News @ M-Media
Tag: DailySportsNews
  • အောက်တိုဘာ ၁၁၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၁၁၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၁၁၊ ၂၀၁၃
    M-Media
    ဖီဖာ၏ Goal Line နည်းပညာတပ်ဆင်ခွင့်အား ဂျာမနီကုမ္ပဏီရရှိ
    ဖီဖာက ကျင်းပပြုလုပ်မည့် အကြီးဆုံးဘောလုံးပြိုင်ပွဲနှစ်ခုအတွက် ဘောလုံးဂိုးစည်း ကျော်၊ မကျော် ဆုံးဖြတ်ပေးနိုင်သည့် Goal Line နည်းပညာ တပ်ဆင်ဆင်မှုကို ဂျာမနီရှိ ကုမ္ပဏီတစ်ခုမှ လုပ်ကိုင်ခွင့် ရရှိသွားပြီဟု သိရသည်။ ဂျာမနီအခြေစိုက် GoalControl ကုမ္ပဏီအား မော်ရိုကိုတွင်ကျင်းပမည့် ၂၀၁၃ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ဘရာဇီးတွင်ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် Goal Line နည်းပညာ တပ်ဆင်ပေးရန် အတွက်ရွေးချယ်ခဲ့ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာက ယမန်နေ့တွင် ကြေညာခဲ့သည်။
    ထိုနည်းပညာအား ပြီးခဲ့သည့် နွေရာသီတွင်ကျင်းပခဲ့သည့် ကွန်ဖက်ဒရေးဖလားဘောလုံးပြိုင်ပွဲတွင် စမ်းသပ်အသုံးပြုခဲ့ပြီး GoalControl မှပင် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
    “(ဂိုး ၀င် မ၀င်ဆုံးဖြတ်ပေးသည့်) Goal Line technology(GLT) ကို ဘရားဇီးမှာကျင်းပတဲ့ ၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလားပွဲမှာ အောင်မြင်စွာ စမ်းသပ် အသုံးပြုနိုင်ပြီးခဲ့တဲ့နောက် ဖီဖာက GoalControl GmbH ကုမ္ပဏီကို ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပွဲမှာ တပ်ဆင်ဖို့ အတည်ပြုရွေး ချယ်ခဲ့တာပါ။ ပြီးတော့ ဒီနှစ် ဒီဇင်ဘာမှာ မော်ရိုကိုမှာပြုလုပ်မယ့် ကလပ်အသင်းများ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာလည်း GoalControl GmbH ကသာ GLT နည်းပညာကို တပ်ဆင် ပေးသွားမှာပါ” ဟု အဆိုပါကုမ္ပဏီ၏ ၀ဘ်စာမျက်နှာတွင်ရေးသားဖော်ပြခဲ့သည်။
    ဘောလုံး ဂိုးစည်း ကျော် မကျော်ကို တိကျစွာ တိုင်းတာနိုင်ရန်အတွက် GoalControl ကုမ္ပဏီမှ မြန်နှုန်းမြင့် ကင်မရာများဖြင့် လေးဘက်မြင် 4D စနစ်ကို အသုံးပြု သွားမည်ဟု သိရသည်။
    goal
    ________________________
    ရီဘာရီမှာ ကမ္ဘာကောင်းဆုံး ဘောလုံးသမားဆုနှင့် ထိုက်တန်သည်ဟု ဇီဒိန်းပြော
    ရီယဲလ်မက်ဒရစ်အသင်း၏ ဂန္တ၀င်ကစားသမားဇီဒိန်းက မကြာမီ ချီးမြှင့်တော့မည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or နှင့် ရီဘာရီမှာ ထိုက်တန်သည် ဟု ပြောဆိုလိုက်သည်။ ရီဘာရီမှာ ထိုဆုအတွက် ဘာကာ တိုက်စစ်မှူးမက်ဆီ၊ ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုတို့နှင့် ယှဉ်ပြိုင်နေရပြီး ၁၉၉၈ ခုနှစ်တွင် ထိုဆုအား ရရှိခဲ့ဖူးသည့် ဇီဒိန်းက တစ်နိုင်ငံတည်းသား ရီဘာရီအား ထောက်ခံခြင်းဖြစ်သည်။
    ရီဘာရီမှာ ပြီးခဲ့သည့်ရာသီ ဘွန်ဒစ်လီဂါဖလား၊ ဂျာမနီရှုံးထွက်ဖလားနှင့် ချန်ပီယံလိဂ် ဖလားသုံးလုံးအား ဆွတ်ခူးရရှိခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းတွင် အရေးပါသော ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အသင်းအတွက် ၁၁ ဂိုးသွင်းယူပေးခဲ့ကာ ဂိုး ရရှိရန် ၁၉ ကြိမ် ဖန်တီးပေးခဲ့သည်။
    “(ရီဘာရီနှင့် ရော်နယ်ဒို) နှစ်ဦးစလုံးဟာ ဒီဆုနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ကျွန်တော်ရွေးရမယ်ဆိုရင် ပြီးခဲ့တဲ့နှစ်က ဖလားသုံးလုံးရခဲ့ပြီး အခုနှစ်မှာလည်း ခြေစွမ်းပြ နေတဲ့ ရီဘာရီကိုရွေးမှာပါ” ဟု ပြင်သစ် ရေဒီယို RMC သို့ ပြောကြားခဲ့သည်။
    Ballon d’Or ဆုမှာ ဖီဖာမှချီးမြှင့်သည့် အကောင်းဆုံးဘောသမားဆုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ဘောလုံးသမားများ၊ နည်းပြများနှင့် ဂျာလစ်များက မဲပေးရွေးချယ်ရခြင်းဖြစ်သည်။
    goal
    ________________________
    လော်ရန်တေးအား ဇန်န၀ါရီတွင် ခေါ်ယူရန် ၀င်းဂါးစိတ်ဝင်စား
    အာဆင်နယ်အသင်း၏ နည်းပြ အာဆင်ဝင်းဂါးအနေဖြင့် လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူရန် ရှိနေပြီး ဂျူဗင်တပ်စ် အသင်း၏ တိုက်စစ်မှူး လော်ရန်တေးအား ခေါ်ယူရန် ပစ်မှတ်ထားနေသည်ဟု သိရသည်။
    တိုက်စစ်မှူး စစ်စစ်အဖြစ် ဂျီရော့ တစ်ဦးတည်းသာ ကြံ့ခိုင်မှုပြည့်ဝစွာရှိနေသည့် အာဆင်နယ် အရှေ့တန်းအား ပိုမိုတောင့်တင်းအောင်ပြုလုပ်ရန် ၀င်းဂါးက ဆန္ဒ ရှိနေသည်။
    အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်သည့် လော်ရန်တေးမှာ စပိန်ကလပ်ဘီလ်ဘာအိုအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့က ရောက်ရှိ လာသူဖြစ်ပြီး၊ စရောက်စဉ်ကတည်းက ပွဲထွက်ကစားခွင့်မရခဲ့ဘဲ၊ အရန်ခုံတွင်သာ အချိန်ကုန်ခဲ့ရသည်။ တီဗက်ဇ်၏ နောက် အရန်အဖြစ်သားကစားနေရသောကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းတွင် ပါဝင်ခွင့်ရရန် အခွင့်အလမ်းနည်းနေသည့် လော်ရန်တေးအား အာဆင်နယ်အသင်းက စောင့်ကြည့်လျက်ရှိသည်။
    mirror
    ________________________
    Shanghai Masters တင်းနစ်ပြိုင်ပွဲမှ ဖက်ဒါရား ထွက်ခွာရပြီ
    တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် Shanghai Masters တင်းနစ်ပြိုင်ပွဲ တတိယအဆင့်တွင် ဆွီဒင်တင်းနစ်အကျော်အမော် ရော်ဂျာ ဖက်ဒါရားမှာ ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်ဟု သိရသည်။
    ဖက်ဒါရာမှာ ပြင်သစ်တင်းနစ်သမား မွန်ဖီလ်စ်အား ၆-၄၊ ၆-၇(၅-၇)၊ ၆-၃ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဖက်ဒါရာမှာ မွန်ဖီလ်စ်နှင့် ယခုပွဲအပါဝင် ၇ ကြိမ်တွေ့ဆုံခဲ့ပြီး ခြောက်ကြိမ်တိတိအနိုင်ရခဲ့ကာ ယခုပွဲတွင်မှ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
