News @ M-Media

Tag: Israel

  • အစ္စရေးထောင်များတွင် ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်းကလေးငယ် ၂၅၀ ရှိနေ

    အစ္စရေးထောင်များတွင် ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်းကလေးငယ် ၂၅၀ ရှိနေ

    ဧပြီ ၅၊ ၂၀၁၆
    M-Media

    pales

    – ၁၈ နှစ်အောက် ပါလက်စတိုင်း ကလေးငယ် အနည်းဆုံး ၂၄၁ ယောက်ဟာ လက်ရှိမှာ အစ္စရေးအကျဉ်းထောင်များနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ရှိနေတယ်လို့ ပါလက်စတိုင်း လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ “ဖမ်းဆီးခံထားရသူများနှင့် လွတ်မြောက်လာသူများဆိုင်ရာ ကော်မရှင်” က ပြောဆိုလိုက်ပါတယ်။

    တနင်္ဂနွေက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ အဲဒီလို ဖော်ပြထားတာဖြစ်ပြီး ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထားရတဲ့ ပါလက်စတိုင်းကလေးငယ် ၉၄ ယောက်ကို ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမြို့ဖြစ်တဲ့ ဘီအစ်သူနီယားမှာရှိပြီး အစ္စရေးက ချုပ်ကိုင်ထားတဲ့ အိုဖာအကျဉ်းထောင်မှာ အကျဉ်းချထားတာဖြစ်ကာ ကျန်တဲ့သူတွေကိုတော့ တခြားအကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

    အစီရင်ခံစာထဲမှာ ပါလက်စတိုင်းအကျဉ်းသား ၂၂ ယောက်ဟာ အသက် ၁၆ အောက်သာ ရှိသေးပြီး၊ အဲဒီထဲက ၂ ယောက်ကတော့ သေနတ်ပစ်အဖမ်းခံရတာကြောင့် စိုးရိမ်ရတဲ့အခြေအနေ ရှိနေတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။ တစ်ချို့ပါလက်စတိုင်းအကျဉ်းသားတွေကတော့ ဘာအမှုမှမရှိဘဲ ထိန်းသိမ်းရေးစခန်းတွေမှာ ၈ နှ စ်၊ ၁၀ နှစ်၊ ၁၁ နှစ်လောက် ထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။

    “ဖမ်းဆီးခံထားရသူများနှင့် လွတ်မြောက်လာသူများဆိုင်ရာ ကော်မရှင်” က မတ်လမှာ အစ္စရေးအာဏာပိုင်တွေဟာ အိုဖာအကျဉ်းထောင်မှာရှိတဲ့ အရွယ်မရောက်သေးတဲ့ အကျဉ်းသားတွေကို အစ္စရေး ရှက်ကယ် ၈၅၀၀၀ (ကန်ဒေါ်လာ ၂၂၄၇၄ ဒေါ်လာ) ဒဏ်ရိုက်ခဲ့တာကိုလည်း ထောက်ပြခဲ့ပါတယ်။

    အစ္စရေးအကျဉ်းထောင်တွေမှာ ပါလက်စတိုင်းပြည်သူ ၆၅၀၀ ကျော်ရှိနေပြီး၊ ဘာအမှုမှမရှိဘဲ ထိန်းသိမ်းထားသူတွေဟာ ရာနဲ့ချီရှိနေပါတယ်။ ထိန်းသိမ်းရေးစခန်းမူဝါဒနဲ့ ကြမ်းတမ်းတဲ့ ထောင်တွင်းအခြေအနေတွေကြောင့် ပါလက်စတိုင်းအကျဉ်းသားတွေဟာလည်း မကြာခဏ အစာငတ်ဆန္ဒပြလေ့ ရှိပါတယ်။

    Ref: Presstv

  • ပါလက်စတိုင်းမာရသွန်တွင် ဂါဇာမှ အားကစားသမားများ မယှဉ်ပြိုင်နိုင်စေရန် အစ္စရေး ပိတ်ပင်

    ပါလက်စတိုင်းမာရသွန်တွင် ဂါဇာမှ အားကစားသမားများ မယှဉ်ပြိုင်နိုင်စေရန် အစ္စရေး ပိတ်ပင်

    ဧပြီ ၂၊ ၂၀၁၆
    M-Media

    marathon

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ဘက်သလီဟမ်မြို့တွင် ပြုလုပ်သည့် ၄ ကြိမ်မြောက် ပါလက်စတိုင်း မာရသွန်အပြေးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသူ အားကစားသမား ၁၀၀ ကျော်ကို အစ္စရေးက ဟန့်တားခဲ့သည်ဟု သိရသည်။

    အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်မှ အဆိုပါ အားကစားသမားများကို အစ္စရေးက အနောက်ဖက်ကမ်းသို့ သွားရောက်ခွင့် မပေးခဲ့ခြင်းဖြစ်သည်။

    အစ္စရေး၏ ထိုလုပ်ရပ်ကို မာရသွန်ပြိုင်ပွဲအား စီစဉ်သူ အီတီဒဲလ် အဘ်ဒူလ်-ဂါနီက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အားကစားသမားများအား လွတ်လပ်စွာ ပါဝင်ခွင့်ပေးရေး နိုင်ငံတကာ စံနှုန်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဟန့်တားခံရသည့် ကစားသမား ၁၀၃ ဦးတွင် ၂၀၀၈ ခုနှစ် ဘေဂျင်းအိုလံပစ်၌ ပါလက်စတိုင်းကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိင်ခဲ့သည့် နာမည်ကျော် အပြေးသမား နာဒါရ် မက်စ်ရီလည်း ပါဝင်ခဲ့သည်။ အခြားသူများမှာ အဆိုပါ မာရသွန်ပြိုင်ပွဲကျင်းပရေးတွင် ပါဝင်ခဲ့သည့် Right to Movement and Right to Play အဖွဲ့မှ အဖွဲ့ဝင်များနှင့် ပါလက်စတိုင်း အိုလံပစ်ကော်မတီမှ အဖွဲ့ဝင်များဖြစ်သည်။

    ၂၆ မိုင်ပြေးရသည့် အဆိုပါ မာရသွန်အပြေးပြိုင်ပွဲကို အစ္စရေးက ပါလက်စတိုင်းပိုင်နက်များတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ပိတ်ပင်ထားခြင်းကို ဆန့်ကျင်သည့်အနေဖြင့် နှစ်စဉ် ပြုလုပ်ခြင်းဖြစ်သည်။

    ယခုတစ်ပတ်အတွင်း ပြုလုပ်သည့် အပြေးပြိုင်ပွဲတွင် ပါလက်စတိုင်းပြည်သူနှင့် နိုင်ငံခြားသား ထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြသည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။ အစ္စရေးက ထိုမာရသွန်တွင် ပါဝင်ရန် စီစဉ်ထားသူများကို တားမြစ်မှုမှာ တတိယအကြိမ်မြောက်လည်းဖြစ်သည်။

    Ref: Press TV

  • ပါလက်စတိုင်းတစ်ဦးအား တမင်တကာ ပစ်သတ်ခဲ့သည့် စစ်သားကို အစ္စရေးက အရေးမယူမှု ကုလရှုတ်ချ

    ပါလက်စတိုင်းတစ်ဦးအား တမင်တကာ ပစ်သတ်ခဲ့သည့် စစ်သားကို အစ္စရေးက အရေးမယူမှု ကုလရှုတ်ချ

    မတ် ၃၁၊ ၂၀၁၆
    M-Media

    pales 3

    – ဒဏ်ရာရနေသူ ပါလက်စတိုင်းအမျိုးသားတစ်ဦးအား အစ္စရေးစစ်သားက အနီးကပ် ပစ်ခတ်သတ်ဖြတ်မှုကို ကုလသမဂ္ဂက ယမန်နေ့တွင် ရှုတ်ချပြောဆိုလိုက်ပြီး ထိုလုပ်ရပ်မှာ တရားလက်လွတ်သတ်ဖြတ်သည့် ထင်ရှားသောဖြစ်ရပ်တစ်ခုဟု ပြောကြားလိုက်သည်။

    အစ္စရေးစစ်သား၏ ထိုလုပ်ရပ်အား မှတ်တမ်းတင်ထားသော ဗီဒီယို ပြီးခဲ့သည့်တစ်ပတ်က ထွက်ပေါ်လာပြီးနောက် ကျူးလွန်သူကို အပြစ်ပေးရန် အစ္စရေးအပေါ် ကမ္ဘာတစ်ဝှမ်းမှ ဖိအားများ ပေးခဲ့သော်လည်း အစ္စရေးစစ်ခုံရုံးကမူ အထောက်အထားမပြည့်စုံဟုဆိုကာ အင်္ဂါနေ့က ပယ်ချခဲ့သည်။

