News @ M-Media

Tag: Liverpool

  • လီဗာပူးလ်သို့ပြန်လာရေး နည်ပြကလော့ပ်နှင့် ဂျရတ် ဆွေးနွေးမည်

    လီဗာပူးလ်သို့ပြန်လာရေး နည်ပြကလော့ပ်နှင့် ဂျရတ် ဆွေးနွေးမည်

    နိုဝင်ဘာ ၄၊ ၂၀၁၅
    M-Media

    liver

    – လီဗာပူးလ်အသင်း၏ သက်တော်ရှည် ကစားသမားဖြစ်ခဲ့သူ စတီဗင်ဂျရတ်မှာ အသင်းသို့ ပြန်လည်လာရောက်ရေး ဆွေးနွေရန်အတွက် နည်းပြ ယာဂန်ကလော့နှင့် စကားပြောခဲ့ပြီး လာမည့်စနေနေ့ အန်ဖီးလ်တွင် ခရစ္စတယ်ပဲလေ့စ်အား ဧည့်ခံကစားရမည့်ပွဲတွင် တွေ့ဆုံရန်ရှိနေသည်ဟု Daily Mail အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။

    အသင်းတွင် သစ္စာရှိစွာ ကစားခဲ့သည့် ဂျရတ်မှာ ယခုနှစ်ဇန်န၀ါရီလကမှ အမေရိကန် မေဂျာလိဂ်ကလပ် အလ်အေ ဂလက်ဆီအသင်းသို့ ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ်က MLS ရှုံးထွက်ပွဲစဉ်တွင် Seattle Sounders အသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် ယနေ့တွင် အင်္ဂလန်သို့ ပြန်လာရန် ရှိနေသည်။

    ယခင်ကတည်းက အသင်းအတွက် ကူညီနိုင်သည့် အရည်အသွေးရှိပါက တစ်နေ့တွင် အသင်းသို့ ပြန်လည် လာရောက်ချင်သည်ဟု ဂျရတ်က ပြောကြားထားဖူးပြီး လီဗာပူးလ်ဥက္ကဌ တွမ် ၀ါနာနှင့်လည်း ပြီးခဲ့သည့် လများအတွင်း အကြိမ်အများအပြား တွေ့ဆုံ စကားပြောခဲ့ဖူးသည်။ ဂျရတ် လီဗာပူးလ်သို့ ပြန်လာရေးအတွက် အဆုံးအဖြတ်မှာ နည်းပြ ယာဂန် ကလော့ပ် ဖြစ်နေပြီး အငှားဖြင့် ပြန်လည် လာရောက်နိုင်သည့်အနေအထား ရှိနေသည်။

    Ref: Dailymail

  • ချယ်ဆီး ကျဆုံးမှုက မိမိ၏ အဖြစ်အပျက်ကို အမှတ်ရစေသည်ဟု ကလော့ပ်ပြော

    ချယ်ဆီး ကျဆုံးမှုက မိမိ၏ အဖြစ်အပျက်ကို အမှတ်ရစေသည်ဟု ကလော့ပ်ပြော

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    liver

    – ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ ချယ်ဆီးအသင်း၏ ကျဆုံးမှုက ပြီးခဲ့သည့်ရာသီ ဒေါ့မွန်အသင်းတွင် မိမိတွေ့ကြုံခဲ့ရသည့် ဒုက္ခသုက္ခကို ပြန်လည်အမှတ်ရစေသည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ယမန်နေ့က လီဗာပူးလ်အား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ချယ်ဆီးမှာ ယခုရာသီ ဆဌမမြောက် အရှုံးကို မြည်းစမ်းရခြင်းလည်း ဖြစ်သည်။ ကလော့ပ်မှာလည်း ပြီခဲ့သည့် ဘောလုံးရာသီက ဒေါ့မွန်တွင် ထိုကဲ့သို့ ကံကြမ္မာမျိုး ကြုံတွေ့ခဲ့ရဖူးပြီး ရာသီ၏ အချိန်အများစုတွင် တန်းဆင်းဇုန်နား၌ ရုန်းကန်ခဲ့ရကာ အဆင့် ၇ ဖြင့် ရာသီသိမ်းခဲ့သည်။