    မွန်ဖီလ်စ်မှာ ယခုပွဲအနိုင်ကြောင့် ကွာတားဖိုင်နယ်သို့တက်ရောက်သွားခဲ့ပြီး အီတလီတင်းနစ်အကျော်အမော် ဖော့ဂ်နီနီအား အနိုင်ရရှိခဲ့သည့် လက်ရှိချန်ပီယံ နိုဗက်ဂျိုကိုဗစ်နှင့် ကွာတားတွင် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    skysports
    ________________________
    အိန်ဂျလီက် ကာရ်ဘာရ်နှင့် ဆိုလိန်းစတီဖင်တို့ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည့် Linz Open တင်းနစ်ပြိုင်ပွဲ
    သြစတြီးယားနိုင်ငံ၌ ကျင်းပပြုလုပ်နေသည့် WTA Linz Open တင်နစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ နာမည်ကြီး တင်းနစ်မယ်များဖြစ်ကြသည့် အိန်ဂျလီက် ကာရ်ဘာရ်နှင့် ဆိုလိန်းစတီဖင်တို့ တက်ရောက်သွားကြသည်ဟုသိရသည်။
    နိုင်ခြေအဆင့် ၁ ရ ကာရ်ဘာရ်မှာ ရိုမေးနီးယားတင်းနစ်မယ် အလက်ဇန်ဒရာ ကာဒန်တူအား အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မိနစ် ၅၀ သာ ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ကာရ်ဘာရ်က သက်တောင့်သက်သာကစားကာ ၆-၁၊ ၆-၀ ဖြင့် နှစ်ပွဲပြတ်အနိုင်ရခဲ့သည်။
    နိုင်ခြေအဆင့် ၂ ရ အမေရိကန်တင်းနစ်မယ် ဆိုလိန်းစတီဖင်မှာလည်း ဂျာမန် တင်းနစ်မယ် အန်ဒရီယာ ပတ်ကိုဗစ်အား အနိုင်ရရှိခဲ့သည်။ ဆိုလိန်းမှာ ပတ်ကိုဗစ်အား အနိုင်ရရှိရန် အကြိတ်အနယ်ကြိုးစားခဲ့ရပြီး ၂ နာရီ ၃၁ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ဆိုလိန်းက ၇-၆(၇-၁)၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ကာရ်ဘာရ်မှာ ကွာတားဖိုင်နယ်တွင် အိမ်ရှင်တင်းနစ်မယ် ပက်ထရစ်ရှာ မေအာခ်ျလစ်တနာနှင့် တွေ့ဆုံရမည်ဖြစ်ပြီး ဆိုလိန်းစတီဖင်မှာ ဆွစ်ဇလန်တင်းနစ်မယ် စတီဖာနီ ဗိုဂီလီနှင့် အသီးသီးတွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    skysports
    ________________________
  • အောက်တိုဘာ ၁၀၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၁၀၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၁၀၊ ၂၀၁၃
    M-Media
    ရှေ့တန်းမှာပဲ ကစားဖို့ ထိုက်တန်တယ်လို့ ခံစားရတဲ့ ၀ိန်းရူနီ
    မန်ချက်စတာယူနိုက်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ၀ိန်းရူနီက ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာချင်ခဲ့သော်လည်း ယခုအချိန်တွင် ထိုပြဿနာ အား ဖြေရှင်းပြီးဖြစ်သည်ဟု ပြောဆိုလိုက်သည်။
    ဖာဂူဆန်လက်ထက်က ကွင်းလယ်တွင်ကစားခိုင်းခဲ့သောကြောင့် စိတ်ပျက်ကာ အသင်းမှထွက်ခွာရန် စဉ်းစားခဲ့ဖူးကြောင်းပြောကြားခဲ့ပြီး အသင်းရှိ ၎င်း၏အနာဂတ်နှင့် ပတ်သက်ပြီး ပြောဆိုခဲ့ခြင်းမရှိချေ။
    ရူနီအား ပြီးခဲ့သည့် နွေရာသီက အာဆင်နယ်နှင့် ချယ်ဆီးအသင်းတို့မှ ခေါ်ယူရန်စိတ်ဝင်စားခဲ့သော်လည်း မန်ယူအသင်းမှ ရောင်းချရန် ငြင်းဆိုခဲ့သည်။
    ယခုနှစ် ရာသီအစတွင် အကောင်းဆုံးပုံစံဖြင့် ပြန်လာနိုင်ပြီး ၈-ပွဲကစားကာ ၅-ဂိုးသွင်းယူ ပေးထားသည့် ရူနီက “ကျွန်တော် ဘယ်နေရာမှာ ကစားချင်သလဲဆိုတာ အသင်းမှာရှိတဲ့လူတိုင်းသိကြပါတယ်။ (ပြီးခဲ့တဲ့နှစ်က) ကျွန်တော်မကစားချင်တဲ့ အလယ်တန်းမှာကစားဖို့ တာဝန်ပေးခံခဲ့ရတာပါ။ ကစားနေကျ နေရာမဟုတ်ပေမယ့် ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်ကစားနေကျ ရှေ့တန်းမှာပဲ ကစားဖို့ထိုက်တန်တယ်လို့ ကျွန်တော်ခံစားရပါတယ် ” ဟု သတင်းထောက် များကို ပြောကြားခဲ့သည်။
    goal
    ________________________
    အာဆင်နယ်သို့ပြန်လာနိုင်သည်ဟု ဆောင်းဆို
    လာလီဂါထိပ်သီး ဘာစီလိုနာအသင်း၏ ကွင်းလယ်လူ အဲလက်စ်ဆောင်းက အသင်းဟောင်းအာဆင်နယ်အား စွဲလမ်းမှုများရှိနေသည်ဟု ၀န်ခံပြောဆိုလိုက်ပြီး ပရီးမီးယားလိဂ်သို့ပြန်လည်သွားရောက်မည်ဟု သတင်းထွက်ပေါ်နေမှုများအား ငြင်းဆိုခြင်းမပြုခဲ့ပေ။
    အသက် ၂၆ နှစ်အရွယ်ရှိ ဆောင်းမှာ ဘာစီလိုနာအသင်းသို့ ပြီးခဲ့သည့်ရာသီက ယူရို ၁၇ သန်းဖြင့်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ပုံမှန်ပွဲထွက်ကစားသမားဖြစ်ရန် ရုန်းကန် နေရကာ ယခင်က ၆ နှစ်ကြာကစားခဲ့သည့် အာဆင်နယ်အသင်းသို့ ပြန်လာရန် စိတ်ဝင်စားမှု ရှိနေသည်ဟု ၀န်ခံခဲ့သည်။
    “အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို ကျွန်တော်မသိပါဘူး။ ဒါပေမယ့် အဲဒီ(အာဆင်နယ်)မှာ ရင်ခုန်စရာကောင်းတဲ့အချိန်တစ်ချို့ကို ဖြတ်သန်းခဲ့ရ တယ်ဆိုတာကတော့ အမှန်ပါပဲ။ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ အခုအချိန်မှာတော့ ကျွန်တော်ဟာ ဘာစီလိုနာ ကစားသမားတစ်ယောက်ပါ” ဟု RMC သတင်းဌာနသို့ အဲလက်စ်ဆောင်းက ပြောကြားခဲ့သည်။
    ပြီးခဲ့သည့်နှစ်က လာလီဂါချန်ပီယံဖြစ်ခဲ့သည့် ဘာစီလိုနာအသင်းတွင် အဲလက်စ်ဆောင်းမှာ ၁၇ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့သည်။
    goal
    ________________________
    အသင်းပရိတ်သတ်များကို ဘင်နီတက်ဇ်ချီးကျူး
    နာပိုလီအသင်း၏ နည်းပြဖြစ်သူ ဘင်နီတက်ဇ်က အသင်း၏ရာသီအစ ပုံစံကောင်းများရရှိနေခြင်း၏ နောက်ကွယ်တွင် အသင်းပရိတ်သတ်များ၏ အားပေးမှုသည်လည်း အဓိက အခန်းကဏ္ဍက ပါဝင်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