    “ဒဏ်ရာအပြင်းအထန်ရနေတဲ့ လူတစ်ယောက်ဟာ ရန်မူနိုင်တဲ့ အနေအထား မရှိတော့တာ ထင်ရှားပါတယ်။ ဒီဗီဒီယိုက တရားလက်လွတ်သတ်ဖြတ်မှု လက္ခဏာတွေအားလုံးနဲ့ အကျုံးဝင်နေပါတယ်။ ဥပဒေကို လက်တလုံးခြားလုပ်သူတွေက ဒီကိစ္စအပေါ် ဘယ်လိုပဲ ဆောင်ရွက်ပါစေ၊ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်စွမ်းမရှိတဲ့ လူတစ်ယောက်ကို သတ်ဖြတ်တာက လူသတ်မှုပါပဲ” ဟု တရားလက်လွတ်သတ်ဖြတ်ခြင်း၊ ဥပဒေပ ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် စိတ်ထင်တိုင်း ကျူးလွန်ခြင်းဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတော့ဖ် ဟင်စ်က ပြောကြားခဲ့သည်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူ မူပါ့တ် ကိုလ်ဗီလီကလည်း ပါလက်စတိုင်းတစ်ဦးကို ထိုကဲ့သို့ တရားလက်လွတ် သတ်ဖြတ်ခြင်းအတွင်း စိုးရိမ်မိသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • နိုင်ငံတကာဖိအားများကြောင့် ကျူးကျော်အစ္စရေးကုမ္ပဏီများ ပါလက်စတိုင်းမှ ပြောင်းရွှေ့

    နိုင်ငံတကာဖိအားများကြောင့် ကျူးကျော်အစ္စရေးကုမ္ပဏီများ ပါလက်စတိုင်းမှ ပြောင်းရွှေ့

    မတ် ၂၉၊ ၂၀၁၆
    M-Media

    pales
    ပါလက်စတိုင်းပိုင်နက်အတွင်းမှ အစ္စရေး၏ ကျူးကျော်အိမ်ယာတစ်ခု

    – နိုင်ငံတကာက ၎င်းတို့ရဲ့ ကုန်ပစ္စည်းတွေကို သပိတ်မှောက်ကာ ဖိအားတွေပေးလာတာကြောင့် ပါလက်စတိုင်းပိုင်နက်တွေမှာ တရားမ၀င် ၀င်ရောက်အခြေချလုပ်ကိုင်နေတဲ့ အစ္စရေးကုမ္ပဏီတွေဟာ အစ္စရေးနိုင်ငံအတွင်းကို ပြောင်းရွှေ့နေကြတယ်လို့ သိရပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်မှု ဆန့်ကျင်ရေးအဖွဲ့ “Peace Bloc” က ဒီလို ပြောကြားလိုက်တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက အနောက်ဖက်ကမ်းမှာ အခြေချကာ လုပ်ငန်းလည်ပတ်နေတဲ့ ကုမ္ပဏီတွေရဲ့ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းခန့်ဟာ ပြောင်းရွှေ့တာမျိုး၊ ဒါမှမဟုတ် အပြီးပိတ်သိမ်းတာမျိုး ရှိခဲ့တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေက အစ္စရေးရဲ့ တရားမ၀င်အခြေချအိမ်ယာတွေကို ကိုယ်စားပြုတဲ့ အဖွဲ့တစ်ခုက ပြောရေးဆိုခွင့်ရှိသူ ယီဂဲလ် ဒီလ်မိုနီကလည်း နိုင်ငံတကာဖိအားတွေကြောင့် ကုမ္ပဏီတော်တော်များများဟာ ပါလက်စတိုင်းပိုင်နက်က ရွှေ့ပြောင်းသွားကြတယ်လို့ ၀န်ခံခဲ့ပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ဟာ သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေတွေမှာ အစ္စရေးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို စာရင်းပြုစုထားဖို့ ဆုံးဖြတ်ချက်တစ်ခုကို မတ်လ ၂၄ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ ၁၉၆၇ ခုနှစ်နောက်ပိုင်း အစ္စရေးက တရားမ၀င်အခြေချအိမ်ရာ ၂၃၀ ကို ဆောက်လုပ်ခဲ့ပြီး ဂျူးသန်းဝက်ကျော် ၀င်ရောက်နေထိုင်နေကြပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေက အစ္စရေးကုမ္ပဏီတွေရဲ့ ကုန်ပစ္စည်းတွေကို နိုင်ငံတကာက Boycott-Divestment-Sanction လှုပ်ရှားမှုနဲ့ ၂၀၀၅ ခုနှစ်ကတည်းက သပိတ်မှောက်ခဲ့ကြပြီး၊ အစ္စရေးရဲ့ တရားမ၀င်အခြေချအိမ်ယာတွေ ဆောက်လုပ်မှုကို ရပ်တန့်ဖို့လည်း နိုင်ငံတကာက ဖိအားတွေပေးနေပါတယ်။

