News @ M-Media

Tag: fifa

  • ဖီဖာအဆင့်သတ်မှတ်ချက်တွင် ဘယ်လ်ဂျီယံအသင်း ပထမဆုံး အဆင့် ၂ သို့ ရောက်လာ

    ဖီဖာအဆင့်သတ်မှတ်ချက်တွင် ဘယ်လ်ဂျီယံအသင်း ပထမဆုံး အဆင့် ၂ သို့ ရောက်လာ

    ဇွန် ၄၊ ၂၀၁၅
    M-Media

    belgium

    – ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့သည့် ဘယ်လ်ဂျီယံအသင်းမှာ ဖီဖာ၏ နောက်ဆုံးထုတ်ပြန်သော ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် ၂ ရောသို့ ရောက်ရှိလာခဲ့ပြီဟု သိရသည်။

    လက်တလောတွင် ပွဲများ ယှဉ်ပြိုင်ကစားရခြင်း မရှိသေသေးသော်လည်း ယခင်ရလဒ်များကြောင့် ယခုနေရာသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဘယ်လ်ဂျီယံဘောလုံးအသင်း သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်လည်း ဖြစ်သည်။

    အဆင့် ၁ တွင်မူ ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ ဂျာမနီအသင်းက ဦးဆောင်ထားပြီး ဒုတိယဆုရ အာဂျင်တီးနားမှာ ဘယ်လ်ဂျီယံကို နေရာဖယ်ပေးခဲ့ရသည့်အတွက် အဆင့် ၃ နေရာတွင် ရှိနေသည်။

    ဘယ်လ်ဂျီယံအသင်းမှာ လာမည့်တနင်္ဂနွေနေ့၌ ကမ္ဘာ့အဆင့် ၉ တွင် ရှိနေသည့် ပြင်သစ်အသင်းနှင့် ခြေစမ်းပွဲ ကစားရမည်ဖြစ်သည်။ ထို့နောက် လာမည့်သီတင်းပတ် သောကြာနေ့တွင် ဝေးလ်အသင်းနှင့် ယူရို ၂၀၁၆ ခြေစစ်ပွဲ ကစားရမည်ဖြစ်သည်။

    ကမ္ဘာ့ဖလားပွဲတွင် ဘယ်လ်ဂျီယံအသင်းကဲ့သို့ပင် ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့သည့် ကိုလံဘီယာအသင်းကမူ ဘရာဇီးလ်အသင်း၏ အပေါ် အဆင့် ၄ နေရာတွင် ရှိနေပြီး၊ နယ်သာလန်၊ ပေါ်တူဂီ၊ ဥရုဂွေး၊ ပြင်သစ်နှင့် စပိန်တို့က အဆင့် ၆ မှ အဆင့် ၁၀ နေရာအထိ
    အသီးသီးရှိနေကြသည်။

    အီတလီကမူ အဆင့် ၁၃ နေရာတွင် ရှိနေကာ ဘောလုံးဘိုးအေကြီး အင်္ဂလန်အသင်းက အဆင့် ၁၅ သို့ ကျဆင်းခဲ့သည်။

    Ref: Goal

  • ဖီဖာမှာ ၁၉၉၈ နှင့် ၂၀၁၀ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုအတွက် လာဘ်စားခဲ့

    ဖီဖာမှာ ၁၉၉၈ နှင့် ၂၀၁၀ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုအတွက် လာဘ်စားခဲ့

    ဇွန် ၄၊ ၂၀၁၅
    M-Media

    blazer

    – မိမိနှင့်အတူ အခြားအမှုဆောင် ကော်မတီဝင်များမှာလည်း ၁၉၉၈ နှင့် ၂၀၁၀ ကမ္ဘာ့ဖလားများအတွက် လာဘ်ငွေ လက်ခံခဲ့သည်ဟု ဖီဖာအမှုဆောင်ကော်မတီဝင်ဟောင်း ချက်ဘလေဇာက ၀န်ခံပြောကြားလိုက်သည်။

    ဘလေဇာမှာ ၂၀၁၃ ခုနှစ်က နယူးယောက်မြို့ တရားရုံးတွင် အက်ဖ်ဘီအိုင်သို့ ၀န်ခံခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ပထမဆုံးအကြိမ်အဖြစ် အမေရိကန် အာဏာပိုင်များက လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။ ဘလေဇာမှာ ၎င်းကိုယ်တိုင်လည်း လာဘ်စားမှုနှင့် အခြားစွဲချက်များအတွက် အပြစ်ရှိသည်ဟု ထိုစဉ်က တစ်ပါတည်း ၀န်ခံခဲ့သည်။

