News @ M-Media

Tag: Iran

  • အီရန်သမ္မတရွေးကောက်ပွဲတွင် အီဘရာဟင် ရိုင်စီ အနိုင်ရရှိ

    အီရန်သမ္မတရွေးကောက်ပွဲတွင် အီဘရာဟင် ရိုင်စီ အနိုင်ရရှိ

    ဇွန် ၁၉၊ ၂၀၂၁
    M-Media

    -မနေ့ကကျင်းပတဲ့ အီရန်သမ္မတရွေးကောက်ပွဲမှာ သဘောထားတင်းမာတဲ့ လက်ယာဝါဒီ အီဘရာဟင် ရိုင်စီ အနိုင်ရသွားပြီလို့ ကနဦး မဲရလဒ်တွေကို ကိုးကားပြီး အီရန် ပြည်တွင်း မီဒီယာတွေ ကဖော်ပြပါတယ်။

    မဲပေါင်း ၂၈.၆ သန်း ရေတွက်ပြီးတဲ့အချိန်မှာ ရိုင်စီက ထောက်ခံမဲ ၁၇.၈ သန်းနဲ့ အပြတ်အသတ်အနိုင်ရထားကြောင်း အီရန်ဒုတိယပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

    အလယ်အလတ်သမား လက်ရှိသမ္မတ ဟာဆန်ရူဟာနီက ပြည်သူတွေရဲ့ ရွေးချယ်မှုကို ဂုဏ်ပြုကြိုဆိုတယ်လို့ ပြောကြားခဲ့ပါတယ်။ ရူဟာနီဟာ ရိုင်စီကို လူချင်းတွေ့ပြီး ဂုဏ်ပြုခဲ့ပါတယ်။

    ရိုင်စီရဲ့ ပြိုင်ဘက်တစ်ချို့ဟာ စနေနေ့မနက် အစောပိုင်းကတည်းက သူတို့ ရှုံးနိမ့်ကြောင်း အတည်ပြုပြောကြားခဲ့ကြတာပါ။

    အီရန်ရဲ့ တရားရေးဌာနမှာ အချိန်အတော်ကြာ ကျင်လည်ခဲ့ပြီး ၂၀၁၉ ခုနှစ်က တရားရေးဌာန အကြီးအကဲဖြစ်လာတဲ့ ရိုင်စီဟာ အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက သမ္မတအဖြစ် လျာထားထားသူ ဖြစ်ပါတယ်။

    ရိုင်စီက အီရန်ပြည်သူတွေရဲ့ လူမှုဘ၀အပေါ် သက်ရောက်မှုရှိနေတဲ့ ပြဿနာအားလုံးကို ​ဖြေရှင်းဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ​ပါဝင်ခဲ့မှုကို အဓိပတိ ခါမေနီက ချီးကျူးခဲ့ပါတယ်။

    Ref: Aljazeera

  • အီရန်ကို ရုရှားက အဆင့်မြင့်ဂြိုဟ်တုတစ်လုံး ထောက်ပံ့မည်

    အီရန်ကို ရုရှားက အဆင့်မြင့်ဂြိုဟ်တုတစ်လုံး ထောက်ပံ့မည်

    ဇွန် ၁၁၊ ၂၀၂၁
    M-Media

    မနှစ်က အီရန်မှလွှတ်တင်လိုက်သည့် စစ်ဖက်ဆိုင်ရာ ဂြိုဟ်တု

    -အရှေ့အလယ်ပိုင်းတစ်ဝှမ်းက စစ်ဖက်ပစ်မှတ်တွေကို ခြေရာခံစောင့်ကြည့်နိုင်မယ့် အဆင့်မြင့် ဂြိုဟ်တုတစ်လုံး အီရန်ကို ထောက်ပံ့ပေးဖို့ ရုရှားက ပြင်ဆင်နေပါတယ်။

    Kanopus-V အလို့အမည်ရတဲ့ ဂြိုဟ်တုဖြစ်ပြီး ပုံရိပ်တွေကို ပြတ်သားစွာ ရိုက်ကူးနိုင်မယ့် အဆင့်မြင့်ကင်မရာတပ်ဆင်ထားကာ လာမယ့်လအနည်းငယ်အတွင်း ရုရှားက လွှတ်တင်မှာဖြစ်ပါတယ်။

