News @ M-Media

Tag: indonesia

  • ဘေးအန္တရာယ် စိုးရိမ်မှုကြောင့် Boeing 737 MAX လေယာဉ် အသုံးပြုမှုကို နိုင်ငံအများအပြားက ရပ်ဆိုင်း

    ဘေးအန္တရာယ် စိုးရိမ်မှုကြောင့် Boeing 737 MAX လေယာဉ် အသုံးပြုမှုကို နိုင်ငံအများအပြားက ရပ်ဆိုင်း

    မတ် ၁၂၊ ၂၀၁၉
    M-Media

    တရုတ်လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း

    – တနင်္ဂနွေနေ့က အီသီယိုးပီးယား ခရီးသည်တင် လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီးနောက် အမျိုးအစားတူ Boeing 737 MAX လေယာဉ်တွေ အသုံးပြုမှု ခေတ္တရပ်ဆိုင်းတဲ့ လေကြောင်းလိုင်းတွေထဲမှာ အီသီယိုးပီးယားနဲ့ တရုတ်နိုင်ငံတို့အပြင် အင်ဒိုနီးရှားနဲ့ စင်ကာပူနဲ့ သြစတေးလျတို့လည်း ပါဝင်လာခဲ့ပါတယ်။

    စင်ကာပူအခြေစိုက် လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ SilkAir က သူတို့မှာရှိနေတဲ့ Boeing 737 MAX လေယာဉ် ၆ စီးကို မတ်လ ၁၂ ရက်နေ့ (ယနေ့) ကစပြီး ပြေးစွဲမှု ခေတ္တရပ်ဆိုင်းသွားမယ်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    Ethiopian လေကြောင်းလိုင်းက ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၅၇ ဦး လိုက်ပါသွားတဲ့ လေယာဉ်ဟာ ကင်ညာနိုင်ငံ နိုင်ရိုဘီလေဆိပ်က ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ခဲ့တာဖြစ်ပြီး လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။ ဒါဟာ ၆ လအတွင်း ဒုတိယမြောက် Boeing 737 MAX လေယာဉ် ပျက်ကျမှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air က Boeing 737 MAX လေယာဉ်ဟာ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ်ပါသူအားလုံး သေဆုံးခဲ့ပါတယ်။

    စင်ကာပူ အရပ်ဖက် လေကြောင်းအာဏာပိုင်အဖွဲ့ CAAS က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ‘၅ လအတွင်း Boeing 737 MAX လေယာဉ်နှစ်စင်း ပျက်ကျခဲ့ပြီးနောက် ဒီလေယာဉ်တွေ စင်ကာပူကို ၀င်၊ ထွက်ပျံသန်းမှု ယာယီ ပိတ်ပင်လိုက်တယ်’ လို့ ဖော်ပြထားပါတယ်။ ဒီလို ပိတ်ပင်မှုအတွက် ခရီးသည်တွေ ထိခိုက်မှုအနည်းဆုံး ဖြစ်စေဖို့အတွက် ချန်ဂီလေဆိပ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း CAAS က ပြောပါတယ်။

    အီသီယိုးပီးယားအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နိုင်ငံက ပထမဆုံးအဖြစ် Boeing 737 MAX အသုံးပြုမှုကို ရပ်ဆိုင်းထားဖို့ ပြည်တွင်းလေကြောင်းလိုင်းတွေကို တနင်္လာနေ့က အမိန့်ပေးခဲ့ပါတယ်။

    သြစတေးလျနိုင်ငံ အရပ်ဖက် လေကြောင်းအန္တရာယ်ကင်းရှင်းရေး အာဏာပိုင်အဖွဲ့ကလည်း ဘေးအန္တရာယ် ကင်းရှင်းဖို့နဲ့ အဖြစ်အပျက်တွေကို ပြန်လည်သုံးသပ်ဖို့အတွက် Boeing 737 MAX လေယာဉ် အသုံးပြုမှုကို ယာယီ ရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

