News @ M-Media

Tag: indonesia

  • ပါလက်စတိုင်းနယ်မြေများအား အစ္စရေးက သိမ်းပိုက်မှုကို ရပ်တန့်ရန် အင်ဒိုသမ္မတ တိုက်တွန်း

    ပါလက်စတိုင်းနယ်မြေများအား အစ္စရေးက သိမ်းပိုက်မှုကို ရပ်တန့်ရန် အင်ဒိုသမ္မတ တိုက်တွန်း

    မတ် ၇၊ ၂၀၁၆
    M-Media

    indo

    – ပါလက်စတိုင်းနယ်မြေများအား အစ္စရေးက သိမ်းပိုက်မှုကို အဆုံးသတ်ရန် အင်ဒိုနီရှားသမ္မတ ဂျိုကို ၀ီဒိုဒိုက တိုက်တွန်းခဲ့ပြီ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ စိတ်ရှည်သည်းခံမှု ကုန်ဆုံးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဟု ပြောကြားလိုက်သည်။

    ဂျကတာ၌ပြုလုပ်သော ပါလက်စတိုင်းနှင့် ဂျေရုစလင်ဆိုင်ရာ အိုအိုင်စီအဖွဲ့၏ ၅ ကြိမ်မြောက် အထူးထိပ်သီးအစည်းအဝေး ဒုတိယမြောက်နေ့ဖြစ်သော ယနေ့ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အိုအိုင်စီနိုင်ငံများအနေဖြင့် အစ္စရေး-ပါလက်စတိုင်း ပြဿနာအား ဖြေရှင်းမှု၏ အစိတ်အပိုင်းဖြစ်ရမည်ဟုလည်း သတိပေးခဲ့သည်။

    “နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အစိတ်အပိုင်းအဖြစ် အစ္စရေးဟာ တရားမ၀င်လုပ်ရပ်တွေ၊ သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်မှာ ချမှတ်ထားတဲ့ ပေါ်လစီတွေကို ရပ်တန့်ပစ်ရပါလိမ့်မယ်။ အင်ဒိုနီးရှားနဲ့ အစ္စလာမ်ကမ္ဘာကလည်း ပါလက်စတိုင်းအပေါ် အစ္စရေးရဲ့ ကိုလိုနီပြုမှုနဲ့ အလ်-ကွဒ်စ် အလ်-ရှရစ်ဖ် (ဂျေရုစလင်) မှာ ထင်တိုင်းကြဲနေတာတွေကို အဆုံးသတ်ရေး တွန်းအားပေးဖို့အတွက် ခိုင်မာတဲ့ခြေလှမ်းတွေလှမ်းဖို့ လိုအပ်ပါတယ်” ဟု ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့သည်။

    ပါလက်စတိုင်းမှာ ဂျေရုစလင်ကို ၎င်းတို့ အနာဂတ်နိုင်ငံ၏ မြို့တော်အဖြစ် ထားချင်နေသည်။ အိုအိုင်စီက ယခုကျင်းပသည့် ထိပ်သီးအစည်းအဝေးမှာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ တောင်းဆိုမှုကြောင့် ပြုလုပ်ခြင်းဖြစ်ပြီး ပါလက်စတိုင်း ပိုင်နက်များအတွင်း ဆိုးရွားလာသော အခြေအနေများကို ဆွေးနွေးရန်နှင့် ပါလက်စတိုင်းလွတ်မြောက်ရေးအပေါ် အိုအိုင်စီ၏ ထောက်ခံမှုကို ပိုမိုခိုင်မာစေရန်အတွက်လည်း ဖြစ်သည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ကမူ အစ္စရေးဘက်မှ ဆက်လက်လုပ်ဆောင်နေသော တရားမ၀င်အိမ်ယာများ ဆောက်လုပ်မှုက နှစ်နိုင်ငံအဖြေကို ခြိမ်းခြောက်နေသည်ဟု ပြောကြားခဲ့သည်။ ဂျကာတာ၌ ပြုလုပ်ပြီး ၂ ရက်တာ ကြာမြင့်မည့် ယခုထိပ်သီးအစည်းဝေးကို အိုအိုင်စီအဖွဲ့ဝင် ၅၇ နိုင်ငံမှ ၄၉ နိုင်ငံ တက်ရောက်ခဲ့ကြသည်။