    နာပိုလီအသင်း၏ စီးရီးအေနှင့် ချန်ပီယံလိဂ်တွင်ရရှိနေသည့် လက်ရှိ ပုံစံကောင်းများအတွက် နာပိုလီပရိတ်သတ်များမှာ အပြုသဘောဆောင် သည့်စွမ်းအားများဖြစ်သည်ဟုပြောဆိုခဲ့သည့် ဘင်နီတက်ဇ်က “ပရိတ်သတ်များရဲ့ အသင်းကိုချစ်တဲ့စိတ်ပြင်းပြမှုဟာ ကျွန်တော်တို့အတွက် စွမ်းအားကောင်းတွေကိုဖြစ်စေပါတယ်။ စိန်ခေါ်မှုတွေရှိနေတဲ့ ရာသီမှာ သူတို့ရဲ့အားပေးမှုဟာ သိပ်ကိုတန်ဖိုးရှိပါတယ်။ သွားရမယ့်ခရီးကရှည်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အမြင်ဆုံးကိုလုပ်ဆောင်ပြနေတဲ့ ပြည့်စုံတဲ့ လူစာရင်းရှိပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းကြိုစားနေပြီး အသင်းကလည်း တိုးတက်နေပါတယ်” ဟု ပြောကြားခဲ့ကြောင်း နာပိုလီအသင်း၏ ၀ဘ်ဆိုဒ်တွင် လွှင့်တင်ထားသည်။
    နာပိုလီအသင်းမှာ စီးရီးအေတွင် ရိုမားအသင်း၏အောက် ဒုတိယနေရာတွင်ရှိနေပြီး ချန်ပီယံလိဂ်တွင်လည်း ၂ ပွဲကစား ၃ မှတ်ရရှိထားသည်။
    goal
    ________________________
    လီဗာပူးလ်အသင်းမှာ ထိပ်ဆုံးလေးသင်းဝင်နိုင်သည်ဟု တိုးယေးဆို
    လီဗာပူးလ်အသင်း၏ အိုင်ဗရီကို့စ်နောက်ခံလူ ကိုလိုတိုးယေးက အသင်းမှာ လာမည့်နှစ်ချန်ပီယံလိဂ်တွင်ဝင်ခွင့်နေရာအား သေချာပေါက်ရလိမ့်မည်ဟု ထင်မြင်နေပြီး၊ ၎င်း၏ လက်ရှိပုံစံမှာ နိုင်ငံအသင်းအတွက် ပြန်လည်ကစားရန် အဆင်သင့်ဖြစ်နေပြီဟု ပြောဆိုလိုက်သည်။
    ယခုနှစ်ပရီးမီယားလိဂ်ထိပ်ဆုံးလေးသင်းစာရင်းဝင်နိုင်ရန် လီဗာပူးလ်တွင် လုံလောက်သော စွမ်းအားများရှိနေသည်ဟု တိုးယေးကယုံကြည်နေသည်။ လီဗာပူးလ်အသင်းမှာ ယခုနှစ်တွင် ပုံစံကောင်းများရရှိနေပြီး ထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့် ရမှတ်တူဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင်ရှိနေသည်။
    “ချန်ပီယံလိဂ်တစ်နေရာရဖို့ အသင်းမှာလုံလောက်တဲ့လူအင်အား ရှိနေတယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေအများကြီးရှိပြီး စိတ်ဓာတ်တွေကလည်း အမြင့်ဆုံးအနေအထားမှာရှိပါတယ်” ဟု တိုးယေးက အသင်း၏ ၀ဘ်ဆိုဒ်တွင်ပြောာကြားခဲ့သည်။
    ယခုနှစ်ရာသီ ပရီးမီးယားလိဂ်အခြေအနေနှင့် အသင်းအနေဖြင့်မည်ကဲ့သို့ စွမ်းဆောင်ရမည်ဆိုသည်နှင့်ပက်သက်ပြီး တိုးယေးက “ပွဲတိုင်းမှာ ကျွန်တော်တို့ဟာ အကောင်းဆုံးပုံစံကို ထိန်းသိမ်းသွားဖို့လိုအပ်ပါတယ်။ ပြီတော့ ကျွန်တော်တို့ရဲ့ အသင်းဖော်တွေနဲ့ ပရိတ်သတ်တွေကို ရာနှုန်းပြည့် စိတ်ကျေနပ်မှုတွေပေးရပါမယ်။ ကျွန်တော်တို့ အခုထိပ်ဆုံးရောက်နေပြီး အဲဒီနေရာမှာ ဆက်ရှိနေဖို့အရေးကြီးပါတယ်။ အခုရာသီကတော့မာရသွန်လိုပါပဲ။ ကျွန်တော်တို့မှာ အတက်အကျတွေရှိပါလိမ့်မယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    goal
    ________________________
    ကျောဒဏ်ရာကြောင့် ATP World Tour Finals တင်းနစ်ပြိုင်ပွဲအား မာရေးလွဲချော်မည်
    လန်ဒန်တွင် ကျင်းပမည့် ယခုနှစ်တင်းနစ်ရာသီပိတ် ATP World Tour Finals တင်းနစ်ပြိုင်ပွဲအား ဗြိတိန်နာမည်ကြီး တင်းနစ်သမား အန်ဒီမာရေးမှာ ဒဏ်ရာကြောင့် လွဲချော်တော့မည်ဟု သိရသည်။
    ကမ္ဘာ့ဆင့်-၃ ရှိ မာရေးမှာ ပြီးခဲ့သည့်လက ၎င်း၏ နောက်ကျောဒဏ်ရာအား ခွဲစိတ်ခဲ့ပြီး ATP World Tour Finals ပြိုင်ပွဲအား ၀င်ရောက်စားနိုင်မည်ဟု မျှော်လင့်ခဲ့ သော်လည်း ဆရာဝန်၏ အကြံပေးချက်အရ ၀င်ပြိုင်နိုင်တော့မည်မဟုတ်ဘဲ လာမည့်နှစ်ဇန်န၀ါရီတွင်ကျင်းပမည့် သြစတေးလျအိုးပင်းပြိုင်ပွဲ အတွက် ကြံ့ခိုင်မှု အပြည့် အ၀ရရန် အာရုံစိုက်ရတော့မည်ဖြစ်သည်။
    “လန်ဒန်မှာ မကစားနိုင်တဲ့အတွက် ကျွန်တော် တကယ့်ကို စိတ်ပျက်ပါတယ်။ ကျွန်တော့်နိုင်ငံက ကျွန်တော့်ပရိတ်သတ်တွေရှေ့မှာ ကစားရတာကို ကျွန်တော်နှစ်သက် ပါတယ်။ တင်းနစ်ကစားသမားအားလုံးဟာ လန်ဒန်မှာယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြပါပြီ။ ကျွန်တော်ကတော့ နောက်နှစ်ပြိုင်ပွဲကို ၀င်ရောက်နိုင်ဖို့သာ လုပ်ဆောင်ရတော့ မှာပါ” ဟု မာရေးက ပြောကြားခဲ့သည်။
    skysport
    ________________________
  • အောက်တိုဘာ ၉၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၉၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၉၊ ၂၀၁၃
    M-Media
    ရီးယဲလ်ကို ဂျူဗစ်တပ်စ်က အနည်းဆုံးတစ်ကြိမ်တော့ အနိုင်ကစားနိုင်မှာဟု ပေါ့ဂ်ဘာပြော
    ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ပေါ့ဂ်ဘာက ချန်ပီယံလိဂ်တွင် ရီးယဲလ်မက်ဒရစ်နှင့်ရင်ဆိုင်ရမည်ကို အနည်းငယ်မျှပင် ကြောက်ရွံ့နေမည်ဟုတ်ဘဲ ဂျူဗင်တပ်စ် အသင်းမှာ အနည်းဆုံးတစ်ကြိမ်တော့ အနိုင်ရရှိမည်ဟု ပြောဆိုလိုက်သည်။
    ဂျူဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ်တွင် ကိုပင်ဟေဂင်၊ ဂါလာတာစာရေး၊ ရီးယဲလ်မက်ဒရစ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ကိုပင်ဟေဂင်၊ ဂါလာတာစာရေးတို့နှင့်ကစားပြီးချိန်တွင် ၂-မှတ်သာ ရရှိထားသောကြောင့် ရှုံးထွက်အဆင့်သို့တက်ရောက်ရန်အတွက် ကျန်ရှိသည့် လေးပွဲတွင် အမှားခံ၍ မရတော့ပေ။
    လာမည့် ၂၃-ရက်နေ့တွင် ရီးယဲလ်အသင်းနှင့် ဘာနေဗျူးတွင် သွားရောက်ကစားရမည်ကို ကြောက်ရွံ့နေခြင်းမရှိဘဲ ရလဒ်ကောင်းများ ရလိမ့်မည်ဟု မျှော်လင့်နေသည့် ပေါ့ဂ်ဘာက “ကြောက်စရာကိုမလိုပါဘူး။ ရီးယဲလ်နဲ့ကစားရမယ့်နှစ်ပွဲမှာ အနည်းဆုံး တစ်ပွဲတော့နိုင်မှာပါ။ ပြီးတော့ ကျွန်တော်တို့ရှေ့ဆက်တက်လှမ်းမှာပါ။ ကျွန်တော်တို့ဟာ ဂျူဗင်တပ်စ်အသင်းဖြစ်တယ်ဆိုတာကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ သမိုင်းကြောင်းအရ၊ ဂုဏ်သိက္ခာအရ အရည်အသွေးအရ ကျွန်တော်တို့ဟာ အဆင့်အတန်းနိမ့်တဲ့ အသင်းမဟုတ်ပါဘူး” ဟု အီတလီ အားကစားသတင်းစာ Gazzetta dello Sport သို့ ပြောကြားခဲ့သည်။