    “ကျွန်တော်နဲ့ ဖီဖာအမှုဆောင်ကော်မတီဟာ ၂၀၁၀ ကမ္ဘာ့ဖလားအတွက် တောင်အာဖရိကကို အိမ်ရှင်အဖြစ် ရွေးချယ်မှုနဲ့ ဆက်စပ်ပြီး လာဘ်ငွေတွေယူဖို့ သဘောတူခဲ့ကြပါတယ်” ဟု ဘလေဇာက တရားရုံးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မြောက်အမေရိက၊ အလယ်အမေရိကနှင့် ကာရစ်ဘီယံဒေသ ဘောလုံးအဖွဲ့ချုပ်များ၏ ဒုတိယ အကြီးအကဲဟောင်းဖြစ်ခဲ့သူ ဘလေဇာက ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်အတွက် မည်သည့်နိုင်ငံအား မဲပေးရမည်ဆိုခြင်းနှင့် ပတ်သက်၍လည်း လာဘ်ငွေယူရန် မိမိမှာ ၁၉၉၂ ခုနှစ် ၀န်းကျင်က စီစဉ်ခဲ့သည်ဟု ဆိုသည်။

    အမေရိကန်နိုင်ငံသားဖြစ်သူ ဘလေဇာမှာ တရားသူကြီးများနှင့် သဘောတူညီချက်ယူကာ နယူးယောက် ဖက်ဒရယ်တရားရုံးတွင် ရာဇ၀တ်မှုစွဲချက် ၁၀ ခုအတွက် အပြစ်ရှိကြောင်း လျှို့ဝှက်ဝန်ခံခဲ့သည်ဟု ယမန်နေ့က ဖွင့်ချမှုတွင် ဖော်ပြထားသည်။

    ဘလေဇာ၏ ပူးပေါင်းဆောင်ရွက်မှုက ဖီဖာ၏ ထိပ်တန်းအကြီးအကဲများအား တရားစွဲဆိုမှုကို ဦးတည်စေခဲ့သည့် ချစားသည့်အမှု တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေခဲ့သည်။

    နောက်ဆုံးထွက်ပေါ်လာသည့် သတင်းများအရ ဖီဖာ၏ ချစားမှုနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုများတွင် ၂၀၁၈နှင့် ၂၀၂၂ ကမ္ဘာဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ရုရှားနှင့် ကာတာတို့အား ရွေးချယ်ခဲ့မှု ကိစ္စအထိ ကျယ်ပြန့်လာခဲ့သည်ဟု သိရသည်။

    Ref: Aljazeera

  • အင်ဒိုနီးရှားဘောလုံး အသင်း နိုင်ငံတကာပွဲ ကစားခွင့် ဖီဖာပိတ်ပင်

    အင်ဒိုနီးရှားဘောလုံး အသင်း နိုင်ငံတကာပွဲ ကစားခွင့် ဖီဖာပိတ်ပင်

    မေ ၃၁၊ ၂၀၁၅
    M-Media

    fifa

    – ဘောလုံးအဖွဲ့ချုပ်အတွင်း အစိုးရက ပါဝင်ပတ်သက်မှုကြောင့် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် PSSI ကို ဖီဖာက ပိတ်ပင်လိုက်ပြီး ထို့ကြောင့် နိုင်ငံဘောလုံးအသင်းမှာ နိုင်ငံတကာ ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည်ဖြစ်သည်။

    အင်ုဒိုနီးရှား စူပါလိဂ် ISL တွင် မည်သည့်အသင်းများကို ကစားခွင့်ပေးမည်ဆိုသည်နှင့် ပတ်သက်၍ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်နှင့် အားကစားနှင့် လူငယ် ၀န်ကြီးဌာနတို့အကြား ပြဿနာများ ဖြစ်ပွားခဲ့ပြီး ဘောလုံးရာသီ တစ်ရာသီ ဖျက်သိမ်းခဲ့ရသည်အထိ ဦးတည်ခဲ့ပြီးနောက် ဖီဖာက ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