    “တကယ်ပါ။ ကျွန်တော် သူ့အတွက် ခံစားရပါတယ်။ ဒါဟာ ပုံမှန်ပါပဲ။ သူဟာ နည်းပြကောင်းတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာ ဒီအခန်းထဲကလူ တစ်ယောက်မှ သံသယဖြစ်နေမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒီလိုကျရှုံးမှုမျိုးတွေကို ပြီးခဲ့တဲ့နှစ် ဒေါ့မွန်မှာလည်း ကျွန်တော် ကြုံတွေ့ခဲ့ရဖူးပါတယ်။ ကောင်းတာတစ်ခုက ဘယ်သူကမှ ကျွန်တော့်ရာထူးအတွက် သံသယမဖြစ်ခဲ့ပါဘူး။ ကျွန်တော်ဟာ ဖိအားတွေကို မခံစားခဲ့ရပါဘူး” ဟု ကလော့ပ်က ယမန်နေ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • လူအချို့မှလွဲ၍ မော်ရင်ဟိုမှာ လူတိုင်းအတွက် လူကောင်းဖြစ်သည်ဟု ကလော့ပ်ပြော

    လူအချို့မှလွဲ၍ မော်ရင်ဟိုမှာ လူတိုင်းအတွက် လူကောင်းဖြစ်သည်ဟု ကလော့ပ်ပြော

    အောက်တိုဘာ ၃၀၊ ၂၀၁၅
    M-Media

    liver

    – ဒိုင်လူကြီးများနှင့် ဂျာလစ်များမှလွဲ၍ မော်ရင်ဟိုမှာ လူတိုင်းအတွက် လူကောင်းတစ်ယောက်ဖြစ်သည်ဟု လီဗာပူးလ်းနည်းပြသစ် ကလော့ပ်က ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အရွှန်းဖောက် ပြောကြားလိုက်သည်။

    မော်ရင်ဟို၏ ချယ်ဆီးနှင့် လီဗာပူးလ်တို့မှာ စနေနေ့တွင် ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်ပြီး ကလော့ပ် အင်္ဂလန်သို့ စရောက်စဉ်ကလည်း မိမိမှာ normal one သာဖြစ်သည်ဟု မော်ရင်ဟို၏ လက်သုံးစကားဖြစ်သော special one ကို စောင်းမြောင်းပြောခဲ့ဖူးသည်။

    “သူ့ရဲ့ စွမ်းဆောင်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော် လေးစားမှုအပြည့် ရှိပါတယ်။ တကယ်လို့ ခင်ဗျားဟာ ဒိုင်လူကြီး ဒါမှမဟုတ် ဂျာနယ်လစ်တစ်ယောက် မဟုတ်ဘူးဆိုရင် သူက ခင်ဗျားအတွက် လူကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ ပွဲအတွင်းမှာ ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ စိတ်လှုပ်ရှားကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပရော်ဖက်ရှင်နယ်တွေပါ။ ကျွန်တော်တို့ကြားမှာ အားလုံး အေးဆေးပါပဲ။ ကျွန်တော် ဂျာနီမှာရှိတုန်းက မော်ရင်ဟိုဟာ တစ်ခါတစ်လေ မက်ဆေ့ခ်ျပို့လေ့ ရှိပါတယ်။ သူ့ရဲ့ ဆောင်ရွက်မှုတွေအတွက် ကျွန်တော် လေးစားပါတယ်။ သူက လူကောင်းတစ်ယောက်ပါ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ပထမဆုံးနိုင်ပွဲအတွက် လူငယ်များကို ကလော့ပ်ချီးကျူး

    ပထမဆုံးနိုင်ပွဲအတွက် လူငယ်များကို ကလော့ပ်ချီးကျူး

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    liver

    – လိဂ်ဖလားတွင် ဘုန်းမောက်အား အနိုင်ရခဲ့သည့်ပွဲ၌ ခြေစွမ်းပြခဲ့သည့် လူငယ်ကစားသမားများအား လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ချီးကျူးပြောဆိုလိုက်သည်။

