News @ M-Media

Tag: D-Rose

  • ကံကောင်းလာအောင်ပေါ့

    ကံကောင်းလာအောင်ပေါ့

    ဇူလိုင် ၂၂ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင် ရေးသည်။
    images
    လူအများစုအတွေးထဲမှာပေါ့။ ဘဝမှာအောင်မြင်လာမယ်၊ လုပ်တိုင်းဖြစ်လာမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယူဆလေ့ရှိကြတယ်။ “ကံကောင်းလိုက်တာ” လို့။ ဒါပေမယ့် ဘဝဆိုတာက ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတွေ ပြွန်းနေတဲ့တောအုပ်ကြီးတစ်ခုလိုပေါ့။ လင်းတစ်လှည့် မှောင်တစ်ခါ အမျိုးမျိုးကြုံနေကြရတာလေ။ ဒီတော့ အမြဲတမ်းကံကောင်းမနေတတ်သလို ကံဆိုးလို့ချည်းလည်း မနေပါဘူး။ နေ့စဉ်ဘဝမှာ ကြုံရတတ်တဲ့ အသေးအမွှား ကိစ္စလေးတွေက အစ ဘဝနှင့်ချီပြီး ကြုံတွေ့ရတဲ့ အခက်အခဲတွေ အပေါ် “ငါ့နှယ်ကံဆိုးလေခြင်း” ရယ်လို့ ညည်းမိတတ်ကြပြန်တယ်။ ကောင်းပြီ ကံဆိုတာကလည်း ကမ္မ၊ ပြုလုပ်ခြင်းလို့ဆိုတာကိုး။ ဒီတော့ ကိုယ့်ဘဝမှာ အောင်မြင်တာတွေရော ဆုံးရှုံးတာတွေ အတွက်ပါ ကံကိုချည်းပုံချ၍ ဝမ်းနည်း ပူဆွေးနေကြရတော့မှာတဲ့လား။ ကံဆိုးမိုးမှောင်ကျတယ်ဆိုတာ တစ်သက်လုံး အတွက်တော့ မဟုတ်တန်ရာဘူး။ အမှောင်ရဲ့အနောက်မှာ အလင်းဆိုတာ ရှိနေသေးတာပဲလေ။ စိတ်ဓာတ်ကိုမြေကြီးအောက် အထိ ချပစ်လိုက်မှာလား။ မဟုတ်တာပဲ။ လဲကျတိုင်းပြန်ထဖို့ အခွင့်အရေးဆိုတာ လူတိုင်းမှာ ရှိနေပြီးသားပဲလေ။

    ပြင်းပြင်းထန်ထန် လဲပြိုလို့ ကိုယ့်ဘာသာပြန်ထလို့ မရခဲ့ရင်လည်း ထူပေးမပေးမဲ့သူကို တောင်းပန် တိုးရှိုးကြည့်ကြရမှာပါ။ လဲလျက်သားကြီးနှင့် တစ်ဘဝကို အရှုံးပေးလိုက်လို့မှ မဖြစ်တာပဲနော့။ လူမှုရေးစိတ်ရှိသူ စာနာတတ်သူဆိုတာ လောကကြီးမှာ ခေါင်းပါး မသွားသေးပါဘူး။ ရှိနေဆဲပါ။ ဒါကြောင့်လည်း “လဲနေသူ ထူပေးပါ” ဆိုတဲ့ ကျောင်းခန်းစာအုပ်ထဲက စကားရပ်လေးရှိနေတာပေါ့။ အရေးကြီးတာက ကိုယ့်ကိုယ်ကို အားပေးဖို့။ ကံဆိုးနေလိုက်တာဆိုတဲ့ အတွေးအမြင်တွေကို အပြု သဘောဆောင်အောင်တွေးဖို့ ပြောင်းလဲ ပစ်လိုက်ဖို့ပါပဲ။ ဒီအချက်တွေကလည်း ဘယ်သူဘယ်ဝါကို လက်ညှိုးထိုးပြီး ခိုင်းလိုက်မယ်ဆိုပြီး လုပ်မရဘူးလေ။ အကောင်းမြင် အကောင်းတွေးဖို့က ကိုယ်ကိုယ်တိုင်ကလွဲလို့ ဘယ်သူ့ကိုမှ လွှဲလို့မရတာမျိုး။ ဒီတော့ ကံကောင်းခြင်းလက်ဆောင်တွေကို ကိုယ်တိုင်ရယူ ခံစားနိုင်အောင် ကြိုးစားရုံသာရှိပါတယ်။

    ဘဝမှာအခွင့်အလမ်းကောင်းတွေ အများကြီးရှိနေပါတယ်။ အရေးကြီးတာက အဲဒီအခွင့်အလမ်းကောင်းတွေဟာ ကိုယ့်အတွက်ရယူနိုင်တာတွေ ရှိနေတယ်ဆိုတာကို ခိုင်ခိုင်မာမာတွေးတော ဆင်ခြင်တတ်သူတွေ ဖြစ်ဖို့ပါပဲ။ အဆိုးမြင်သူ တစ်ဦးဟာ အဲဒီအခွင့်အလမ်းကောင်း အားလုံးကို သူများတကာတွေကပဲ ရယူကုန်ကြပြီးပြီ။ ကိုယ့်အတွက် ဘာမှကျန်မှာ မဟုတ်ပါလူးလို့ တွေးလေ့ရှိတယ်။ ကိုယ်မျှော်မှန်းသလို ရတတ်စမြဲလို့ ပညာရှင်တွေရဲ့ အဆိုအတိုင်း ကံကောင်းသူတွေဟာ အကောင်းဆုံးကို အမြဲမျှော်လင့်တတ်ကြတယ်။ နောက်ပြီး ကြီးကျယ်အောင်မြင်တဲ့ အနာဂတ်ကိုရရှိဖို့လည်း ယုံကြည်စိတ်ထားလေ့ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ဒီမျှော်လင့်ချက်တွေဟာ အနာဂတ်မှာ ပုံပေါ်လာမယ့် အရိပ်နိမိတ်တွေပဲပေါ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ ကံကောင်းသူနှင့် ကံဆိုးသူတို့ရဲ့ ခြားနားတဲ့ မျှော်မှန်းချက်တွေကို လေ့လာကြည့်ရင် သိသာပါလိမ့်မယ်။

    ဆုံးရှုံးရမှာကိုတွေးပြီး ဘာမှမလုပ်ဖြစ်တဲ့သူဟာ ဆုံးရှုံးမှုကို ရင်ဆိုင်ရမှာ သိပ်ကိုသေချာနေတယ်။  အောင်မြင်ဖို့ဆုံးရှုံးဖို့ကို လုံးဝထည့်မတွက်ဘဲ ဆက်တိုက်ကြိုးစားနေသူအတွက် တစ်ချိန်ချိန်မှာ ကံကောင်းလာမှာပါ စိတ်ချ ကံကောင်းခြင်းဆိုတာ ဇွဲရှိသူတွေရဲ့ ဘက်မှာရှိနေတာကိုး။

    တစ်ခါတစ်ရံမှာပေါ့ မျှော်လင့်မထားတဲ့ အခက်အခဲတွေ အတားအဆီးတွေကို ကြုံကြရမှာပါ။ အဲဒီအတွက် ထိပ်ထိပ်ပျာပျာမဖြစ်ဘဲ ဒါဟာဘဝရဲ့စိန်ခေါ်မှုတစ်ခုပဲလို့ အမြင်ပြောင်းကြည့်လိုက်မယ်ဆိုရင် သေချာတယ်၊ စဉ်ဆက်မပြတ်ကြိုးစားနေသူ အတွက် အောင်ပွဲ အသစ်တစ်ခု ရလာမှာပါ။ ကံကောင်းသူတွေဟာ သူတို့ပတ်ဝန်းကျင်ကို မျက်ခြေအပြတ်မခံနိုင်ဘူး။ ဘာအခွင့်အလမ်းကောင်းတွေကြုံနိုင် မလဲဆိုတာ အမြဲယုံကြည်ချက်ထားတယ်။ နိုးနိုးကြားကြားရှိတယ်။ ကုသိုလ်ကံအတိုင်းပဲပေါ့လို့ လက်မှိုင်ချပြီး ငေးငိုင်နေတဲ့ လူစားမျိုး မဟုတ်ပါဘူး။ တာဝန်ယူစရာတစ်ခုခုကြုံလာတဲ့အခါမျိုးမှာ ကံကောင်းသူဆိုတဲ့သူဟာ “ဟုတ်ကဲ့” လုပ်ဖို့ဝန်မလေးဘူး။ အသစ်အဆန်းတစ်ခုခု လုပ်ရဖို့အတွက် အောင်မြင်ပါ့မလားဆိုတဲ့ သံသယစိတ်မထားဘဲ ကြိုးစားတတ်တယ်။ ဒီတော့ ကိုယ့်ကြိုးစားမှုရဲ့အတွေ့အကြုံသစ်ကို အကျိုးခံစားခွင့်ရတာ မဆန်းပါဘူး။

