News @ M-Media

Tag: fifa

  • ဘလတ္တာမှာ နိုဘယ်ဆုနှင့်ထိုက်တန်သည်ဟု ပူတင်ပြော

    ဘလတ္တာမှာ နိုဘယ်ဆုနှင့်ထိုက်တန်သည်ဟု ပူတင်ပြော

    ဇူလိုင် ၂၈၊ ၂၀၁၅
    M-Media

    fifa

    – ဖီဖာဥက္ကဌ ဆပ်ဘလတ္တာအနေအဖြင့် ၎င်း၏ ကြိုးပမ်းအားထုတ်မှုများအတွက် နိုဘယ်ဆုနှင့်ပင် ထိုက်တန်သည်ဟု ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က ပြောကြားလိုက်ပြီး ဖီဖာ၏ ချစားမှု ပြဿနာ  အချိန်ကိုက်ထွက်ပေါ်လာခြင်းအတွက်လည်း ဝေဖန်ခဲ့သည်။

    ဘလတ္တာမှာ ပူတင်နှင့် စနေနေ့က စိန့်ပီတာစဘာ့ဂ်မြို့တွင် တွေ့ဆုံခဲ့ပြီး ရုရှားက ကျင်းပမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားအတွက် ဖီဖာမှ အပြည့်အ၀ထောက်ခံသည်ဟု ကြေညာခဲ့သည်။ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မဲခွဲမှုကိုလည်း ထိုနေ့တွင်ပင် ပြုလုပ်ခဲ့သည်။

    ဖီဖာအား ပစ်မှတ်ထားသည့် ချစားမှု စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ရှုတ်ချခဲ့သည့် ပူတင်ကမူ ဘလတ္တာအား ကာကွယ်ပြောကြားခဲ့သည်။

    “အခုအချိန်မှာ မစ္စတာ ဘလတ္တာရဲ့ဝန်းကျင်မှာရှိနေတဲ့ အခြေအနေကို ကျွန်တော်တို့အားလုံး သိပါတယ်။ အသေးစိတ်တော့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမယ့် ချစားမှုမှာ သူ ပုဂ္ဂိုလ်ရေးအရ ပါဝင်ခဲ့တယ်ဆိုတဲ့ စကားတစ်လုံးကိုတောင် ကျွန်တော် မယုံပါဘူး။ မစ္စတာ ဘလတ္တာလိုမျိုး ဒါမှမဟုတ် နိုင်ငံတကာအားကစားအဖွဲ့ကြီး၊ အိုလံပစ်အာကစားအဖွဲ့ကြီးတွေရဲ့ အကြီးအကဲတွေဟာ
    အထူးအသိအမှတ်ပြုမှုနဲ့ ထိုက်တန်ပါတယ်။ နိုဘယ်ဆုနဲ့ ထိုက်တန်တဲ့သူတွေဆိုရင်လည်း သူတို့ပါပဲ” ဟု ပူတင်က ဆွီဒင်မီဒီယာတစ်ခုဖြစ်သော RTS သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ပူတင်မှာ ချစားမှုစွဲချက်များဖြင့် ဖီဖာအရာရှိများအား ဖမ်းဆီးမှုကိုလည်း ဝေဖန်ခဲ့ပြီး ကမ္ဘာ့ဖလားကျင်းပချင်သည့် နိုင်ငံအချို့က ကျင်းပခွင့်ရရေးအတွက် နောက်ဆုံးကြိုးပမ်းမှုအဖြစ် အချိန်ကိုက်လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    “ချစားမှုကို တိုက်ဖျက်တဲ့ ဒီလိုနည်းလမ်းမျိုးက ၂၀၁၈နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပွဲတွေကို ဆက်လက်ကျင်းပဖို့ မရှိတော့ဘူးလား ဆိုပြီးတော့တောင် ကျွန်တော့်ကို အတွေးဝင်စေခဲ့ပါတယ်”