    Ref: IINA

  • အင်ဒိုတွင် ငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထား

    အင်ဒိုတွင် ငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထား

    မတ် ၂၊ ၂၀၁၆
    M-Media

    indo

    – အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း အနောက်ပိုင်း ကမ်းရိုးတမ်းတွင် အင်အား ၇.၉ မဂ္ဂနီကျုရှိ ငလျင်တစ်ခု ယနေ့တွင် လှုပ်ခတ်သွားသောကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားသည်ဟု သိရသည်။

    မြေပြင်အောက် ၁၀ ကီလိုမီတာအနက်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အနောက်ဆူမားတြား၊ မြောက်ဆူမားတြားနှင့် အာချေးပြည်နယ်တို့တွင် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။ လတ်တလောတွင် ထိခိုက်ဒဏ်ရာရမှု သတင်းများ မရရှိသေးသော်လည်း ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်နိုင်သည့် အလားအလာ ရှိနေသည်။

    ငလျင်ကြောင့် အင်ဒိုပြည်သူများမှာ ကုန်းမြင့်ပိုင်းသို့ ထွက်ပြေးခဲ့ကြသည်။ ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံတွင် အိန္ဒိယသမုဒ္ဒရာမှ ဆူနာမီလှိုင်းလုံးများ ဆိုးဆိုးဝါးဝါးရိုက်ခတ်မှုကို ခံစားခဲ့ရသည်။ အဆိုပါ ဆူနာမီအတွင်း နိုင်ငံပေါင်း တစ်ဒါဇင်ခန့်မှ လူပေါင်း ၂ သိန်း ၃ သောင်းခန့် သေဆုံးခဲ့ပြီး အများစုမှာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှဖြစ်သည်။

    Ref: Aljazeera

  • ဇီကာဗိုင်းရပ်စ်ကြောင့် နိုင်ငံ ၈ နိုင်ငံသို့ နိုင်ငံသားများ ခရီးသွားလာမှုကို အင်ဒို ပိတ်ပင်

    ဇီကာဗိုင်းရပ်စ်ကြောင့် နိုင်ငံ ၈ နိုင်ငံသို့ နိုင်ငံသားများ ခရီးသွားလာမှုကို အင်ဒို ပိတ်ပင်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၆
    M-Media

    zika 6

    – ဇီကာဗိုင်းရပ်စ်ပိုး ပြန့်နှံ့နေသည့် နိုင်ငံ ၈ နိုင်ငံအား နိုင်ငံသားများ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ သွားလာခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    အဆိုပါ ၈ နိုင်ငံမှာ ဘရာဇီးလ်၊ ကိပ်ဗာဒီ၊ ကိုလံဘီယာ၊ အလ် ဆာဗေဒိုး၊ ဟွန်ဒူးရပ်စ်၊ မာတင်းနစ်၊ ပနားမားနှင့် ဆူရီနမ်တို့ဖြစ်ကြပြီး ထိုင်းနိုင်ငံအပါအ၀င် ရောဂါပိုးတွေ့ရှိရကြောင်း သတင်းများထွက်ပေါ်နေသည့် နိုင်ငံပေါင်း ၂၂ နိုင်ငံသို့ သွားရောက်ရာတွင်လည်း သတိထားကြရန် အကြံပြုထားသည်။

    ကူးစက်သူများတွင် မှတ်ဥာဏ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ဖြစ်ပွားစေသည့် ဇီကာဗိုင်းရပ်စ်မှာ ခြင်မှတစ်ဆင့် ပြန့်နှံ့ပြီး မိခင်မှ သန္ဓေသားကိုလည်းကောင်း၊ သွေးသွင်းခြင်းဖြင့်လည်းကောင်း၊ လိင်ဆက်ဆံခြင်းဖြင့်လည်းကောင်း ကူးစက်သည်ဟု သိရသည်။