    goal
    ______________________
    အာဆင်နယ်၏ နည်းပြရာထူးအား ဘားကမ့်စိတ်ဝင်စား
    ၂၀၀၆-ခုနှစ် အာဆင်နယ်အသင်းက အနားယူခဲ့စဉ်က ဘောလုံးကင်းထောက်အဖြစ် တာဝန်ပေးခဲ့သော်လည်း ငြင်းပယ်ခဲ့ပြီး ယခု အေဂျက်စ်အသင်း၏ လက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်နေသည့် ဘားကမ့်က လန်ဒန်သို့ ပြန်လာရန် စိတ်ဝင်စားနေပြီး အာဆင်နယ်အသင်းတွင် နည်းပြလုပ်ချင်သည်ဟု ထုတ်ဖော်ပြောဆို လိုက်သည်။
    ဟော်လန်အသင်း၏တိုက်စစ်မှူးဟောင်းဖြစ်သူ ဘားကမ့်မှာ အာဆင်နယ်အသင်းတွင် ၁၁-နှစ်တိုင်တိုင် ကစားခဲ့သူဖြစ်ပြီး အောင်မြင်သော ကစားသမားဘ၀ကို ပိုင်ဆိုင်ခဲ့ကာ ၂၀၀၆-ခုနှစ်တွင် ကစားသမားဘ၀မှ အနားယူခဲ့သည်။ ထိုစဉ်က အသင်း၏ဘောလုံးကင်းထောက်လုပ်ရန် အာဆင်နယ်အသင်းမှ ကမ်းလှမ်းခဲ့ သော်လည်း ဘားကမ့်က ငြင်းပယ်ခဲ့သည်။ ဟော်လန်ကလပ်အေဂျက်စ်အသင်းနည်းပြ ဖရန့်ဒီဘိုအာ၏ လက်ထောက်အဖြစ် ၂-နှစ်ထမ်းဆောင်ပြီးနောက် ယခုကဲ့သို့ အာဆင်နယ်အသင်းသို့ပြန်လာရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
    “ဘာစီလိုနာအတွက် ဂျိုဟန်ခရိုက်ဖ်ခံစားရတဲ့ ဖီလင်မျိုးကို ကျွန်တော်လည်း အာဆင်နယ်အတွက် ခံစားနေရပါပြီ။ အာဆင်နယ်မှာကစားတုန်းကဆိုရင် ကျွန်တော်သိပ်ပျော်ပါတယ်။ အဲဒီမှာတုန်းက ဆိုးဝါးတဲ့နေ့ရက်ဆိုတာ မရှိခဲ့ပါဘူး။ အဲဒီခံစားမှုတွေဟာ ကျွန်တော့်ရင်ထဲမှာ အမြဲရှိနေပါတယ်။ အဆင့်တစ်ခုမှာ အာဆင်နယ်ကို ပြန်လာဖို့ဆိုတာ ကျွန်တော့်ရဲ့ရည်မှန်းချက်ပါ” ဟု အသက် ၄၄ နှစ်အရွယ်ရှိ ဘားကမ့်က အင်္ဂလန်သတင်းစာ The Telegraph သို့ပြောကြားခဲ့သည်။
    goal
    ______________________
    ပွဲများများကစားခွင့်ရရန် မန်ယူမှ ထွက်ခွာတော့မည်ဟု ဖာနန်ဒက်ဇ် အရိပ်အမြွက်ပြော
    မန်ချက်စတာယူနိုက်တက် နည်းပြသစ် မိုယက်စ်လက်ထက်တွင် နှစ်ပွဲသာပါဝင်ကစားခွင့်ရထားပြီး ၁ ဂိုးသွင်းယူပေးထားသည့် တိုက်စစ်မှူး ဂျာဗီယာဟာနန်ဒက်ဇ်က ၎င်းအနေဖြင့် မည်မျှစွမ်းဆောင်နိုင်သည်ကို ပြသရန် အခွင့်အလမ်းအား ရှာဖွေတော့မည်ဟု ပြောကြားလိုက်သည်။
    ဟာနက်ဒက်ဇ်က ၎င်းကစားချင်သည့်အတိုင်း ပုံမှန်ပွဲထွက်ခွင့်ရန်အတွက် မန်ယူအသင်းအား စွန့်ခွာတော့မည်ဖြစ်ကြောင်း ၀န်ခံပြောဆိုလိုက်သည်။ နည်းပြသစ်မိုယက်စ်ကိုင်တွယ်ပြီးနောက်ပိုင်း ကစားခဲ့သည့် ၁၁-ပွဲတွင် ဟာနန်ဒက်ဇ်မှာ ၂-ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ဖာဂူဆန်လက်အောက်တွင် ကစားခဲ့သည့် ၃-နှစ်တာကာလတွင်လည်း အဓိကကစားသမားများ၏ နေရာတွင် အဖြည့်ခံအဖြစ်သာ ၀င်ရောက်ကစားရခြင်းဖြစ်သည်။
    မက္ကဆီကိုလက်ရွေးစင်ဖြစ်သူ ဟာနန်ဒက်ဇ်မှာ မန်ယူတွင်ကစားရခြင်းကို ပျော်ရွှင်သည်ဟု ပြောဆိုခဲ့သော်လည်း အခြားအသင်းသို့ပြောင်းရွှေ့ပါက ပုံမှန်ပွဲထွက်ကစားခွင့်ရချင်သည့် ၎င်း၏ရည်ရွယ်ချက်မှာ အောင်မြင်နိုင်ဖွယ်ရှိသည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။
    ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလက လာလီဂါကလပ် အက်သလက်တီကိုအသင်းမှ ခေါ်ယူရန် စိတ်ဝင်စားခြင်းခံခဲ့ရသည့် ဟာနန်ဒက်ဇ်မှာ ပုံမှန်ကစားခွင့်မရခြင်းကြောင့် သူ၏အနာဂတ်တန်ဖိုး လျော့ကျသွားမည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။
    mirror
    ______________________
    မိသားစုက မိမိအား ရင့်ကျက်စေခဲ့သည်ဟု ဆွာရက်ဇ်ဆို
    ဆိုးရွားသည့်အပြုအမူများကြောင့် ဝေဖန်မှုများခံနေရသည့် လီဗာပူးလ်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ၎င်း၏ မိသားစုမှာ ၎င်းအားတည်ငြိမ်ရင့်ကျက်စေခဲ့သည်ဟု ပြောကြားလိုက်သည်။ ပြိုင်ဘက်ကစားသမားတစ်ဦးအား ကိုက်ခဲ့သောကြောင့် ၁၀-ပွဲပယ် ပြစ်ဒဏ် ခံခဲ့ရပြီး ပြစ်ဒဏ်မှစေ့ပြီးနောက် ဆွာရက်ဇ်က ၎င်း၏အပြုအမူအား ပြောင်းလဲတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    အထူးသဖြင့် သူ၏ကလေးနှစ်ယောက်က သူ၏အပြုအမူအား ပြောင်းလဲစေခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ပြီး ပြီးခဲ့သည့် စနေနေ့ ခရစ္စတယ်ပဲလေ့စ်အသင်းအား အနိုင်ရရှိခဲ့သောပွဲတွင် သူ၏ ကလေးနှစ်ဦးဖြစ်သော မွေးကင်းစ သားငယ်လေး ဘင်ဂျမင်နှင့် အသက် ၃ နှစ်အရွယ် သမီးငယ် ဒယ်လ်ဖီနာတို့အား ပွဲမစမီ လက်ဆွဲနှုတ်ဆက်စဉ် အတွင်း ကွင်းအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
    ကလေးငယ်နှစ်ဦးကွင်းအတွင်းသို့ ခေါ်လာခဲ့ခြင်းနှင့်ပက်သက်ပြီး ဆွာရက်ဇ်က “အင်္ဂလန်မှာ ဒါဟာ ပုံမှန်တော့ မဟုတ်ပါဘူး။ ကလပ်ကလူတွေက ခေါ်သွားလို့ မရဘူးလို့ပြောပါတယ်။ ဒါပေမယ့် ‘ကျွန်တော့်ကလေးတွေက ကျွန်တော်နဲ့သွားမှာ ရမလား မရဘူးလားလို့ပြော’ ဆိုပြီးသူတို့ကို ပြောခဲ့ပါတယ်။ အဆုံးမှာတော့ သူတို့နားလည် သွားကြပါတယ်။ ကျွန်တော့်အတွက်တော့ ကြည်နူးစရာ အချိန်လေးပါပဲ။ ကျွန်တော့်မိသားစုဟာ ကျွန်တော့်အတွက် သိပ်ကို အရေးပါပါတယ်” ဟု ပြောကြားခဲ့သည်။
    mirror
    ______________________
    Shanghai Masters တင်းနစ်ပြိုင်ပွဲတွင် ရစ်ချတ် ဂတ်စ်ကက်မှာ ပထမအဆင့်မှ ထွက်ခဲ့ရ
    တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပပြုလုပ်နေသည့် Shanghai Masters တင်းနစ်ပြိုင်ပွဲပထမအဆင့်တွင် ပြင်သစ်တင်းနစ်သမား ရစ်ချတ် ဂတ်စ်ကက်မှာ ပထမအဆင့်ကပင် ထွက်ခဲ့ရပြီး လန်ဒန်တွင် ကျင်းပပြုလုပ်မည့် ရာသီပိတ် ATP World Tour Finals တင်းနစ်ပြိုင်ပွဲအား လွဲချော်ခဲ့ပြီဖြစ်သည်။
    နိုင်ခြေအဆင့် ၉ ရ ဂတ်စ်ကက်မှာ ကနေဒါတွင်ကျင်းပပြုလုပ်ခဲ့သည့် Montreal Masters တင်းနစ်ပြိုင်ပွဲတွင် ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့် ကနေဒါ တင်းနစ်သမား ဗာဆက် ပို့စ်ပီစီလ်အား ၆-၃၊ ၆-၄ ဖြင့် ၂-ပွဲပြတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
    ယခုပွဲအရှုံးကြောင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီး ကမ္ဘာအဆင့် ၉ တွင်ရှိနေသောကြာင့် ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်း ၀င်သည့် ကစားသမားများသာ ယှဉ်ပြိုင်ရသည့် တင်းနစ်ရာသီပိတ် ATP World Tour Finals တင်းနစ်ပြိုင်ပွဲအား လွဲချော်ရတော့မည်ဖြစ်သည်။
    ကမ္ဘာ့အဆင့် ၁ မှ ၁၀ အတွင်းဝင်သည့် ကစားသမားများအား ဒုတိယအကြိမ်မြောက်အနိုင်ရရှိခဲ့သည့် ပို့စ်ပီစီလ်က “ကျွန်တော့်အတွက် ကြီးမားတဲ့အောင်ပွဲတစ်ခုပါ။ နိုင်ရတဲ့အကြောင်းအရင်းကတော့ ပြိုင်ပွဲတစ်ခုလုံး စိတ်ဓာတ်ပြင်းပြင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်” ဟု atpworldtour.com သို့ပြောကြားခဲ့သည်။
    skysports
    ______________________
  • အောက်တိုဘာ ၈ အားကစားသတင်းများ
    အောက်တိုဘာ ၈ အားကစားသတင်းများ
    အောက်တိုဘာ၊ ၈
    M-Media
    ကိုလေးစုစည်းတင်ဆက်သည်။
    အက်သလက်တီကိုမှာ ဘာစီလိုနာနှင့် ရီးယဲလ်တို့ကို စိန်ခေါ်နိုင်သည်ဟု မာတီနိုဆို
    ရာသီအစတွင် အံ့သြဖွယ်ခြေစွမ်းများကို ပြသနေသည့် အက်သလက်တီကို မက်ဒရစ်အသင်းမှာ အသင်းနှစ်သင်းသာကြီးစိုးထားသည့် လာလီဂါချန်ပီယံဘွဲ့အား စိန်ခေါ်နိုင်သောအသင်းတစ်သင်းဖြစ်လာသည်ဟု ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ မာတီနိုက ပြောကြားခဲ့သည်။
    အက်သလက်တီကိုအသင်းမှာ ယခုနှစ်ရာသီအစတွင် ၈ ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်အထိ ခြေစွမ်းပြခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းအား ဘာနေဗျူးတွင်အနိုင်ရခဲ့ခြင်းမှာ ၎င်းတို့အတွက် အလွန်ချီးကျူးစရာကောင်းသော အောင်မြင်မှုဖြစ်သည်။
    “ချန်ပီယံဘွဲ့ကိုရနိုင်တဲ့ အသင်းသုံးသင်းရှိပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေကတော့ သေဘာတူမှာမဟုတ်ပါဘူး။ စူပါဖလားပြိုင်ပွဲမှာ ကျွန်တော်သူတို့ (အက်သလက်တီကို) အကြောင်း ကောင်းကောင်းသိသွားပါတယ်” ဟု အက်သလက်တီကိုအသင်းနှင့်ပက်သက်ပြီး မာတီနိုက သတင်းထောက်များကို ပြောကြားခဲ့သည်။
    လာလီဂါပြိုင်ပွဲတွင် ဘာစီလိုနာအသင်းမှာ အက်သလက်တီကိုအသင်းနှင့် ဇန်န၀ါရီလ ၁၁ နေ့တွင်မှ တွေ့ဆုံရမည်ဖြစ်သော်လည်း အက်သလက်တီကို အသင်းနှင့်ပက်သက်ပြီး သိသင့်သိထိုက်သောအရာများကို အနေဖြင့် သိပြီးဖြစ်သည်ဟု ယုံကြည်ကြောင်း မာတီနိုက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal.com
    ……………………………………………
    ဂိုးသမားဗားလ်ဒက်စ် ဘာစီလိုနာမှ ထွက်ခွာတော့မည်
    ယခုနှစ်ရာသီကုန်တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး အခြားသော လိဂ်ပြိုင်ပွဲများတွင် မိမိ၏ ကံကြမ္မာအား စမ်းသပ်လိုသည်ဟု ဘာစီလိုနာအသင်း၏ ၀ါရင့်ဂိုးသမား ဗစ်တာ ဗားလ်ဒက်စ်က ကြေညာခဲ့သည်။
    ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကတည်းကပင် ဘာကာအသင်းတွင် စာချုပ်ပြည့်သွားခဲ့ပါက သက်တမ်းတိုတော့မည်မဟုတ်ဟု ပြောကြားထားသည့် ဗားလ်ဒက်စ်မှာ ဘာကာအသင်းတွင် ၎င်း၏အချိန်ကုန်ဆုံးသွားပြီဟု ခံစားရခြင်းကြောင့် ဤကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
    အလယ်တန်းကစားသမား အင်နီယေစတာ အပါအ၀င် ဘာစီလိုနာအသင်း၏ ကစားသမားများက ဗားလ်ဒက်စ်အား ဘာကာတွင်ဆက်ရှိနေရန် ဆွဲဆောင်ရန်လိုသည်ဟု ယခင်က ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။
    “ဒီမှာရှိတဲ့ ကျွန်တော့်ရဲ့ အချိန်ဟာ ပြီးဆုံးသွားပါပြီ။ အသင်းက ဆက်နေဖို့ ကျွန်နော့်ကို ကမ်းလှမ်းခဲ့ပေမယ့် (ဆက်မနေဖို့) ကျွန်တော်ဆုံးဖြတ်ပြီးပါပြီ။ စိန်ခေါ်မှုတွေကို ကျွန်တော်ရှာဖွေမှာပါ။ ကျွန်တော့်မိသားစုနဲ့ အခြားတစ်နေရာမှာနေချင်ပြီး အခြားလိဂ်တစ်ခုမှာလည်း ကျွန်တော်ကစားချင်ပါတယ်” ဟု ဗားလ်ဒက်စ်က စပိန် ရုပ်သံချန်နယ်တစ်ခုဖြစ်သည့် Antena3 သို့ပြောကြားခဲ့သည်။
    Ref: Goal.com
    ………………………………………
    မန်စီးတီးနောက်ခံလူ ကွန်ပနီ တစ်လခန့်အနားယူရတော့မည်
    article-0-188A3FFB00000578-1_634x425
    မန်ချက်စတာစီးတီးအသင်း၏ အသင်းခေါင်းဆောင် နောက်ခံလူ ဗင်းဆင့် ကွန်ပနီမှာ ပေါင်ဒဏ်ရာကြောင့် တစ်လခန့်အနားယူရတော့မည်ဟု အသင်းမှ ထုတ်ဖော်ပြောကြားလိုက်သည်။ ကွန်ပနီမှာ ပရီးမီးယားလိဂ်ရာသီအစ ကလည်း ပေါင်ခြံဒဏ်ရာကြောင့် လေးပတ်ခန့်အနားယူခဲ့ရပြီး စနေနေ့က အဲဗာတန်အသင်းအား အနိုင်ရရှိခဲ့သောပွဲတွင် ကွင်းအတွင်းမှ ထော့နဲ့ထော့နဲ့ဖြင့် ထွက်သွားခဲ့ရသည်။
    ဘယ်လ်ဂျီယံ လက်ရွေးစင်တစ်ဦးဖြစ်သူ ကွန်ပနီ၏ ဒဏ်ရာအား စစ်ဆေးမှုများပြုလုပ်ပြီးနောက် ဒဏ်ရာအခြေအနေအရ တစ်လခန့်အနားယူရမည်ဖြစ်ပြီး ခရိုအေးရှား၊ ဝေးလ်စ်တို့နှင့်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပါဝင်နိုင်တော့မည်မဟုတ်ဟု မန်စီတီးအသင်းက ယမန်နေ့က ကြေညာခဲ့သည်။
    မန်စီးတီးနောက်တန်းတွင် နက်စတာစစ်၊ ဒီမစ်ချယ်လီ၊ ရစ်ချတ်နှင့် ကလစ်ချီတို့ဒဏ်ရာရရှိနေပြီး ကွန်ပနီဒဏ်ရာရရှိသွားခြင်းက မန်စီးတီးနည်းပြ ပယ်လီဂရီနီအတွက်လည်း ထိုးနှက်ချက်တစ်ခုဖြစ်သွားခဲ့သည်။ အသက် ၂၇ နှစ်အရွယ်ရှိကွန်ပနီမှာ ဒဏ်ရာပြဿနာနှင့် မကြာခဏရင်ဆိုင်နေရသူဖြစ်ပြီး ပြီးခဲ့သည့် ၁၂ လအတွင်း ခြေသလုံးနှင့် တံကောကြောဒဏ်ရာတို့ကို ခံစားခဲ့ရသည်။
    ………………………………….