    ထိုပြဿနာကို ဖြေရှင်းရန်အတွက် နောက်ဆုံးရက်ကို မေလ ၂၉ ရက်နေ့ သတ်မှတ်ပေးခဲ့ပြီး ယခုအချိန်တွင် အင်ဒိုနီးရှား အသင်းအား နိုင်ငံတကာပြိုင်ပွဲများ တွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမှ တားမြစ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားအသင်းမှာ ကမ္ဘာ့ဖလားဝင်ခွင့်အဖြစ် လာမည့် နှစ်ပတ်ကျော်တွင် ထိုင်ဝမ်အသင်းနှင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါ ခြေစစ်ပွဲမှာ အာရှဖလားအတွက် ခြေစစ်ပွဲလည်းဖြစ်ကာ ယခုဖြစ်ရပ်ကြောင့် ပါဝင်ကစားခွင့် ရတော့မည်မဟုတ်ချေ။

    ဖီဖာက ထိုကဲ့သို့ ပိတ်ပင်ခဲ့သော်လည်း စင်ကာပူတွင် ကျင်းပပြုလုပ်နေသည့် ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် အင်ဒိုနီးရှား အသင်းမှာ ဆက်လက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။

    “အမှုဆောင်ကော်မတီက အင်ဒိုနီးရှားဘောလုံး အဖွဲ့ချုပ်ကို ချက်ချင်းသက်ရောက်စေတဲ့ ပိတ်ပင်မှုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဖီဖာရဲ့ သဘောထားတွေထဲက အပိုဒ် ၁၃ နဲ့ ၁၇ တို့နဲ့ ကိုက်ညီအောင် ဆောင်ရွက်နိုင်မှု မရှိမချင်း ဒီပိတ်ပင်မှုက ရှိသွားမှာပါ” ဟု ဖီဖာ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    ထိုသို့ ပိတ်ပင်ခြင်းမှာ အင်ဒိုနီးရှားဘောလုံးအဖွဲ့ အတွင်း အာဏာပိုင်များ၏ ၀င်ရောက် စွက်ဖက်မှုကြောင့် ဖြစ်သည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

    Ref: Goal

  • ဖီဖာ ဥက္ကဌအဖြစ် ဆပ်ဘလတ္တာ ပြန်အရွေးခံရ

    ဖီဖာ ဥက္ကဌအဖြစ် ဆပ်ဘလတ္တာ ပြန်အရွေးခံရ

    မေ ၃၀၊ ၂၀၁၅
    M-Media

    fifa

    – ယမန်နေ့က ကျင်းပခဲ့သော ဖီဖာဥက္ကဌရွေးကောက်ပွဲတွင် လက်ရှိဥက္ကဌ ဆပ်ဘလတ္တာမှာ ပြန်လည်ရွေးချယ်ခြင်း ခံခဲ့ရပြီး ၅ ကြိမ်ဆက် ဥက္ကဌတာဝန် ထမ်းဆောင်နိုင်ခွင့် ရခဲ့ပြီဟု သိရသည်။

    ဘလတ္တာနှင့် ဂျော်ဒန်အိမ်ရှေ့မင်းသား အလီ ဘင် အလ် ဟူစိန်တို့၏ ပထမအချီ ယှဉ်ပြိုင်မှုတွင် ဘလတ္တာက ၁၃၃ မဲနှင့် အလ်ဟူစိန် ၇၃ မဲ ရရှိခဲ့သည်။ ထို့နောက် ဒုတိယအချီမတိုင်ခင် အလ်ဟူစိန်က ယှဉ်ပြိုင်မှုမှ နှုတ်ထွက်သွားခဲ့ပြီး ရှုံးနိမ့်ကြောင်း ကြေညာခဲ့သည်။

    ထို့ကြောင့် ၁၉၇၅ ခုနှစ်က ဖီဖာနှင့် ဆက်သွယ်ခဲ့ပြီး ၁၉၉၈ ခုနှစ်ကစ၍ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဘလတ္တာမှာ ၎င်း၏ ၅ ကြိမ်မြောက်သက်တမ်းကို ထပ်မံ ထမ်းဆောင်ခွင့် ရရှိသွားပြီဖြစ်သည်။

    “နောက်ထပ် ၄ နှစ်အတွက် ကျွန်တော့်ကို လက်ခံတာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဟာ ဖီဖာလို့ခေါ်တဲ့ သင်္ဘောကြီးကို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်သွားမှာဖြစ်ပြီး ကမ်စပ်ကို ရောက်အောင် ခေါ်ဆောင်သွားမှာပါ” ဟု အနိုင်ရရှိခဲ့ပြီးနောက် ဘလတ္တာက ပြောကြားခဲ့သည်။