    လက်ရှိ Boeing 737 MAX အသုံးပြုမှုကို ယာယီရပ်ဆိုင်းထားတဲ့ နိုင်ငံတွေက အီသီယိုးပီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ သြစတေးလျနဲ့ စင်ကာပူတို့ ဖြစ်ကြပြီး အီတလီ၊ အိုမန်၊ တူရကီနဲ့ ရုရှားလေကြောင်းလိုင်းတွေက ပျက်ကျသွားတဲ့ လေယာဉ်ကိစ္စ စုံစမ်းမှုကို အနီးကပ် စောင့်ကြည့်နေကာ၊ ဘိုးအင်းကုမ္ပဏီနဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပါတယ်။

    အမေရိကန် အရပ်ဖက် လေကြောင်းအာဏာပိုင်တွေက ဘိုးအင်းအနေနဲ့ Boeing 737 MAX လေယာဉ်ရဲ့ အခြေအနေတွေကို ပိုမိုကောင်းမွန်အောင် မဆိုင်းမတွဆောင်ရွက်ဖို့ အမိန့်ပေးထားပါတယ်။

    Ref: Aljazeera

  • ၂၀၃၂ အိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့်ရရေး အင်ဒိုနီးရှား လျှောက်ထား

    ၂၀၃၂ အိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့်ရရေး အင်ဒိုနီးရှား လျှောက်ထား

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၉
    M-Media

    ဂျကာတာမြို့ မြင်ကွင်း

    – ၂၀၃၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရေးအတွက် အင်ဒိုနီးရှားက လျှောက်ထားလိုက်ပြီး အိန္ဒိယ၊ တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံနဲ့အတူ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

    အင်ဒိုနီးရှားဟာ ပြီးခဲ့တဲ့နှစ်က အာရှအားကစားပြိုင်ပွဲကို အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ပါတယ်။ အိုလံပစ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရေး သမ္မတ ဂျိုကို ၀ီဒိုဒိုရဲ့ လျှောက်ထားလွှာကို ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်က နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC ကို ပြီးခဲ့တဲ့တစ်ပတ်မှာ ပေးအပ်ခဲ့ပါတယ်။

    “အာရှအားကစားပြိုင်ပွဲနဲ့ ၂၀၁၈ မသန်စွမ်း အာရှအားကစားပြိုင်ပွဲတွေကို အင်ဒိုနီးရှားက အောင်မြင်စွမ်း ကျင်းပနိုင်စွမ်း ရှိတယ်ဆိုတာ IOC က မျက်မြင်ကိုယ်တွေ့ပါပဲ။ ဒီလိုကျင်းပနိုင်တာဟာ ခိုင်မာတဲ့ ဖောင်ဒေးရှင်းဖြစ်တယ်လို့ ကျွန်တော်တို့ ခံယူပါတယ်” လို့ သံအမတ် မူလီယာမန် ဒီ ဟာဒဒ်က ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှား လူ့စွမ်းအားအရင်းအမြစ်နဲ့ ယဉ်ကျေးမှုဆိုင်ရာ ၀န်ကြီးဌာနကလည်း အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေး လျှောက်ထားမှုကို အတည်ပြုခဲ့ပါတယ်။

    အရှေ့တောင်အာရှရဲ့ လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံသာ ၂၀၃၂ အိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရမယ်ဆိုရင် ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားတို့ ပြီးတဲ့နောက် အိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့်ရတဲ့ စတုတ္ထမြောက် အာရှနိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

    နိုင်ငံတကာ အိုလံပစ်ကော်မတီဟာ ၂၀၃၂ ခုနှစ်အတွက် အိမ်ရှင်နိုင်ငံကို ၂၀၂၅ ခုနှစ်မှာ ရွေးချယ်မှာ ဖြစ်ပါတယ်။

    ၂၀၂၀ အိုလံပစ်ကို တိုကျိုမှာကျင်းပမှာဖြစ်ပြီး ၂၀၂၄ အိုလံပစ်ကို ပဲရစ်နဲ့ ၂၀၂၈ အိုလံပစ်ကို လော့စ်အိန်ဂျလိစ်တို့မှ အသီးသီး ကျင်းပမှာ ဖြစ်ပါတယ်။

    Ref: CNA

  • စနေနေ့က ဆူနာမီဖြစ်ခဲ့သည့်ဒေသတွင် အင်ဒိုအာဏာပိုင်များက သတိပေးချက် ထပ်မံထုတ်ပြန်

    စနေနေ့က ဆူနာမီဖြစ်ခဲ့သည့်ဒေသတွင် အင်ဒိုအာဏာပိုင်များက သတိပေးချက် ထပ်မံထုတ်ပြန်

    ဒီဇင်ဘာ ၂၆၊ ၂၀၁၈
    M-Media

    စနေနေ့က လှုပ်ရှားခဲ့သည့် Anak Krakatoa မီးတောင်

    – စနေနေ့က လှုပ်ရှားသွားတဲ့ မီးတောင် Anak Krakatoa နားမှာ ဆိုးရွားတဲ့ ရာသီဥတုနဲ့ ရေလှိုင်းကြီးတွေကြောင့် ဆူနာမီ ထပ်ဖြစ်ဖွယ် ရှိတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဒီကနေ့မှာ သတိပေးလိုက်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မနေကြဖို့လည်း ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

    ဆွန်ဒါရေလက်ကြားနားမှာရှိတဲ့ Anak Krakatoa မီးတောင် လှုပ်ခတ်မှုကြောင့် စနေနေ့ညပိုင်းမှာ ဂျာဗားနဲ့ ဆူမားတြားကျွန်း အစွန်ုပိုင်းတွေမှာ ၁၅ ပေလောက်အမြင့်ရှိတဲ့ ဆူနာမီလှိုင်းတွေ မြင့်တက်လာခဲ့ပြီး အနည်းဆုံး လူ ၄၀၀ ကျော်သေဆုံးကာ ထောင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

    လက်ရှိမှာ မီးတောင်အနား ရာသီဥတု ဆိုးဝါးနေတယ်လို့ အင်ဒိုနီးရှား မိုးလေ၀သဌာနက အင်္ဂါနေ့ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    “မီးတောင်လှုပ်ရှားမှုကို အဓိကထား စောင့်ကြည့်နိုင်မယ့် စနစ်တစ်ခုကို ကျွန်တော်တို့ ဖန်တီးထားပြီး ကြိုတင်သတိပေးချက် ထုတ်ပြန်နိုင်ဖို့ ဖြစ်ပါတတယ်” လို့ အေဂျင်စီအကြီးအကဲ ဒွီကိုရီတာ ကာရ်နာဝါတီက ပြောကြားခဲ့ပြီး ၂ ကီလိုမီတာရှိတဲ့ သီးခြားဇုန်တစ်ခုကိုလည်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

    စနေနေ့က ဆူနာမီကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၂၉ ဦးအထိ မြင့်တက်လာခဲ့ပြီး ၁၅၄ ဦးလောက် ပျောက်ဆုံးနေပါတယ်။ ဒဏ်ရာရသူက ၁၄၀၀ ကျော်လောက်ရှိပြီး လူထောင်နဲ့ချီ အမြင့်ပိုင်းနေရာတွေကို ရွှေ့ပြောင်းနေထိုင်နေရပါတယ်။

    Ref: CNA

  • အင်ဒိုဆူနာမီ သေဆုံးသူ ၂၈၀ ကျော်လာ၊ ထပ်မံမြင့်တက်လာဖွယ်ရှိ

    အင်ဒိုဆူနာမီ သေဆုံးသူ ၂၈၀ ကျော်လာ၊ ထပ်မံမြင့်တက်လာဖွယ်ရှိ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    – အင်ဒိုနီးရှားမှာ စနေနေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် သေဆုံးသူ အရေအတွက် ၂၈၀ ကျော်လာခဲ့ပြီး နောက်ထပ် ဖြစ်ပွားနိုင်ခြေ ရှိတယ်လို့လည်း ပညာရှင်တွေက သတိပေးထားပါတယ်။

    ဆွန်ဒါ ရေလက်ကြားက Anak Krakatoa မီးတောင် လှုပ်ခတ်မှုကြောင့် ပင်လယ်အောက်မှာ မြေပြိုရာကနေ ဂျာဗားနဲ့ ဆူမားတြားကျွန်း အစွန်ပိုင်းတွေမှာ ဆူနာမီရေလှိုင်းတွေ ၀င်ရောက်လာတာဖြစ်ပြီး ပြည်နယ် ၂ ခုမှာရှိတဲ့ မြို့တွေ အကြီးအကျယ် ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

    အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအေဂျင်စီက သေဆုံးသူအရေအတွက်ဟာ စုစုပေါင်း ၂၈၁ ဦး ရှိလာပြီလို့ ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး ပျောက်ဆုံးသူက ၅၀ လောက် ရှိနေပါတယ်။ ဆူနာမီကြောင့် အိမ်တွေ၊ အဆောက်အဦးတွေလည်း အကြီးအကျယ်ပျက်ဆီးခဲ့ကာ လူတစ်ထောင်ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    အေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပူရ်ဝို နူဂရိုဟိုက သေဆုံးသူအရေအတွက်နဲ့ ပျက်ဆီးဆုံးရှုံးမှု ပမာဏဟာ မြင့်တက်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီရေစောင့်ကြည့်ရေးစနစ် အလုပ်မလုပ်

    နူဂရိုဟို အင်ဒိုနီးရှားရဲ့ ဆူနာမီဒီရေ ကြိုတင်သတိပေးတဲ့စနစ်ဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းက အသုံးပြုလို့မရတော့ဘဲ ဖျက်ဆီးခံရတာ၊ ရန်ပုံငွေနည်းတာနဲ့ နည်းပညာဆိုင်ရာ ပြဿနာတွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီစနစ်မရှိတာကြောင့် ဆူနာမီကို ကြိုတင်မသိရှိနိုင်တာ ဖြစ်ပါတယ်”

    ဒါ့အပြင် ပင်လယ်အောက်မှာ မြေပြိုမှု၊ မီးတောင်လှုပ်မှုတွေကို ကြိုတင်သိရှိ အသိပေးနိုင်မယ့် စနစ်မျိုးလည်း အင်ဒိုနီးရှားမှာ မရှိသေးဘူးလို့လည်း သူက ဆိုပါတယ်။

     

    Ref: CNA

  • အင်ဒိုနီးရှားတွင် ဆူနာမီဖြစ်ပေါ်ပြီး အနည်းဆုံး လူ ၂၀ သေဆုံး

    အင်ဒိုနီးရှားတွင် ဆူနာမီဖြစ်ပေါ်ပြီး အနည်းဆုံး လူ ၂၀ သေဆုံး

    ဒီဇင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    – အင်ဒိုနီးရှားနိုင်ငံမှာ စနေနေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် အနည်းဆုံး သေဆုံးသူ ၂၀ ရှိပြီး အဆောက်အဦး ပြိုကျပျက်ဆီးမှု၊ ဒဏ်ရာရမှုတွေလည်း ရှိတယ်လို့ အင်ဒိုအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    Anak Krakatoa မီးတောင် လှုပ်ရှားရာကနေ ဆွန်ဒါရေလက်ကြား ပင်လယ်အောက်မှာ မြေပြိုပြီး ဆူမားတြားနဲ့ ဂျာဗားကျွန်း အစွန်အဖျားတွေမှာ ဆူနာမီရေလှိုင်းတွေ တက်လာတာ ဖြစ်ပါတယ်။

    ဆူနာမီကြောင့် ဒဏ်ရာရသူ အရေအတွက်ဟာ ၁၇၀ နီးပါး ရှိနေပြီး အဆောက်အဦး ပြိုကျပျက်ဆီးမှုတွေ ရှိတာကြောင့် သေဆုံး၊ ဒဏ်ရာရသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အင်ဒိုနီးရှား မိုးလေ၀သနဲ့ ဇလဗေဒဌာနက ဆူနာမီဖြစ်ပွားရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ရှင်ပေါင်း ၁၂၇ ခုလောက်ရှိပြီး မီးတောင်ပေါက်ကွဲမှု၊ ငလျင်လှုပ်မှုတွေကြောင့် ဘေးအန္တရာယ်တွေ မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။

    စက်တင်ဘာလကလည်း အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဆူလာဝေစီကျွန်းမှာ ငလျင်လှုပ်ခတ်ပြီး ဆူနာမီဖြစ်ပေါ်တာကြောင့် လူ ၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    Ref: BBC