News @ M-Media

Tag: indonesia

  • အင်ဒိုနီးရှား ဆီအုန်းစိုက်ခင်း မီးရှို့ပြာချမှု နောက်ဆက်တွဲကို ဖြေရှင်းရန် ၃ နှစ်ကြာမည်

    အင်ဒိုနီးရှား ဆီအုန်းစိုက်ခင်း မီးရှို့ပြာချမှု နောက်ဆက်တွဲကို ဖြေရှင်းရန် ၃ နှစ်ကြာမည်

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    indo

    – တောမီးလောင်မှုမှ ဖြစ်လာမည့် နောက်ဆက်တွဲရလဒ်များကို ဖြေရှင်းရန်အတွက် ၃ နှစ်ခန့် အချိန်ယူရမည်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ယမန်နေ့တွင် BBC နှင့်ပြုလုပ်သော အင်တာဗျူး၌ ထည့်သွင်းပြောကြားခဲ့သည်။

    အင်ဒိုနီးရှား၏ အဆိုပါတောမီးကြောင့် မီးခိုးများမှာ စင်ကာပူနှင့် မလေးရှားတို့အထိ ရောက်ရှိနေပြီး၊ ၀ီဒိုဒိုကမူ မိမိတို့မှာ စစ်သား ၃၇၀၀၊ ရဲတပ်ဖွဲ့ဝင် ၈၀၀၀၊ ရေဗုံးကြဲနိုင်မည့် လေယာဉ် ၄ စင်းတို့နှင့်အတူ မီးငြှိမ်းသက်ရန် အစွမ်းကုန် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

    ထို့ပြင် မီးလောင်နေသည့် နေရာများသို့ ရေရောက်ရှိနိုင်ရန် သစ်တောအတွင်း အရန်ရေများနှင့် တူးမြောင်းများကို ဆောင်ရွက်နေပြီး၊ သစ်တောမီးရှို့မှုအတွက် တားမြစ်သည့် ဥပဒေများ ပြဌာန်းရန်လည်း လုပ်ဆောင်နေသည်ဟု ၀ီဒိုဒိုက ထည့်သွင်းပြောကြားခဲ့သည်။

    “မကြာခင် ရလဒ်ကိုမြင်ရတော့မှာပါ၊ ၃ နှစ်လောက်မှ ဒါကို ကျွန်တော်တို့ ဖြေရှင်းလို့ရပါလိမ့်မယ်”

    Ref: Channelnewsasia

  • တောမီးလောင်မှုအတွက် နိုင်ငံတကာမှ အကူအညီကို တံခါးဖွင့်ထားဟု အင်ဒိုပြော

    တောမီးလောင်မှုအတွက် နိုင်ငံတကာမှ အကူအညီကို တံခါးဖွင့်ထားဟု အင်ဒိုပြော

    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    indo

    – နိုင်ငံအတွင်း ဖြစ်ပွားနေသည့် တောမီးလောင်မှုအား တွန်းလှန်ရန်အတွက် စင်ကာပူအပါအ၀င် မည်သည့်နိုင်ငံမှ ကူညီမှုများကိုမဆို မိမိတို့က တံခါးဖွင့်ထားသည်ဟု အင်ဒိုနီးရှား ဒုတိယသမ္မတ ဂျူဆွဖ် ကာလ်လာက နယူးယောက်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

    မိမိတို့မှာ အဆိုပါ တောမီးလောင်မှုအား ငြှိမ်းသက်ရန်အတွက် အစွမ်းကုန်ကြိုးစားနေသော်လည်း နိုင်ငံအတွင်း ခြောက်သွေ့မှုနှင့် လေတိုက်နှုန်းကြောင့် အချိန်တိုတိုအတွင်း ဖြေရှင်းရန်မှာ အခက်အခဲတွေ့နေသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ တောမီးကြောင့် မီးခိုးများမှာ အိမ်နီးချင်း စင်ကာပူနှင့် မလေးရှားနိုင်ငံများအထိ ရောက်ရှိနေပြီး လေထုညစ်ငြမ်းမှုမှာ အန္တရာယ်ရှိသည့်အဆင့်အထိ ဖြစ်ပေါ်နေသည်။ တောမီးလောင်မှုအတွက် အင်ဒိုနီးရှား၏ ကိုင်တွယ်ပုံကို စင်ကာပူက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