    ချစားမှု စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖီဖာအကြီးတန်းတာဝန်ရှိသူများ ဖမ်းဆီး တရားစွဲဆိုခြင်း ခံရပြီးနောက် ဘလတ္တာအား နှုတ်ထွက်ရန် တောင်းဆိုမှုများ ရှိခဲ့သော်လည်း ၎င်းသာ ပြန်လည် အနိုင်ရခဲ့ပြီး ဘလတ္တာကမူ မိမိမှာ ပြီးပြည့်စုံသော လူတစ်ယောက် မဟုတ်သော်လည်း ကြုံတွေနေရသည့် ပြဿနာများကို ဖြေရှင်းသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အလီ ဘင် အလ် ဟူစိန်မှာ အမှုဆောင်ကော်မတီတွင်လည်း ၎င်း၏ နေရာကို ဆုံးရှုံးခဲ့သည်။

    “ခင်ဗျားတို့နဲ့ သိကျွမ်းရတာ၊ အလုပ်အတူတွဲလုပ်ရတဲ့ အချိန်တွေဟာ အံ့သြစရာ ကောင်းခဲ့ပါတယ်။ ကျွန်တော့်ကို ထောက်ခံသူအားလုံးကို ကျေးဇူးတင်ပြီး အနာဂတ်မှာ ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ဟု အလ် ဟူစိန်က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဖိအားများရှိနေသော်လည်း ဖီဖာဥက္ကဌအဖြစ် ဘလတ္တာ အရွေးခံမည်

    ဖိအားများရှိနေသော်လည်း ဖီဖာဥက္ကဌအဖြစ် ဘလတ္တာ အရွေးခံမည်

    မေ ၂၉၊ ၂၀၁၅
    M-Media

    fifa

    – ပြီးခဲ့သည့်ရက်အတွင်းက ပြဿနာများကြောင့် ဖီဖာမှ နှုတ်ထွက်ရန် ဖိအားပေးနေမှုကို ဥက္ကဌ ဆပ်ဘလတ္တာက အာခံလိုက်ပြီး မိမိနေဖြင့် လာမည့် ၅ ကြိမ်မြောက် သက်တမ်းအတွက် ၀င်ရောက်အရွေးခံရန် ဆုံးဖြတ်ချက်ကို ပြင်သွားမည်မဟုတ်ဟု ဆိုသည်။

    ယမန်နေ့က ဇူးရစ်ခ်ျတွင် ပြုလုပ်ခဲ့သည့် ဖီဖာ၏ ညီလာခံတွင် ဆပ်ဘလတ္တာက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဖီဖာ၏ ယခုကြုံတွေ့နေရသည့် ပြဿနာမှာ မကြုံစဖူး၊ ခက်ခဲသည့် ပြဿနာဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဘလတ္တာ၏ အဆိုပါမှတ်ချက်မှာ ညီလာခံသို့ တက်ရောက်ရန်အတွက် ဇူးရစ်ခ်ျတွင်ရောက်နေကြသည့် ဒုဥက္ကဌအပါအ၀င် ဖီဖာအကြီးတန်းအရာရှိများကို ဗုဒ္ဓဟူးနေ့က ဆွဇ်ဇာလန် ရဲတပ်ဖွဲ့က ချစားမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ပထမဆုံး ထွက်ပေါ်လာသည့် မှတ်ချက်လည်းဖြစ်သည်။

    “ဒါတွေက ဖီဖာအတွက် မကြုံစဖူး ခက်ခဲတဲ့အချိန်တွေပါပဲ။ ဒီလူတွေရဲ့ လုပ်ရပ်တွေက ဘောလုံးလောကနဲ့ပတ်သက်ပြီး အရှက်ရစရာတွေကို ယူဆောင်လာတယ်ဆိုတာ သက်သေပြလိုက်တာဖြစ်ပြီး၊ အရေးယူမှုနဲ့ ကျွန်တော်တို့အားလုံးဆီက ပြောင်းလဲမှုကို
    တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်” ဟု ဘလတ္တာက ပြောကြားခဲ့သည်။

    ထိုပြဿနာကြောင့် ဘလတ္တာအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပြီး ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီကမူ ဘလတ္တာအား နှုတ်ထွက်ရန် တောင်းဆိုထားကာ အပြောင်းအလဲကို မမြင်ရပါက ယူအီးအက်ဖ်အေတစ်ခုလုံး ဖီဖာအောက်မှ နှုတ်ထွက်သွားမည်ဟု သတိပေးခဲ့သည်။

    ဖီဖာ၏ ဥက္ကဌရွေးပွဲကို ယနေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ဆပ်ဘလတ္တာနှင့် ဂျော်ဒန်အိမ်ရှေ့မင်းသား အလ်ဟူစိန်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

    Ref: Aljazeera