News @ M-Media

Tag: Gaza

  • ဂါဇာဆန္ဒပြမှုတွင် အစ္စရေးလက်ချက်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

    ဂါဇာဆန္ဒပြမှုတွင် အစ္စရေးလက်ချက်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

    ဇန်န၀ါရီ ၁၂၊ ၂၀၁၈
    M-Media

    – မနေ့က ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းပြည်သူတွေရဲ့ ဆန္ဒပြမှုအတွင်း အစ္စရေးလက်ချက်ကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    သေဆုံးသူဟာ အသက် ၄၃ နှစ်အရွယ် အေမဲလ် အလ်-တာရမ်ဆီဆိုသူဖြစ်ပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်ခံလိုက်ရတာ ဖြစ်တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

    ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေ နေရပ်ပြန်နိုင်ရေးအတွက် မတ်လကစလို့ ဂါဇာမှာ အပတ်စဉ်သောကြောနေ့တိုင်း ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

    အစ္စရေးကလည်း ဒီဆန္ဒပြမှုကို အင်အားသုံးနှိမ်နှင်းခဲ့ပြီး လက်ရှိအချိန်အထိ အနည်းဆုံး ပါလက်စတိုင်း ၂၄၁ ဦးသေဆုံးခဲ့ပါတယ်။ မနေ့က ဆန္ဒပြမှုအတွင်း မီဒီယာသမား ၂ ဦးနဲ့ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတစ်ဦး အပါအ၀င် အနည်းဆုံး ၂၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ဂါဇာက ပါလက်စတိုင်းပြည်သူတွေဟာ ဆယ်စုနှစ်တစ်ခု ရှိလာပြီဖြစ်တဲ့ အီဂျစ်နဲ့ အစ္စရေးတို့ရဲ့ ပိတ်ဆို့မှု ဖယ်ရှားရေးအတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။

    Ref: Aljazeera

  • အစ္စရေးကြောင့် ဂါဇာပြည်သူများ အသက်ရှင်ရပ်တည်ရန် မဖြစ်နိုင်သည့် အခြေအနေမျိုး ရောက်နေ

    အစ္စရေးကြောင့် ဂါဇာပြည်သူများ အသက်ရှင်ရပ်တည်ရန် မဖြစ်နိုင်သည့် အခြေအနေမျိုး ရောက်နေ

    ဇူလိုင် ၁၂၊ ၂၀၁၇
    M-Media

    – အစ္စရေး၏ ၁၀ နှစ်ကြာ ပိတ်ဆို့မှုကို ခံထားရသည့် ဂါဇာကမ်းမြှောင်မှ ပါလက်စတိုင်းပြည်သူများ၏ အသက်ရှင်ရပ်တည်မှုအခြေအနေမှာ ဆိုးရွားလာခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားလိုက်သည်။

    ယမန်နေ့က Gaza – 10 years later အမည်ဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်ကအစောပိုင်းက ကုလမှ မှတ်တမ်းတင်ခဲ့သော ၀င်ငွေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် လျှပ်စစ်ဓာတ်အားရရှိမှုကဲ့သို့ ကဏ္ဍများတွင် ဆုတ်ယုတ်မှုများမှာ ပိုမို၍ ဆိုးရွားလာသည်ဟု ဆိုသည်။

    ဂါဇာရှိ တစ်ဦးချင်း ဂျီဒီပီမှာ ကျဆင်းနေပြီး၊ ကျန်းမာရေးစောင့်ရှောက်မှု အလျင်အမြန်လိုအပ်နေသူများကို ထောက်ပံ့ပေးနိုင်မှု အခြေအနေမှာလည်း ကျဆင်းလျက်ရှိနေသည်ဟု ကုလက ပြောကြားခဲ့သည်။