    လူဆိုတာက ထီးတည်းနေလို့ရတာမျိုး မဟုတ်ပါဘူး။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် ဝင်ဆန့်အောင်နေတတ် ထိုင်တတ်ရတယ်။ ကိုယ်ချည်းပေးရတာမျိုး သူများဆီကချည်း ယူရတာမျိုးထက် ပေးတန်တာပေး ယူတန်တာယူ မျှတတဲ့ ဆက်ဆံမှုဟာ မိတ်ကောင်းဆွေကောင်းတွေ ရတတ်တယ်။ ဒီတော့ ကိုယ်ကပေးရတဲ့ အကူအညီတွေရှိနိုင်သလို ရလာနိုင်တဲ့ အခွင့်အလမ်းကောင်းတွေလည်း ပေါ်တတ်တယ်။ အသိုင်းအဝိုင်း တစ်ခုမှာ ဝင်ဆန့်အောင် လူမှုဆက်ဆံရေး အဆင်ပြေအောင် ကြိုးစားဖို့တော့လိုမယ်။ တစ်ခုရှိတာက လူတိုင်းဟာ ကိုယ်နှင့်သဟဇာတ ဖြစ်ချင်မှဖြစ်မှာပါ။ ဒါပေမယ့် သူတို့ရဲ့ကောင်းတဲ့အချက်လေးတွေကိုပဲ အလေးထားပြီး ဆက်ဆံရင်တော့ ရာနှုန်းပြည့်မဟုတ်ရင်တောင် တော်တော်လေး အဆင်ပြေနိုင်ပါတယ်။

    ဘဝမှာ အနိုင်ယူဖို့အသင့်ဆုံးသူဟာ သူများမဟုတ်ဘူး၊ ကိုယ်တိုင်ကိုယ်ပါပဲ။ အဆိုးမြင်စိတ်ကို အနိုင်ယူဖို့ ကြိုးစားနိုင်တာလည်း ကိုယ်တိုင်ပဲဖြစ်သလို ဘာမဆို ကြိုးစားမကြည့်ခင်ကတည်းက ဖြစ်ပါ့မလားဆိုတဲ့ အတွေးကြီးကို ဖယ်ပစ်ဖို့ကြိုးစားသင့်တယ်။ ဘဝရဲ့စိန်ခေါ်မှုတွေကို ဝမ်းပန်းတသာလက်ခံရင်း ထွက်ပေါက်ရှာတာဟာ ကံကောင်းခြင်းရဲ့ လုပ်ရပ်တစ်ခုဆိုတာ မေ့မထားသင့်ပါဘူး။

    အရေးကြီးတဲ့ အချက်တစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ထားသလို ယုံကြည်သက်ဝင်ရာ ဘာသာတရားရဲ့အဆုံးအမတွေအောက်မှာ ကောင်းသော ကြိုးစားခြင်းမျိုးနှင့် ကြိုးစားယူဖို့ပါပဲ။ နောက်ပြီး ကိုယ်မြတ်နိုး အားထားရာ ဘုရားသခင်အပေါ် ယုံပုံအားကိုးစိတ် အပြည့်အဝထားမယ်ဆိုရင်တော့ ဘဝရဲ့နေ့သစ်တွေဟာ ကံကောင်းခြင်းတွေချည်း မဟုတ်တောင် ကံဆိုးမှုတွေ နည်းပါးသွားနိုင်မယ် ဆိုတဲ့အကြောင်း …။

    နှင်းဆီခင်

  • ရင်ကိုဖောက်ထွင်းမြင်တတ်သူ … အမေရယ်

    ရင်ကိုဖောက်ထွင်းမြင်တတ်သူ … အမေရယ်

    ဇူလိုင် ၁၅ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင် ရေးသည်။
    nursing mother
    စာဖတ်ခါစ၊ စာစုံဖတ်ခါစတုန်းကပေါ့။ မဂ္ဂဇင်းတွေ၊ ဝတ္တုတိုနှင့်ဆောင်းပါးတွေမှာ မကြာခဏဆိုသလို ဖတ်မိတာက အမေအကြောင်းတွေပါပဲ။ အတွေးနုနု ဦးနှောက်နုနုလေးမို့ စာရဲ့အနှစ်သာရကို မခံစားတတ်ခဲ့တာကိုတော့ ရိုးသားစွာဝန်ခံပါရစေ။

    များသောအားဖြင့်ကလည်း လောကကြီးကနေ ပျောက်ကွယ်သွားပြီးဖြစ်တဲ့ အမေတမ်းချင်းတွေလေ။ အဲဒီတုန်းကကိုယ့်မှာ အမေဆိုတာက မားမားမတ်မတ်ရှိနေတာကိုး။ ဘာကိစ္စမှာမဆို “အမေ… သိလား” အစချီပြီး အမေ့ကိုတတွတ်တွတ် နားပူနားဆာ လုပ်နေကျ။ ပြောတိုင်းဖြစ်၊ တောင်းတိုင်းရအောင် အမေက ဖြည့်ဆည်းပေးနေတော့လည်း ကြီးလွန်းတော့ မမြင် ဖြစ်ခဲ့မိသည်ပဲပေါ့။ ရှိသေးတယ်။ အဲဒီအချိန်တုန်းကဆို အမေက အိမ်ဦးနတ်ဖြစ်ခဲ့တဲ့ အဖေ့ကို ရိုရိုသေသေ ဝတ္တရားမပျက်ပြုစုဖို့ရယ် သားတွေသမီးတွေကို မျက်ခြည်မပြတ်ဂရုစိုက်ရင်း ထိန်းကျောင်းပဲ့ပြင်တဲ့ တာဝန်ပဲရှိတယ်။ အိမ်ပြင်ထွက် ဖားစီးငါးစီးနှင့် စီးပွားရှာစရာမှ မလိုတာ။ မလိုဆို အမေအများစုဟာ သူတို့ချစ်တဲ့ခင်ပွန်းနှင့် သားသမီးတွေကို မေတ္တာတွေ တစ်သီကြီးပေးပြီး ပြုစုယုယဖို့သာ ရှိတာကိုး။ ကျွန်မတို့ခေတ်လို ယောက်ျားနှင့် အပြိုင် (မယ်တစ်ရွက်မက တစ်ထမ်းနီးပါး) အိမ်ပြင်ထွက်အလုပ်လုပ်လေ့လည်း မရှိတာက တစ်ကြောင်းပေါ့။ ဒီတော့ အလုပ်ပြန်ကျောင်းပြန်တိုင်း အမေ့မျက်နှာကို ရွှင်ရွှင်လန်းလန်းနှင့် တစ်ဝကြီးမြင်တွေ့နေကျ။

    အမေကတော့ ဘယ်အချိန်မဆို ဘယ်သား ဘယ်သမီး အိမ်ပြန်လာနေကျဆိုတာကို ဦးနှောက်ထဲမှာ စီထားပြီးသား။ ထိုင်နေကျ ထိုင်ခုံဘေးကနေ လည်ဆန့်လို့ မျှော်နေတတ်တယ်လေ။ အိမ်ကိုချောချောမောမော ရောက်လာကြတာ တွေ့ရပြီးပြီဆိုမှ ဆေးပေါ့လိပ်ကို မီးညှိရင်း အားပါးတရဖွာနေလိုက်ရော။ ရှိသေးတယ်။ မိုးမိလာတဲ့အခါမျိုးမှာ “ရေတွေစင်အောင် သုတ်ဦး အအေးမိလိမ့်မယ်” “အဝတ်ဆိုတွေ ခပ်မြန်မြန်လဲလိုက် ကြားလား” အစချီတဲ့ အမေ့လမ်းညွှန်ကြားချက်တွေရဲ့ အဆုံးမှာ ဟင်းချိုပူပူ ဒါမှမဟုတ် စွပ်ပြုတ်ပူ တစ်ခွက်ကို ချက်ချင်းစီစဉ်ချက်ပြုတ်ပြီး သောက်ခိုင်းတတ်တယ်။ အဲဒါကျွန်တော်တို့ရဲ့ အမေလေ။