    ပဉ္စမအဆင့်ပွဲစဉ်အဖြစ် ယနေ့မနက်က ယှဉ်ပြိုင်ခဲ့သော အဆိုပါပွဲတွင် ကလော့ပ်မှာ ဂျိုအာအို တိုင်ဇီရာ၊ ကွန်နော်ရ် ရန်ဒဲလ်နှင့် ကင်မရွန်း ဘရန်နာဂန်တို့ကဲ့သို့ အသင်းကြီးအတွက် ပွဲထွက်ခွင့်မရသေးသည့် လူငယ်သွေးသစ်များကို ထုတ်သုံးခဲ့ပြီး ခြေစွမ်းပြနိုင်ကာ ၁ ဂိုး ဂိုးမရှိဖြင့် ဘုန်းမောက်အား အနိုင်ရခဲ့သည်။ ထိုပွဲမှာ လီဗာပူးလ်အား ၎င်း ကိုင်တွယ်ပြီးနောက် ပထမဆုံးရရှိခဲ့သည့် အနိုင်လည်းဖြစ်သည်။

    “နှစ်ပတ်လောက်အတွင်းမှာ ကျွန်တော်ဟာ ဒီကောင်လေးတွေကို လေ့ကျင့်ကွင်းမှာ တွေ့ခဲ့ပါတယ်။ လေ့ကျင့်မှု အချိန်အများစုမှာ သူတို့ ကျွန်တော်တို့နဲ့အတူ ရှိခဲ့ပါတယ်။ ကျွန်တော် သူတို့ကို သတိပြုမိခဲ့ပြီး ပထမဆုံးအခွင့်အရေး ပေးရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိခဲ့ပါတယ်။ ဒါ့ကြောင့် ဒီပွဲမှာ ထုတ်သုံးခဲ့တာပါ။ တစ်ချို့ကစားသမားတွေဟာ အနားယူဖို့ လိုအပ်ပါတယ်။ ဒီလူငယ်ကစားသမားလေးတွေက ကျွန်တော်တို့ကို ကူညီနိုင်တဲ့ စွမ်းရည် ရှိတယ်ဆိုတာကိုလည်း ကျွန်တော် အသေအချာ သိခဲ့ပါတယ်” ဟု ကလော့ပ်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    Ref: Goal

  • လီဗာပူးလ်မှာ ယုံကြည်မှုပျောက်နေဟု ကလော့ပ်ပြော

    လီဗာပူးလ်မှာ ယုံကြည်မှုပျောက်နေဟု ကလော့ပ်ပြော

    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media

    kla

    – မိမိအနေဖြင့် အသင်း၏ တိုးတက်မှုများအတွက် ကျေနပ်သော်လည်း ကစားသမားများတွင် ယုံကြည်ချက် ပျောက်ဆုံးနေသည်ဟု လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ဆောက်သက်တမ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်မှာ ပုံစံကောင်းကို ဆက်လက်ပြသနိုင်ခဲ့ပြီး ၇၇ မိနစ်တွင် ဘန်တီကီ၏ ခေါင်းတိုက်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲပြီးကာနီး ၄ မိနစ်အလိုတွင် ချေပဂိုးပြန်ပေးခဲ့ရသည်။ ကလော့ပ် ကိုင်တွယ်ခဲ့ပြီးနောက် ကစားသည့် ၃ ပွဲစလုံးမှာ သရေဖြင့်သာ အဆုံးသတ်ခဲ့သည်။

    “သူတို့ တော်တော်လေး ကြိုးစားခဲ့တယ်။ အာရုံစူးစိုက်မှုအပြည့် ရှိတယ်။ နိုင်လိုစိတ်လည်း အပြည့်အ၀ ရှိပါတယ်။ ဒါပေမယ့် တစ်ဂိုး ပြန်ပေးလိုက်ရပြီးနောက်မှာတော့ အားလုံးရေစုံမျောပြီလို့ သူတို့ ခံစားခဲ့ရတယ်။ ဒါ ရေစုံမျောတာ မဟုတ်ပါဘူး။ ဂိုးတစ်ဂိုး ပေးလိုက်ရတာပါ။ နိုင်အောင်ပြန်ကစားလို့ ရပါတယ်။ ဒီယုံကြည်မှုမျိုး ကျွန်တော်တို့မှာလိုနေတာပါ” ဟု ကလော့ပ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    လီဗာပူးမှာ ထိုပွဲသရေကြောင့် တစ်ဆင့်တက်လာခဲ့ပြီး အဆင့် ၉ နေရာတွင် ရှိနေသည်။

    Ref: Goal