    “လာကြပါ။ ကျွန်တော်တို့ တံခါးဖွင့်ထားပါတယ်။ စင်ကာပူကလည်း ဒါကို တွေ့မြင်နိုင်ပါတယ်။ စင်ကာပူရေ- ခင်ဗျားတို့ ကူညီချင်ရင် လာခဲ့ပါ။ စကားတွေပဲ ပြောမနေပါနဲ့” ဟု ကာလ်လာက ဖိတ်ခေါ်ခဲ့သည်။

    Ref: hannelnewsasia

  • ဆူမားတြားတောမီးကို ထိန်းချုပ်ရန် အင်ဒိုနီးရှား ကြိုးပမ်းနေ

    ဆူမားတြားတောမီးကို ထိန်းချုပ်ရန် အင်ဒိုနီးရှား ကြိုးပမ်းနေ

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    ind

    – ဆူမားတြားကျွန်း တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် တောမီးလောင်မှု အခြေအနေကို ထိန်းချုပ်ရန်အတွက် အင်ဒိုနီးရှား စစ်တပ်က စစ်သား ၁၀၀၀ ကျော်ကို ယနေ့မနက်ပိုင်းတွင် ဂျကာတာ လေတပ်အခြေစိုက်စခန်းမှ စေလွှတ်လိုက်သည်ဟု သိရသည်။

    အင်ဒိုနီးရှားရဲတပ်ဖွဲ့မှာ တောမီးလောင်သည့် နေရာ ၁၄ နေရာကို ဖော်ထုတ်နိုင်ခဲ့ပြီး အာဏာပိုင်များကမူ ထိုနေရာများမှာ စိုက်ပျိုးရေးကုမ္ပဏီများမှ ပိုင်ဆိုင်သည့် နေရာများဖြစ်သည်ဟု ဆိုသည်။ မီးလောင်သည့်နေရာများမှ အချို့မှာ အမျိုးသား ပန်းခြံများမှ နေရာများဖြစ်သည်။

    အင်ဒိုနီးရှား သဘာဝန်ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ၀န်ကြီးဌာန ၀န်ကြီး စီတီ နူရ်ဘာယာ ဘာကာရ်က “ကိုသြဒိနိတ်မျဉ်းတွေကိုသုံးပြီး မီးလောင်နေတဲ့နေရာတွေကို ကျွန်မတို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မီးလောင်မှုကြောင့် တစ်ဦးတစ်ယောက်ချင်းစီတင် မကပါဘူး။ စိုက်ပျိုးရေးကုမ္ပဏီတွေကိုလည်း ထိခိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။

    သမ္မတ ဂျိုကို ၀ီဒိုဒိုကမူ ကုမ္ပဏီပိုင်မြေများတွင် မီးလောင်မှုများအတွက် အဆိုပါ စိုက်ပျိုးရေးကုမ္ပဏီများက တာဝန်ယူရမည်ဟု ဆိုသည်။ သို့သော်လည်း မီးရှို့သူများကို တွေ့ရှိခဲ့လျှင်ပင် တိုင်းပြည်၏ ရှုပ်ထွေးသော တရားရေးလုပ်ငန်းစဉ်အရ ၎င်းတို့အား တရားစွဲဆိုရန် အခက်အခဲများ ရှိမည်ဖြစ်သည်။

    ရဲတပ်ဖွဲ့နှင့် စစ်တပ်ပါဝင်သော စုပေါင်းအဖွဲ့များမှာ မီးငြှိမ်းသက်ရန် ကြိုးစားနေပြီး မီးခိုးများမှာ ဆူမားတြားပြည်နယ်မှ ကာလီမန်တန်ပြည်နယ်အထိ ပြန့်နှံ့နေပြီဖြစ်သည်။ မီးခိုးများကြောင့် ကျောင်းများနှင့် လေဆိပ်များကိုလည်း ပိတ်ပစ်ခဲ့ရသည်။

    အဆိုပါ မီးခိုးများမှာ အိမ်နီးချင်း စင်ကာပူနှင့် မလေးရှားနိုင်ငံတို့အထိလည်း ရောက်ရှိခဲ့ပြီး ထိုနိုင်ငံများမှ လေထုအရည်အသွေးမှာ ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် အဆင့်သို့ပင် ရောက်ရှိနေသည်။