    Ref: Presstv

  • အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက ထပ်မံ ကျူးကျော် သိမ်းပိုက်

    အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက ထပ်မံ ကျူးကျော် သိမ်းပိုက်

    မတ် ၁၆၊ ၂၀၁၆
    M-Media

    pales

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ မြေဧက ၂၃၄ ဟက်တာကို အစ္စရေးက သိမ်းယူလိုက်ပြီး ပါလက်စတိုင်းပိုင်နက်များအား ကျူကျော်သိမ်းပိုက်မှုတွင် အကြီးမားဆုံး ပမာဏလည်း ဖြစ်ခဲ့သည်။

    ဂျီရီချိုဒေသ တောင်ပိုင်းတွင် မတ်လ ၁၀ ရက်နေ့က သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု အစ္စရေး၏ တရားမ၀င်အိမ်ယာများ ဆောက်လုပ်မှုကို ဆန့်ကျင်သည့် အန်ဂျီအို Peace Now က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် သိမ်းယူသောဒေသအနီးရှိ ပါလက်စတိုင်းနယ်မြေများတွင် တရားမ၀င် ဂျူးအခြေချအိမ်ယာများ တိုးချဲ့ရန်၊ ခရီးသွားလာရေးနှင့် စီးပွားရေးဆိုင်ရာ အဆောက်အဦးများ ဆောက်လုပ်ရန်လည်း အစ္စရေးက စီစဉ်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “အခြေအနေတည်ငြိမ်စေရမယ့်အစား၊ အစ္စရေးအစိုးရဟာ မီးလောင်ရာလေပင့်နေပြီး၊ ငြိမ်းချမ်းရေးနဲ့ နှစ်နိုင်ငံတည်ရှိရေး ဆောင်ရွက်ဖို့သဘောထား လုံးဝမရှိဘူးဆိုတာ ပါလက်စတိုင်းပြည်သူတွေနဲ့ အစ္စရေးပြည်သူတွေကို ပြသလိုက်တာပါပဲ” ဟု Peace Now က ဖော်ပြခဲ့သည်။

    ထိုမြေယာ သိမ်းယူရေးနှင့်ပတ်သက်၍ အနောက်ဖက်ကမ်းတွင် ကပ်ထားသော အစ္စရေး၏ သတိပေးချက်တွင် အဆိုပါ မြေများမှာ အနောက်ဖက်ကမ်းရှိ အစိုးရပိုင်မြေနှင့် စွန့်ပစ်မြေများဖြစ်သည်ဟု ဖော်ပြထားသည်။

    ထိုကဲ့သို့ ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက သိမ်းယူခြင်းမှာ ၂၀၁၄ ခုနှစ် သြဂုတ်လနောက်ပိုင်း အကြီးမားဆုံး သိမ်းယူမှုဖြစ်ပြီး၊ ပင်လယ်သေနားတွင် အစိုးရပိုင်မြေအဖြစ် သတ်မှတ်မည်ဟု ဇန်န၀ါရီလက ကြေငြာထားသည့် ပမာဏထက်လည်း ကျယ်ပြန့်သည်။ ထိုကဲ့သို့ ကြေငြာစဉ်ကလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက အစ္စရေးအား ပြစ်တင်ရှုတ်ချခဲ့သည်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် အစ္စရေးကဆောက်လုပ်ထားသော ဂျူးအခြေချအိမ်ယာများမှာ တရားမ၀င်ဟု နိုင်ငံတကအ၀ိုင်းအ၀ိုင်းက သတ်မှတ်ထားသော်လည်း အစ္စရေးအစိုးရက လိုက်နာခြင်းမရှိပေ။ အစ္စရေး၏ ထိုတရားမ၀င်အိမ်ယာများမှာ ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်မှုအတွက် အဓိက အတားအဆီးဖြစ်နေသည်။

     

    Ref: Aljazeera