    ထို့ပြင် ချက်ခြင်းဆောင်ရွက်မှုများ မပြုလုပ်ပါက ဂါဇာ၏ တစ်ခုတည်းသော အဏ္ဏ၀ါအရင်းအမြစ်များမှာ ၂၀၂၀ ခုနှစ်အရောက်တွင် လုံးဝသုံးမရသည့် အခြေအနေမျိုးသို့ ရောက်သွားနိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပြီး ကဏ္ဍများစွာတွင် ဆုတ်ယုတ်မှုများမှာ မိမိတို့ မျှော်မှန်းထားသည်ထက် ပိုမိုလျင်မြန်နေကြောင်း ကုလ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးမှူး ရောဘတ် ပစ်ပါက ပြောကြားခဲ့သည်။

    ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုများ အထူးသဖြင့် ကုလအဖွဲ့များမှတစ်ဆင့် ဆောင်ရွက်ပေးမှုများမှာ ထိုဆိုးရွားမှုများကို နှေးသွားအောင်သာ ပြုလုပ်နိုင်ပြီး၊ ဂါဇာပြည်သူများ၏ အသက်ရှင်ရပ်တည်နိုင်မှုအခြေအနေမှာ အောက်သို့ ထိုးဆင်းနေသည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်မှ ပြောရေးဆိုခွင့်ရှိသူ ရောဘတ် ဗာလ်လန့်က ဂါဇာပြည်သူများမှာ ငတ်မွတ်ခေါင်းပါးသည့် အခြေအနေမျိုးကို မရောက်သေးသော်လည်း အလွန်ဆိုးရွားသည့် အနေအထားမျိုးတွင် ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ၂၀၀၇ ခုနှစ်တွင် အမေရိကန်ကျောထောက်နောက်ခံပြုထားသည့် ဖာတာအဖွဲ့က အာဏာသိမ်းရန် ကြိုတင်ကြံစည်ထားမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ဟားမက်စ်အဖွဲ့က ဂါဇာကို ထိန်းချုပ်ခဲ့ပြီး၊ ချက်ခြင်းဆိုသလိုပင် အစ္စရေးက ဂါဇာသို့ ကုန်ပစ္စည်းများ၊ လူများ ၀င်ရောက်ခွင့်ကို ကန့်သတ်ခြင်း၊ ပင်လယ်ပြင် အသုံးပြုမှုကို ကန့်သတ်ခြင်း၊ အီဂျစ်နှင့်ပူးပေါင်း၍ ဂါဇာအား ပိတ်ဆို့ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

    ပါလက်စတိုင်းပြည်သူ ၂ သန်းဝန်းကျင် နေထိုင်သော ဂါဇာကို ၂၀၀၈ ခုနှစ်မှစ၍ အစ္စရေးက ကျူးကျော်ထိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ထောင်နှင့်ချီသော ပါလက်စတိုင်းပြည်သူများ သေဆုံးခဲ့သည်။

    Ref: Aljazeera

     

  • ဂါဇာအတွက် ရာဖာနယ်ခြားကို အီဂျစ်က ၃ ရက်ကြာ ဖွင့်ပေး

    ဂါဇာအတွက် ရာဖာနယ်ခြားကို အီဂျစ်က ၃ ရက်ကြာ ဖွင့်ပေး

    ဒီဇင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    – အစ္စရေး၏ ပိတ်ဆို့ဖြတ်တောက်မှုကို ခံစားနေရသည့် ဂါဇာကမ်းမြှောင်မှ ပါလက်စတိုင်းပြည်သူများအတွက် အီဂျစ်က ရာဖာနယ်ခြားကို ၃ ရက်ကြာ ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများနှင့် နယ်စပ်နှစ်ဖက်တွင် ရှိနေသည့် ခရီးသွားများအတွက် ရည်ရွယ် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ စနေနေ့ မနက်ပိုင်းမှစ၍ ဘတ်စ်ကားများမှာ နေမကောင်းသူများ၊ ကျောင်းသားများကို အီဂျစ်နိုင်ငံတွင်းသို့ ပို့ဆောင်ပေးခဲ့သည်။

