News @ M-Media

Tag: fifa

  • ၂၀၁၈ ကမ္ဘာ့ဖလားအိမ်ရှင် မျှမျှတတရခဲ့သည်ဟု ပူတင်ပြော

    ၂၀၁၈ ကမ္ဘာ့ဖလားအိမ်ရှင် မျှမျှတတရခဲ့သည်ဟု ပူတင်ပြော

    ဇွန် ၂၂၊ ၂၀၁၅
    M-Media

    putin

    – ၂၀၁၈ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ကျင်းပခွင့်ကို မိမိတို့နိုင်ငံက ရိုးရိုးသားသားနှင့် မျှမျှတတ ရခဲ့ခြင်းဖြစ်သည်ဟု ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်။

    လာဘ်ယူမှုဖြင့် ဖီဖာတာဝန်ရှိသူများ အက်ဖ်ဘီအိုင်၏ ဖမ်းဆီးတရားစွဲဆိုခြင်းကို ခံခဲ့ရပြီးနောက် ဆွစ်ဇာလန်အာဏာပိုင်များက မိမိတို့မှာ ၂၀၁၈ ကမ္ဘာဖလားအိမ်ရှင်အဖြစ် ရုရှားကို ရွေးချယ်မှုနှင့် ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကာတာနိုင်ငံအား ရွေးချယ်မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    ဖီဖာ၏ စာရင်းစစ်နှင့် စီစစ်ရေးကော်မတီ အကြီးအကဲ ဒိုမီနီကို စကာလာကလည်း အကယ်၍ အဆိုပါ ကမ္ဘာ့ဖလား ၂ ခု၏ အိမ်ရှင်ရွေးချယ်မှုတွင် ချစားမှုများ ရှိခဲ့ပါက နှစ်နိုင်ငံစလုံး ကျင်းပခွင့် ရုပ်သိမ်းခံရမည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ပူတင်ကမူ ရုရှားအနေဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခွင့်မှာ သေချာပြီး မိမိတို့တွင် မည်သည့်ဖုံးကွယ်စရာမှ မရှိဟု ဆိုသည်။

    “တစ်ယောက်ယောက်မှာ အထောက်ထားရှိရင် သူတို့ကို ပြခွင့်ပြုလိုက်ပါ။ ကျွန်တော်တို့ဟာ မျှမျှတတနဲ့ ရွေးချယ်ခံရတာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ (ပြိုင်ပွဲအတွက်) အရိုးသားဆုံးစိတ်ဓာတ်နဲ့ ပြိုင်ခဲ့ပြီး ကျွန်တော်တို့ နိုင်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို မေးခွန်းထုတ်သင့်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ဖီဖာက ယုံကြည်ခဲ့သလိုပဲ ကျွန်တော်တို့ဟာ
    အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ ကစားကွင်းဆောက်လုပ်မှုကိုလည်း စတင်ပြီးခဲ့ပါပြီ” ဟု ပူတင်က ပြောကြားခဲ့သည်။

    ဖီဖာဒုဥက္ကဌဟောင်း ဂျက်ဝါနာမှာ ၂၀၁၀ ကမ္ဘာ့ဖလားအတွက် တောင်အာဖရိက၏ ကမ်းလှမ်းမှုကို ထောက်ခံပေးရန် လာဘ်ယူခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ဆွစ်ဇာလန်အာဏာပိုင်များကလည်း ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲများအတွက် စုံစမ်းစစ်ဆေးမှုများအတွင်း ဘဏ်အကောင့် ၁၀၀ ကျော်တွင် သံသယဖြစ်စရာ အခြေအနေများ တွေ့ခဲ့ရသည်ဟု အတည်ပြုပြောကြားထားသည်။

    Ref: Goal

  • ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုအတွက် ဖီဖာထံမှ နစ်နာကြေးတောင်းရန် ဘယ်လ်ဂျီယံ စီစဉ်

    ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုအတွက် ဖီဖာထံမှ နစ်နာကြေးတောင်းရန် ဘယ်လ်ဂျီယံ စီစဉ်

    ဇွန် ၁၉၊ ၂၀၁၅
    M-Media

    fifa

    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၌ ချစားမှုပြဿနာများဖြင့် ရှုပ်ထွေးနေသည့်အချိန်တွင် ၂၀၁၈ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လျှောက်ထားမှုအတွက် နစ်နာကြေး တောင်းဆိုသွားမည်ဟု ဘယ်လ်ဂျီယံ တော်ဝင်ဘောလုံးအဖွဲ့ချုပ် KBVB က ပြောကြားလိုက်သည်။