    Ref: Channelnewsasia

  • အာကာသ စီမံကိန်းစင်တာတစ်ခုကို အင်ဒိုနီးရှား တည်ဆောက်မည်

    အာကာသ စီမံကိန်းစင်တာတစ်ခုကို အင်ဒိုနီးရှား တည်ဆောက်မည်

    ဇန်န၀ါရီ ၂၈၊ ၂၀၁၆
    M-Media

    Indo plane

    – နိုင်ငံအတွင်းက ဘန်ဒေါင်းနည်းပညာတက္ကသိုလ်မှာ အာကာသစီမံကိန်းစင်တာတစ်ခု တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ အင်ဒိုနီးရှား စက်မှုလက်မှုဝန်ကြီးဌာနက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    သတ္တု၊ စက်၊ လျှပ်စစ်နဲ့ သယ်ယူပို့ဆောင်ရး စက်ပစ္စည်းများဆိုင်ရာ ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဂတ်စ်တီ ပူတူး ဆူရိယ အ၀ီရာဝမ်က အဲဒီစက်ရုံဟာ တိုင်းပြည်ရဲ့ အာကာသစီမံကိန်းတွေ အောင်မြင်ဖို့အတွက် အကူအညီဖြစ်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “အမျိုးသားအာကာသလုပ်ငန်းရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ဖော်ဆောင်ဖို့ မျှော်လင့်ချက်နဲ့ ဒီစီမံကိန်းကို ရေးဆွဲနေတာဖြစ်ပါတယ်” လို့ ဆူရိယအ၀ီရာဝမ်က အင်ဒိုနီးရှား လေယာဉ်အစိတ်အပိုင်းထုတ်လုပ်ရေးအသင်းနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

    အဲဒီစီမံကိန်းစင်တာဟာ အချို့သော အာကာသအစီအစဉ်တွေကို အကောင်အထည်ဖော်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်မှာဖြစ်ပြီး၊ အမျိုးသားလေယာဉ်အစိတ်အပိုင်းထုတ်လုပ်ရေးလုပ်ငန်းရဲ့ ကျွမ်းကျင်မှုနဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့အတွက် နည်းပညာလမ်းညွှန်မှုတွေကိုလည်း ဒီစင်တာက ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

    လက်ရှိအချိန်မှာ ကြီးထွားလာတဲ့ အင်ဒိုနီးရှား အမျိုးသား အာကာသကဏ္ဍဟာ အင်ဒိုနီးရှားရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးဖို့အတွက် မျှော်လင့်ချက်လည်း ဖြစ်နေပါတယ်။ နောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဖော်ဆောင်ပေးနိုင်မှာဖြစ်ကာ နည်းပညာနယ်ပယ်မှာ နိုင်ငံရဲ့ အောင်မြင်မှုကိုလည်း အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။

    Ref; IINA

  • ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းကို အင်ဒိုနီးရှားစတင်ဖောက်လုပ်

    ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းကို အင်ဒိုနီးရှားစတင်ဖောက်လုပ်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media

    indo

    – နိုင်ငံရဲ့ ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းဖောက်လုပ်မှုကို အင်ဒိုနီးရှားမှာ ကြာသပတေးနေ့က စတင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

    ၁၄၂ ကီလိုမီတာရှည်တဲ့ အဲဒီရထားလမ်းဟာ မြို့တော်ဂျကာတာနဲ့ ဂျာဗားအနောက်ပိုင်း ဘန်ဒေါင်းတို့အကြား ဖြတ်သန်းပြေးဆွဲမှာ ဖြစ်ပြီး၊ ကန်ဒေါ်လာ ၅ ဘီလီယံ ကုန်ကျမယ့် အဲဒီစီမံကိန်းကို အင်ဒိုနီးရှားနိုင်ငံပိုင်ကုမ္ပဏီခြောက်ခုပူးပေါင်းထားတဲ့ အုပ်စုနဲ့ တရုတ်ရထားလမ်းကုမ္ပဏီတစ်ခုတို့ ကိုယ်ပိုင်ထည့်ဝင်ငွေတွေနဲ့ ပူးပေါင်းဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

