News @ M-Media

Tag: fifa

  • နိုင်ငံခြားထွက်ပါက အဖမ်းခံရမည်ကို ကြောက်သည်ဟု ဘလတ္တာပြော

    နိုင်ငံခြားထွက်ပါက အဖမ်းခံရမည်ကို ကြောက်သည်ဟု ဘလတ္တာပြော

    ဇူလိုင် ၆၊ ၂၀၁၅
    M-Media

    fifa

    – မိမိအနေဖြင့် ချစားမှုပြဿနာတွင် ပါဝင်ခြင်းမရှိသော်လည်း ဆွစ်ဇာလန်မှ အခြားနိုင်ငံသို့ သွားရောက်ပါက အဖမ်းခံရမည်ကို စိုးရိမ်မိသည်ဟု ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားလိုက်သည်။

    ဖီဖာမှာ ချစားမှုနှင့် လာဘ်ပေးလာဘ်ယူမှု ပြဿနာများနှင့် ရင်ဆိုင်နေရပြီး အကြီးတန်းအရာရှိ ၁၄ ဦးခန့်မှာလည်း ဖမ်းဆီကာ တရားစွဲဆိုခြင်း ခံထားရသည်။ ထို့ပြင် ဆွစ်ဇာလန်အာဏာပိုင်များကလည်း ၂၀၁၈၊ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုများတွင် ဖီဖာမှာ ချစားမှု ရှိခဲ့သည်လားဆိုသည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ၅ ကြိမ်မြောက် ပြန်လည်ရွေးချယ်ခံရပြီးနောက် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ကြေညာခဲ့သည့် ဥက္ကဌဘလတ္တာမှာ ထိုပြဿနာများတွင် ငြိစွန်းမှုမရှိဘဲ ၎င်းကိုယ်တိုင်ကလည်း မိမိမှာ လိပ်ပြာသန့်သည်ဟု ပြောကြားထားဖူးသည်။

    သို့သော်လည်း ကနေဒါ၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲကို စွန့်စား တက်ရောက်လိုက်ပါက အမေရိကန်အာဏာပိုင်များ၏ ဖမ်းဆီးခံရမှုကို ကြောက်ရွံ့နေသည်ဟု ဘလတ္တာက ပြောကြားခဲ့သည်။

    “အမေရိကန်က ကျွန်တော်နဲ့ပတ်သက်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်တာတစ်ခုခု ရှိတာကြောင့် မဟုတ်ပါဘူး။ (ကျွန်တော့်ကိုဖမ်းတာဟာ) လူထုကြားထဲ မငြိမ်မသက် ဖြစ်မှာကြောင့်ပါ။ အားလုံး ပြီးဆုံးသွားတဲ့အချိန်အထိ ကျွန်တော်ဟာ စွန့်စားပြီး ခရီးမသွားပါဘူး။ တုန်လှုပ်ခြောက်ခြားစရာ ပြီးတဲ့နောက်မှာ ကျွန်တော်ဟာ ပုံမှန်ပြန်ဖြစ်ဖို့ အချိန်နည်းနည်း လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို သံသယရှိတာဟာ ခေါင်းဆောင်တစ်ယောက်အတွက် အကြီးဆုံးရန်သူတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်လုပ်နေတဲ့အရာကို ကျွန်တော် ယုံကြည်ပါတယ်” ဟု ဘလတ္တာက မီဒီယာသို့ ပြောကြားခဲ့သည်။

    ဘလတ္တာမှာ မိမိအား ချစားသည်ဟု ပြောပါက သက်သေအေထာက်အထားပြရန် ပြီးခဲ့သည့် တစ်ပတ်ကပင် စိန်ခေါ်ခဲ့ပြီး ယခုလည်း မိမိ ဤနေရာ၌ ရှိနေခြင်းမှာ ဖီဖာအတွက်သာ ဖြစ်သည်ဟု ဆိုသည်။