    ၂၀၁၈ ကမ္ဘာ့ဖလားအား အိမ်ရှင်အဖြစ် ပူးတွဲကျင်းပနိုင်ရေးအတွက် ဘယ်လ်ဂျီယံမှာ နယ်သာလန်နှင့်အတူ လွန်ခဲ့သည့် ၅ နှစ်က ပူးတွဲ လျှောက်ထားခဲ့သော်လည်း လျှောက်ထားသူ ၄ ဦးတွင် ၎င်းတို့မှာ တတိယနေရာသာ ရရှိကာ ရုရှားက ကျင်းပခွင့် ရရှိခဲ့သည်။

    ယခင်နှင့်ယခု တာဝန်ရှိသူ ၉ ဦး တရားစွဲဆိုခံရခြင်း၊ ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရွေးချယ်မှုတွင် လာဘ်ယူသည်ဟု သံသယရှိခြင်းတို့ အပါအ၀င် ချစားမှုကိစ္စရပ်များအတွက် ဖီဖာမှာ အက်ဖ်ဘီအိုင်၏ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများကို ခံနေရသည်။

    ထို့ပြင် ဆွစ်ဇာလန် အာဏာပိုင်များကလည်း လာဘ်ယူမှုအတွက် ဖီဖာအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကာ KBVB ဥက္ကဌ ဖရန်ကိုအစ် ဒီ ကီးရ်စ်မေကာက အကယ်၍ ဖီဖာ၏ ချစားမှုအထောက်အထားများ ထင်ရှားပါက နစ်နာကြေး ယူရို ၄.၃ သန်း တောင်းဆိုသွားရန် စီစဉ်နေသည်။

    “ဒီလိမ်လည်မှုကို သက်သေပြနိုင်ပြီဆိုရင် ကျွန်တော်တို့ ဆုံးရှုံးမှုကို တောင်းဆိုသင့်တယ်ဆိုတာ ကျွန်တော့်အတွက်တော့ ထင်ရှားသွားပါပြီ။ ဒီကိစ္စအတွက် ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ်ဟာ ငွေကြေးတော်တော်များများကို သုံးစွဲခဲ့ပါတယ်” ဟု ကီးရ်စ်မေကာက ဘယ်လ်ဂျီယံ သတင်းစာ Het Nieuwsblad သို့ ပြောကြားခဲ့သည်။

    ဆွစ်ဇာလန် တရားသူကြီးချုပ် မိုက်ကယ်လောင်ဘာကမူ လာဘ်ယူမှုကိစ္စနှင့် ပတ်သက်၍ ဘဏ်ငွေလွှဲမှု ၅၃ ခုကို စစ်ဆေးနေသည်ဟု ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ ဆွစ်ဇ်အာဏာပိုင်များမှာ ဖီဖာရုံးချုပ်မှ ၂၀၁၈၊ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့မှုနှင့်ပတ်သက်၍ အချက်အလက်များကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သိမ်းဆည်းခဲ့သည်။

    Ref: Goal

  • ရုရှားနှင့် ကာတာကမ္ဘာ့ဖလားအတွက် ဖီဖာရုံးချုပ်မှ အချက်အလက်များကို ရဲတပ်ဖွဲ့ဝင်သိမ်း

    ရုရှားနှင့် ကာတာကမ္ဘာ့ဖလားအတွက် ဖီဖာရုံးချုပ်မှ အချက်အလက်များကို ရဲတပ်ဖွဲ့ဝင်သိမ်း

    ဇွန် ၁၁၊ ၂၀၁၅
    M-Media

    fifa

    – ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာဖလားပြိုင်ပွဲများအား အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေး လျှောက်ထားမှု၊ ရွေးချယ်မှုလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်းအတွက် အထောက်အထားများကို ဖီဖာရုံးချုပ်မှ ဆွစ်ဇာလန် အာဏာပိုင်များက ထပ်မံသိမ်းဆည်းသွားခဲ့သည်ဟု သိရသည်။

    အဆိုပါ ကမ္ဘာဖလားပြိုင်ပွဲနှစ်ခုနှင့် ဆက်စပ်၍ ရာဇ၀တ်မှုဆိုင်ရာ စီမံခန့်ခွဲမှု အမှားများနှင့် ငွေကြေးခ၀ါချမှုများ ရှိနိုင်သည်ဟူသော သံသယဖြင့် ရဲတပ်ဖွဲ့ဝင်များမှာ ပြီးခဲ့သည့် သီတင်းပတ်များမှ စ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ဖီဖာကမူ ရဲတပ်ဖွဲ့ဝင်များမှာ နိုဝင်ဘာလက စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    အဆိုပါ စုံစမ်းစစ်ဆေးမှုအား ကူညီရန်အတွက် ဇူးရစ်ခ်ျမြို့ရှိ ဌာနချုပ်တွင် ဖီဖာမှာ ကွန်ပျူတာ အချက်အလက်များကို လိုလိုလာလားပင် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ဆွစ်ဇာလန် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုမှာ အက်ဖ်ဘီအိုင်က မေလတွင် ဖီဖာတာဝန်ရှိသူများအား ဖမ်းဆီးကာ တရားစွဲဆိုခြင်းကိစ္စနှင့် သက်ဆိုင်မှုမရှိချေ။ ယခု ကမ္ဘာ့ဖလားဆိုင်ရာ ပြဿနာတွင် ဥက္ကဌ ဆပ်ဘလတ္တာနှင့် အထွေထွေအတွင်းရေးမှူး ဂျယ်ရိုမီ ဗာလက်တို့မှာ သံသယဖြစ်ဖွယ် စာရင်းတွင် မပါဝင်ဟု ဆွစ်ဇ်ရဲတပ်ဖွဲ့က ဆိုသည်။

