ဇန်န၀ါရီ ၂၀၊ ၂၀၁၆
M-Media
– မန်စီးတီး သို့မဟုတ် ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်နေမှုကို ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ငြင်းဆိုလိုက်ပြီး ဘာစီလိုနာအသင်းတွင်သာ ဆက်လက်ကစားသွားမည်ဟု ပြောကြားလိုက်သည်။
မက်ဆီကို ပရီးမီးယားလိဂ်သို့ခေါ်ယူရန် မန်စီးတီးအသင်းက အသည်းအသန်ကြိုးစားနေသည်ဟု သတင်းများက ဖော်ပြကြပြီး ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီကလည်း ခေါ်ယူရန် ကြိုးစားနေသည်ဟု ဆိုသည်။ သို့သော်လည်း မက်ဆီက မိမိမှာ ဥရောပ ဘောလုံးကစားသမားဘ၀ကို ဘာစီလိုနာတွင်သာ အဆုံးသတ်မည်ဖြစ်ပြီး ထို့နောက် အာဂျင်တီးနားသို့ ပြန်ကာ ဘောလုံးလောကမှ အနားယူသွားမည်ဟု ပြောကြားခဲ့သည်။
“ဘာစီလိုနာဟာ ကျွန်တော့်ရဲ့အိမ်ဖြစ်တယ်ဆိုတာ ကျွန်တော် အမြဲ ပြောခဲ့ပါတယ်။ ဘာကာမှာပဲ ကျွန်တော် ကစားသမားဘ၀ကနေ အနားယူချင်ပါတယ်။ ဒါပေမယ့် ဒါဟာ ဥရောပ ဘောလုံးသမားဘ၀ကိုပြောတာပါ။ ဘာစီလိုနာထက် အခြား ဘယ်အသင်းမှာမှ ကစားလို့ရမှာ မဟုတ်ပါဘူး” ဟု မက်ဆီက ပြောကြားခဲ့သည်။
သို့သော်လည်း အာဂျင်တီးနားတွင် ကစားသမားဘ၀ နောက်ဆုံးအချိန်ကို ကုန်ဆုံးသွားချင်သည်ဟု ၎င်းက ဆိုသည်။
“ဒါပေမယ့် အာဂျင်တီးနားမှာတော့ ကျွန်တော် ကစားချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော် ငယ်ငယ်ကတည်းက ထွက်လာခဲ့လို့ပါ။ အာဂျင်တီးနားပွဲမှာ ပါဝင်ရတာ ဘယ်လိုဖြစ်မလဲဆိုတာကို ကျွန်တော် သိချင်ပါတယ်။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တယ် ဆိုပေမယ့် ကျွန်တာ့်လိုလားချက်ဖြစ်တဲ့ ဘာစီလိုနာမှာဆက်ရှိဖို့အတွက်တော့ သံသယမရှိပါဘူး”
Ref: Goal