News @ M-Media

Tag: EPL 2015-16

  • FWA မှ ရွေးချယ်သည့် အကောင်းဆုံး ကစားသမားဆုကို ဗာဒီရရှိ

    FWA မှ ရွေးချယ်သည့် အကောင်းဆုံး ကစားသမားဆုကို ဗာဒီရရှိ

    မေ ၂၊ ၂၀၁၆
    M-Media

    vardy 1

    – ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် လက်တစ်ကမ်းအလိုတွင်ရှိနေသည့် လက်စတာစီးတီးအသင်း၏ တိုက်စစ်မျူး ဂျာမီ ဗာဒီမှာ ဘောလုံးအားကစားကလောင်ရှင်များအသင်း FWA မှ ရွေးချယ်ချီးမြှင့်သော ၂၀၁၅-၁၆ ဘောလုံးရာသီ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါဆုကို ယနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူး ဗာဒီမှာ PFA ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပူပူနွေးနွေး ရရှိထားသည့် အသင်းဖော် ရီယာ့ဒ် မဟ်ရက်ဇ်နှင့် အန်ဂိုလို ကန်တီတို့ကို ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်သည်။ ဗာဒီမှာ ယခုနှစ်တွင် လက်စတာအတွက် ၂၂ ဂိုး သွင်းယူပေးထားသည်။

    “ဒီလို ဂုဏ်သိက္ခာကြီးမားတဲ့ဆုကို ရရှိတဲ့အတွက်နဲ့ မယုံနိုင်လောက်အောင်ကောင်းတဲ့ ကစားသမားတွေ ပါဝင်ခဲ့တဲ့ ဒီဆုရဲ့ စာရင်းမှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်း ဂုဏ်ယူမိပါတယ်။ ဘောလုံးအားကစား ကလောင်ရှင်များအသင်းက အားလုံးနဲ့ မဲပေးခဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ အသင်းဖော်တွေကိုလည်း ကျေဇူးတင်ပါတယ်။ သူတို့ကြောင့်ပဲ ဒီလိုဆုမျိုးကို ကျွန်တော် ရရှိနိုင်တာပါ။ ဒီရာသီဟာ လက်စတာက ကျွန်တော်တို့အားလုံးအတွက် အံ့သြစရာကောင်းတဲ့ ရာသီပါပဲ။ ကျွန်တော်တို့ဟာ တစ်ဦးကောင်းမဟုတ်ဘဲ အသင်းလိုက်စားပုံကို အခြေခံထားတာပါ။ နည်းပြ၊ ၀န်ထမ်းအားလုံးနဲ့ ကျွန်တော့်ကို အားပေးကြတဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဗာဒီက ဆုရရှိမှုနှင့်ပတ်သက်၍ ကျေဇူးတင်စကား ပြောကြားခဲ့သည်။

    Ref: Goal

  • သမိုင်းသစ်ရေးထိုးရေး ထပ်စောင့်ရအုံးမယ့် လက်စတာ

    သမိုင်းသစ်ရေးထိုးရေး ထပ်စောင့်ရအုံးမယ့် လက်စတာ

    မေ ၁၊ ၂၀၁၆
    M-Media
    les 2
    – ဒုတိနေရာက စပါးကို ၇ မှတ်ဖြထားတဲ့ လက်စတာတို့ ဒီနေ့ပွဲမှာ မန်ယူကိုအနိုင်ရရင် အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်မှာဖြစ်ပေမယ့် အခွင့်အရေးကို အရမယူနိုင်ခဲ့ပါဘူး။
     
    အိုးထရက်ဖို့ဒ်မှာ မာရှယ်ရဲ့ ၈ မိနစ်ဦးဆောင်ဂိုးကို လက်စတာတို့ ၉ မိနစ်အကြာမှာ ပြန်လည်ချေပနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင်ဂိုးကို ထပ်မရတာကြောင့် မနက်ဖြန်မှာကစားမယ့် ချယ်ဆီးနဲ့ စပါးတို့ရဲ့ရလဒ်ကိုစောင့်ပြီး ချန်ပီယံဖြစ်ရေး ရင်ခုန်ရတော့မှာပါ။
     
    တကယ်လို့ စပါးက သရေ၊ ဒါမှမဟုတ် ရှုံးသွားရင် လက်စတာတို့ ချန်ပီယံဖြစ်မှာဖြစ်ပြီး ချယ်ဆီးအနိုင်ရမယ်ဆိုရင်တော့ လာမယ့်တစ်ပတ် အဲဗာတန်နဲ့ပွဲမှာ လက်စတာက အနိုင်ကစားရမှာ ဖြစ်ပါတယ်။
  • လာမည့်နှစ်တွင် မန်ယူ၌ ဆက်ရှိနေမည်ဟု ဗန်ဂါးလ်ပြော

    လာမည့်နှစ်တွင် မန်ယူ၌ ဆက်ရှိနေမည်ဟု ဗန်ဂါးလ်ပြော

    မေ ၁၊ ၂၀၁၆
    M-Media

    van gal 2

    – ရာသီအဆုံးတွင် အသင်းမှာ မည်သည့်အခြေအနေကို ရောက်ရှိသည်ဖြစ်စေ မိမိမှာ လာမည့်နှစ်တွင် မန်ယူအသင်း၌ ဆက်ရှိနေမည်ဟု နည်းပြဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေပြီး FA ဖလား နောက်ဆုံးဗိုလ်လုပွဲသို့ ရောက်ရှိနေသည့် မန်ယူနှင့် ဗန်ဂါးလ်တို့၏ အနာဂတ်မှာ မသေချာ မရေရာသေးဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ ထို့ပြင် လာမည့်နှစ်တွင် မော်ရင်ဟိုမှာ မန်ယူအသင်း၏ နည်းပြဖြစ်မည်ဟုလည်း ရေပန်းစားနေသည်။

    သို့သော်လည်း ဗန်ဂါးလ်က အနာဂတ်အတွက် စိုးရိမ်ခြင်းမရှိဘဲ အောင်မြင်မှုမှာ အချိန်ပေးရမည်ဟု ဆိုသည်။

    “ဒီလိုဖြစ်မယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူတို့က ကျွန်တော့်ကို ခန့်အပ်ခဲ့တာဖြစ်ပြီး ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ ပြောခဲ့ကြပါတယ်။ အောင်မြင်မှုလမ်းကြောင်းဟာ ၃ နှစ်လောက်ဖောက်မှ ဖြစ်မယ်လို့ ကျွန်တော်တို့ သိခဲ့ကြပါတယ်။ ကျွန်တော်က ၂ နှစ်ပဲ စာချုပ်ချုပ်ချင်တာပါ။ အသင်းက ၃ နှစ်စာချုပ်စေချင်တယ်။ ကျွန်တော် လက်ခံလိုက်တယ်။ ဒါ့ကြောင့် နောက်နှစ်မှာ ခင်ဗျားတို့ ကျွန်တော့်ကို ထပ်တွေ့ရအုံးမှာပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် ပြီးခဲ့သည့် ၆ လတာကာလအတွင်း မိမိမှာ သီတင်းပတ်တိုင်းတွင် အထုတ်ခံရမည်ဟု ပြောဆိုခံခဲ့ရကြောင်း၊ သို့သော်လည်း အသင်း၌ဆက်ရှိနေခဲ့ပြီး ထိုကဲ့သို့ အခြေအနေမျိုးကို ယခင်ကလည်း ကြုံတွေ့ရဖူးကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

    Ref: Goal

  • ကစားသမားခေါ်ယူမှုတွင် မိမိတို့မှာ လက်စတာထက် ခက်ခဲမည်ဟု မန်ယူနည်းပြပြော

    ကစားသမားခေါ်ယူမှုတွင် မိမိတို့မှာ လက်စတာထက် ခက်ခဲမည်ဟု မန်ယူနည်းပြပြော

    ဧပြီ ၃၀၊ ၂၀၁၆
    M-Media

    man u 2

    – အရည်အသွေးမြင့်ကစားသမားများ ခေါ်ယူရာတွင် မိမိတို့အသင်းမှာ လက်စတာစီးတီးအသင်းထက် ပိုမို၍ ခက်ခဲမည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    မန်ယူမှာ မနက်ဖြန်တွင် လက်စတာအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်ပြီး ထိုပွဲတွင် လက်စတာအနိုင်ရပါက အသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။ ဗန်ဂါးလ်မှာလည်း ၂၀၀၉ ခုနှစ်က အသင်းငယ် အေဇက် အလ်ခမာအသင်းကို ဒတ်ခ်ျအမှတ်ပေးဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    မန်ယူတွင် ၂ ရာသီ၌ ပြောင်းရွှေ့ကြေး ပေါင်း သန်း ၁၀၀ ကျောက် သုံးစွဲခဲ့ရသည့် ဗန်ဂါးလ်က အသင်းငယ်များမှာ အသင်းကြီးများထက်ပို၍ အရည်အသွေးမြင့်ကစားသမားများကို ခေါ်ယူရာတွင် လွယ်ကူသည်ဟု ပြောကြားခဲ့သည်။