    မြန်မာအကျီင်္လက်ရှည်အဖြူ၊ ထဘီ (အညို၊ အမည်း)၊ ဘီးကျော်ပတ်ဆံထုံးနှင့် အမျိုးသမီးကြီးတွေမြင်တိုင်း အမေ့ကိုဖျက်ခနဲ သတိရတတ်တာ ဒီကနေ့ ဒီအချိန်ထိပါပဲ။ စကားကိုခပ်တိုးတိုး၊ နူးနူးညံ့ညံ့ပြောတတ်တာ အမေ့ဝသီ။ သားသမီးတွေ ကိုလည်း အော်ကြီးဟစ်ကျယ် ပြောတာမျိုးကြားရင် အမြဲဟန့်တယ်။ အမေ့ပုံရိပ်တွေက ကျွန်မရဲ့ နှလုံးသားနှင့် အတွေးထဲမှာ အမြဲလိုလိုစိုးမိုးနေပါတယ်။ အမေ ကျွန်မတို့ကို ခွဲခွာပြီး နောက်နေ့ကစလို့ဆိုပါတော့။ အမေတစ်ယောက်ရဲ့ ရင်တွင်းခံစားမှု၊ မေတ္တာ၊ အကြင်နာနှင့် စာနာနားလည်မှု ဆိုတာတွေက ကိုယ်ဖတ်တဲ့စာအုပ်တွေမှာ ဖော်ပြထားတာထက်ပိုပြီး လေးလေးနက်နက်ခံစားမိနိုင်တာ ဘယ်အချိန်များလဲလို့ ဆိုရင်တော့ ကိုယ်တိုင်အမေဘဝကိုရောက်တဲ့ အခါသမယပဲလို့ ဆိုပါရစေ။ ဟုတ်တယ်လေ။ တချို့ တချို့ အရာတွေက စကားလုံးတွေနှင့် ဖွင့်ပြောလို့ မရဘဲ နှလုံးသားနှင့်ရင်းပြီး သိရှိခံစားရတာမျိုး မဟုတ်လား။

    အမေလို့ အားပါးတရခေါ်၊ ရင်ထဲကသောကတွေ အမောတွေကို အားပါးတရဖွင့်ပြောပြရင်း ရင်ဖွင့်ခွင့်ရတာ ကံကောင်းလိုက်တာ။ အမေဆိုတာ သက်ရှိထင်ရှား ရှိနေလို့ကတော့ လာစမ်းပါစေ။ ဒီလောကဓံ၊ အမေက ကိုယ့်ရှေ့ကနေ ရင်ဆီးလို့ ခံပေးနိုင်လောက်အောင် စိတ်သတ္တိကြီးလွန်းတယ်လေ။ ဒါကြောင့်ပါပဲ အမေ့ကိုအားကိုးတစ်ခုအနေနှင့် အတွယ်ကြီးတွယ်နေမိတာ မဆန်းဘူးပေါ့နော်။

    ပြီးခဲ့တဲ့ နွေအားရက်တစ်ရက်ကပေါ့။ အဝတ်ဘီရိုကိုရှင်းရင်း အမေပေးခဲ့ဖူးတဲ့ ပိုးဇင်းမယ် (အညိုရောင်) လုံချည်ကို တွေ့လိုက်ရတယ်။ လုံချည်ကဟောင်းဆို တော်တော်လေးဟောင်းနေပြီ။ အင်းလေ အနှစ်သုံးဆယ်ကျော်ကျော် သိမ်းဆည်းထားခဲ့တာ ဟောင်းသင့်ပြီပေါ့။ ဒါပေမယ့်လေ အဲဒီအမေ့လုံချည်လေးနှင့် ဆက်နွယ်နေတဲ့ အတွေးတွေကတော့ ကျွန်မရင်ထဲမှာ ခုချိန်ထိ လန်းဆန်းနေတုန်းပါ။ အထွေးဆုံးသမီးဖြစ်ပြီး သွေးဆုံးသားဆုံး ရထားတာမို့ အမေကကျွန်မကို သိပ်ချစ်ပါတယ်။ ကျွန်မ သိကျွမ်းခဲ့သမျှတွေ၊ ဆွေးမျိုးသားချင်းတွေထဲမှာ အမေ့လိုမိန်းမသားမျိုး ရှားပါးမယ်လို့ ကျွန်မထင်တယ်။ ခေတ်ပညာကို အခြေခံအဆင့်လောက်သာ တတ်ခဲ့တဲ့ အမေနဲ့ အတွေးအမြင်တွေက မယုံနိုင်လောက်အောင်မြင့်မားတယ်။ ဒါက ကျွန်မတို့သားသမီးတစ်ခုရဲ့ မျက်စိမှိတ် ယုံကြည်ထောက်ခံထားတာမျိုး မဟုတ်ပါဘူး။ ဆွေမျိုးတွေသာမက သူစိမ်းတစ်ရံဆံတွေကပါ နှုတ်ကဖွင့်ပြောပြီး ချီးကျူးခံရလောက်အောင် အမေ့ရဲ့ အရည်အသွေးတွေက မြင့်မားခဲ့တာကြောင့်ပါပဲ။

    အမေကအနေရိုးတယ်။ ဝါကြွားလိုစိတ်မရှိဘူး။ (တကယ်တော့ အမေတို့ဘက်က ချမ်းသာကြွယ်ဝသူတွေ) စာဖတ်တယ်၊ မှတ်တယ် သားသမီးတွေကို ဖြန့်ဝေပြီး ပြောဆိုဆုံးမတတ်တယ်။ အထူးသဖြင့်တော့ သားသမီးတွေကို နားဝင်အောင် ပြောနိုင်တယ်။ ဆူပူကြိမ်းမောင်းတာ ရိုက်နှက်တာမျိုး ကျွန်မတို့ဘဝမှာ လုံးဝ (လုံးဝ) မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မတို့ အားလုံးအမေ့ကို ချစ်ကြောက်ရိုသေကြတယ်။

    အမြော်အမြင်ကြီးမားတဲ့အမေဟာ သားအကြီးဆုံးကို ဗိုလ်ကြီး၊ သားအလတ်ကို အင်ဂျင်နီယာ (နိုင်ငံခြားပညာသင်ဆုရ) သမီးတွေကို ကျောင်းဆရာမ၊ တရားလွှတ်တော်ရှေ့နေ စာရေးဆရာမ စသည်ဖြင့် ဖြင့်လာအောင် အမေက တိုက်တွန်းအားပေးခဲ့တယ်။ ပညာအမွေပေးရင်း အားပါးတရ ဂုဏ်ယူခဲ့တယ်။ မိသားစုရဲ့ စားဝတ်နေရေးကို အဖေကတာဝန်ကျေခဲ့သလို ကျွန်မတို့အားလုံးအတွက် ရည်မှန်းချက်တွေပြည့်အောင် အမေက စိတ်ဓာတ်ခွန်အားပေးခဲ့သည်ပဲပေါ့။

    အတွေးအမျှင်တွေက မီးခိုးကြွက်လျှောက်မဆုံးနိုင်တော့ပါဘူး။ လက်ရှိအချိန်မှာ အမေတို့ အဖေတို့ ပေးခဲ့တဲ့ အိမ်ရိပ်မှာမှီခိုရင်း ကျွန်မရင်က ဖြစ်ပေါ်လာတဲ့ သားသမီးအပေါ် ဘယ်အတိုင်းအတာအထိ တာဝန်ကျေခဲ့ပြီးပြီလဲဆိုတာ ဆက်ပြီးတွေးနေမိတယ်။ ကျွန်မထင်ပါတယ်။ အမေရဲ့ဝတ္တရားကျေပွန်မှုမျိုးကို ခြေဖျားတောင်မီရဲ့လားလို့။ ဒါပေမယ့်လည်း ကျွန်မသိပ်ချစ်တဲ့သားသမီးနှင့်မြေးလေးဟာ ကျွန်မအတွက် အင်အားတွေပါ။ သူတို့တစ်တွေဟာ ကျွန်မရင်ခွင်နှင့်ဝေးနေသည့်တိုင် နှလုံးသားတွေချင်း နီးစပ်နေကြဆဲပါ။ တစ်နှစ်မှာ တစ်ခါဆိုသလို ကျွန်မချစ်တဲ့ မျိုးဆက်သစ်တွေနှင့် ဆုံရင်းအားတက်ခဲ့ရစမြဲပါ။