    Ref: Channelnewsasia

  • ရခိုင်တွင် ကျန်းမာရေးစင်တာတခု အင်ဒိုနီးရှား MER-C အဖွဲ့ ဆောက်လုပ်ပေးမည်

    ရခိုင်တွင် ကျန်းမာရေးစင်တာတခု အင်ဒိုနီးရှား MER-C အဖွဲ့ ဆောက်လုပ်ပေးမည်

    စက်တင်ဘာ ၅၊ ၂၀၁၅
    M-Media

    indo

    – ရခိုင်ပြည်နယ်တွင် အင်ဒိုနီးရှားကျန်းမာရေးစင်တာတစ်ခု ဆောက်လုပ်ရန် ရှိနေပြီး အင်ဒိုနီးရှား ကယ်ဆယ်ရေးအဖွဲ့ဖြစ်သော MER-C အဖွဲ့က ကူညီဆောင်ရွက်နေသည်ဟု သိရသည်။

    အဆိုပါ ကျန်းမာရေးစင်တာ ဆောက်လုပ်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရက မြောက်ဦးတွင် မြေနေရာတစ်ခုကို သတ်မှတ်ပေးခဲ့ပြီး၊ မြန်မာအစိုးရကလည်း ပံ့ပိုးကူညီမှုများ ပြုလုပ်နေသည်။

    MER-C အဖွဲ့မှာ သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံး၏ အကူအညီဖြင့် စစ်တွေမှ မင်းပြားမြို့သို့ သွားရောက်ခဲ့ပြီး၊ အင်ဒိုနီးရှားအစိုးရက တည်ဆောက်ပေးထားသည့် စာသင်ကျောင်းနှစ်ကျောင်းကို ကြည့်ရှုခဲ့ကြသည်။

    အဆိုပါကျောင်းနှစ်ကျောင်းများမှာ ၂ ထပ်ကျောင်းဆောင်များ ဖြစ်ပြီး တစ်ကျောင်းမှာ ဗုဒ္ဓဘာသာဝင်များအတွက်နှင့် ကျန်တစ်ကျောင်းမှာ မွတ်စလင်များအတွက်ဖြစ်ကာ တစ်ခုနှင့်တစ်ခု မီတာ ၅၀၀ ကွာဝေးသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် MER-C မှာ ထိုစာသင်ကျောင်းများအတွက် မီးစက်များ လှူဒါန်းခဲ့သည်။

    “ကျွန်တော်တို့အဖွဲ့နဲ့ တွေ့ရတာကို ဗုဒ္ဓဘာသာကျောင်းသားတွေရော၊ မွတ်စလင်ကျောင်းသွားတွေပါ တော်တော်ပျော်ကြပါတယ်” ဟု မြန်မာနိုင်ငံမှ MER-C ၏ အဖွဲ့ ၃ ခေါင်းဆောင်း ဒေါက်တာ ဂျိုစီရီဇဲလ် ဂျာနာလစ်က ပြောကြားခဲ့သည်။

    MER-C (Medical Emergency Rescue Committee) အဖွဲ့ကို အင်ဒိုနီးရှားကျောင်းသားများက ဂျာကာတာမြို့၌ ၁၉၉၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး သဘာဝဘေးသင့်ပြည်သူများနှင့် ပဋိပက္ခကြောင့် အတိဒုက္ခရောက်နေသူများအား ဆေးဘက်ဆိုင်ရာ အကူအညီများပေးရန်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်ဖြစ်သည်။

    ၎င်းတို့အဖွဲ့မှာ အင်ဒိုသံရုံးမှ ၀န်ထမ်းများ၊ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ မင်းပြားမှတစ်ဆင့် မြောက်ဦးမြို့သို့ သွားရောက်ခဲ့ပြီး ရေဘေးသင့်အခြေအနေနှင့် ကျန်းမာရေးစင်တာ ဆောက်လုပ်မည့် နေရာကို ကြည့်ရှုခဲ့သည်။