    ဂါဇာကမ်းမြှောင်မှာ ၂၀၀၇ ခုနှစ်ကတည်းက အစ္စရေး၏ လေကြောင်း၊ ရေကြောင်းနှင့် ကုန်ကြောင်းတို့အားလုံး ပိတ်ထားမှုကို ခံခဲ့ရခြင်းဖြစ်ပြီး၊ အီဂျစ်ကလည်း ရာဖာနယ်ခြားကို တစ်ခါတစ်ရံမှသာ ဖွင့်ပေးလေ့ရှိသည်။ ထို့ကြောင့် ဂါဇာရှိ ပါလက်စတိုင်းပြည်သူများမှာ အခြေခံ ကုန်ပစ္စည်းများပြတ်တာက်ခြင်းအပါအ၀င် အတိဒုက္ခမျိုးစုံကို ခံစားနေရသည်။

    Ref: IINA

  • ဂါဇာ-အီဂျစ် လျှို့ဝှက်လှိုဏ်ခေါင်းပြိုကျ၍ ပါလက်စတိုင်း ၄ ဦး သေဆုံး

    ဂါဇာ-အီဂျစ် လျှို့ဝှက်လှိုဏ်ခေါင်းပြိုကျ၍ ပါလက်စတိုင်း ၄ ဦး သေဆုံး

    ဒီဇင်ဘာ ၄၊ ၂၀၁၆
    M-Media

    gaza

    – အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်နှင့် အီဂျစ်တို့ကို သွယ်တန်းထားသော မြေအောက်လှိုဏ်ခေါင်းတစ်ခု ပြိုကျမှုကြောင့် ပါလက်စတိုင်း ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    အစ္စရေးနှင့် အီဂျစ်တို့က ပိတ်ဆို့ထားမှုကြောင့် အတိဒုက္ခရောက်နေကြသည့် ဂါဇာပြည်သူများမှာ ဂါဇာနှင့် အီဂျစ်ရှိ ဆိုင်းနိုင်းကျွန်းဆွယ်တို့အကြား လျှို့ဝှက်ဖောက်လုပ်ထားသည့် မြေအောက်လှိုင်ခါင်းများမှ တင်သွင်းသော ပစ္စည်းများဖြင့် အသက်ဆက်နေရခြင်းဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ်က ဖြစ်ပွားခဲ့သော အဆိုပါ လှိုဏ်ခေါင်းပြိုကျမှုမှာ ရေလျှံမှုကြောင့်ဖြစ်ပြီး လူ ၄ ဦး ပျောက်ဆုံးခဲ့ပြီးနောက် ၃ ဦး၏ အလောင်းကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။ ကျန်ရှိသည့် တစ်ဦးကိုမူ ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။

    ယခုနှစ်အစပိုင်းကတည်းက အဆိုပါ လျှို့ဝှက်လှိုဏ်ခေါင်းများ ပြိုကျမှုကြောင့် ပါလက်စတိုင်းပြည်သူများ အသက်ဆုံးရှုံးခဲ့ရသည်။

    ၂၀၁၄ ခုနှစ် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် အလ် စီစီလက်ထက်မှစ၍ အဆိုပါလှိုဏ်ခေါင်းများကို ဖြိုချဖျက်ဆီးမှုများ ပိုမို ပြုလုပ်လာခဲ့ပြီး ရေဆိုးများ၊ လှိုဏ်ခေါင်အတွင်းဖြည့်ကာ ဖြိုချခြင်းဖြစ်သည်။

    ၎င်းအာဏာမရခင်အချိန်က အီဂျစ်နှင့် ဂါဇာတို့ကို ဆက်သွယ်ထားသော အဆိုပါ လျှို့ဝှက်လှိုဏ်ခေါင်းများမှာ ၁၈၀၀ အထိရှိခဲ့ပြီး ပါလက်စတိုင်းပြည်သူများအနေဖြင့် အခြေခံလိုအပ်ချက်ဖြစ်သော အစားအသောက်၊ ရေသန့် ဆေးဝါး၊ အ၀တ်အထည်နှင့် ကားအစိတ်အပိုင်းများကို အဆိုပါလှိုဏ်ခေါင်းများမှ တင်သွင်းကာ အသက်ဆက်နေရခြင်းဖြစ်သည်။

    Ref: Aljazeera

  • Gaza Sky Geeks (သို့မဟုတ်) ဂါဇာမှ အမျိုးသမီးနည်းပညာရှင်များ မြေတောင်မြှောက်ပေးရာ နေရာ

    Gaza Sky Geeks (သို့မဟုတ်) ဂါဇာမှ အမျိုးသမီးနည်းပညာရှင်များ မြေတောင်မြှောက်ပေးရာ နေရာ

    နိုဝင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    gaza-1
    Gaza Sky Geeks မှ ပါလက်စတိုင်း အမျိုးသမီး နည်းပညာရှင်များ

    – ဂျူမာနာ ဆူရူရ်တစ်ယောက် အသက် ၁၂ နှစ်အရွယ်မှစ၍ ကွန်ပျူတာ ပရိုဂရမ်ကုဒ်များ ရေးတတ်နေသည်။

    အသက် ၁၅ နှစ်အရွယ်ရောက်သည့်အခါ သူမနှင့် ဂါဇာမှ အခြား မိန်းကလေးငယ် ၃ ဦးမှာ Early Alert ဟုခေါ်သည့် ၀ဘ်အက်ပလီကေးရှင်းအတွက် နမူနာတစ်ခု ဖန်တီး တည်ဆောက်နိုင်ခဲ့သည်။ အဆိုပါ အက်ပလီကေးရှင်းက ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသည့် ကားလမ်းပိတ်မှု၊ လူစည်ကားမှု၊ မတော်တဆဖြစ်မှုနှင့် ရာဇ၀တ်မှုများကို အသုံးပြုသူအား အသိပေးသည်။

    ဂါဇာတွင် သူမ၏ နည်းပညာပါရမီအတွက် တိုက်တွန်းအားပေးမှုကို အမြဲတမ်း ရှာမတွေ့သော်လည်း သူမအနေဖြင့် မိမိ၏ အိမ်သဖွယ် ခံစားရသည့် နေရာတစ်ခု ရှိသည်ဟု ဆူရူရ်က ပြောကြားခဲ့သည်။ ထိုနေရာက ဂါဇာစီးတီး၏ ကြက်ပျံမကျ စည်ကားသော အလ်-ရီမဲလ်ရပ်ကွက်ရှိ Gaza Sky Geeks ဟုခေါ်ဆိုသော မြေတောင်မြှောက်ပေးရာ နေရာတစ်ခု ဖြစ်သည်။

    “ဒီကလူတွေက ကျွန်မရဲ့ ဒုတိယမိသားစုပါပဲ” ဟူ ဆူရူရ်က ပြောကြားခဲ့သည်။ အထပ်ခိုးကဲ့သို့ အဆိုပါ နေရာကျဉ်းကျဉ်းလေးတွင် ပါလက်စတိုင်း ဒီဇိုင်နာများ၊ ၀ဘ်ဆိုက်ရေးဆွဲသူများ၊ အလွတ်တန်းနည်းပညာရှင်များ နေ့စဉ် အလုပ်လုပ်ကြသည်။

    ၂၀၁၁ ခုနှစ်က ဂူးဂဲလ်၏ မတည်ငွေ ကန်ဒေါ်လာ ၉ သိန်းဖြင့် စတင်ခဲ့သည့် အဆိုပါနေရာလေးမှာ အစ္စရေးက ပိတ်ဆို့မှုကြောင့် အတိဒုက္ခရောက်နေသည့် ဂါဇာရှိ ထွန်းသစ်စ နည်ပညာကဏ္ဍ တိုးတက်ကြီးပွားရန်အတွက် အကူအညီဖြစ်စေရေး နည်းပညာလုပ်ငန်း အသစ်များအတွက် အကြံအဉာဏ်များ၊ ကူညီထောက်ပံ့မှုများ ပေးအပ်နေသည်။