    အမေ့လိုတာဝန်ကျေပွန်မှုဟာ အပြည့်အဝမဟုတ်သည်ပဲထား။ ကျွန်မရဲ့သားသမီးတွေရဲ့ ရင်ကိုထိုးဖောက်မြင်နိုင်စွမ်းရှိအောင်တော့ ကြိုးစားတယ်။ အထူးသဖြင့် ကျွန်မသမီးရဲ့ ခေါ်နေကျ “အမေ” ဆိုတဲ့ စကားလုံးရဲ့နောက်ဆက်တွဲစကားရပ်တွေအပေါ်မှာ နှလုံးသားနှင့် ခံစားပြီးအားပေးနှစ်သိမ့်ကာ တောင်းလာတဲ့အကြံဥာဏ်မျိုးကို ပေးရတာကို ကျွန်မရှင်သန်နေသရွေ့ လုပ်ပေးနေဦးမှာပါ။ စာဖတ်သူမှာရော ရင်ဖွင့်တိုင်ပင်ဖို့ အမေ ဆိုတာ သက်ရှိထင်ရှားရှိနေလား။ ကံကောင်းလိုက်တာ။

    အမေခြေအစုံဟာ လောကီပစ္စည်းထက် အဆတစ်ရာထောင်ပိုတယ်ဆိုတာ သိလာမှာပါ။ အမေ မရှိတော့ရင်လေ။

    နှင်းဆီခင်

  • အိပ်မပျော်ဘူးတဲ့လား…… ဒါဆိုရင်

    အိပ်မပျော်ဘူးတဲ့လား…… ဒါဆိုရင်

    ဇူလိုင် ၄ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင် ရေးသည်။
    cant sleep
    လူအမျိုးမျိုး စရိုက်အမျိုးမျိုးပဲဆိုပါစို့။ တချို့ရှိတယ်။ ညအိပ်ရာဝင်တဲ့အခါ ခေါင်းအုံးနှင့်ခေါင်းထိလိုက်တာနှင့် တရှူးရှူးဟောက်နေပြီ။ ဆင်အော်သံကြားလို့တောင် နိုးချင်မှနိုးတော့မှာ။ အဲဒီလောက်အထိ။ ဟော တချို့ကျပြန်တော့ အိပ်ရာထဲရောက်ပြီဆိုမှ ခေါင်းထဲမှာ ဝင်လာတဲ့ အတွေးတွေက ပြန့်သွားလိုက်တာ ကမ္ဘာ့အပြင်ဘက်ရောက်တော့မယ်။ သဘာဝဘေးအန္တရယ်တွေ လေပြင်းတိုက်တာ မိုးကြိုကာလ မုန်တိုင်းဝင်နိုင်တယ်ဆိုတဲ့ ဒေါက်တာဦးထွန်းလွင်ရဲ့ စကားသံတွေကလည်း ခေါင်းထဲကမထွက်၊ အိုဇုန်းလွှာပေါက်နေတာ ကလည်း အကျယ်ကြီး၊ ရာသီဥတုတွေဖောက်ပြန်တာလည်း သူရောကိုယ်ရောအသိ၊ ဟော.. ပြင်းပြင်းထန်ထန် လှုပ်သွားလိုက်တဲ့ နီပေါငလျင်ကြီးတွေက ခေါင်းထဲတဝဲလည်လည်ဖြစ်နေတော့ မျက်စိကအကြောင်သား၊ ဘယ်အိပ်လို့ပျော်နိုင်ပါ့မလဲ။ (ဒါကတစ်ချို့၊ တစ်ချို့ ယောက်ျားတွေရဲ့အတွေး) ရှိသေးတယ်။ စီးပွားရေးသာမက နိုင်ငံရေးတွေပါ ရောထွေးလာလို့ကတော့ ဟိုးအဝေးက သံချောင်းခေါက်သံတစ်နာရီချင်းကို အကုန်သိနေရော။ တစ်ခါတစ်ခါကို ငုတ်တုတ်မိုးလင်းသွားသူတွေလည်း ရှိသေးတယ်။

    ထားတော့… မိန်းမတွေကရော။ တချို့မိန်းမတွေက အိပ်ရာဝင်ပြီဆိုတာနှင့် ဘုရားစာရွက်တွေရွတ်၊ တရားမှတ်စိတ်ကိုတည်ငြိမ်နိုင်သမျှ တည်ငြိမ်နိုင်အောင်ထိန်းရင်း တဖြည်းဖြည်းချင်း အိပ်ပျော်သွားရော။ တချို့ကျပြန်တော့ တစ်မျိုး၊ တစ်နေ့လုံး လှုပ်ရှားဆောင်ရွက်ခဲ့ သမျှတွေကို တစ်ခု မကျန်ပြန်စဉ်းစားတယ်။ အထူးသဖြင့် ဆုံးရှုံးခဲ့တာတွေ အဆင်မပြေဖြစ်ရတာတွေအပြင် စိတ်ထိခိုက်ခံစား ခဲ့ရတာတွေကို တစိမ့်စိမ့်တွေးတယ်။ နောင်တရပြီး ရင်းရတယ်။ မချင့်မရဲဖြစ်မိတာမျိုးလည်းရှိတယ်။ ဒီတော့ အိပ်ပျော်ဖို့ဝေးစွ နည်းနည်းလေးမှတောင် မသမ်းမဝေတာကြောင့် မျက်စိကြောင်နေရော။ တချို့မိန်းမတွေကတော့ တစ်နေ့လုံးဖြစ်ပျက်ပြီးသမျှ ဘာကိုမှ ပြန်မစဉ်းစားတော့ဘူး။ အဲ ဒါပေမယ့် နောက်တစ်နေ့မှာ ဆောင်ရွက်ရမယ့် ကိစ္စတွေကိုတော့ တစ်ခုချင်း အသေးစိတ် တွေးနေတတ်တယ်။ နောက်တစ်နေ့မှာ ချက်ရမယ့် ဟင်း၊ ထမင်းဗူး ကိစ္စကအစ မီတာခဆောင်ဖို့ အထိ ခေါင်းထဲမှာပြည့်သိပ်နေတာမို့ အိပ်ချင်စိတ်နည်းနည်းလေးမှ မပေါ်တော့ဘူး။ တချို့ တချို့ကျပြန်တော့ အိပ်ရာကထပြီး ဆေးသောက်ယူရတဲ့ အထိပါပဲ။

    တချို့ တချို့ အလုပ်သိပ်ကြိုးစားလွန်းသူမိန်းမတွေကို ဆရာဝန်တွေက ပြောလေ့ရှိတယ်။ “ခင်ဗျားမှာ အိပ်ရေးဝဝအိပ်ဖို့ အချိန်ရှိရရဲ့လား” ဆိုတော့ “အလုပ်သိပ်များတယ်။ အနားယူဖို့အချိန်ကိုမရှိဘူး၊ သေမှနားရမယ်ထင်ပါတယ် ဆရာရယ်” လို့ပြောလာရင် အဲဒီသူဟာ နှစ်သိပ်မကြာခင်မှာပဲ သူပြောသလို တစ်သက်စာနားသွားရမှာ သေချာတယ်တဲ့။ ဒါကဆေးပညာရှင်တွေရဲ့စကား။ အိပ်မပျော်ခြင်းရဲ့ အကျိုးဆက်တွေဟာ မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်လို့ဆိုတယ်။ သုတေသနပညာရှင်တွေရဲ့  ဆန်းစစ်လေ့လာမှုတွေကို ကြည့်ကြရအောင်ပါ။