    အနောက်ဘန်ဒေါင်းမှာ ပြုလုပ်ခဲ့တဲ့ အုတ်မြစ်ချပွဲ အခမ်းအနားကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက တက်ရောက်ခဲ့ပါတယ်။

    “ချီးမွမ်းခြင်းအားလုံးဟာ ဘုရားသခင်အဖို့သာဖြစ်ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့တွေ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းကို စတင်တည်ဆောက်နိုင်ခဲ့ပါပြီ။ ဒါဟာ တရုတ်နဲ့ အင်ဒိုနီးရှားအစိုးရအကြား ကြီးမားတဲ့ ပူးပေါင်းဆောင်ရွက်ချက်ပါပဲ။ ဖွံ့ဖြိုးတိုးတက်မှုတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုဟာ နိုင်ငံတွေအကြား ယှဉ်ပြိုင်မှုမှာ အောင်မြင်သူတစ်ဦးအဖြစ် ပေါ်ထွက်လာပါလိမ့်မယ်” လို့ ဂျိုကို ၀ီဒိုဒိုက ပြောကြားခဲ့ပါတယ်။

    တစ်နာရီ ကီလိုမီတာ ၃၅၀ နှုန်းနဲ့ ပြေးဆွဲမယ့် အဲဒီ မြန်နှုန်းမြင့်ရထားလမ်းစနစ်ကို ၂၀၁၈ မှာ အပြီးသတ်ပြီး ၂၀၁၉ အစောပိုင်းလောက်မှာ စတင်ပြေးဆွဲနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

    ယမန်နှစ်က ဂျပန်နဲ့ တရုတ်ဟာ အဆိုပါစီမံကိန်းကိုလုပ်ကိုင်ဖို့ အကြိတ်အနယ်ယှဉ်ပြိုင်နေခဲ့ပါတယ်။ ဂျပန်က စီမံကိန်းအောင်မြင်နိုင်ချေရှိမရှိ စမ်းသပ်ဖို့ နှစ်ပေါင်းများစွာလေ့လာ၊ ဒေါ်လာသန်းပေါင်းများစွာသုံးစွဲပြီးနောက် အမြန်ရထားတည်ဆောက်ဖို့သာ ဦးစားပေးခဲ့ပါတယ်။

    ဘန်ဒေါင်းနဲ့ ဂျာကာတာ ကြားအကွာအဝေးဟာ မြန်နှုန်းမြင့်ရထားပြေးဆွဲဖို့ အဆင်မပြေဘူးလို့ယူဆတဲ့အတွက် သမ္မတ၀ီဒိုဒိုဟာ ပထမပိုင်းမှာ အဲဒီစီမံကိန်းကို ပယ်ချခဲ့ပါတယ်။ နဂိုပုံမှန်ပြေးဆွဲနေတဲ့ရထားလမ်း ရှိနှင့်ပြီးသားဖြစ်တာကြောင့် အဲဒီစီမံကိန်းအတွက် အစိုးရဘက်ဂျက်ကို ထုတ်ယူသုံးစွဲလိုစိတ် မရှိခဲ့ပါဘူး။

    ဒါပေမယ့် တရုတ်က အစိုးရစိုက်ငွေ သို့မဟုတ် အာမခံကြေး လုံးဝမလိုပေးစရာမလိုတဲ့ ၎င်းရဲ့အဆိုပြုလွှာကို ပြန်လည်ပေးပို့ခဲ့ပြီး စီမံကိန်းဆောင်ရွက်မှုအတွက် ဂျပန်ကိုကျော်ကာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

    Ref: Channelnewsasia