် သတင်းအချက်အလက်စနစ်များမှာ လုံခြုံ၍ ထိန်းချုပ်နိုင်သည့်အနေအထားတွင် ရှိရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

    ယခုပြဌာန်းလိုက်သည့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကိုလည်း ပြည်ပစစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ရန် ခွင့်ပြုထားသည်။ သို့သော်လည်း ကျွမ်းကျင်သူများကမူ ထိုသို့ ပါဝင်ခြင်းက လက်တွေ့နှင့် သံတမန်ရေးဆိုင်ရာပြဿနာများ ကြုံတွေ့ရနိုင်သည်ဟု သတိပေးထားသည်။

    ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုဆန့်ကျင်ရေးဌာနခွဲမှ ခေါင်းဆောင် အန်ဝေကျင်းက တရုတ်နိုင်ငံမှာ အကြမ်းဖက်သမားများ အထူးသဖြင့် အရှေ့တာကက်စတန် တပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုကို ခံနေရသည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေသစ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကို အသေးစိတ်မတင်ပြရန် မီဒီယာကို ကန့်သတ်ထားသည်။ ပုံစံတူလိုက်လုပ်လာနိုင်သည့်အတွက် အကြမ်းဖက်ရေးလှုပ်ရှားမှုများကို မီဒီယာနှင့် လူမှုကွန်ယက်များတွင် မရေးသားရန်အပြင် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သည့် ပြကွက်များကိုလည်း မပြသရန် တားမြစ်ထားသည်။

    Ref: Reuters

  • တရုတ်၏ ကလေးတစ်ယောက်ပေါ်လစီ တရားဝင်အဆုံးသတ်

    တရုတ်၏ ကလေးတစ်ယောက်ပေါ်လစီ တရားဝင်အဆုံးသတ်

    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    china

    – တရုတ်နိုင်ငံမှာ အိမ်ထောင်ရှင်များတွင် ကလေးနှစ်ဦးယူခွင့်ပြုသည့် ဥပဒေကို ယနေ့တွင် လက်မှတ်ရေးထိုးကာ တစ်အိမ်ထောင် ကလေးတစ်ယောက်စနစ်အား တရားဝင် ဖျက်သိမ်းလိုက်သည်ဟု သိရသည်။

    နိုင်ငံအတွင်း သက်ကြီးရွယ်အိုများ များပြားလာခြင်း၊ အမျိုးသား၊ အမျိုးသမီး ကွာဟချက် ကြီးမားလာခြင်းနှင့် အလုပ်လုပ်နိုင်သည့် အရေအတွက် နည်းပါးလာခြင်းတို့ကြောင့် ၁၉၇၀ ပြည့်နှစ်ကတည်းက ချမှတ်ကျင့်သုံးခဲ့သည့် တစ်အိမ်ထောင် ကလေးတစ်ယောက်ပေါ်လစီကို ဖျက်သိမ်းရန် ပြီးခဲ့သည့် အောက်တိုဘာက အာဏာရ ကွန်မြူနစ်ပါတီမှ ကြေငြာခဲ့သည်။

    ယခုဥပဒေ၌ တစ်အိမ်ထောင်လျှင် ကလေး ၂ ယောက် ယူခွင့်ရှိသော်လည်း ထပ်မံမွေးဖွားမှုများအတွက် ကန့်သတ်ချက်များ ရှိနေသည်။ တရုတ်အာဏာပိုင်များကမူ ထိုကဲ့သို့ တစ်အိမ်ထောင် ကလေးတစ်ယောက်ပေါ်လစီက တရုတ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်ခဲ့ပြီး မွေးဖွားမှုး သန်း ၄၀၀ ခန့်ကို ဟန့်တားနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: Channelnewsasia