    အဆိုပါ နေရာမှာ မွတ်စလင်လူဦးရေ ၆၅၀ ခန့်ရှိသည့် ရွာနှင့် ဗုဒ္ဓဘာသာဝင် ၁၇၀၀ ခန့်ရှိသည့်ရွာ အကြားတွင် ရှိသည်။ MER-C Indonesia မှာ အစိုးရပိုင် ထိုမြေနေရာအတွက် ဒေသခံ လယ်သမားများအား အင်ဒိုနီးရှား ရူပီး ၁၇.၆ သန်း လျော်ကြေးပေးခဲ့ပြီးဖြစ်သည်။

    အင်ဒိုနီးရှား ကျန်မာရေးစင်တာ တည်ဆောက်ရန် ရူပီး ၃ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး၊ ထိုစီမံကိန်းတွင် ပါဝင်လှူဒါန်းလိုသူ အင်ဒိုနီးရှားနိုင်ငံသားများအတွက် ဘဏ်အကောင့်များကိုလည်း စီစဉ်ပေးထားသည်။ MER-C Indonesia အဖွဲ့မှာ စစ်တွေပြည်သူများအတွက် အရေးပေါ်ကားတစ်စီးကိုလည်း ယခင်က လှူဒါန်းခဲ့သည်။

    ပါလက်စတိုင်းရှိ ဂါဇာဒေသတွင် MER-C Indonesia မှာ ဆေးရုံတစ်ခုကို ဆောက်လုပ်ပြီးခဲ့ပြီး ဖွင့်လှစ်ရန် ပြင်ဆင်နေသည်။

    Ref: en.tempo.co

  • အင်ဒိုနီးရှား ပြည်တွင်းခရီးသည်တင်လေယာဉ်တစ်စီး ပျောက်ဆုံး

    အင်ဒိုနီးရှား ပြည်တွင်းခရီးသည်တင်လေယာဉ်တစ်စီး ပျောက်ဆုံး

    သြဂုတ် ၁၆၊ ၂၀၁၅
    M-Media

    indo

    – အင်ဒိုနီးရှားလေကြောင်းလိုင်းတစ်ခုမှ ပြည်တွင်းတွင်ပြေးဆွဲသော ခရီးသည်တင်လေယာဉ်တစ်စင်းမှာ ဒေသစံတော်ချိန် ယနေ့ နေ့လည်ပိုင်းက အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသွားခဲ့သည်ဟု အင်ဒိုနီးရှား အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီက ပြောကြားလိုက်သည်။

    Trigana Air လေကြောင်းလိုင်းမှ ATR-42 မော်ဒယ်ဖြစ်ပြီး ခရီးသည် ၅၄ ဦးလိုက်ပါသွားသော အဆိုပါ လေယာဉ်ပျောက်ဆုံးကြောင်း အေဂျင်စီ၏ Twitter စာမျက်နှာတွင် လွှင်တင်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်မှာ အရှေ့ပိုင်း ဝေးလံခေါင်ဖျားသည့် ပါပူအာဒေသတွင် ပျံသန်းနေစဉ် ယနေ့နေ့လည် ၂ နာရီ ၅၅ မိနစ်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါပို့စ်တွင် ရေးသားထားသည်။

    ခရီးသည်များတွင် အရွယ်ရောက်ပြီးသူ ၄၄ ဦး၊ ကလေးငယ်နှစ်ဦး ရင်ခွင်ပိုက် ၃ ဦးနှင့် လေယာဉ်အမှုထမ်း ၅ ဦး ပါဝင်သွားခဲ့သည်။ ထိုလေယာဉ်မှာ ပါပူအာနယူးဂီနီနှင့် နီးကပ်သည့် နယ်စပ်မြို့ အော့စီဘီးလ်တွင် ဆင်းသက်ရန် စီစဉ်ထားသည့်လေယာဉ်ဖြစ်သည်။

    ဒေသတွင်းသတင်းများကမူ လေယာဉ်ပျောက်ဆုံးသွားသည့်အချိန်တွင် ပါပူအာ၌ ရာသီဥတုအခြေအနေမှာ အလွန်ဆိုးရွားနေသည်ဟု ဖော်ပြခဲ့ကြသည်။

    ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုမူ မှောင်သွားသောကြောင့် ရပ်တန့်ခဲ့ပြီး တနင်္လာနေ့နံနက်တွင်မှ ပြန်လည်ဆောင်ရွက်ရန် စီစဉ်ထားသည်။ အစိုးရကမူ ရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အခြားသော အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera