News @ M-Media

Tag: LaLiga

  • ဇီဒိန်း၏ နည်းပြခွင့် ပွဲပယ်ပြစ်ဒဏ် ဆိုင်းငံ့

    ဇီဒိန်း၏ နည်းပြခွင့် ပွဲပယ်ပြစ်ဒဏ် ဆိုင်းငံ့

    နိုဝင်ဘာ ၂၄ ၊၂၀၁၄
    M-Media
    408962_heroa
    – ရီးယဲလ်မက်ဒရစ် အရန်အသင်းကို ကိုင်တွယ်နေသည့် ဇီဒန်းအပေါ် နည်းပြလုပ်ခွင့် သုံးလ ပိတ်ပင်ထားခြင်းအား စပိန်ဘောလုံးအဖွဲ့ချုပ်က ဆိုင်းငံ့ပေးခဲ့သည်ဟု သိရသည်။

    ဇီဒိန်းမှာ နည်းပြတစ်ယောက်အဖြစ် ဆောင်ရွက်ရန် လိုအပ်သော အသိအမှတ်ပြု စာရွက်စာတမ်းများ မရှိဟု စပိန်နည်းပြများအသင်းက တိုင်တန်းခဲ့ပြီးနောက် စပိန်ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့သည့်လတွင် ဇီဒိန်းအား နည်းပြလုပ်ခွင့် သုံးလ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

    သို့သော်လည်း ရီးယဲလ်အသင်းက ထိုကိစ္စအား စပိန်အားကစားခုံရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ပြီး အားကစားခုံရုံးကလည်း အဆိုပါ လျှောက်ထားချက်ကို စစ်ဆေးနေစဉ် ဇီဒိန်း၏ ပွဲပယ်ပြစ်ဒဏ်အား ဆိုင်းငံ့ထားရန် ဆုံးဖြတ်ပေးခဲ့သည်။

    ထိုသို့ဆိုင်းငံ့မှုတွင် ဇီဒိန်းအား ကာကွယ်ရန် ၎င်း၏လက်မှတ်အား ပေးအပ်ခဲ့သော လက်ထောက်နည်းပြ ဆန်တီယာဂိုဆန်းချက်၏ ၃ လပွဲပယ်ပြစ်ဒဏ်လည်း ပါဝင်ပြီး ရီးယဲလ်ကမူ ၎င်းတို့ ၂ ဦးလုံးမှာ အသင်းအား ပြန်လည်ကိုင်တွယ်နေသည်ဟု ကြေညာခဲ့သည်။

    ထိုရာထူးအား ထမ်းဆောင်ရန်အတွက် အဆင့် ၃ နည်းပြအသိအမှတ်ပြုလက်မှတ် လိုအပ်သော်လည်း ဇီဒိန်းတွင် အဆင့် ၂ လက်မှတ်သာရှိနေသည်။

  • ဗလင်စီယာအသင်း လိုဂို အတွက် လင်နို့လူသား ဖန်တီးသည့် ကုမ္ပဏီနှင့် ပြဿနာတက်နေ

    ဗလင်စီယာအသင်း လိုဂို အတွက် လင်နို့လူသား ဖန်တီးသည့် ကုမ္ပဏီနှင့် ပြဿနာတက်နေ

    နိုဝင်ဘာ ၂၂ ၊၂၀၁၄
    M-Media
    DC Comics challenge Valencia over 'Batman' crest
    – ဗလင်စီယာအသင်းမှ နောက်ဆုံးထုတ်ပြန်ခဲ့သောလိုဂိုမှာ မိမိတို့၏ မူပိုင်ခွင့်ကို ဖောက်ဖျက်နေသည်ဟု ယုံကြည်ကြောင်း ကမ္ဘာကျော် လင်းနို့လူသားဇာတ်ကောင်ကို ဖန်တီးခဲ့သည့် DC Comics ကုမ္ပဏီက ပြောကြားလိုက်သည်။

    လင်းနို့တံဆိပ်မှာ ၁၉၁၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့သော ဗလင်စီယာအသင်း၏ အမှတ်အသားတစ်ခုဖြစ်ပြီး နောက်ဆုံးထုတ်ပြန်လိုက်သော ဗင်လင်စီယာအသင်း၏ လင်းနို့လိုဂိုမှာ DC Comisc မှ လင်းနို့လိုဂိုနှင့် ဆင်တူပုံစံဖြစ်နေသည်။

    အမေရိကန်အခြေစိုက် အဆိုပါ ကုမ္ပဏီမှာ လင်းနို့လူသားနှင့် ဆက်စပ်သည့် အမှတ်အသား ၂ ခုကို မှတ်ပုံတင်ထားပြီး ဗလင်စီယာ၏ အဆိုပါ လိုဂိုနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ၏ မူပိုင်ခွင့်ဆိုင်ရာ အာဏာပိုင်များသို့ ၁၁ မျက်နှာပါရှိသော တိုင်ကြားစာဖြင့် တိုင်ကြားထားသည်။

    ဗလင်စီယာအသင်းတွင် လင်းနို့အသုံးပြုမှုမှာ ၁၃ ရာစုက အာရဂွန်ဘုရင် ဂျိမ်းစ် ၁ ၏ သမိုင်းကြောင်းနှင့် ဆက်စက်နေသည်။ ဘုရင်မှာမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ချီတက်လာစဉ် လင်းနို့တစ်ကောင်မှာ ၎င်း၏အလံတွင် လာရောက်နားခဲ့ပြီး ဘုရင်က နိမိတ်ကောင်းအဖြစ် မှတ်ယူကာ ၎င်းအင်္ကျီ၏ လက်မောင်း ၂ ဖက်တွင် လင်းနို့ပုံများ ရေးထိုးခဲ့သည်။

  • မက်ဆီ ဘာစီလိုနာမှ ထွက်ခွါတော့မှာလား

    မက်ဆီ ဘာစီလိုနာမှ ထွက်ခွါတော့မှာလား

    နိုဝင်ဘာ ၂၀၊ ၂၀၁၄
    M-Media
    568921_heroa
    – မိမိအနေဖြင့် ဘာကာနှင့် ဆုဖလားများရရှိအောင် အာရုံစိုက်ထားသော်လည်း အသင်းတွင် ကြာရှည်ရှိနေရန်မှာ မသေချာဟု အသင်း၏ အာဂျင်တိုင်းတိုက်စစ်မှူး လီယွန်နယ် မက်ဆီက ပြောကြားလိုက်သည်။

    ဘာစီလိုနာနှင့် အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့သည့် မက်ဆီမှာ ဘာကာတွင်သာ ပျော်ရွှင်နေပြီး မိမိ၏ကစားသမား နောက်ဆုံးပိုင်းတွင် ကလေးဘ၀က ကစားခဲ့သည့် အာဂျင်တိုင်းကလပ် Nweell အသင်းသို့ ပြောင်းရွှေ့မည်ဟု ယခင်က ပြောကြားခဲ့သည်။

    သို့သော်လည်း ယမန်နှစ်မှ စတင်ကာ ဒဏ်ရာပြဿနာများ၊ အခွန်ရှောင်သည့် ပြဿနာများ၊ ကွင်းအတွင်း ခြေစွမ်းမပြနိုင်မှုများ စသည်ဖြင့် မက်ဆီမှာ ရုန်းကန်ခဲ့ရသည်။

    “ကျွန်တော်ဟာ လက်ရှိအချိန်မှာ ရှင်သန်နေတာပါ။ ဘာစီလိုနာမှာ ကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်ဖို့နဲ့ ကျွန်တော်တို့လိုချင်တာတွေကို ဘာစီလိုနာနဲ့ ရယူနိုင်ဖို့အတွက် ကျွန်တော် တွေးတောနေပါတယ်။ တစ်ခြားဘာမှ မရှိပါဘူး။ နောက်ပိုင်းဆိုတာကတော့ ကျွန်တော်ကြည့်ရမှာပါ။ ဘောလုံးလောကမှာ အလှည့်အပြောင်းတွေ များပါတယ်။ ဘာကာမှာပဲ အမြဲတမ်းနေမယ်လို့ ကျွန်တော် အမြဲတမ်း ပြောခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းအရာတွေက ကျွန်တော်တို့ဖြစ်ချင်သလို ဖြစ်လာတာ မဟုတ်ပါဘူး” ဟု Ole အားကစားသတင်းစာနှင့် အင်တာဗျူးတွင် မက်ဆီက ပြောကြားခဲ့သည်။

    အကယ်၍ အသင်းမှထွက်ခွာပါက ကိုယ်ပိုယ်ဆုံးဖြတ်မှုဖြစ်မည်လား သို့မဟုတ် အသင်းမှရွေးချယ်ခြင်း ဖြစ်မည်လားဟု မေးမြန်းခဲ့ရာ မက်ဆီက မိမိ၏ဆန္ဒဖြင့်ဆိုလျှင် အသင်း၌ အမြဲတမ်းရှိနေမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

    အသင်းဥက္ကဌ ဆန်ဒရို ရိုဆဲလ် ဇန်န၀ါရီလက ထွက်ခွာသွားခဲ့ခြင်း၊ နေးမာအား ခေါ်ယူမှုနှင့် ပတ်သက်၍ အရှုပ်အထွေးများရှိနေခြင်း၊ လာလီဂါတွင် ရှုံးပွဲများ ဆက်တိုက်ကြုံတွေ့ခဲ့ရခြင်း စသည်တို့ကြောင့် ဘာစီလိုနာမှာ ယခုလက်ရှိတွင် ဝေဖန်မှုအများအပြားနှင့် ရင်ဆိုင်နေရသည်။

  • မက်ဆီ ပရီးမီးယားလိဂ်တွင် ကစားပါက ယခုထက် ပိုအောင်မြင်မည်ဟု အသင်းဖော် ဇာဗီပြော

    မက်ဆီ ပရီးမီးယားလိဂ်တွင် ကစားပါက ယခုထက် ပိုအောင်မြင်မည်ဟု အသင်းဖော် ဇာဗီပြော

    နိုဝင်ဘာ ၁၇၊ ၂၀၁၄
    M-Media
    560791_heroa
    – လာလီဂါနှင့် ချန်ပီယံလိဂ်တို့တွင် ပြိုင်ဘက်အသင်းများ၏ နောက်တန်းအား အလုပ်များစေခဲ့သည့် ဘာကာတိုက်စစ်မှူး မက်ဆီအနေဖြင့် ပရီးမီးယားလိဂ်သို့ သွားရောက်ကစားပါက ဂိုးများ ပိုမိုသွင်းနိုင်မည်ဟု အသင်းဖော် ကွင်းလယ်ကစားသမား ဇာဗီက ပြောကြားလိုက်သည်။

    လွန်ခဲ့သည့် ၁၀ နှစ်အတွင်း မက်ဆီမှာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားများထဲမှ တစ်ဦးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဘာစီလိုနာနှင့် အတူ ချန်ပီယံလိဂ် ၃ ကြိမ်၊ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု ၂ ကြိမ် ရရှိထားကာ တဲလ်မို ဇာရာ တင်ထားသည့် လာလီဂါ ဂိုးသွင်း စံချိန်ကိုလည်း ချိုးဖျက်ရန် နီးကပ်နေသည်။

    ဇာဗီကမူ မက်ဆီ အနေဖြင့် ပရီးမီးယားလိဂ်သို့ လာရောက်ကစားပါက ပိုမိုအောင်မြင်သည့် အဆင့်သို့ ရောက်ရှိမည်ဟု ပြောကြားခဲ့သည်။

    “ပရီးမီးယားလိဂ်မှာ ခံစစ်ပုံစံ အရမ်းမကစားတာကြောင့် မက်ဆီဟာ ပိုကောင်းလာမှာပါ။ ဘာစီလိုနာနဲ့ ကစားခဲ့တဲ့အခါ အင်္ဂလန်ကလပ်တွေရဲ့ ခံစစ်ကစားပုံဟာ တစ်ယောက်-တစ်ယောက်ချင်းပုံစံကို အခြေခံပြီး၊ အင်အားသုံးကစားကြပါတယ်။ ဒါပေမယ့် မက်ဆီဟာ ဘာစီလိုနာမှာထက် (ပရီးမီးယားလိဂ်မှာ) နေရာလွတ်တွေ ပိုမိုရှာတွေ့နိုင်မှာပါ” ဟု ဇာဗီက ပြောကြားခဲ့သည်။

    ထို့ပြင် ဇာဗီမှာ မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်ကိုလည်း ချီးကျူးခဲ့သည်။ ဇာဗီမှာ ဗန်ဂါးလ်လက်ထက် ဘာစီလိုနာတွင် စတင် ပါဝင်ကစားခွင့်ရခဲ့သူဖြစ်ပြီး ဂွါဒီယိုလာ လက်ထက်တွင် အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့သည်။