    “ဝေဖန်မှုတွေက ကျွန်တော့်ကို မနာကျင်စေပါဘူး။ ကျွန်တော့်ကိုနာကျင်တာဟာ အမုန်းတရားနဲ့ အပုပ်ချတဲ့စကားပါ။ မနာလိုဝန်တိုမှုက အမုန်းအဖြစ် ပြောင်းသွားကြတာပါ။ လူတွေက ကျွန်တော့်ရဲ့ ဖီဖာကို ဖျက်ဆီးချင်တာကို ကျွန်တော် ကြောက်ပါတယ်။ လူတိုင်းမှာ အကြောက်တရားရှိပါတယ်။ ဥပမာအားဖြင့် သေရမှာမျိုးပေါ့။ ဒါပေမယ့် ဖီဖာမှာ ကျွန်တော် အလုပ်လုပ်ရတဲ့အတွက်ကြောင့်
    ဘာကိုမှ မကြောက်ပါဘူး။ စိုးလည်း မစိုးရိမ်ပါဘူး”

    Ref: Goal

  • ရလဒ်ပြတ်သားစွာနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ အမေရိကန် အမျိုးသမီး ဘောလုံးအသင်း

    ရလဒ်ပြတ်သားစွာနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ အမေရိကန် အမျိုးသမီး ဘောလုံးအသင်း

    ဇူလိုင် ၆၊ ၂၀၁၅
    M-Media

    us 2

    – ကနေဒါမှာ ကျင်းပနေတဲ့ အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဒီနေ့မနက်မှာ ကစားခဲ့ပြီး အမေရိကန်အသင်းက ဂျပန်ကို ပြတ်ပြတ်သားသားအနိုင်ယူကာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

    ပွဲအစကတည်းက စိုးမိုးခဲ့တဲ့ အမေရိကန်တို့ ပထပပိုင်း ၁၆ မိနစ်အတွင်းမှာပဲ ၄ ဂိုးဆက် သွင်းယူနိုင်ခဲ့ပြီးတဲ့နောက် ပွဲက ပြီးသလောက် ဖြစ်သွားခဲ့ပါတယ်။ ဒီဂိုးတွေကိုတော့ စီအလ်လွိုက်ဒ်က ဟက်ထရစ်နဲ့ အလ် ဟော်လီးဒေးတို့က တစ်ဂိုး သွင်းယူပေးခဲ့တာပါ။

    အလ်လွိုဒ်ရဲ့ တတိယမြောက်ဂိုးဟာ တော်တော်လေး ရင်သပ်ရှူမောစရာဖြစ်ခဲ့ပြီး ကွင်လယ်စည်းနားကနေ အပြင်းကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီ ဟက်ထရစ်ကြောင့် အလ်လွိုက်ဒ်ဟာ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲ ဟက်ထရစ်သွင်းတဲ့ စာရင်းမှာ တစ်ဦးတည်းရှိနေတဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂျီအော့ဟာ့စ် (၁၉၆၆) နဲ့ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။ အမျိုးသမီးပြိုင်ပွဲမှာတော့ သူဟာ ပထမဆုံး ဗိုလ်လုပွဲဟက်ထရစ်သွင်းသူ ဖြစ်ခဲ့ပါတယ်။

    လက်ရှိချန်ပီယံဖြစ်တဲ့ ဂျပန်တို့ဟာ အမေရိကန်အသင်းရဲ့ တစ်ဦးချင်းစွမ်းရည်ကို မယှဉ်နိုင်ခဲ့ဘဲ ၂၇ မိနစ်မှာ အိုဂီမီရဲ့ ဂိုး၊ ၅၂ မိနစ်မှာ အမေရိကန်က ဂျွန်စတန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုတွေနဲ့ မျှော်လင့်ချက် အနည်းငယ် ရှင်သန်လာခဲ့ရပေမယ့် ၅၄ မိနစ်မှာ တီဟဲလ်သ်က အမေရိကန်တို့အတွက် ပဉ္စမမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် အရာမထင်ခဲ့ပါဘူး။

    အမေရိကန်ဟာ ၂၀၁၁ ဗိုလ်လုပွဲကရှုံးကြွေးကို ထိုက်ထိုက်တန်တန် ပြန်ဆပ်နိုင်ခဲ့တာဖြစ်သလို ၁၆ နှစ်အတွင်းမှာ အမျိုးသမီးကမ္ဘာ့ဖလားကို ပထမဆုံး ရရှိခဲ့တာဖြစ်ပါတယ်။

    Ref: Dailymail

  • ခြစားသည်ဟု သက်သေပြနိုင်က ပြဟု ဘလတ္တာစိန်ခေါ်

    ခြစားသည်ဟု သက်သေပြနိုင်က ပြဟု ဘလတ္တာစိန်ခေါ်

    ဇူလိုင် ၂၊ ၂၀၁၅
    M-Media

    fifa

    – မိမိအား ခြစားသည်ဟု သက်သေပြနိုင်သူရှိပါက ထွက်လာရန် ဖီဖာဥက္ကဌ ဘလတ္တာက စိန်ခေါ်လိုက်ပြီး ဖီဖာတွင် အရှုပ်အထွေးများ ရှိနေသော်လည်း မိမိအနေဖြင့် လိပ်ပြာသန့်သည်ဟု ပြောကြားခဲ့သည်။

    ဖီဖာ၏ တာဝန်ရှိသူဟောင်းများနှင့် လက်ရှိတာဝန်ရှိသူများကို အက်ဖ်ဘီအိုင်က ဖမ်းဆီးကာ ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုတို့ဖြင့် တရားစွဲဆိုထားပြီး ဆွစ်ဇာလန်ရဲတပ်ဖွဲ့လည်း ၎င်းတို့မှာ ၂၀၁၈နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ရွေးချယ်မှုနှင့်ပတ်သက်၍ လာဘ်ယူမှုများ ရှိခဲ့သလားဆိုသည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ဘလတ္တာမှာ ထိုကဲ့သို့ ဖမ်းဆီးမှုများနှင့် တရားစွဲဆိုမှုများအတွက် တာဝန်ယူရန် ငြင်းဆိုခဲ့ပြီး ဖီဖာမှာ ထိုစွပ်စွဲချက်များအတွက် အက်ဖ်ဘီအိုင်နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု အခိုင်အမာ ပြောကြားခဲ့ကာ မေလ ရွေးကောက်ပွဲတွင် ပြန်လည် အရွေးခံခဲ့ရသည်။

    သို့သော်လည်း ၄ ရက်အကြာတွင် ရာထူးမှနှုတ်ထွက်တော့မည်ဟု ကြေညာခဲ့ပြီးနောက် ၎င်းကိုယ်တိုင် ထိုပြဿနာများတွင် ပါဝင်နေသည်ဟု စွပ်စွဲခြင်းခံနေရကာ ၎င်းကမူ ငြင်းဆိုခဲ့သည်။

    “ကျွန်တော် လိပ်ပြာသန့်ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော်ဟာ ခြစားတယ်လို့ ဆိုလာရင် ဒီစကားလုံးရဲ့အဓိပ္ပါယ်ကို ခင်ဗျားသိလားဆိုပြီး ကျွန်တော် မေးမိမှာပါပဲ။ ကျွန်တော့်ကို ခြစားတယ်လို့ပြောတဲ့ ဘယ်သူမဆို သက်သေပြဖို့ လိုပါတယ်။ ဒါပေမယ့် ဘယ်သူမှ သက်သေမပြနိုင်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော် ခြမစားခဲ့လို့ပါ” ဟု ဘလတ္တာက မီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။

    ထို့ပြင်မိမိမှာ ဘာသာရေးကိုင်းရှိုင်းသူဖြစ်ပြီး အမြဲတမ်းဆုတောင်းကြောင်း၊ ပုပ်ရဟန်းမင်းကြီး ကောင်းချီးပေးထားသည့် ရွှေသားလက်ဝါးကပ်တိုင်ရှိကာ မိမိမှာ တစ်နေ့တွင် ကောင်းကင်ဘုံသွားရမည်ဟု ယုံကြည်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဖီဖာမှ နှုတ်ထွက်ခြင်းက လွတ်မြောက်ခြင်းဖြစ်သည်ဟု ဘလတ္တာဆို

    ဖီဖာမှ နှုတ်ထွက်ခြင်းက လွတ်မြောက်ခြင်းဖြစ်သည်ဟု ဘလတ္တာဆို

    ဇွန် ၂၈၊ ၂၀၁၅
    M-Media

    fifa

    – ဖီဖာဥက္ကဌအဖြစ်မှ နှုတ်ထွက်ရန် ဆုံးဖြတ်ပြီးနောက် မိမိကိုယ်ကို လွတ်မြောက်သည်ဟု ခံစားရကာ လာမည့် ဥက္ကဌရွေးကောက်ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ဟု ဘလတ္တာက ပြောကြားလိုက်သည်။

    ဘလတ္တာမှာ ပြီးခဲ့သည့်မေလတွင် ၅ ကြိမ်မြောက်အဖြစ် ပြန်လည်ရွေးချယ်ခြင်း ခံခဲ့ရသော်လည်း ဖီဖာ တာဝန်ရှိသူများ လာဘ်ယူမှုပြဿနာကြောင့် တရားစွဲဆိုခံရခြင်းနှင့် ချစားမှု စွဲချက်များကြောင့် ၄ ရက်အကြာတွင် ရာထူးမှ နှုတ်ထွက်မည်ဟု ကြေညာခဲ့သည်။

    လာမည့်နှစ်ဆန်းပိုင်းတွင် ပြုလုပ်မည့် ဥက္ကဌရွေးကောက်ပွဲတွင် ဘလတ္တာ ပြန်လည်အရွေးခံမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ၎င်းက မိမိမှာ နှုတ်ထွက်ခြင်းမဟုတ်ဘဲ လုပ်ပိုင်ခွင့်အား ကွန်ဂရက်ကို ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ထို့ပြင် ဥက္ကဌရွေးကောက်ပွဲပြုလုပ်ပါက မိမိ၏ တာဝန်များမှာ အဆုံးသတ်မည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်ဟာ ၀င်ရောက်အရွေးခံမယ့်သူ မဟုတ်ပါဘူး။ ရွေးချယ်ခံရပြီးသား ဥက္ကဌပါ။ ဖီဖာကို အခြေအနေကောင်းနဲ့ ကျွန်တော် လွှဲပေးချင်ပါတယ်။ အဖွဲ့ကထွက်ဖို့ ဆုံးဖြတ်ချက်ဟာ ဖီဖာအတွက်ရော ကျွန်တော့်အတွက်ပါ လုံးဝ လွတ်မြောက်သွားတာပါပဲ”

    နှုတ်ထွက်ရန် ဆုံးဖြတ်ရခြင်း၏ အကြောင်းအရင်းတွင် စပွန်ဆာကိစ္စများက အဓိကအခန်းကဏ္ဍဖြစ်သည်ဟုလည်း ၎င်းက ၀န်ခံပြောကြားခဲ့သည်။

    “အဖွဲ့က ထွက်ခွာခြင်းကသာ ဖီဖာနဲ့ ကျွန်တော့်ဝန်ထမ်းတွေအပေါ်မှာရှိနေတဲ့ ဖိအားတွေကို ဖယ်ရှားဖို့ တစ်ခုတည်းသော နည်းလမ်းပါပဲ။ စပွန်ဆာတွေဆီက ဖိအားလည်း ပါတာပေါ့လေ”

    Ref: Goal

  • ဖီဖာဥက္ကဌအဖြစ် ၀င်ပြိုင်ရန် မာရာဒိုနာ စီစဉ်နေ

    ဖီဖာဥက္ကဌအဖြစ် ၀င်ပြိုင်ရန် မာရာဒိုနာ စီစဉ်နေ

    ဇွန် ၂၃၊ ၂၀၁၅
    M-Media

    raradona

    – ယခုနှစ်အတွင်း ကျင်းပပြုလုပ်ရန် ရှိနေသည့် ဖီဖာဥက္ကဌရွေးကောက်ပွဲတွင် အာဂျင်တိုင်း ဂန္တ၀င်ကစားသမား မာရာဒိုနာက ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေသည်ဟု ၎င်း၏ ရင်းနှီးသော သူငယ်ချင်း ဗစ်တာ ဟူဂို မိုရေးလ်စ်က ပြောကြားခဲ့သည်။

    မကြာသေးခင်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် မာရာဒိုနာမှာ ဂျော်ဒန်အိမ်ရှေ့မင်းသား အလီ ဘင် အလ်-ဟူစိန်အတွက် မဲဆွယ်ပေးခဲ့သော်လည်း ဘလတ္တာသာလျှင် ပြန်၍ အနိုင်ရရှိခဲ့သည်။

    ဖီဖာအတွင်း လာဘ်ပေးလာဘ်ယူ ပြဿနာများကြောင့် ရွေးချယ်ခံရပြီး ၄ ရက်အကြာ ဘလတ္တာ ရာထူးမှ နှုတ်ထွက်သွားခဲ့သည့်နောက်တွင် အလ်-ဟူစိန်မှာ ဥက္ကဌဖြစ်လာရန် ရေပန်းစားနေပြီး မာရာဒိုနာကမူ စောစောပိုင်းတွင် အလ်-ဟူစိန် ဥက္ကဌဖြစ်ပါက မိမိမှာ ဒုတိယဥက္ကဌဖြစ်လာနိုင်သည်ဟု ဆိုသည်။

    သို့သော်လည်း ပြီးခဲ့သည့် ကမ္ဘာ့ဖလားတွင် မာရာဒိုနာနှင့်တွဲကာ ရုပ်သံအစီစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့သည့် ဥရုဂွေးဂျာနယ်လစ် မိုရေးလ်စ်ကမူ မာရာဒိုနာမှာ ဖီဖာဥက္ကဌအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် မျက်စပစ်နေသည်ဟု ဆိုသည်။

    “ဖီဖာဥက္ကအဖြစ် ၀င်ပြိုင်တော့မယ်လို့ သူက ကျွန်တော့်ကို ပြောခဲ့ပြီး လူတွေကို အသိပေးဖို့လည်း ကျွန်တော့်ကို တာဝန်ပေးခဲ့ပါတယ်။ ဖီဖာ ဥက္ကဌနေရာအတွက် စကာတင်စာရင်းနဲ့ပတ်သက်ပြီး ကျွန်တော်သူကို အကြံပေးခဲ့တဲ့အခါ ‘ငါဟာ ၀င်အရွေးခံမယ့်သူဖြစ်တယ်’ လို့ သူပြောလေ့ရှိပါတယ်” ဟု မိုရေးလ်စ်က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲခဲ့ဖူးသည့် မာရာဒိုနာမှာ ၎င်း၏ ကစားသမားဘ၀တစ်လျှောက်တွင် အကောင်းနှင့်အဆိုး ရောထွေးခဲ့ပြီး ဖီဖာဥက္ကဌဖြစ်လာပါက စိတ်ဝင်စားဖွယ်ကောင်းသည့် အခြေအနေများ ထွက်ပေါ်လာဖွယ်ရှိနေသည်။

    Ref: Goal