    Ref: Goal

  • ဖီဖာ၏ ဒုဥက္ကဌ နေရာအား မာရာဒိုနာ ရယူချင်

    ဖီဖာ၏ ဒုဥက္ကဌ နေရာအား မာရာဒိုနာ ရယူချင်

    ဇွန် ၉၊ ၂၀၁၅
    M-Media

    maradona

    – ဖီဖာဥက္ကဌ ဘလတ္တာ၏နေရာကို ဆက်ခံမည့် ဥက္ကဌရွေးကောက်ပွဲတွင် ဂျော်ဒန်အိမ်ရှေ့မင်းသား အလီဘင် အလ်-ဟူစိန် ရွေးချယ်ခြင်းခံရပါက မိမိမှာ ဖီဖာဒုဥက္ကဌဖြစ်လာရန် အခွင့်အရေးရှိသည်ဟု အာဂျင်တိုင်း တိုက်စစ်မှူးဟောင်း မာရာဒိုနာက ပြောကြားလိုက်သည်။

    အလ်-ဟူစိန်မှာ မကြာသေးမီက ပြုလုပ်ခဲ့သော ဥက္ကဌရွေးကောက်ပွဲတွင် ဘလတ္တာအား ရှုံးနိမ့်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း ချစားမှု အရှုပ်အထွေးများဖြင့် ရင်ဆိုင်နေရသည့် ဖီဖာဥက္ကဌရာထူးမှ နှုတ်ထွက်တော့မည်ဟု ပြန်လည်ရွေးကောက်ခံရပြီး လေးရက်အကြာတွင် ဘလတ္တာက ကြေညာခဲ့သည်။

    ထို့ကြောင့် ယခုနှစ်အတွင်း ကျင်းပပြုလုပ်ဖွယ်ရှိနေသည့် ဥက္ကဌရွေးကောက်ပွဲတွင် အလ်-ဟူစိန်မှာ ဥက္ကဌဖြစ်ရန် အခွင့်အရေးရှိနေပြီး မာရာဒိုနာကလည်း ဖီဖာတွင် ပါဝင်ခွင့်ရနိုင်မည်ဟု ယုံကြည်နေကာ အခွင့်အရေးရခဲ့ပါက မိမိအနေဖြင့် ချစားမှုကို ဖယ်ရှားပစ်မည်ဟု ဆိုသည်။

    “တကယ်လို့ မင်းသားအလီ ဥက္ကဌဖြစ်ရင် ကျွန်တော်က ဖီဖာ ဒုတိယဥက္ကဌ ဖြစ်နိုင်မှာပါ။ ဖြစ်လာရင်လည်း ကျွန်တော်ဟာ လူတိုင်းကို သန့်ရှင်းသွားမှာပါ။ မင်းသားအလီနဲ့ ကျွန်တော်ဟာ မဲအရေအတွက် ၇၃ မဲ ရပါတယ်။ ဒါဟာ နှစ်တော်တော်ကြာ ဖီဖာမှာ မဖြစ်ခဲ့တဲ့ ကိစ္စပါ” ဟု မာရာဒိုနာက Show Del Futbol သို့ ပြောကြားခဲ့သည်။

    အသက် ၅၄ နှစ်အရွယ် ရှိပြီဖြစ်သည့် မာရာဒိုနာက ဘလတ္တာမှာ ချစားမှုတွင် နာမည်တပ်ခံရမည်ကို ကြောက်သောကြောင့် ဥက္ကဌရာထူးမှ အလျင်အမြန်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “အက်ဖ်ဘီအိုင်နဲ့ ဆွစ်ဇာလန်ရဲတွေ သူ့ကို ဖီဖာဌာနချုပ်မှာ လာဖမ်းမှာကို ဘလတ္တာက ကြောက်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်”