    ၂၀၁၃ ခုနှစ်ကတည်းက Gaza Sky Geeks အဖွဲ့မှ ပြုစုပျိုးထောင်ပေးလိုက်သည့် နည်းပညာလုပ်ငန်း ၄ ခုမှာ ရင်းနှီးမြှုပ်နှံမှုအဖြစ် ကန်ဒေါ်လာ ၃ သိန်းမှ ၆ သိန်းခွဲအထိ အသီးသီး ရရှိခဲ့သည်ဟု အဖွဲ့၏ ဆိုရှယ်မီဒီယာ ညှိနှိုင်းရေးမှူး ဒါလီယာ ရှာရ်ရဘ်က ပြောကြားခဲ့သည်။

    Gaza Sky Geeks အဖွဲ့ကတော့ ၎င်းတို့၏ လုပ်ငန်းအတွင်းသို့ အမျိုးသမီးငယ်များ၊ အမျိုးသမီးကြီးများ ပိုမိုပါဝင်လာရန် အာရုံစိုက်နေသည်။ ၎င်းတို့အဖွဲ့၏ အကြံဉာဏ်ပေးမှုဖြင့် နည်းပညာကုမ္ပဏီငယ်များကို တည်ထောင်သူများ၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်ကြသည်ဟု အဖွဲ့၏ အမျိုးသမီးဗဟိုပြု စီမံကိန်းများကို တာဝန်ယူကိုင်တွယ်နေရသူ ရာနာအလ်ကရေနာဝီက ပြောကြားခဲ့သည်။ အဖွဲ့၏ရည်ရွယ်ချက်က နည်းပညာကမ္ဘာတွင် လက်ရှိ ရှိနေသော ကျား၊ မ ကွာဟချက်ပြဿနာကို ဖြေရှင်းရေးအတွက် အမျိုးသမီးလုပ်ငန်းရှင် ၈၀ ရာခိုင်းနှုန်းအထိ ဖြစ်လာရန်ဟု သူမက ဆိုသည်။

    ကမ္ဘာလုံးဆိုင်ရာ နည်းပညာပြိုင်ပွဲတစ်ခုဖြစ်သော Technovation Challenge တွင် ဂါဇာမှ အမျိုသမီးငယ်များ ပါဝင်နိုင်ရန်အတွက် Gaza Sky Geeks က မကြာသေးမီကမှပင် စ၍ ကူညီပံ့ပိုးနေသည်။ အဆိုပါ ပြိုင်ပွဲက ကွန်ပျူတာပရိုဂရမ်များ ရေးဆွဲရေးကဏ္ဍကို အမျိုးသမီးငယ်များအား မိတ်ဆက်ပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး ထိုပြိုင်ပွဲမှာပင် ဆူရူရ်နှင့် ၎င်း၏အဖွဲ့က Early Alert အက်ပလီကေးရှင်းပုံတူကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

    ကွန်ပျူတာနောက်ခံအသိုင်းအ၀ိုင်းမရှိသည့် ဂါဇာကမ်းမြှောင်မှ မိန်းကလေးငယ် ၂၀ မှာ ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလအထိ ၄ လတာ ကျင်းပခဲ့သည့် Technovation Challenge တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

    အဖွဲ့တစ်ခုချင်းစီက ဂါဇာရှိ လူ့အဖွဲ့အစည်းတွင် ရှိနေသည့် ပြဿနာများကို ဖြေရှင်းရန်အတွက် ၀ဘ် အက်ပလီကေးရှင်း သို့မဟုတ် မိုဘိုင်း အက်ပလီကေးရှင်းတစ်ခု ဖန်တီးရန် စိတ်ကူးတစ်ခုစီ ရှိနေကြပြီး နည်းပညာဒီဇိုင်းနှင့် စီးပွားရေး စီမံကိန်းများဖြင့် ထိုစိတ်ကူးကို အကောင်အထည်ဖော်ကြသည်။ Gaza Sky Geeks ကတော့ ထိုအဖွဲ့များအတွက် နေရာပေးပြီး နည်းပြများ ထောက်ပံ့သည်ဟု အမျိုးသမီးနှင့် ကူညီထောက်ပံ့ရေးဆိုင်ရာ စီမံကိန်းမှ အကြီးအကဲဟောင်းဖြစ်သူ မိုင် တမ်ရက်ဇ်က ပြောကြားခဲ့သည်။

    ထိုအယောက် ၂၀ တွင် မည်သည့်အဖွဲ့ကမှ ဖိုင်နယ်သို့ မတက်ရောက်နိုင်ခဲ့သော်လည်း ၎င်းတို့၏ ရလဒ်များက အထင်ကြီးစရာဖြစ်နေသည်ဟု သူမက ဆိုသည်။

    “အလုပ်လက်မဲ့ ကြီးကြီးမားမားဖြစ်နေတဲ့ ဂါဇာမှာ နည်းပညာက အမျိုးသမီးတွေ အလုပ်ရဖို့အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပါပဲ” ဟု တမ်ရက်ဇ်က ပြောကြားခဲ့သည်။

    အစ္စရေးနှင့် အီဂျစ်တို့၏ ပိတ်ဆို့ထားမှုကြောင့် လူဦးရေ ၁.၈ သန်းရှိသည့် ဂါဇာကမ်းမြှောင်မှာ ယိုယွင်းပျက်ဆီးနေပြီး အလုပ်လက်မဲ့အကျပ်အတည်းဆီသို့ ဦးတည်နေသည်။ ပါလက်စတိုင်း ပိုင်နက်များအတွင်း လျင်လျင်မြန်မြန် ကြီးထွားလာသည့် နည်းပညာဆိုင်ရာ ကဏ္ဍက ၀ဘ်ဆိုက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းကို ရရှိစေသည်ဟု ရာမာလာရှိ လူငယ်များကို မြေတောင်မြှောက်ပေးမှု ပြုလုပ်နေသော အဖွဲ့တစ်ခုဖြစ်သည့် Leaders Organisation မှ ဒါရိုက်တာဖြစ်သူ ရှဒီ အက်စ်ဟန်က ပြောကြားခဲ့သည်။

    ၂၀၁၃ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အကြားတွင် Leaders က နည်းပညာလုပ်ငန်းသစ် ၄ ဒါဇင်ခန့်ကို ဖော်ဆောင်ပေးခဲ့ပြီး ၎င်းတို့ထဲမှ ၂၀ ခန့်မှာ ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့သည်။ လာမည့် ၃ နှစ်အတွင်း ထိုအရေအတွက် ၂ ဆ ဖြစ်လာရန် ၎င်းတို့က မျှော်မှန်းထားသည်။

    “ပါလက်စတိုင်းမှာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကောင်းကောင်း ရှိမယ်ဆိုရင် ချက်ခြင်း အလုပ်ရမှာပါ” ဟု အက်စ်ဟန်က ပြောကြားခဲ့သည်။

    သို့သော်လည်း အဆိုပါကဏ္ဍသို့ အမျိုးသမီးများ ၀င်ရောက်ရန်မှာ စိန်ခေါ်မှုကြီး ဖြစ်နေသည်။

    “နည်းပညာဆိုတာ အမျိုးသားတွေလွှမ်းမိုးတဲ့ ကဏ္ဍမျိုးပါ။ အမျိုးသမီးတွေက ထိုးဖောက်ဖို့၊ အဆင့်တစ်ခုရဖို့၊ ထိပ်ဆုံးရောက်ဖို့ မလွယ်ပါဘူး” ဟု ရာမာလာမှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ အမ်ဘာရ် အမ်လေဟ်က ပြောကြားခဲ့သည်။

    အမျိုးသမီးများမှာ အိမ်ထောင်ကိုသာ ထိန်းသိမ်းရမည်၊ သို့မဟုတ် အချိန်မများသော အလုပ်ကိုသာ လုပ်ဆောင်ရမည်ဆိုသည့် အယူအဆများ ရှိနေသည်ဟု တမ်ရက်ဇ်နှင့် အလ်လေဟ်တို့က ပြောကြားခဲ့သည်။ ထို့ကြောင့်ပင် Gaza Sky Geeks က အမျိုးသမီးများကို ပစ်မှတ်ထား စုဆောင်းခြင်းဖြစ်သည်။

    Gaza Sky Geeks က အလ်-ရီမယ်ရှိ ၎င်းတို့ ရုံးခန်းသို့ အသွားအပြန် သွားလာနိုင်ရန်အတွက် အမျိုးသမီးများကို လမ်းစားရိတ်အနည်းငယ်ပေးသည်။

    အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား ပရိုဂရမ်ရေးဆွဲမှုနှင့် စွန့်ဦးတီထွင်လုပ်ငန်း တည်ထောင်ရေး သင်ကြားပေးရန်အတွက် ဇူလိုင်လကမှ တည်တောင်ခဲ့သည် Gaza Sky Geeks ၏ အမျိုးသမီးသီးသန့် ပရိုဂရမ်ရေးဆွဲရေးကလပ်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် ၂၄ နှစ်အရွယ် အေလာ ခတဘ်က တစ်နေ့နေ့တွင် ဂါဇာ၌ ၎င်း၏ ကိုယ်ပိုင်လုပ်ငန်း တည်ထောင်နိုင်ရေး ပရိုဂရမ်ရေးဆွဲမှုကို သင်ယူချင်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်မရဲ့ အိပ်မက်က ဂါဇာက ပြဿသနာတွေကို ဖြေရှင်းရာမှာ အကူအညီဖြစ်စေမယ့် ဆော့ဖ်ဝဲတွေ ဖန်တီးနိုင်မယ့် ကိုယ်ပိုင် ပရိုဂရမ်ရေးဆွဲရေးနဲ့ ၀ဘ်ဒီဇိုင်းကုမ္ပဏီ တည်ထောင်ဖို့ပါ” ဟု ခတဘ်က ပြောကြားခဲ့ပြီး သူမအနေဖြင့် ပျော်စရာနှင့် ပညာရစရာများ ပေါင်းစပ်ကာ ကလေးငယ်များအား ပရိုဂရမ်ရေးဆွဲနည်း သင်ပေးရန် အက်ပလီကေးရှင်းတစ်ခု ဖန်တီးချင်သည်ဟု ဆိုသည်။

    အဆိုပါ ပရိုဂရမ်ရေးဆွဲရေးကလပ်တွင် အမျိုးမီးငယ် ၁၄ ဦးပါဝင်ပြီး တစ်ပတ်လျှင် တစ်ကြိမ် ၃ နာရီကြာ တွေ့ဆုံဆွေးနွေးကြသည်။ ၎င်းတို့မှာ ကွန်ပျူတာသိပ္ပံသာမကဘဲ ပရော်ရှင်နယ် အသိုက်အ၀န်းတွင် မည်ကဲ့သို့ ပြုမှုဆောင်ရွက်ရမည်ဆိုသည်နှင့် ၎င်းတို့၏ အယူအဆများကို ယုံကြည်ချက်ရှိရှိဖြင့် မည်ကဲ့သို့ ပြသရမည့်ဆိုသည့် အရည်အသွေးများကို သင်ယူနေကြသည်ဟု အလ်ကရေနာဝီက ပြောကြားခဲ့သည်။

    ပရိုဂရမ်ရေးဆွဲနည်းကို တတ်မြောက်ထားသည့် ခတဘ်က လက်ရှိတွင် ပိုမိုနားလည်စေစရန်အတွက် အွန်လိုင်းသင်တန်းကို တက်ရောက်နေပြီး၊ ကွန်ပျူတာသိပ္ပံနယ်ပယ်မှာ ဂါဇာအတွက် ကြီးမားသည့်အခွင့်အလမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်မ အမရဲ့ ကလေးတွေဟာ နည်းပညာဘက်မှာ တော်တော် တော်တာကို ကျွန်မ တွေ့ပါတယ်။ ငယ်ငယ်လေးထဲက စမတ်ဖုန်းတွေ၊ လက်တော့တွေကို သုံးတတ်တယ်။ ဒါပေမယ့် သူတို့ဟာ အမြဲတမ်း အွန်လိုင်းဂိမ်း ကစားနေကြတယ်။ သူတို့ရဲ့ နည်းပညာကျွမ်းကျင်မှုတွေကို ဘာ့ကြောင့် ကောင်းတဲ့ဘက်မှာ အသုံးမချတာလဲ။ အဲဒီလိုအသုံးချမှ ကောလိပ်က ဘွဲ့ရတဲ့အခါမှာ သူတို့ ဘာလုပ်ချင်လဲဆိုတာကို သူတို့ သိလိမ့်မယ်။ သူတို့ အလုပ်ရနိုင်မယ်။ ပြီးတော့ ဂါဇာအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲကို လုပ်နိုင်ပါလိမ့်မယ်”

    အသက် ၁၉ နှစ်အရွယ်ရှိ အဖွဲ့ဝင် အဘီရ် ကရမ်ကတော့ ၂၀၁၄ ခုနှစ် အစ္စရေး၏ ကျူးကျော်စစ်က ဂါဇာပြည်သူများ၏ ဘ၀များကို ထူးခြားပြောင်းလဲစေရန်အတွက် နည်းပညာကို အသုံးချရမည်ဆိုသည့် အတွေး ၀င်လာစေသည်ဟု ပြောကြားခဲ့သည်။

    “(စစ်ပွဲမှာ) လက်ဆုံးရှုံးသွားတဲ့သူတွေကို ကျွန်မ တွေ့ဖူးပါတယ်။ တစ်ခုခု အိတ်ထဲက ထုတ်ဖို့လိုတဲ့အခါတိုင်း သူတို့ တစ်ယောက်ယောက်ကို အကူအညီလှမ်းတောင်းရတယ်” ဟု ကရင်မ်က ပြောကြားခဲ့သည်။ သူမက လိုချင်သည့်အရာကို အသံဖြင့် အမိန့်ပေးနိုင်သည့် ကျောပိုးအိတ်မျိုးကို လက်မရှိသူများ အသုံးပြုနိုင်ရန် တီထွင်ချင်နေသည်။ အဆိုပါ ကျောပိုးအိတ်က အပေါ်အောက် ရွေ့လျားနိုင်သည့် အိတ်မျိုး ဖြစ်သည်။

    အမ်လေဟ်ကတော့ ကွန်ပျူတာ ပရိုဂရမ်ရေးဆွဲနည်း ဘာသာရပ်ဖြင့် ဘွဲ့ရသည့် ဂါဇာမှ အမျိုးသမီးများမှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ်များတွင် အာရုံစိုက်ကြသည်ဟု ဆိုသည်။

    “ပြဿနာကို သူတို့ကို ကျောင်းပြီးတာနဲ့ အလုပ်ကို တန်းမချိတ်ပေးနိုင်တာပါ။ အလုပ်လက်မဲ့နှုန်းမြင့်တာကြောင့် အလုပ်ခန့်ဖို့ ဦးစားပေးဆိုရင် ကံမကောင်းအကြောင်းမလှစွာပဲ အမျိုးသားတွေက ရကြပါတယ်။ ဒီနယ်ပယ်မှာ အလုပ်အကိုင်အခွင့်အလမ်းက တော်တော်လေးနည်းပြီး ပုံမှန်အားဖြင့် အမျိုးသားတွေသာ ရကြပါတယ်”

    Ref: Aljazeera

    (Aljazeera မှ Meet Gaza’s female geeks ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)