    အိပ်စက်ခြင်းဟာ ဦးနှောက်အတွက် သိပ်ကိုကောင်းပါတယ်။ မဖြစ်မနေလိုအပ်ချက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ အိပ်ပျော်နေတဲ့အခါမှာ ဦးနှောက်ကတစ်ဆင့် (နိုးနေစဉ်ထွက်ပေါ်စေခဲ့တဲ့) အဆိပ်အတောက်ဖြစ်စေတဲ့ ပရိုတိန်းတွေကို ဖယ်ရှားပစ်နိုင်စွမ်းရှိတယ်။ ဒီတော့ ကောင်းကောင်းအိပ်မပျော်တဲ့အခါ အဲဒီအဆိပ်ပရိုတိန်းတွေဟာ ဦးနှောက်ဆဲလ်တွေထဲမှာ ကျန်နေတယ်။အိပ်မပျော်တဲ့ညတွေများလာတဲ့အမျှ ဦးနှောက်ရဲ့အလုပ်လုပ်နိုင်တဲ့စွမ်းရည်ကျဆင်းလာပါတယ်။ အခက်အခဲတွေ ပြသာနာတွေကို ဖြေရှင်းဖို့ အားနည်းလာသလို တီထွင်ဖန်တီးမှုစွမ်းအားလည်း လျော့ကျသွားပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုနှင့် တင်းကြပ်မှုအဆင့်ကတော့ မြင့်သည်ထက်မြင့်လာတယ်။

    အိပ်မပျော်ဘူးလို့ လွယ်လွယ်လေးဆိုလိုက်ခြင်းရဲ့နောက်မှာ ဖြစ်နိုင်ချေရှိတဲ့ရောဂါတွေက တန်းစီနေလေရဲ့။ ဆိုပါစို့ နှလုံးထိခိုက်မှု၊ လေဖြတ်ခြင်း၊ ဆီးချိုအမျိုးအစား နှင့် အဝလွန်ခြင်းကအစပေါ့။ အကြောင်းရင်းကတော့ ကိုယ်ခန္ဓာက စိတ်ဖိစီးစေတဲ့ ဟော်မုန်းတွေ အဆမတန်ထုတ်ပေးနေတာကြောင့်ပါပဲ။ အဲဒီကတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံး ညှိုးချုံးပြီးအားလျော့သလိုဖြစ်လာတယ်။ အရွယ်မတိုင်ခင် အိုစေတယ်။ ကိုယ်ခန္ဓာအရေပြားကို တင်းတင်းရင်းရင်း ဖြစ်စေတဲ့ပရိုတိန်းဓာတ်တွေ လျော့ပါးသွားတာ အဓိကအချက်ပါပဲ။

    အိပ်ရေးမဝခြင်းဟာ လူကိုဝစေနိုင်ပါတယ်။ အိပ်မပျော်ဘဲ နိုးနေတဲ့အခါ ဝမ်းဟာလာပြီး ဆာလောင်တာကို ဖြေသိမ့်ဖို့အတွက် ခါတိုင်းထက်ပိုစားဖြစ်ရော။ စားသမျှ ကယ်လိုရီတွေကို အချိန်မီချေဖျက်ဖို့ အားနည်းလာတာကြောင့် ကိုယ်ခန္ဓာမှာ အဆီပိုတွေ စုစုလာရာက ဝဖြိုးလာတတ်ပါတယ်။ သုတေသနပြုချက်အရကတော့ တစ်ညမှာ (၇) နာရီ ကနေ (၉) နာရီအထိအိပ်ချိန်ရှိသူထက် (၆) နာရီအောက်လျော့နည်းပြီး အိပ်ချိန်ရှိသူတွေဟာ အဝလွန်ဖို့ ၃၀% ပိုများတယ်လို့ သိရတယ်။ဒါဆိုရင် လူတစ်ယောက်ဟာ အိပ်ချိန်ဘယ်လောက်ရှိမှ ကျန်းမာရေးနှင့် ညီညွတ်ပါ့မလဲလို့ မေးစရာရှိတယ်။

    လူတိုင်းအတွက်အိပ်ချိန်ပုံသေသတ်မှတ်လို့ကတော့ မရဘူးပေါ့။ တချို့က အိပ်ပျော် (၇) နာရီအောက်လျော့တယ်။ တချို့ကျပြန်တော့ (၈) နာရီ (၉) နာရီ အိပ်ချိန်ယူမှ အိပ်ရေးဝတယ်။ အမေရိကန်နိုင်ငံသားထက်ဝက်ကျော်ကျော်ကတော့ အိပ်ချိန်အနေနှင့်လိုအပ်တဲ့ (၇) နာရီပြည့်မီအောင် မအိပ်ကြဘူးလို့ ဆန်းစစ်ထားတယ်။ ဆချို့ဆိုရင် (၆) နာရီတောင် မပြည့်တာမျိုးရှိတယ်။ အိပ်မပျော်တာကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲ ရောဂါတွေကုသဖို့ နိုင်ငံကဒေါ်လာငွေ ၆၃-ဘီလီယံလောက်အကုန်ကျခံနေရပါတယ်တဲ့။

    အရေးကြီးတာတော့ ကိုယ့်ရဲ့အခြေအနေပေါ်တည်လို့ အိပ်ချိန်ရတတ်သရွေ့မှာ အိပ်ပျော်အောင် အိပ်ရေးဝဝအိပ်နိုင်ခြင်းက မရှိမဖြစ်လိုအပ်ချက်တစ်ခုပဲဖြစ်တယ်။ ကိုယ့်ရဲ့အိပ်ရေးဝဝအိပ်ခြင်းကို အဟန့်အတားဖြစ်စေမယ့် သောကတွေကိုစိုးရိမ်စိတ်တွေကို အိပ်ရာထဲအထိ သယ်မလာဖို့ အရေးကြီးဆုံး။

    လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေမကပါဘူးနော်။ ဒီတော့ သောကမဖြစ်ပါနှင့်။ စိုးရိမ်စိတ်မထားပါနှင့်လို့ သီအိုရီအရ ပြောချင်သလောက်ပြော လူ့သဘာဝ အရ အပူအပင် လုံးဝကင်းတယ်ဆိုတာက အရှားသားပဲ။ ဒါပေမယ့် တစ်ဖက်ကတည်း ကိုယ့်ရဲ့ဆင်ခြင်ဥာဏ်လေးကူးပြီး အိပ်ရာဝင်ခါနီးမှာ စိတ်တည်ငြိမ်အောင် ကိုယ့်နည်းကိုယ့်ဟာနှင့် ကြိုးစားမှဖြစ်ပါလိမ့်မယ်။ ဒါမှလည်း အိပ်မပျော်ခြင်းရဲ့အကျိုးဆက်ဖြစ်တဲ့ ကိုယ့်ဘဝကိုအလဲထိုးမဲ့ရောဂါဆိုးတွေရဲ့ဒဏ်ကို ကာကွယ်နိုင်မှာကိုး။ ကောင်းပြီ အိပ်ရာဝင်ခါနီးအတွေးတွေကြောင့် ကိုယ့်သောကကိုဖြိုပစ်နိုင်မှာ မဟုတ်တာတော့ သေချာတယ်။ဒါဆိုရင် စိတ်ရောကိုယ်ပါ အထိခိုက်ခံပြီး ဘာကြောင့်များတွေးပူနေဦးမှာလဲ။ ထားလိုက်ရအောင်ပါ။ မနက်ဖြန်မနက်ကျမှ ဆက်ပြီး ပူကြရအောင်။ ဒီညတော့ အိပ်ပျော်အောင်အိပ်လိုက်ရအောင် အရာအားလုံးကို ခဏလေးမေ့ထားလိုက်ကြတာပေါ့။ ပြီးတော့ အိမ်မက်လှလှလေးတွေမက်ရင်း ခဏလေးဖြစ်ဖြစ်ပျော်ရအောင်ပါ။