    “မန်ယူအနေနဲ့ သူ့(ဗန်ဂါလ်း)ကို စိတ်ရှည်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါမှသာ သူဟာ သူ့ရဲ့ပုံစံနဲ့ အောင်မြင်မှုကို ရယူနိုင်မှာပါ။ ပြီးတော့ သူ့ရဲ့ နည်းပြစွမ်းရည်ကိုလည်း ပြသနိုင်မှာပါ” ဟု ဇာဗီက ထပ်လောင်းပြောကြားခဲ့သည်။

  • မက်ဆီအား ရိုင်းစိုင်းစွာ သုံးနှုန်းခေါ်ဝေါ်ခဲ့သည့် သတင်းအား ရော်နယ်ဒို ငြင်း

    မက်ဆီအား ရိုင်းစိုင်းစွာ သုံးနှုန်းခေါ်ဝေါ်ခဲ့သည့် သတင်းအား ရော်နယ်ဒို ငြင်း

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    Untitled-1_3083017b
    – ဘာစီလိုနာမှ ပြိုင်ဘက် မက်ဆီအား ရီးယဲလ်အ၀တ်လဲခန်းအတွင်း ရိုင်းစိုင်းသော အမည်နာမများဖြင့် ခေါ်ဝေါ်ခဲ့သည်ဟူသော စွပ်စွဲချက်များကို ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ငြင်းဆိုလိုက်သည်။

    စပိန်ဘောလုံးကျွမ်းကျင်သူ ဂူလီယမ် ဘာလာဂူ ရေးသားသော စာအုပ်အသစ်တွင် ရော်နယ်ဒိုနှင့် မက်ဆီတို့၏ ဆက်ဆံရေးမှာ ကောင်းမွန်မှုမရှိဘဲ၊ တစ်ခါတစ်ရံတွင် ရော်နယ်ဒိုမှာ မက်ဆီအား နှိမ့်ချသည့် အမည်နာမများဖြင့် ခေါ်ဝေါ်သည်ဟု ရေးသားဖော်ပြခဲ့သည်။

    အဆိုပါသတင်းမှာ အွန်လိုင်းစာမျက်နှာများတွင် ပြန့်နှံ့သွားပြီးနောက် ရော်နယ်ဒိုက မိမိမှာ ဘ၀တူကစားသမားတစ်ဦးအား ထိုကဲ့သို့ မလေးမစား မဆက်ဆံဟု ပြန်လည်ဖြေရှင်းခဲ့သည်။

    “မက်ဆီနဲ့ပတ်သက်ပြီး ကျွန်တော်ဟာ စော်ကားတဲ့စကားမျိုးတွေ ပြောဆိုတယ်လို့ သတင်းတွေ ပြန့်နေပါတယ်။ ဒါဟာ လုံးဝမှားယွင်းပါတယ်။ ဒီအတွက် တာဝန်ရှိတဲ့သူကို ကျွန်တော့်ရှေ့နေက တရားစွဲသွားမှာပါ။ ကျွန်တော်နဲ့ ဘ၀တူကစားသမားတွေ အားလုံးအပေါ်မှာ လေးစားမှု ထားရှိပါတယ်။ အဲဒီအထဲမှာ မက်ဆီလည်း ပါဝင်ပါတယ်” ဟု ရော်နယ်ဒိုက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    ဘာလာဂူ၏ အဆိုပါ စာအုပ်တွင် ရော်နယ်ဒိုမှာ မက်ဆီအား ခွေးနှင့်နှိုင်း၍ ပြောဆိုသည်ဟုလည်း ရေးသားဖော်ပြထားသည်။

    မက်ဆီနှင့် ရော်နယ်ဒို နှစ်ဦးစလုံးမှာ ၎င်းတို့မျိုးဆက်၏ အတောက်ပဆုံး ကစားသမားများဖြစ်ပြီး လူမြင်ကွင်းတွင် ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးမှာ တလေးတစားရှိသော်လည်း ရီးယဲလ်နှင့် ဘာကာကြားရှိ ပြိုင်ဆိုင်မှုများက ၎င်းတို့နှစ်ဦးအား မိတ်ဆွေအဖြစ်မှ ဝေးကွာစေသည်ဟု မီဒီယာများက ဖော်ပြကြသည်။