    Ref: Goal

  • ဖီဖာဥက္ကဌ ဘလတ္တာကို အမွှမ်းတင်ထားသည့်ရုပ်ရှင် ဒေါ်လာ ၆၀၀ သာ ၀င်ငွေရ

    ဖီဖာဥက္ကဌ ဘလတ္တာကို အမွှမ်းတင်ထားသည့်ရုပ်ရှင် ဒေါ်လာ ၆၀၀ သာ ၀င်ငွေရ

    ဇွန် ၈၊ ၂၀၁၅
    M-Media

    fifa
    ပုံ – ဘလတ္တာအဖြစ် သရုပ်ဆောင်သည့် တင်မ်ရော့သ်၏ ဇာတ်ဝင်ခန်းတစ်ခု

    – ဖီဖာဥက္ကဌ ဆပ်ဘလတ္တာအား ကိုယ်ကျင့်တရားရေးရာ တိုက်ပွဲဝင်သူအဖြစ် သရုပ်ဖော်ထားသည့် ဒေါ်လာ ၁၆ သန်းကျော်တန် United Passions ရုပ်ရှင်ဇာတ်ကားကို အမေရိကန်၌ ပြီးခဲ့သည့် တစ်ပတ်က ရုံတင်ခဲ့ရာတွင် ပထမ ၂ ရက်၌ ၀င်ငွေ ၆၀၇ ဒေါ်လာသာ ရရှိသည်ဟု သိရသည်။

    အဆိုပါ ရုံတင်မှုမှာ မေလ ၂၈ ရက်နေ့က ကျင်းပခဲ့သော ဖီဖာဥက္ကဌ ရွေးကောက်ပွဲမတိုင်ခင် အက်ဖ်ဘီအိုင်က ဖီဖာအကြီးတန်းအရာရှိ ၁၄ ဦးကို တရားစွဲဆိုပြီးနောက် ချစားမှုနှင့် လာဘ်ယူမှု ပြဿနာ တစ်သီတစ်တန်းကြီးနှင့် ဖီဖာက ရင်ဆိုင်နေရချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏သမိုင်းကို မော်ကွန်းတင်စေခဲ့သည့် ဥက္ကဌ ဆပ်ဘလတ္တာကို အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတွင် ကိုယ်ကျင့်တရားအပေါ် ရပ်တည်သည့် ခေါင်းဆောင်အဖြစ် ဖော်ကျူးထားပြီး ဂျာမန်ဒါရိုက်တာ ဖက်ဒရစ် အူဘာတင်က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် ရုံတင်ပြသခြင်းမှာ ရူးနှမ်ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေသည်။

    United Passions ရုပ်ရှင် ရိုက်ကူးမှုအတွက် ကန်ဒေါ်ဘာ ၁၆.၄ သန်း ကုန်ကျခဲ့ပြီး တင်မ်ရော့သ် (ဘလတ္တာအဖြစ် သရုပ်ဆောင်သည်)၊ ဆမ်နီးလ် (ဖီဖာဥက္ကဌဟောင်း ဂျိုအာအို ဟာဗီလန့်ဂ်ျအဖြစ် သရုပ်ဆောင်သည်)၊ ဂျာရတ် ဒီပါဒီယူ (ကမ္ဘာ့ဖလားကို အစပျိုးခဲ့သူ ဂျူလက်စ် ရီမက်အဖြစ် သရုပ်ဆောင်သည်) စသည်တို့ အပါအ၀င် နာမည်ကျော် သရုပ်ဆောင်အများအပြား ပါဝင်သရုပ်ဆောင်ထားသည်။

    သို့သော်လည်း အဆိုပါ ဟောလီးဝုဒ်သရုပ်ဆောင်များက ရုပ်ရှင်ဇာတ်ကားအား ပြည်သူများ လက်ခံမှုကို အကူအညီ မဖြစ်စေခဲ့ဘဲ The Guardian သတင်းကမူ အဆိုပါ ရုပ်ရှင်ကို “စုပေါင်း ရူးနှမ်းခြင်း၏ သက်သေပြချက်” ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    လော့စ်အိန်ဂျလိစ်သတင်းစာကမူ “အရှက်ပြေ ၀ါဒဖြန့်မှု” ဟု သမုတ်ခဲ့ကာ “မကြာသေးသည့် ကာလအတွင်း ကြည့်၍မရဆုံးသော ရုပ်ရှင်များထဲမှ တစ်ခု” ဟု နယူးယောက်တိုင်မ်းစ်က ဝေဖန်ခဲ့သည်။

    အဆိုပါ ရုပ်ရှင်ကို ပြီးခဲ့သည့်နှစ်က ကိန်းရုပ်ရှင်ပွဲတော်တွင် ပြသခဲ့ပြီး ထိုစဉ်ကလည်း ဝေဖန်မှုများကို ခံခဲ့ရသည်။ ယခုအမေရိကန်တွင်မူ ရုပ်ရှင်ရုံ ၁၀ ရုံကသာ ထိုရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသခဲ့သည်။

    Ref: Goal