    နှင်းဆီခင်

  • နှင်းဆီခင်- လှမ်းရအောင် ပျော်ပျော်ရွှင်ရွှင် ကလေးပေါ့

    နှင်းဆီခင်- လှမ်းရအောင် ပျော်ပျော်ရွှင်ရွှင် ကလေးပေါ့

    ဇွန် ၁၉ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင် ရေးသည်။
    oldcouple_thumb3
    ဘဝမှာကြီးကြီးမားမားပြောင်းလဲရတဲ့ အဆင့်တွေ ရှိနေတတ်ပါတယ်။ မူလအခြေအနေနောက်တစ်ခုကို အလိုက်သင့် လက်ခံနိုင်တာ ပျော်ရွှင်ကြည်နူးမှု အပြည့်နှင့် လှမ်းနိုင်မလှမ်းနိုင် ဆိုတာကတော့ ကာယကံရှင် တစ်ဦးစီရဲ့ ခံယူချကပေါ် မှီနေတယ်လေ။ အပြောင်းအလဲပေါ်မှာ ကိုယ့်ရဲ့အမြင်က အဓိကကျနေတာကိုး။ ခက်ခဲပင်ပန်းလွန်းတယ်ဆိုတဲ့ အဆိုးမြင်စိတ်နှင့် ဆိုရင်တော့ ထင်ထားတဲ့အတိုင်းစိတ်ပင်ပန်းမှုဒဏ်ကို မလွဲမသွေခံစားရမှာပါ။ ဒါမှမဟုတ် ဘဝမှာအခြေအနေ တစ်ခုကနေ နောက် တစ်ခုကို ပြောင်းလဲခြင်း ဆိုတာ ကိုယ့်ကျမှထူးပြီးဖြစ်တာမျိုးမှ မဟုတ်တာ။ သူများတကာတွေလည်း ဒီလိုချည်းပေါ့။ ဒါဟာသဘာဝ တရားပဲလေလို့ ခံယူပြီးအကောင်းမြင်ကြည့်နေမယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ စိတ်ခံစားမှုရဲ့နောက်မှာ အရိပ်လိုကပ်ပါလာတတ်တဲ့ အကျိုးဆက်တွေရဲ့ အတွန်းအတိုက်ကို ခံစားကြရမှာလည်း သေချာတဲ့ကိစ္စရပ်တစ်ခုပဲပေါ့။ ကျယ်ပြောလှတဲ့ လူမှုရေးနယ်ပယ်မှာ ကိုယ့်ဘဝလေးရှင်သန်ကြည်နူးစွာ ရှင်သန်ဖို့ကိုယ်တိုင်လုပ်ယူရမဲ့ အချက်အလက်တွေကို ပညာရှင်တွေက အဆိုပြု လမ်းညွှန်ထားကြတယ်။

    ဘဝမှာမှတ်မှတ်သားသားပြောကြ စတမ်းဆိုရင် ချိုမြိန်စရာကောင်းတဲ့ အခါ သမယတွေဟာ လူတိုင်း အတွက်ရှိနေဆဲပါ။ တစ်စုံတစ်ခုသော အပြောင်းအလဲ ဆိုတာကလည်း ရုပ်ပိုင်းဆိုင်ရာထက် ရင်ထဲမှာ တစ်စိမ့်စိမ့် ခံစားရင်း မှတ်မှတ်ထင်ထင်ဖြစ်ကြရတာမျိုး။ ဘယ် အသက်အရွယ်ရောက်လို့ ဘယ်လိုပဲလောကဓံနှင့် ဇရာဖိစီးမှုကို ခံရပါစေ။ အခုတွေးကြည့်ရင် ချက်ချင်းဆိုသလို ရင်ထဲမှာ လှိုက်ခနဲကြည်နူးလာတတ်တာကိုး။

    ဆိုပါစို့။ ကလေးအရွယ်မှာ အမေ့ရင်ခွင်ထဲ လုံခြုံနွေးထွေးမှု အပြည့်နှင့် သက်တောင့်သက်သာ ကလေးနေနေရာက ကျောင်းနေချိန် အရွယ်ရောက်လာတော့ သူစိမ်းသူရံ တွေကြားမှာ ရောက်သွားတာ တကယ့်ကို အပြောင်းအလဲကြီးတစ်ခုလို့ ဆိုရမယ်။ အဲဒီအခါ နေတတ်ထိုင်တတ်အောင် ကိုယ့်ဘာသာပြုပြင် ယူလိုက်ကြရစမြဲပါပဲ။ အဲဒီလိုကလေးတွေ ဘဝကနေ မမောတမ်း ခရီးရှည်ကြီးလျှောက်ရင်း ပညာတွေသင်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင်ကြိုးပမ်း စတာတွေနှင့် လုံးချာလိုက်နေရပြန်ပါပြီ။

    ရုပ်ပိုင်းဆိုင်ရာက ဘယ်လိုပဲလှုပ်ရှား ရုန်းကန်နေတယ်ပဲထားဦး၊ နှလုံးသား ခံစားချက်ဆိုတာကိုတော့ မေ့ထားလို့မှမရတော့တာပဲ။ အဲဒီအခါ ရင်ခုန်ခံစားခြင်းဆိုတဲ့ ဘဝရဲ့အထင်ကရအဆင့်ကို လှမ်းရပြီပေါ့။ ဒါဟာလည်း ဘဝမှာထင်ရှားတဲ့ အပြောင်းအလဲ တစ်ခုဖြစ်လာပြန်တယ်။ မချစ်ဘူး မချစ်ဘူး ဆိုတော့လည်း အရူးအမူး ခံစားရလောက်ပါတယ်။ “ချစ်တယ်” ဆိုတဲ့ရိုးသားစွာတောင်း ခံလာတဲ့ (ယောင်္ကျားပျိုရဲ့) တောင်းဆိုမှုအပေါ် ချစ်သူမိန်းကလေးရဲ့ ခေါင်းညိတ်ခေါင်းခါ အဖြေတစ်ခုဟာ တစ်ဘဝစာ အရေးပါတာတော့ အမှန်ပါပဲ။ နှစ်ဖက်မိဘ ဆွေမျိုးအသိုင်းအဝိုင်း၊ ဥစ္စာ၊ ပညာ အချက်အလက်ပေါင်း များစွာပေါ်မှာ အခြေခံပြီး အလေးအနက်စဉ်းစား လက်တွဲခဲ့ကြသူတွေ ရှိကြတယ်။ ဒါပေမယ့် ခေါင်းစဉ်မည်မည်ရ မရှိပါဘူး။ နှလုံးသားချင်း နားလည်မှုလေးတစ်ခုတည်းနှင့် ချစ်သွားကြသူတွေကလည်း မနည်းမနော။ ဘယ်လို အခြေအနေကြောင့်ပဲဖြစ်ဖြစ် ရင်ခုန်လှုပ်ရှားရတဲ့ ချစ်သူဘဝဆိုတာ လူတိုင်း နီးပါးကျော်ဖြတ်ဖြစ်ခဲ့ကြတာပဲပေါ့။ အမေတို့ သဘောကျရွေးချယ်ပေးတာကို ရင်ခုန်သံအေးစက်စက်နှင့်ပဲ ဘဝတစ်ခုကို လက်တွဲလျှောက်ကြတာကတော့ ခြွင်းချက်ပေါ့နော်။

    ချစ်သူဘဝရဲ့အပျော်လေးတွေမှာ လက်တွေ့ကျတဲ့ ဆန်၊ ဆီ၊ ဆား ကိစ္စတွေကို ထည့်စဉ်စားဖို့မှ မလိုတာပဲလေ။ ပျော်ရွှင်စရာနေ့ရက်တွေ ချည်းပေါ့။ လူငယ်လူရွယ်လေးတွေက စောဒကတတ်ကြတယ်။ ရည်စားဘဝရဲ့ လက်ရှိအပျော်လေးတွေကို ဘဝအမောနှင့် သောကကို ချည်းတွေးရင်း ဖျက်ဆီးပစ်လိုက်ရတော့မှာတဲ့လားတဲ့။

    “ဆင်းရဲခြင်းက တံခါးခေါက်တဲ့အခါ အချစ်တို့သည် ပြတင်းပေါက်မှ ခုန်ထွက်ပြေးသွားကြသည်” ဆိုတဲ့ အဆိုအမိန့်တွေကိုချည်း ထပ်ပြန်တလဲလဲ စဉ်းစားရင်းအချစ်ရဲ့ချိုမြိန်မှုတွေကို ဥပေက္ခာပြုလိုက်ရတော့မှာတဲ့လား တဲ့။

    တကယ်တမ်းပြောမယ်ဆိုရင် အမေတို့၊ အဘွားတို့တုန်းကလည်း အိုးတစ်လုံးဖျာ တစ်ချပ်နှင့်ဘဝကို ရဲရဲဝံ့ဝံ့စခဲ့ကြတာမျိုးတွေ မရှိ မဟုတ်ရှိနှင့်ပြီးသားပါ။ နောက်တော့လည်း သားတစ်ဖျာမြေး တစ်ရာရတဲ့အထိ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်လေး တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြတယ်။ ဒါဟာဘာကြောင့်များလဲ ဘဝရဲ့အပြောင်းအလဲတစ်ခုကု လှမ်းတဲ့အခါ ခိုင်မာတဲ့ ဘဝအခြေအနေ တစ်ခုရောက်ကို ရောက်ရမယ်ဆိုတဲ့အနေနှင့် ကျားကုန်ကျားခဲကြိုးပမ်းခဲ့ကြလို့ပေါ့။ ဇွဲနှင့်ကြံ့ခိုင်မှုဆိုတာ မရှိမဖြစ် လိုအပ်ချက်တွေဖြစ် သလို သာယာတဲ့ အနာဂတ်ဘဝကို တည်ဆောက်ဖို့ အတွက် ပညာအခြေခံ၊ အတွေးအခေါ်ရင့်သန်မှုဆိုတာတွေလည်းလိုပြန်ရော။

    လောကဓံရဲ့အခိုက်အတန့်တွေကို ကြုံလာရတဲ့အခါ ခိုင်မြဲတဲ့ သစ္စာတရား၊ အချင်းချင်းနားလည်စာနာလေးမှုတွေက ပျော်ရွှင်ခြင်း တံခါးကိုရောက်ဖို့ တွန်းအားပေးနေကြတာတွေပဲပေါ့။ နှစ်ယောက်တစ်ဘဝ တည်ဆောက်ရာမှာ လူမှုကျင့်ဝတ်တွေကို မပျက်မယွင်းထိန်းသိမ်းဖို့၊ အကျင့်စာရိတ္တအရာမှာ တစ်ရွေးသားကလေးမှ အပွန်းအပဲ့မခံစေရအောင်တော့ အလေးအနက် ထားကြရမှာပါ။

    တစ်ခါက ကျင်းပခဲ့တဲ့ ရွှေရတု အခမ်းအနားတစ်ခုမှာ ကာယကံရှင် အမျိုးသမီးကြီး (အထူးကုဆရာဝန်ကြီးတစ်ဦး) ကပြောဖူးတယ်။

    “သမီးရေ အမေတို့အခုလို ရွှေရတုအခမ်းအနား ကျင်းပဖြစ်ဖို့ လွယ်တယ်လို့တော့ မထင်လေနဲ့။ နှစ် (၅၀) အိမ်ထောင်သက်တမ်းမှာ အဆင်မပြေတာတွေ၊ ဒေါသတွေ၊ ဝမ်းနည်းကြေကွဲရတာတွေကို တစ်လှည့်စီကြုံခဲ့ရတာပေါ့။ ဒါပေမယ့် အမေတို့က အခက်အခဲမရှိ ကျော်ဖြတ်နိုင်ခဲ့ကြတယ်။ အဲဒါ ဘာကြောင့်လဲသိလား။”

    “ဟုတ်ကဲ့ ပြောပါ အမေ ဆိုတော့”

    “သူရောကိုယ်ပါ ပညာတတ်၊ ရာထူးရာခံတွေနဲ့ချည်းဆိုတော့ မာနချင်းပြိုင်ဖို့ အခွင့်အလမ်းကတော်လေး များနေတယ်လေ။ ဒါပေမယ့် အမေတို့က လက်ဆွဲနှုတ်ဆက်တဲ့ သဘောမျိုးအမြဲကျင့်တယ်”

    “လက်ဆွဲနှုတ်ဆက်တယ်ဆိုတာကရော”

    “ဒီလိုလေ လက်ဆွဲနှုတ်ဆက်ရင် ဘယ်သူ့ ဘယ်သူ့မှ အသာစီးမရှိဘူး။ လက်ချင်းအညီထားကြရတယ်။ အထက်အောက်ထားလို့မှ မရတာ။ ဒီလိုပါပဲ အမေတို့လည်း တစ်ဦးကိုတစ်ဦးလေးစားတန်ဖိုးထားတယ် အပေဒအယူမျှအောင် ကြိုးစားတယ်။ ဒါပါပဲ” တဲ့။

    လက်ဆွဲနှုတ်ဆက်ကြရင်း ကာလအရှည်ကြီးကို လျှောက်ကြရအောင်ပါ။

    နှင်းဆီခင်

  • နှင်းဆီခင်- အားလပ်ရက် ရသလား၊ အသုံးချရအောင်

    နှင်းဆီခင်- အားလပ်ရက် ရသလား၊ အသုံးချရအောင်

    ဇွန် ၇ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင် ရေးသည်။
    .holiday
    လုပ်ငန်းခွင် ၊ ပညာရေး စတာတွေမှာ နေထွက်နေဝင်ဆိုသလို လှုပ်ရှားနေကြရတာ သဘာဝဖြစ်စဉ်တစ်ခုမို့ ဆန်းတယ်လို့တော့ မဆိုသာပါဘူး။ ဆန်းတာကတော့ အဲဒီလိုကရွတ်တွေလျှောက်ရုန်းကန်နေရတဲ့ တာဝန်တွေ ဝတ္တရားတွေကနေပြီး အချိန်ကလေးနည်းနည်းဖဲ့လို့ အားချိန်ယူမရတာပဲပေါ့။ လောကမှာ ဒီလိုလူစားတွေများမှများမို့ အားရက်ကလေးမှာ ခရီးတိုလေးဖြစ်ဖြစ် သွားရအောင်ပါဆိုတဲ့သူတွေ ရှားပါးလာခြင်းပါပဲ။ ရှားပါဆို “ခရီးထွက်ပါလား” လို့ ကိုယ်ကစေတနာပရပွနှင့် တိုက်တွန်းတယ်ပဲထားဦး တစ်ဖက်လူမှာအခြေအနေကလေးပေးပါဦးမှ။ ငွေ၊ အချိန်နှင့် အခြေအနေအရပ်ရပ် အဆင်ပြေဖို့ ဆိုတာက စာရွက်ပေါ်မှာ ရေးချသလောက်မလွယ်ဘူးလေ။
    .
    “ခရီးထွက်တယ်ဆိုတာ လူသွားတာမဟုတ်ဘူး ပိုက်ဆံကသွားတာ” လို့မိတ်ဆွေတစ်ယောက်ကပြောဖူးတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ ခရီးလေးထွက်ဖြစ်ပါစေတော့ရယ်လို့ မျှော်လင့်ချက်ကြီးကြီးထားမိပြီး အတတ်နိုင်ဆုံး ကြိုးပမ်းတယ်။ မျှော်လင့်တဲ့ အတိုင်းဖြစ်လာလို့ ကတော့ ဘာပြောစရာလိုသေးသလဲ။ အကောင်းဆုံးပေါ့။ ဒါပေမယ့် တစ်ခုခုလွဲချော်လို့ ခရီးမထွက်ဖြစ်လိုက်ရသူအနေနှင့် “နောင်နှစ်ခါ တန်ဆောင်မုန်း” နှင့်တင်ဖြေသိမ့်ရင်း နောင်နှစ်တွေကျမှဆိုပြီး ရင်ထဲတေးလိုက်ရသူတွေ မရှားဘူးပေါ့နော်။
    .
    တချို့ရှိတယ်။ လုပ်ငန်းခွင်မှာ နားရက်မယူဘဲ ဘယ်နှစ် နှစ်ဆက်တိုက် အလုပ်လုပ်ခဲ့တာဆိုပြီး ဂုဏ်ယူတတ်ကြတယ်။ မှန်တယ်၊ အလုပ်ပြီးအလုပ် အလုပ်ကလွဲလို့ ဘဝမှာဘာမှအရေးမကြီးဘူးလို့ ခံယူထားသူတွေအတွက်တော့ ကောင်းပါတယ်။ ဒါပေမယ့် အသွေးအသားနှင့်တည်ဆောက်ထားတဲ့လူဆိုတာက  စိတ်ခံစားမှုရှိတယ်လေ။ ဒါကိုမေ့ထားလို့မှ မရတာ။ ဘဝအမောနှင့်သောကတွေကို ခဏလေးဖြစ်ဖြစ် ကျော်လွှားသွားနိုင်အောင် ကိုယ့်အိမ်လေးရဲ့ ပြင်ပကမ္ဘာကိုထွက်ကြည့်ဖို့တော့ လိုမှာပါ။ စိတ်လွတ်လပ်ပေါ့ပါးမှုကို ခံစားလိုက်ရမှာတော့ သေချာတယ်။
    .
    မြင်ဖူးကြမှာပါ။ အရွယ်လွန် သက်ကြီးပိုင်းတွေ တစ်ယောက်နှင့်တစ်ယောက် အဖော်သဟဲပြုရင်း နိုင်ငံတကာကို ထွက်လည်ကြသူတွေလေ။ လူတိုင်းဟာ ငွေကြေးချမ်းသာလို့ချည်းတော့ မဟုတ်ကြဘူး။ ခရီးထွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကလေး ထားပြီး  ပြင်ပြင်ဆင်ဆင် စုဆောင်းခဲ့ကြရသူတွေလည်း မရှိမဟုတ်ရှိကြသလို ပိုက်ဆံဒလဟောသုံးပြီး ကမ္ဘာပတ်နိုင်သူတွေလည်း ဦးရေ မသေးလှပါဘူး။ ဒါပေမယ့် အခြေအနေတွေ ဘယ်လိုလဲကွာခြားပါစေ ခရီးထွက်လို့ရလိုက်တဲ့ ရင်ထဲကကြည်နူးမှုတွေကတော့ မကွာခြားပါဘူး။ ကျန်းမာဖျက်လတ်ပြီး တက်ကြွတဲ့အရွယ်မှာ ခရီးထွက်တယ်ဆိုတာ ဖြစ်နိုင်ခြေများပေမယ့် အရွယ်လွန်သူတွေအဖို့ ကျားကုတ်ကျားခဲ ကြိုးပမ်းရတာများတယ်။ ကျန်းမာရေးက လူ့နောက်မလိုက်နိုင်၊ ဖျတ်လတ်သန်စွမ်းမှုနှင့် ပျိုရွယ်မှုတွေက ဟိုးအဝေးကြီးမှာ ကျန်နေခဲ့ပြီ။ ဒါပေမယ့် ခုချိန်ထိ ဇရာအရွယ်မှာ ရှင်သန်ကြံ့ခိုင်နေတာ တစ်ခုတော့ရှိတယ်။ အဲဒါက စိတ်ဓာတ်။
    .
    အဲဒီလိုကြံ့ခိုင်တဲ့ စိတ်ဓာတ်ကိုအရင်းခံပြီး ကမ္ဘာမြေအနှံ့ခရီးဆန့်ကျသူတွေဟာ သူတို့ရဲ့နေဝင်အချိန်လေးကို ပျော်ရွှင်ကြည်နူးမှုတွေနဲ့ အဆုံးသတ်တဲ့သဘော။ အတွေ့အကြုံသစ် ဒေသဝန်းကျင်အသစ်မှာ ယဉ်ကျေးမှုဓလေ့ကွာခြားသူတွေနှင့် ဆုံဆည်းရတာ ထူးခြားတဲ့ အတွေ့အကြုံတစ်ခုပဲပေါ့။ သက်ကြီးပိုင်းတစ်ချို့ဟာ သူတို့ရဲ့ အတိတ်နှစ်ဟောင်းတွေကို ပြန်လည်ကြည့်ရင်း ဝမ်းနည်းကြေကွဲစရာ၊ အားတက်စရာ စိတ်လှုပ်စရာစသည်တို့နှင့် ပြည့်နှက်နေတာကို ခံစားတွေးတောမိကြမှာပါ။ သားသမီး မြေးမြစ်တွေကလည်း လူလားမြောက်လို့ ကိုယ့်ဘဝနှင့်ကိုယ်၊ မိအိုဖအိုတွေရဲ့ ရင်ခွင်ကို စွန့်ခွာပြီး သံယောဇဉ်အသစ် အသစ်တွေဖွဲ့နှောင်ထားနှင့်ကြပြီ။ ဒီတော့ နှစ်ယောက်တည်း ကျန်နေကြတဲ့ (တချို့ကတော့ တစ်ယောက်တည်း) သူတွေအဖို့ ခရီးယာယီထွက်ရင်း လောကကြီးမှာ အလိုက်သင့်နေပျော်အောင်နေကြရပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ဘဝမှာ အားမာန်လေးတစ်ခုအမြတ်ရလိုက်တဲ့သဘော။ ခရီးသွားလာခွင့်ကလေးရတာကိုက ဘဝမှာ ကျေနပ်စရာကောင်းနေပြီပဲကိုး။
    .
    သုတေသနပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ သိရတာကတော့ အားလပ်ရက်ခရီးထွက်တာ (ခရီးတို၊ ခရီးရှည်) ဟာလူတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်တယ်။ လုပ်နေရတဲ့တာဝန်ဝတ္တရားတွေထဲက အချိန်ကလေးနည်းနည်းဖဲ့ပြီး ခရီးမထွက်နိုင်လို့ကတော့ စိတ်ဖိစီးမှုနှင့် ကျန်းမာရေး ချွတ်ယွင်းမှု အဆင့်တွေမြင့်သည်ထက်မြင့်လာသလို၊ လူမှုရေးနှင့် စိတ်ပျော်ရွှင် ကြည်နူးမှုအဆင့်တွေ နိမ့်သည်ထက်နိမ့်လာတယ်လို့ ဆိုပါတယ်။
    .
    ကောင်းပြီ။ ကောင်းကျိုးတွေအများကြီး (ဆိုးကျိုးနည်းနည်း ပါးပါးလောက်ပဲ) ရှိတဲ့ ခရီးထွက်ခြင်းဆိုတာကို ဘယ်လို အကြောင်းပြချက်တွေက ဟန့်တားနေတာပါလိမ့်။
    .
    “အလုပ်များလွန်းလို့အားချိန်ဆိုတာ မရှိပါဘူး။”
    .
    “အလုပ်မှာတင်ရတော့မဲ့ ပရောဂျက်က ရက်ကပ်နေပြီ အလုပ်ကိုပစ်ပြီး ဘယ်မှသွားလို့ မဖြစ်ပါဘူး”
    .
    “ဌာနမှာရှိကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ တစ်ယောက်တလေမှ ခွင့်ယူပြီး ခရီးသွားတယ်လို့ မကြားမိပါဘူး”
    .
    “အများပြည်သူ ဝန်ထမ်းတွေ အနားယူအပန်းဖြေဖို့ နိုင်ငံတော်က သတ်မှတ်ထားတဲ ပိတ်ရက်ရှည် (သင်္ကြန်ပိတ်ရက်မျိုး) မှာ အလုပ်ကြွေးအိမ်အလုပ်တွေ ကျုံးလုပ်လုပ်တာပိုပြီး အကျိုးရှိမလားပဲ”
    .
    “စုဆောင်းထားတဲ့ငွေထဲက ခရီးထွက်ဖို့သုံးပစ်လိုက်ရမှာ နှမြောပါတယ်။ ပျော်ရ ခဏပေါ၊ ခရီးကပြန်လာရင် ဆုံလည်နွားလို ရုန်းရဦးမှာဆိုတော့ ဘာထူမှာလဲ”
    .
    စတဲ့ စတဲ့အတွေးတွေထဲမှာ စာဖိတ်သူရော ပါနေမလား။ ရေတွင်းများလိုပေါ့။ တစ်နေကုန်သုံးထားသမျှ ညဘက်မှာအနားရတဲ့ အချိန်ကလေး အတွင်း ရေတွေပြန်ပြည့်လာတဲ့ သဘောပါပဲ။ ဘဝရဲ့နေ့သစ်တွေမှာ ဆတက်ထမ်းပိုးပြီး အလုပ်လုပ်နိုင်ဖို့ .
    စိတ်ဓာတ် ခွန်အားပေးနိုင်တဲ့ ခရီး ယာယီလေးဖြစ်ဖြစ် ထွက်ကြည့်ရအောင်ပါလို့။
    .
    နှင်းဆီခင်