    Ref: Goal

  • ဘလတ္တာကို သရော်သည့် ဗြိတိန်လူရွှင်တော် တရားစွဲခံရ

    ဘလတ္တာကို သရော်သည့် ဗြိတိန်လူရွှင်တော် တရားစွဲခံရ

    ဇူလိုင် ၂၂၊ ၂၀၁၅
    M-Media

     

    fifa

    – သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဖီဖာဥက္ကဌဆပ်ဘလတ္တာအပေါ် ပိုက်ဆံအတုများ ကြဲချခဲ့သည့် ဗြိတိန်လူရွှင်တော် ဆိုင်မွန် ဘရော့ဒ်ကင်ကို ဆွစ်ဇာလန်တရားရုံးက ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ဖီဖာ၏ရုံးချုပ်တွင် သောကြာနေ့က ကျင်းပပြုလုပ်ခဲ့သော အဆိုပါသတင်းစာရှင်းလင်းပွဲတွင် အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဘရော့ဒ်ကင်မှာ စင်ပေါ်သို့တက်၍ ဆပ်ဘလတ္တာ၏ ခေါင်းပေါ်သို့ ပိုက်ဆံအတုများ ကြဲချခဲ့ခြင်းဖြစ်ပြီး ဖီဖာက လတ်တလောရင်ဆိုင်နေရသည့် လာဘ်စားမှုပြဿနာကို သရော်ခြင်းလည်း ဖြစ်သည်။

    ရဲတပ်ဖွဲ့က ထုတ်ပြန်သောကြေညာချက်တွင် ဘရော့ဒ်ကင်မှာ အဆောက်အဦးအတွင်းသို့ ၀င်ရောက်ခွင့်မရှိသောကြောင့် ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    “ရုံးချိန်းခေါ်မလားဆိုတာကတော့ တရားသူကြီးက ဆုံးဖြတ်မှာပါ။ ဆွစ်ဇာလန်မှာ ပိုင်နက်ကျူးလွန်မှုကို အခြားသော အမှုအငယ်စားတွေလိုပဲ တရားစီရင်ပါတယ်” ဟု ထိုကြေညာချက်တွင် ထည့်သွင်းဖြော်ပထားသည်။

    ဘရော့ဒ်ကင်မှာ စင်ပေါ်တွင် လီနဲလ်ဆင်အမည်ဖြင့် ကျော်ကြားပြီး စတန့်များစွာကို ပြုလုပ်ခဲ့ဖူးသူ ဖြစ်သည်။

    ပြီးခဲ့သည့်မေလက ချစားမှု၊ လာဘ်ပေးလာဘ်ယူမှုတို့ဖြင့် ဖီဖာတာဝန်ရှိသူ ၁၄ ဦး ဖမ်းဆီး တရားစွဲဆိုခြင်း ခံရပြီးနောက်ပိုင်း မည်သည့်စွဲဆိုမှုမှ မခံခဲ့ရသော ဘလတ္တာမှာ ထိုပြဿနာ၏ အဓိက အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

    ထို့နောက် ဥက္ကဌအဖြစ် ၅ ကြိမ်ဆက် အရွေးခံရသော်လည်း ၎င်းအနေဖြင့် နှုတ်ထွက်သွားမည်ဟု ကြေညာခဲ့သည်။ ဖီဖာ၏ ဥက္ကဌရွေးပွဲကို လာမည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ကျင်းပမည်ဟု တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။

    Ref: Goal

  • ချစားမှုဖြင့်ဖမ်းဆီးထားသော ဖီဖာတာဝန်ရှိသူများကို အမေရိကန်သို့ လွှဲပြောင်း

    ချစားမှုဖြင့်ဖမ်းဆီးထားသော ဖီဖာတာဝန်ရှိသူများကို အမေရိကန်သို့ လွှဲပြောင်း

    ဇူလိုင် ၁၆၊ ၂၀၁၅
    M-Media

    fifa

    – ပြီးခဲ့သည့် မေလအတွင်းက ချစားမှု၊ လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးထားသည့် ဖီဖာတာဝန်ရှိသူများထဲမှ ပထမအသုတ် ၇ ဦးကို အမေရိကန်သို့ လွှဲပြောင်းပေးလိုက်ပြီဟု ဆွစ်ဇာလန်အာဏာပိုင်များက ပြောကြားခဲ့သည်။

    ယနေ့တွင်ထုတ်ပြန်သော ကြေညာချက်အကျဉ်းချုပ်၌ ထိုကဲ့သို့ ရေးသားဖော်ပြထားခြင်းဖြစ်ပြီး ယမန်နေ့က လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆွစ်ဖက်ဒရယ်တရားရေးရုံးက ဆိုသည်။သို့သော်လည်း မည်သူမည်ဝါအား လွှဲပြောင်းပေးအပ်ခဲ့သည်ဆိုသည်ကို ဖော်ပြခြင်းမရှိချေ။

    ပြီးခဲ့သည့်တစ်ပတ်က သတင်းရင်းမြစ်တစ်ခုမှ Reuters သို့ ပြောကြားရာတွင် ဖီဖာဒုတိယဥက္ကဌဟောင်းဖြစ်ပြီး ကွန်ကာကပ်ဖ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ဂျက်ဖရီဝက်ဘ်ကို အမေရိကန်အာဏာပိုင်များထံ လွှဲပြောင်းပေးရန် သဘောတူညီခဲ့သည်ဟု ဆိုသည်။

    Ref: Aljazeera

  • ရာသီဥတုပြောင်းလဲမှုကိုပင် မိမိအား အပြစ်တင်ကြမည်ဟု ဘလတ္တာ ခနဲ့

    ရာသီဥတုပြောင်းလဲမှုကိုပင် မိမိအား အပြစ်တင်ကြမည်ဟု ဘလတ္တာ ခနဲ့

    ဇူလိုင် ၁၀၊ ၂၀၁၅
    M-Media

    fifa

    – အခြားသူများ၏ ကျရှုံးမှုများအတွက် မိမိမှာ ဓားစားခံဖြစ်နေရပြီး ကမ္ဘာကြီးပူနွေးလာမှုအတွက်ပင် မိမိမှာ အပြစ်တင်ခံရလိ့မ်မည်ဟု ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ထေ့ငေါ့ ပြောကြားလိုက်သည်။

    အဖွဲ့အတွင်း ချစားမှုပြဿနာများဖြင့် ရှုပ်ထွေးနေသော်လည်း ငါးကြိမ်မြောက် ဥက္ကဌအဖြစ် မေလက ရွေးချယ်ခြင်းခံခဲ့ရသည့် ဘလတ္တာမှာ လေးရက်အကြာတွင်ပင် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ကြေညာခဲ့သည်။

    ဖီဖာရှိ အကြီးတန်းအရာရှိအချို့မှာ ချစားမှု၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် ဖမ်းဆီးခြင်း၊ စုံစမ်းစစ်ဆေးခြင်း ခံနေရသော်လည်း ဘလတ္တာမှာ ပါဝင်ခြင်းမရှိသောကြောင့် အချို့က ဝေဖန်မှုများ ရှိနေပြီး ဘလတ္တာကမူ ထိုသို့ဝေဖန်မှုများက မိမိအား မမျှမတ မလိုမုန်းထားခြင်းဖြစ်ကာ ဖီဖာမှ ၀န်ထမ်းတစ်ဦးချင်းဆီတိုင်း၏ လုပ်ရပ်အတွက် မိမိမှာ တာဝန်မယူနိုင်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော် အားလုံးကို လိုက်ကြည့်နေတာ မဟုတ်ပါဘူး။ မကြာခင်က ကမ္ဘာ့ဖလားမှာ အင်္ဂလိပ် အမျိုးသမီးကစားသမား ကိုယ့်ဂိုးကိုယ်သွင်းတာ၊ အဲဒါတွေအားလုံးကို ကျွန်တော် တာဝန်ယူရမှာလား။ ရာသီဥတုပြောင်းလဲတာကိုရော ကျွန်တော် တာဝန်ယူရမှာလား” ဟု Reuters သို့ ဘလတ္တာက ပြောကြားခဲ့သည်။

    လူများက ၎င်းအပေါ် မနာလိုဝန်တိုမှု ထားရှိနေသည်ဟု ဘလတ္တာက ထင်မြင်ယူဆနေသည်။

    “အားကျမှုဟာ နှစ်နဲ့ချီအောင်းနေတာပါ။ အဲဒီ အားကျမှုက မနာလိုဝန်တိုမှုကို အခိုင်အမာ ဖြစ်စေပါတယ်။ ပြီးတော့ မနာလိုမှုက ချစ်ခြင်းမေတ္တာမှာ သွားပြီး အမြစ်တည်ပါတယ်။ ဒါက အမုန်းကို ပြောင်းသွားနိုင်ပြီး ကျွန်တော်တို့ ကွန်ဂရက်မလုပ်ခင် ၂ ရက်အရင်က ၀ရုန်းသုန်းကားဖြစ်လာတဲ့အခါ ပေါ်လာတော့တာပါပဲ”

    FBI မှာ ဖီဖာမှ တာဝန်ရှိသူ ၁၄ ဦးကို ၁၉၉၁ ခုနှစ်မှ စတင်ခဲ့သည့် ချစားမှုစွဲချက်များဖြင့် ဖမ်းဆီးထားပြီး ဆွစ်ဇာလန်အာဏာပိုင်များကလည်း ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    Ref: Goal

  • ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်ရေး တာဝန်ရှိသူဟောင်းကို ဖီဖာ ပြစ်ဒဏ်ချ

    ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်ရေး တာဝန်ရှိသူဟောင်းကို ဖီဖာ ပြစ်ဒဏ်ချ

    ဇူလိုင် ၇၊ ၂၀၁၅
    M-Media

    fifa

    – ၂၀၁၈နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ကမ်းလှမ်းမှုအား ဆန်းစစ်တွက်ချက်ရေးအဖွဲ့မှ ဥက္ကဌဟောင်းဖြစ်သူ မေနီ-နီခိုးလ်စ်အား ဘောလုံးလောကနှင့် စက်ဆပ်သည့် လှုပ်ရှားမှုများတွင် ၇ နှစ် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် ဖီဖာက တားမြစ်ပိတ်ပင်လိုက်သည်ဟု သိရသည်။

    ချီလီဘောလုံးအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌဟောင်းဖြစ်ခဲ့သူ နီခိုးလ်စ်ကို ဖီဖာ၏ လွတ်လပ်သော ကျင့်ဝတ်ဆိုင်ရာကော်မတီမှ တရားစီရင်ရေးအဖွဲ့က ယမန်နေ့တွင် ထိုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

    သို့သော်လည်း ပိတ်ပင်ရသည့် အကြောင်းအရင်း အသေးစိတ်ကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ “နောက်ဆုံး ဆုံးဖြတ်ချက် အတည်ဖြစ်ပြီးတဲ့နောက်မှာ အသေးစိတ် သတင်းအချက်အလက်ကို ထုတ်ပြန်သွားပါမယ်” ဟု ဖီဖာ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ရုရှားနှင့် ကာတာနိုင်ငံတို့က ရရှိခဲ့သော်လည်း ၎င်းတို့ အိမ်ရှင်အဖြစ် လျှောက်ထားခြင်းလုပ်ငန်းစဉ်ကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ကာ ဆွစ်ဇာလန်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ဖီဖာတာဝန်ရှိသူများ၊ ရုရှားနှင့် ကတာတာနိုင်ငံတို့မှ တာဝန်ရှိသူများက ထိုလုပ်ငန်းစဉ်တွင် မည်သည့်မှားယွင်းမှုမှ မရှိဟု ပြောဆိုခဲ့သော်လည်း အိမ်ရှင်အဖြစ်ရွေးချယ်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် နီခိုးလ်စ်အား ဖီဖာက ယခုကဲ့သို့ အပြစ်ပေးခဲ့ခြင်းအတွက် ၂၀၁၈၊ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှု သံသယကို မြင့်တက်လာစေခဲ့သည်။

    Ref: Goal