    ပါရှန်ပင်လယ်ကွေ့က ရေနံတွင်းတွေ၊ အစ္စရေးရဲ့ စစ်စခန်းတွေကနေ အီရတ်နိုင်ငံမှာရှိနေတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေအထိ စောင့်ကြည့်ခြေရာခံနိုင်လိမ့်မယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူ နှစ်ဦးနဲ့ အရှေ့အလယ်ပိုင်းက သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြပါတယ်။

    အမေရိကန်နဲ့ အီရန်တို့ဟာ ထရမ့်လက်ထက်မှာ ပျက်လုနီးပါးဖြစ်ခဲ့တဲ့ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကို ပြန်လည်အသက်သွင်းရေး တစ်ဆင့်ခံဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။

    အီရန်ဟာ Kanopus-V ဂြိုဟ်တု ရရှိဖို့အတွက် ၂၀၁၈ ခုနှစ်ကတည်းက ရုရှားနဲ့ ညှိနှိုင်းဆွေးနွေးလာတာဖြစ်ပါတယ်။ အီရန်ဟာ ၂၀၂၀ ခုနှစ် ဧပြီလမှာ နိုင်ငံရဲ့ ပထမဆုံး စစ်ဖက်ဆိုင်ရာဂြိုဟ်တုကို လွှတ်တင်နိုင်ခဲ့ပါတယ်။

    Ref: Washington Post

  • ပြုပြင်ပြောင်းလဲရေးသမား မပါသည့် အီရန်သမ္မတလောင်းစာရင်း ထွက်လာ

    ပြုပြင်ပြောင်းလဲရေးသမား မပါသည့် အီရန်သမ္မတလောင်းစာရင်း ထွက်လာ

    မေ ၂၅၊ ၂၀၂၁
    M-Media

    သမ္မတဖြစ်မည်ဟု ရေပန်းစားနေသည့် လက်ရှိတရားရေးအကြီးအကဲ အီဘရာဟင် ရိုင်စီ

    -လာမယ့်ဇွန်လ ၁၈ ရက်နေ့ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ့် သမ္မတလောင်းစာရင်းကို အီရန်ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပြီး အဲဒီအထဲမှာ ပြုပြင်ပြောင်းလဲရေးသမား တစ်ဦးမှ မပါဝင်ပါဘူး။

    အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက ကွပ်ကဲတဲ့ အဖွဲ့အဝင် ၁၂ ဦးပါ နိုင်ငံတော်စောင့်ရှောက်ရေးကောင်စီက သမ္မတဝင်ပြိုင်လိုသူတွေကို စီစစ်ပြီး ဇကာတင် ၇ ဦးစာရင်းကို မနေ့က ပြည်ထဲရေးဝန်ကြီးဌာနကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

    အဲဒီစာရင်းထဲမှာ လက်ရှိတရားရေးအကြီးအကဲ အီဘရာဟင် ရိုင်စီ၊ ကြီးကြပ်ရေးကောင်စီ အတွင်းရေးမှူး မိုဟ်ဆန် ရီဇိုင်၊ နျူကလီးယားညှိနှိုင်းဆွေးနွေးရေးမှူးဟောင်း စအီဒ်ဂျာလီလီ၊ လွှတ်တော်ဒုတိယဥက္ကဌ အမီရ် ဟိုစိန် ဂါဇီဇာဒါဟ် ဟာရှီမီ၊ ဒုတိယသမ္မတဟောင်း မိုရှန် မဲဟ်ရာလီဇာဒါ၊ ဗဟိုဘဏ်အကြီးအကဲ အဘ်ဒွလ်နဆာရ် ဟမ်မာတီနဲ့ လွှတ်တော်အမတ် အလီရီဇာ ဇာကာနီတို့ ပါဝင်ပါတယ်။