    “အေဇက် ဒါမှမဟုတ် လက်စတာတို့လို အသင်းငယ်လေးတွေဟာ ကစားသမားတွေကို ၀ယ်ယူရာမှာ ပိုပြီးတော့ လွယ်ပါတယ်။ မန်ယူလိုအသင်းမျိုးတောင် အဲဒီလောက်မလွယ်ပါဘူး။ ဈေးအများကြီးပေးရတယ်။ အေးဂျင့်ကိုလည်း ပေးရသေးတယ်။ နောက်မှ ကစားသမားကို ရတာပါ။ အသင်းငယ်တွေမှာ ကစားသမားအပြောင်းအရွှေ့အတွက် ဖိအားလည်းနည်းတယ်။ ကစားရတဲ့ ကစားသမားတွေအတွက်လည်း ဖိအားနည်းပါတယ်။ ဒါဟာ ခြားနားမှုပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် လက်စတာအသင်းကိုလည်း ၎င်းက ထည့်သွင်းချီးကျူးခဲ့ပြီး ရာသီကုန်တွင် ချန်ပီယံဖြစ်မည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ရန် အာဆင်နယ်မှာ ပြောင်းလဲမှုလုပ်ရမည်ဟု ကာဇိုလာပြော

    ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ရန် အာဆင်နယ်မှာ ပြောင်းလဲမှုလုပ်ရမည်ဟု ကာဇိုလာပြော

    ဧပြီ ၃၀၊ ၂၀၁၆
    M-Media

    carzola

    – ဖလားမိုးခေါင်မှုကို အဆုံးသတ်ရန်အတွက် အာဆင်နယ်အသင်းမှာ ပြုပြင်ပြောင်းလဲမှု မဖြစ်မနေ ပြုလုပ်ရမည်ဟု တိုက်စစ်မှူး ကာဇိုလာက ပြောကြားလိုက်သည်။

    ၂၀၀၃-၀၄ နောက်ပိုင်း အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်ဖလားရနိုင်ခြေ အခွင့်အလမ်းမှာ ယခုနှစ်အတွင် အကောင်းဆုံးဖြစ်သော်လည်း ထိုအခွင့်အရေးကို ဆုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပေ။ စပိန်တိုက်စစ်မှူး ကာဇိုလာကမူ အာဆင်နယ်တွင် ချို့ယွင်းချက်များ ရှိနေသည်ဟု ၀န်ခံခဲ့ပြီး အနာဂတ်အတွင် ကံကောင်းရန်အတွက် ပြောင်းလဲရန် လိုအပ်နေသည်ဟု ဆိုသည်။

    “တစ်ခုခုတော့ ကျွန်တော်တို့ ကျိန်းသေ ပြောင်းလဲရပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့ ဖလားရချင်ရင်တော့ ကျွန်တော်တို့ ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဘာလုပ်ရမလဲဆိုတာလည်း ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် တည်ငြိမ်မှုကို ပိုပြီး လိုအပ်နေတာပါ။ ဒီနှစ်မှာ ကျွန်တော်တို့ ဆွမ်ဆီးကို အိမ်ကွင်းမှာရှုံးတယ်၊ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ သရေကျတယ်။ ပရီးမီးယားလိဂ်ကိုရချင်ရင် ဒါတွေက ဖြစ်လို့မရတဲ့ ကိစ္စတွေပါ။ ကျွန်တော်တို့မှာရှိတာက နိုင်လိုစိတ်နဲ့ ကောင်းမွန်တဲ့ ကစားပုံပါပဲ။ ကျွန်တော်တို့ အမြဲတမ်း တိုက်စစ်ဆင်ချင်ပြီး ဂိုးတွေသွင်းချင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကျွန်တော်တို့က ပါးနပ်ဖို့လိုပါတယ်။ ၁ ဂိုး ဂိုးမရှိနဲ့နိုင်ရင် ဒီရလဒ်ကို ထိန်းပြီး ၃ မှတ်ရဖို့ လုပ်တာမျိုးပေါ့ဗျာ” ဟု ကာဇိုလာက ပြောကြားခဲ့သည်။

    Ref: Goal