    ATP ဂျပန်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဒယ်လ်ပေါ်ထရို ဗိုလ်စွဲ
    ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဂျပန်အိုးပင်းတင်းနစ်ပြိုင်ပွဲ တွင် နိုင်ခြအဆင့် ၁ ရ အာဂျင်တိုင်း တင်းနစ်သမား ဒယ်လ်ပေါ်ထရိုက အနိုင်ရဗိုလ်စွဲခဲ့သည်ဟုသိရသည်။
    တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဗိုလ်လုပွဲတွင် ပေါ်ထရိုမှာ ကနေဒါတင်းနစ်သမား ရိုအာနစ်နှင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ ၁ နာရီနှင့် ၄၆ မိနစ်ကြာခဲ့သည့် အဆိုပါပွဲစဉ်တွင် ပေါ်ထရိုမှာ အကြိတ်အနယ်ကစားကာ ၇-၆(၇-၅)၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ယခုပွဲအနိုင်ကြောင့် ဒယ်လ်ပေါ်ထရိုမှာ ကမ္ဘာ့အဆင့် ၅ နေရာကို ရယူနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်းဝင်သည့် ကစားသမားများသာယှဉ်ပြိုင်ရသည့် လန်ဒန်တွင်ကျင်းပသည့် တင်းနစ်ရာသီပိတ် World Tour Finals တွင် ၀င်ရောက်ကစားခွင့်ရရှိသွားပြီ ဖြစ်ပြီး ရိုအာနစ်မှာ အဆင့် ၁၀ သာရခဲ့သောကြောင့် ထိုပြိုင်ပွဲအား လွဲချော်ခဲ့ရပြီဖြစ်သည်။
    Ref: skysports
    ………………………….
    ဒဏ်ရာကြောင့် အစ္စတန်ဘူလ် WTA ချန်ပီယံရှစ်ပြိုင်ပွဲအား ရှာရာပိုဗာလွဲချော်
    ယခုနှစ်တင်းနစ်ရာသီ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးပိတ်ပြိုင်ပွဲအဖြစ် WTA ချန်ပီယံရှစ်ပြိုင်ပွဲကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် မကြာမီ ကျင်းပတော့မည်ဖြစ်ပြီး နာမည်ကြီး ရုရှားတင်းနစ်မယ် မာရီယာ ရှာရာပိုဗာမှာ ထိုပြိုင်ပွဲအား ပခုံးဒဏ်ရာကြောင့် လွဲချော်ရတော့မည်ဟု သိရသည်။
    ကမ္ဘာ့အဆင့် ၃ ရှိ ရှာရာပိုဗာမှာ သြဂုတ်လအတွင်း အမေရိကန်၌ ကျင်းပခဲ့သည့် Western and Southern Open တင်းနစ်ပြိုင်ပွဲတွင် ဒုတိယအဆင့်မှ ရှုံးနိမ့်ထွက်ခွာခဲ့ရပြီးကတည်းက ဒဏ်ရာပြဿနာကြောင့် အနားယူနေရသူဖြစ်သည်။
    ယူအက်စ်အိုးပင်းပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ပြီး ယခု WAT ချန်ပီယံရှစ်ပြိုင်ပွဲကိုလည်း လွဲချော်ရမည်ဖြစ်သဖြင့် စိတ်ပျက်နေသော ရှာရာပိုဗာက “ကျွန်မတော်တော်လေး စိတ်ပျက်မိပါတယ်။ (အစ္စဘူလ်တွင်ကျင်းပမည့်) ဒီနှစ် TEB BNP Paribas WTA Championship ပြိုင်ပွဲကိုလည်း ကျွန်မကစားနိုင်တော့မှာ မဟုတ်ပါဘူး။ နှစ်တိုင်း အစ္စတန်ဘူလ်က ကျွန်မပရိတ်သတ်တွေက ကျွန်မကို ချစ်စိတ်ပြင်းပြမှု၊ နွေးထွေးမှုတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ဒီနှစ်တော့ ရာသီကုန်တိုင်းမှာ သူတို့ပေးတဲ့ စွမ်းအားတွေ စိတ်လှုပ်ရှားမှုတွေကို ကျွန်မ လွဲချော်ရတော့မှာပါ” ဟု ရှာရာပိုဗာက ပြောဆိုခဲ့သည်။
    Ref: skysports
  • အောက်တိုဘာ ၇၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၇၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၇၊ ၂၀၁၃
    M-Media
    ဆန်းဒါးလန်းနှင့်ပွဲတွင် ခြေစွမ်းပြခဲ့သော လူငယ်ကစားသမား အဒ်နန်အား မန်ယူအသင်း လစာတိုးပေးတော့မည်
    စနေနေ့က ဆန်းဒါးလန်းအသင်း၏ အလင်းရောင်ကွင်းတွင် အိမ်ရှင်အသင်းအား နှစ်ဂိုး ၁-ဂိုးဖြင့်အနိုင်ရရှိခဲ့သောပွဲ၌ အသင်းအတွက် အရေးပါသည့် ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့သည့် အသက် ၁၈-နှစ်အရွယ် လူငယ်ကစားသမား အဒ်နန် ဂျန်နုဇ်အဂ်ျအား မန်ယူအသင်းက လစာတိုးပေးတော့မည်ဟု သိရသည်။
    ဘယ်ဂျီယံ လူငယ်ကစားသမားဖြစ်သည့် အဒ်နန်မှာ ဘယ်ဂျီယံလူငယ်ဘောလုံးလောက၏  အဖိုးတန် ကစားသမားတစ်ယောက်ဖြစ်သည်။ မန်ယူအသင်းနှင့် သက်တမ်း ၈-လသာကျန်ရှိတော့ပြီး သူ၏ခြေစွမ်းအား ကြိုက်နှစ်သက်သော အခြားကလပ်အသင်းများက ခေါ်ယူရန် ကြိုးပမ်းနေသောကြောင့် မန်ယူအသင်းအနေဖြင့် တစ်ပါတ်လုပ်ခ ပေါင် ၆-သောင်းအထိပေးကာ စာချုပ်သစ်ချုပ်ဆို၍ အသင်းတွင် ထိန်းသိမ်းထားရန် စီစဉ်နေသည်။ အဒ်နန်မှာ မန်ယူအသင်းဖော် ရူနီအား လေးစားအားကျသူ တစ်ယောက်လည်းဖြစ်သည်။
    “သူဟာ သူ့ကိုယ်သူယုံကြည်မှုရှိပါတယ်။ များသောအားဖြင့် လူငယ်ကစားသမားတော်တော်များများဟာ တွန့်ဆုတ်ပြီး၊ ရှက်တတ်ကြပါတယ်။ ဒါပေမယ့် သူ့မှာတော့ လိုအပ်နေတဲ့ စွမ်းရည်တွေရှိနေပြီး ကြည့်ရတာ သက်တောင့်သက်တာဖြစ်စေပါတယ်” ဟု ရူနီက သူ့အားလေးစားအားကျသည့် အဒ်နန်နှင့်ပက်သက်ပြီး
    မှတ်ချက်ပေး ပြောကြားခဲ့သည်။
    dailymail
    ____________________________
    ချယ်ဆီးအသင်းမှာ ဘိုင်ယန်ကဲ့သို့ ဖြစ်ရန် ကြိုးစားနေခြင်းမရှိဟု မော်ရင်ဟိုဆို
    နော်ဝစ်ခ်ျအသင်းအား တနင်္ဂနွေနေ့က ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိပြီးနောက် ချယ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ၎င်း၏ အသင်းမှာ အခြားအသင်းများကို ပုံတူကူးချက်ခြင်းထက် ကိုယ်ပိုင်အစွမ်းအစဖြင့် ကစားနေခြင်းဖြစ်သည်ဟု ပြောကြားလိုက်သည်။
    မော်ရင်ဟိုက ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းအား ပုံတူကူးရန်ကြိုးစားနေသည်ဆိုသော စွတ်စွဲမှုများအား ငြင်းဆိုလိုက်ပြီး “တကယ်လို့ ခင်ဗျားမှာ အခြားအသင်းတွေလို လူမရှိဘဲနဲ့၊ အခြားအသင်းတွေလို လိုက်ကစားမယ်ဆိုရင် ခင်ဗျားဟာတော်တော်ကြောင်တဲ့သူလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် လာလီဂါမှာ
    အမှတ် ၁၀၀ နဲ့ ဗိုလ်စွဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့် အသင်းဟာ ဘာစီလိုနာအသင်း ကစားသလိုမကစားခဲ့ပါဘူး။  တကယ်လို့ တခြားအသင်းတွေ ကစားသလို လိုက်ကစားမယ်ဆိုရင် အဲဒီအသင်းတွေ ရောက်ခဲ့တဲ့ ဆင့်ကို ဘယ်တော့မှ မရောက်နိုင်ပါဘူး” ဟု မော်ရင်ဟိုက ဆန်းဒါးလန်းအသင်းနှင့် ကစားခဲ့သောပွဲအပြီး
    သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    goal
    ____________________________
    စတားရစ်ခ်ျနှင့် ဆွာရက်ဇ်တို့မှာ ပိုမိုကောင်းမွန်လာနိုင်မည်ဟု ရော်ဂျာဆို
    စနေနေ့က ခရစ္စတယ်ပဲလေ့စ်အသင်းအား ၃-ဂိုး ၁-ဂိုး ဖြင့်အနိုင်ရရှိခဲ့သောပွဲတွင် နှစ်ဦးပေါင်း ၂-ဂိုး သွင်းယူပေးခဲ့သည့် စတားရစ်ခ်ျနှင့် ဆွာရက်ဇ်တို့အတွဲမှာ ပိုမိုကောင်းမွန်လာနိုင်သည်ဟု လီဗာပူးလ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။
    ပြီးခဲ့သည် ဇန်န၀ါရီလက အင်္ဂလန်လက်ရွေးစင်ကစားသမား စတားရစ်ခ်ျ အသင်းသို့ရောက်ရှိလာခဲ့ပြီးနောက် ဆွာရက်ဇ်နှင့် ၁၄ ပွဲသာ တွဲကစားခွင့်ရခဲ့သော်လည်း အချင်းချင်း လျင်မြန်စွာနားလည်မှုရှိလာပြီး ဆွာရက်ဇ် ပွဲပယ်ပြစ်ဒဏ်စေ့ပြီးနောက် ကစားခဲ့သည့် နှစ်ပွဲတွင် နှစ်ဦပေါင်း ၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သည်။
    “လူးဝစ်(ဆွာရက်ဇ်)နဲ့ ဒန်နီယယ်(စတားရစ်ခ်ျ)တို့ အတွဲဟာ ပိုကောင်းလာမယ်လို့ ကျွန်တော်ထင်ပါတယ်။ လေ့ကျင့်ရေးအစီအစဉ်မှာ သူတို့နှစ်ဦး အတွဲမိတာကို တွေ့နိုင်ပါတယ်။ တစ်ယောက်က နောက်တစ်ယောက် ဘယ်ကိုပြေးမလဲဆိုတာ တန်းသိပါတယ်” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    ____________________________
    China Open တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ် ဗိုလ်စွဲပြီး အမျိုးသမီး ပွဲစဉ်တွင် ဆရီနာ ဗိုလ်စွဲနိုင်ခဲ့
    တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် China Open တင်းနစ်ပြိုင်ပွဲတွင် ဆားဘီယားတင်းနစ်သမား နိုဗက် ဂျိုကိုဗစ် ဗိုလ်စွဲခဲ့သည်ဟုသိရသည်။
    ယမန်နေ့ကကျင်းပပြုလုပ်ခဲ့သော အဆိုပါဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ်မှာ ကမ္ဘာ့အဆင့်-၂ စပိန်တင်းနစ်သမား ရာဖေးလ် နာဒယ်လ်အား ၆-၃၊ ၆-၄ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယခုပွဲအရှုံးမှာ ကွင်းမာအမျိုးအစား တင်းနစ်ပြိုင်ပွဲတွင် နာဒယ်လ်၏ ယခုနှစ်အတွင်း ပထမဦးဆုံးရှုံးပွဲဖြစ်ခဲ့သည်။
    ယခုနှစ်အတွင်းကျင်းပပြုလုပ်ခဲ့သည့် တင်းနစ်ပြိုင်ပွဲများတွင် ဂျိုကိုဗစ်မှာ Roland Garros တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင်တစ်ကြိမ်၊ ကနေဒါ မာစတာပြိုင်ပွဲတွင်တစ်ကြိမ်၊ ပြီးခဲ့သည့်လက ယူအက်စ်အိုးပင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင်တစ်ကြိမ် သုံးကြိမ်တိုင်တိုင် နာဒယ်လ်အား ရှုံးနိမ့်ထားခဲ့ပြီး ယခုပွဲတွင် ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် China Open တွင် ငါးနှစ်အတွင်း လေးကြိမ်မြောက်ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
    skysports
    ____________________________
    အမျိုးသမီးပြိုင်ပွဲတွင် အမေရိကန် နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလီယံက ဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    နောက်ဆုံးဗိုလ်လုပွဲတွင် နိုင်ခြေအဆင့် ၁ ရ ဆရီနာမှာ ကမ္ဘာ့နံပါတ်တစ် ဆားဘီးယားတင်းနစ်မယ်ဟောင်း ဂျလီနာ ဂျန်ကိုဗစ်နှင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပြီး ၆-၂၊ ၆-၂ ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ပြီး ယခုနှစ်အတွင်း သူမ၏ ၁၀-ခုမြောက် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
    “ကျွန်မ သိပ်ကိုစိတ်လှုပ်ရှားပါတယ်။ ကျွန်မစပြိုင်တုန်းက ဒီလိုဗိုလ်စွဲလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ဒီနေရာမှာ ဆုဖလားကို ကိုင်မြှောက်ရတဲ့အတွက် ကျွန်မ သိပ်ပျော်ပါတယ်” ဟု သူမ၏ ကစားသမားဘ၀ သက်တမ်းလျှောက် ၅၆-ခုမြောက် WTA ဖလားအား ကိုင်မြှောက်ခွင့်ရခဲ့သည့် ဆရီနာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    skysports
    http://www1.skysports.com/tennis/news/12110/8960477/wta-china-open-serena-williams-powers-
    to-victory-against-jelena-jankovic
    ____________________________
    ချယ်ဆီးအနိုင်ရ အာဆင်နယ်သရေကျပြီး စပါးရှုံးခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၇ ဆူပါဆန်းဒေးပွဲစဉ်များ
    ပရီးမီးယားလိဂ် ပွဲစဉ်-၇ ကို စနေနေ့က ၆-ပွဲကစားခဲ့ပြီး လက်ကျန် ၄-ပွဲကို ယမန်နေ့က ကစားခဲ့ရာ ချယ်ဆီး၊ ဆောက်သက်တမ်တို့အနိုင်ရရှိခဲ့ပြီး စပါးအသင်းမှာ အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ကာ အာဆင်နယ်အသင်းမှာ ၀က်စ်ဘရွန်းအသင်းနှင့် သရေကျခဲ့သည်။
    နော်ဝစ်ခ်ျ ၁-၃ ချယ်ဆီး
    နော်ဝစ်ခ်ျအသင်း၏ အိမ်ကွင်း ကားရိုးရုဒ်တွင်ကစားခဲ့ကြသည့် နော်ဝစ်ခ်ျနှင့် ချယ်ဆီးအသင်းတို့ပွဲစဉ်တွင် ချယ်ဆီးအသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပွဲနိုင်ပွဲမှာ မော်ရင်ဟို၏ ယခုနှစ်ပရီးမီးယားလိဂ် အဝေးကွင်းပထမဆုံးနိုင်ပွဲလည်းဖြစ်သည်။ တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့်
    ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ အသက် ၂၈ နှစ်အရွယ် ဒမ်ဘာ ဘားမှာ ပွဲထွက်ကစားသမားစာရင်းတွင် ပါဝင်ခဲ့သည်။ ဘား၏ ချယ်ဆီးအသင်းအတွက် ဒုတိယမြောက် ပွဲထွက်ခွင့်ရခြင်းလည်းဖြစ်သည်။
    ဦးဆောင်ဂိုးကို ချယ်ဆီးအသင်းက ပွဲအစ ၄ မိနစ်တွင်ပင်ရရှိခဲ့ပြီး အော်စကာက သွင်းယူပေးခဲ့သည်။ ချယ်ဆီးအသင်းမှာ အိမ်ရှင်အသင်းအပေါ် အသားစီးဖြင့် ကစား နိုင်ခဲ့ပြီး ပွဲကိုစိုးမိုးထားနိုင်ခဲ့သည်။ ထိုကြောင့် နော်ဝစ်ခ်ျအသင်းမှာ ချေပဂိုးရရန်ခက်ခဲ့နေခဲ့ပြီး ၆၈ မိနစ်တွင်မှ ချေပဂိုး ပြန်လည်ရရှိခဲ့သည်။ ချေပဂိုးကို အန်ထော်နီ ပီလ်ကင်တန်က သွင်းယူပေးခဲ့သည်။ သိုသော်လည်း ၈၅ မိနစ်နှင့် ၈၆ မိနစ်တို့တွင် အေဒင် ဟဇာဒ်နှင့် ၀ီလီယံတို့က ချယ်ဆီးအသင်းအတွက် အနိုင်ဂိုးများကို အသီးသီးသွင်းယူပေးခဲ့ပြီး အနိုင်သုံးမှတ်ကို
    သေချာစေခဲ့သည်။
    …………………………………….
    စပါး ၀-၃ ၀က်စ်ဟမ်း
    ယခုနှစ်ရာသီအစတွင်ပုံစံကောင်းရရှိနေသည့် စပါးအသင်းမှာ ယခုပွဲတွင် အိမ်ကွင်းဝှိုက်ဟတ်လိန်း၌ မထင်မှတ်ဘဲ ၀က်စ်ဟမ်းအသင်းအား အရှုံးပေးခဲ့ရသည်။ ပထမပိုင်းတွင် အိမ်ရှင်စပါးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း ၀က်စ်ဟမ်းအသင်းက ကောင်းမွန်စွာ ပြန်လည်တုံ့ပြန် ကစားနိုင်ခဲ့သောကြောင့် စပါးအသင်းမှာ ဂိုးသွင်းခွင့်မရခဲ့ပေ။
    ဒုတိယပိုင်းတွင် စပါးအသင်းက ဂိုးရရန်တင်ကစားခဲ့သော်လည်း ၀က်စ်ဟမ်းအသင်းက ဂိုးစရခဲ့သည်။ ဦးဆောင်ဂိုးကို ၆၆ မိနစ်တွင် ၀င်စတန် ရိဒ်က ဒေါင်းနင်း၏ ထောင့်ကန်ဘောမှတဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ၇၂ မိနစ်တွင် ၀က်စ်ဟမ်းအသင်းက ဒုတိယဂိုးရရှိခဲ့ပြီး ရီကာဒို ဗက်ဇ်တီက သွင်းယူပေးခဲ့သည်။ ဆက်တိုက် ဆိုသလိုပင် ၇၉ မိနစ်တွင် တတိယဂိုးရရှိခဲ့ပြီး ရာဗယ်လ် မော်ရစ်ဆင်က တစ်ကိုယ်တော်အစွမ်းဖြင့်သွင်းယူခဲ့သည်။ ၀က်စ်ဟမ်းအသင်း၏နိုင်ပွဲမှာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ပထမဆုံးနိုင်ပွဲလည်းဖြစ်သည်။
    ……………………………….
    ဆောက်သက်တမ် ၂-၀ ဆွမ်ဆီး
    စိန့်မေရီကွင်းတွက်ကစားခဲ့ကြသည့် ဆောက်သက်တမ်အသင်းနှင့် ဆွမ်ဆီးအသင်းတို့ပွဲစဉ်တွင် ဆောက်သက်တမ်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ပထမပိုင်းပွဲစစချင်းတွင် အိမ်ရှင်ဆောက်သက်တမ်အသင်းက ဖိကစားနိုင်ခဲ့ပြီး ၁၉ မိနစ်တွင် ဦးဆောင်ဂိုးရရှိခဲ့သည်။ ထိုဂိုးကို အဒမ် လာလ်လာနာက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီေးနာက် ဆွမ်ဆီးအသင်းမှာ ပွဲကို စိုးမိုးထားနိုင်ခဲ့သော်လည်း ချေပဂိုးရရှိရန် စွမ်ေးဆာင်နိုင်ခြင်းမရှိခဲ့ဘဲ ပွဲပြီးကာနီးတွင် ဆောက်သက်တမ်အသင်း၏  ဒုတိယဂိုးကို ခွင့်ပြုခဲ့ရသည်။ ဂျေး ရော်ဒရီဂတ်ဇ်က ၈၃ မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ဆောက်သက်တမ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် ၇ ပွဲကစား ၁၄ မှတ်ဖြင့် အဆင့်လေးနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
    ……………………………………
    အမှတ်ပေးဇယားကိုဦးဆောင်နေသည့် အာဆင်နယ်အသင်းနှင့် ယခင်တစ်ပါတ်က အိုးထရက်ဖို့တွင် မန်ယူအသင်းအား အနိုင်ကစားနိုင်ခဲ့သည့် ၀က်စ်ဘရွန်းတို့ပွဲစဉ်မှာ အကြိတ်အနယ်ရှိခဲ့ပြီး ၁-ဂိုး စီသရေကျခဲ့သည်။ ၀က်စ်ဘရွန်းအသင်းမှာ မန်ယူအသင်းအား အနိုင်ရရှိခဲ့သည့် လူစာရင်းကို နှစ်နေရာအပြောင်းအလဲလုပ်ကာ
    အာဆင်နယ်အသင်းအား ရင်ဆိုင်ခဲ့သည်။ ဦးဆောင်ဂိုးကို ၀က်စ်ဘရွန်းအသင်းကပင် အရင်ရရှိခဲ့ပြီး ၄၂-မိနစ်တွင် ကလောဒီယို ယာကော့က ခေါင်းတိုက် သွင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။ ချေပဂိုးကို အာဆင်နယ်အသင်းက ၆၃-မိနစ်တွင်ရရှိခဲ့ပြီး ဂျီရော့ဒ်၏ ဖန်တီးပေးမှုမှတစ်ဆင့် အင်္ဂလန်လူငယ်ကစားသမား ၀ီလ်ရှိုင်းယားက အဝေးမှ လှပစွာ ကန်သွင်းယူခဲ့သည်။ ထိုဂိုးမှာ သုံးနှစ်အတွင်း ၀ီလ်ရှိုင်းယား၏ ပရီးမီးယားလိဂ် ပထမဆုံး ဂိုးလည်းဖြစ်သည်။
    ချေပဂိုးရပြီးနောက် အာဆင်နယ်အသင်းမှာ တရစပ်တိုက်စစ်ဆင်ခဲ့သော်လည်း အိမ်ရှင် ၀က်စ်ဘရွန်းအသင်းက ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး သရေတစ်မှတ်ကို အရယူခဲ့သည်။ ယခုပွဲတွင် နှစ်ဖက်အသင်းကစားသမားများ၏ ကစားပုံမှာ အနည်းငယ်ကြမ်းတမ်းခဲ့ပြီး နှစ်သင်းစလုံး ပင်နယ်တီရရှိရန်အခွင့်အရေးများရခဲ့သော်လည်း
    ဒိုင်လူကြီးက သတ်မှတ်ပေးခဲ့ခြင်းမရှိခဲ့ပေ။ ယခုပွဲသရေကြောင့် အာဆင်နယ်အသင်းမှာ ရမှတ် ၁၆-မှတ်ဖြင့် လီဗာပူးလ်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးတွင် ရှိနေသည်။
    ____________________________