    တရားရေးအကြီးအကဲ အီဘရာဟင် ရိုင်စီက နောက်တက်မယ့်သမ္မတအဖြစ် ရေပန်းစားနေတာ ဖြစ်ပါတယ်။ သမ္မတတာဝန် နှစ်ကြိမ်ဆက်ထမ်းဆောင်ခဲ့တဲ့ မဟ်မူဒ် အဟ်မဒ်ဒီနီဂျဒ် သမ္မတလောင်းအဖြစ် စာရင်းတင်ခဲ့ပေမယ့် ရွေးချယ်ခြင်း မခံရပါဘူး။

    အဓိပအတိ ခါမေနီရဲ့ အကြံပေးဖြစ်ပြီး လွှတ်တော်ဥက္ကဌဟောင်းလည်းဖြစ်တဲ့ အလီလာရီဂျာနီလည်း ဇကာတင်စာရင်းမှာ ပါမလာပါဘူး။ သူဟာ ကွန်ဆာဗေးတစ်တစ်ဦးဖြစ်ပေမယ့် ပြုပြင်ပြောင်းလဲရေးသမားအဖြစ် သတ်မှတ်ခံရသူ ဖြစ်ပါတယ်။

    အီဘရာဟင် ရိုင်စီ ပိုအသာရဖို့အတွက် သမ္မတလောင်းအမည်စာရင်းပေးထားသူတွေဟာ စာရင်းကနေ နှုတ်ထွက်သွားတာမျိုးရှိခဲ့ပြီး၊ ရွေးကောက်ပွဲမတိုင်ခင် အခု ၇ ယောက်စာရင်းကနေ နှုတ်ထွက်မယ့်သူတွေ ရှိမယ်လို့ မျှော်လင့်ထားပါတယ်။

    ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှု ပြင်းထန်စေဖို့အတွက် ပြုပြင်ပြောင်းလဲရေးသမားတွေ၊ အလယ်အလတ်ကျတဲ့သူတွေကို သမ္မတလောင်းစာရင်းမှာ ထည့်သွင်းပေးဖို့အတွက် လက်ရှိသမ္မတ ဟာဆန်ရူဟာနီက အဓိပတိ အယာတိုလာ အလီခါမေနီကို စာရေးသားပေးပို့ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

    Ref: Aljazeera

  • ‘ဂါဇာ’ အမည်ရှိ ပြည်တွင်းဖြစ်ဒရုန်းကို အီရန်ထုတ်ပြ

    ‘ဂါဇာ’ အမည်ရှိ ပြည်တွင်းဖြစ်ဒရုန်းကို အီရန်ထုတ်ပြ

    မေ ၂၄၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပြည်သူတွေကို ဂုဏ်ပြုပြီး ‘ဂါဇာ’ လို့ အမည်ပေးထားတဲ့ ပြည်တွင်းဖြစ် တာဝေးဒရုန်းတစ်ခုကို ပြီးခဲ့တဲ့တစ်ပတ်မှာ အီရန်က ထုတ်ပြခဲ့ပါတယ်။

    ဒီဒရုန်းဟာ မိုင်ပေါင်း ၁၂၅၀ အထိ၊ နာရီပေါင်း ၃၅ နာရီ ဆက်တိုက်ပျံသန်းနိုင်ကာ၊ ဗုံး ၁၃ လုံး၊ လျှပ်စစ်ပစ္စည်း ပေါင် ၁၁၀၀ သယ်ဆောင်နိုင်တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောပါတယ်။

    အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ကြံ့ကြံ့ခံကာကွယ်နေတဲ့ ပါလက်စတိုင်းပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ‘ဂါဇာ’ အမည် ပေးထားတာလို့ တော်လှန်ရေးအစောင့်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက ပြောပါတယ်။

    ဂါဇာဒရုန်းဟာ နိုင်ငံရဲ့ ထောက်လှမ်းရေးစွမ်းအားနဲ့ ရန်သူတွေရဲ့ ခြိမ်ခြောက်မှု တားဆီးနိုင်စွမ်းကို ပိုမိုအားကောင်းလာစေမယ်လို့လည်း ဆိုပါတယ်။

    အီရန်ဟာ ပြည်တွင်းဖြစ် Qods ရေဒါစနစ်အပြင်၊ ခရုဇ်ဒုံးကျည်၊ လေယာဉ်ကချတဲ့ဗုံးနဲ့ ဒရုန်းတွေကို ဖျက်ဆီးနိုင်မယ့် ပြည်တွင်းဖြစ် ဒုံးခွင်းစနစ် 9th of Dey ကိုလည်း ထုတ်ပြခဲ့ပါတယ်။

    ကာကွယ်ရေးနယ်ပယ်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် အီရန်က ကြိုးစားနေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြည်တွင်းဖြစ် ဒုံးကျည်တွေ၊ ဒုံးခွင်းစနစ်တွေ၊ ဒရုန်းတွေနဲ့ အခြား စစ်လက်နက်ပစ္စည်းတွေကို အဆက်မပြတ် ထုတ်ပြလာပါတယ်။

    Ref: Press TV

  • ဆော်ဒီ၏ ပြေလည်ရေးသဘောထားကို အီရန် ကြိုဆို

    ဆော်ဒီ၏ ပြေလည်ရေးသဘောထားကို အီရန် ကြိုဆို

    ဧပြီ ၃၀၊ ၂၀၂၁
    M-Media

    -မိမိတို့နိုင်ငံနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားရဲ့ လတ်တလောမှတ်ချက်တွေကို ကြိုဆိုတယ်လို့ အီရန်နိုင်ငံက ပြောကြားလိုက်ပါတယ်။

    အီရန်နဲ့ ဆော်ဒီအာရေဗျတို့ဟာ အရှေ့အလယ်ပိုင်းက ရန်ဘက်နှစ်နိုင်ငံဖြစ်ပြီး ဒေသတွင်း ပဋိပက္ခတွေမှာ ဆန့်ကျင်ဘက် အုပ်စုတွေကို ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

    ရှီအာဘာသာရေးခေါင်းဆောင်တစ်ဦးကို ဆော်ဒီက သေဒဏ်ပေးလိုက်မှု နောက်ဆက်တွဲ ၂၀၁၆ ခုနှစ်က အီရန်မှာ ဆန္ဒပြသူတွေ ဆော်ဒီသံရုံးကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ အဆက်အသွယ် ပြတ်တောက်သွားတာပါ။

    ဒါပေမယ့် ပြီးခဲ့တဲ့လတွေအတွင်း ဆော်ဒီနဲ့အီရန်တို့ဟာ ဆက်ဆံရေးပြန်ကောင်းလာအောင် လျှို့ဝှက် ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သတင်းထွက်လာပါတယ်။

    အင်္ဂါနေ့ အရှေ့အလယ်ပိုင်းက ရုပ်သံတစ်ခုနဲ့ အင်တာဗျူးမှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က အီရန်နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရန်နိုင်ငံခြာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ စအီးဒ် ခါတီဘ်ဇာဒါက ဒီလို သဘောထားပျော့ပြောင်းလာတာကို ကြိုဆိုတယ်လို့ မနေ့က တု့န်ပြန်ခဲ့ပါတယ်။

    “အပြုသဘောဆောင်တဲ့ အမြင်တွေ၊ ဆွေးနွေးမှုအခြေခံတဲ့ ချဉ်းကပ်မှုမျိုးနဲ့ဆိုရင် ဒေသတွင်းနဲ့ အစ္စလာမ်ကမ္ဘာမှာ အရေးပါတဲ့ ဆော်ဒီအာရေဗျနဲ့ အီရန်တို့ဟာ ကူးလူးဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ် ဖွင့်လှစ်နိုင်မှာဖြစ်ပြီး မတူကွဲပြားမှုတွေကို ကျော်ဖြတ်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရရှိနိုင်မှာ ဖြစ်ပါတယ်”

    ကူဝိတ်၊ ကာတာ၊ အိုမန်နဲ့ အီရတ်နိုင်ငံတို့ကို သွားရောက်ခဲ့တဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်ကလည်း မိမိတို့ဟာ ဒေသတွင်းနိုင်ငံတွေနဲ့ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya