News @ M-Media

Tag: north korea

  • မြောက်ကိုရီးယားကို စစ်တိုက်လျှင် နောက်ဆက်တွဲဆိုးကျိုးများမည်ဟု ကန်ကို နေတိုးသတိပေး

    မြောက်ကိုရီးယားကို စစ်တိုက်လျှင် နောက်ဆက်တွဲဆိုးကျိုးများမည်ဟု ကန်ကို နေတိုးသတိပေး

    အောက်တိုဘာ ၁၅၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားကိစ္စ စစ်ရေးဖြင့်ကြားဝင်လျှင် နောက်ဆက်တွဲထိခိုက်ပျက်စီးမှု ကြီးမားမည်ဟု နေတိုးအဖွဲ့ အကြီးအကဲ ဂျင် စတိုလ်တန်ဘာ့ဂ်က သောကြာနေ့တွင် သတိပေးခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုးရီးယားအရေးတွင် သံတမန်နည်းအရ ညှိနှိုင်းစေ့စပ်မှု အလုပ်မဖြစ်တော့ဟူသည့် စကားကို တုန့်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

    လာမည့်ရက်သတ္တပတ်အတွင်း တောင်ကိုးရီးယားနှင့် ဂျပန်သို့ လာရောက်လည်ပတ်မည့် စတိုလ်တန်ဘာ့ဂ်က အမေရိကန်အနေဖြင့် မိမိနိုင်ငံနှင့် မဟာမိတ်များကို ကာကွယ်ပိုင်ခွင့်ရှိသော်လည်း ယခုထက်ပိုမိုထိရောက်မည့် သံတမန်ရေးအားထုတ်မှုကို လုပ်ဆောင်သင့်ကြောင်း အဓိကထား ပြောကြားခဲ့သည်။

    “စစ်အင်အားအသုံးပြုဖြေရှင်းရင် နောက်ဆက်တွဲဖြစ်လာမယ့် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးမှုကို ဘယ်သူမှ လိုလားမှာမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်၊ ဒါကြောင့် ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာဖို့ တိုက်တွန်းရမှာ ဖြစ်ပါတယ်” ဟု စတိုလ်တန်ဘာ့ဂ်က ဘရပ်ဆဲလ်ရှိ နေတိုးဌာနချုပ်တွင် ပြုလုပ်သော အင်တာဗျူး၌ ဖြေကြားခဲ့သည်။

    ထရမ့်က အင်္ဂါနေ့တွင် အမျိုးသား လုံခြုံရေးအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး မြောက်ကိုးရီးယား၏ ထပ်ခါတလဲလဲ ပြုလုပ်နေသည့် နျူကလီယားနှင့် ဒုံးကျည်စမ်းသပ်မှုများအပေါ် တုံ့ပြန်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်။

    အဆိုပါတွေ့ဆုံမှုမှာ မြောက်ကိုရီးယားကို လုံးဝဖျက်ဆီးမည်ဟု ပြီးခဲ့သည့်လတွင် ပြောကြားမှု၊ မြောက်ကိုရီးယားနှင့် နှစ်များစွာ သံတမန်ရေးအရ ဆွေးနွေးမှုမှာ အချည်းအနှီးဖြစ်နေသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားမှုတို့နောက်ပိုင်း ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

    Ref: CNA

  • ဂျပန်ပင်လယ်တွင် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မည်

    ဂျပန်ပင်လယ်တွင် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မည်

    အောက်တိုဘာ ၁၄၊ ၂၀၁၇
    M-Media

    – အမေရိကန်နှင့် တောင်ကိုးရီးယားတို့ ပူးတွဲ၍ လာမည့်ရက်သတ္တပတ်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်ရေတပ်က ယမန်နေ့တွင် ပြောကြားခဲ့ပြီး မြောက်ကိုးရီးယားကို ဆန့်ကျင့်သည့်အနေဖြင့် နောက်ဆုံးပေါ်ထွက်လာသည့် အင်အားပြမှု ဖြစ်သည်။

    ကုလသမဂ္ဂ၏ အမျိုးမျိုးသော အရေးယူပိတ်ဆို့မှုများကြားမှ မြောက်ကိုးရီးယားသည် အင်အားပြင်း ဒုံးကျည်များ ပစ်လွှတ်စမ်းသပ်ခြင်း၊ ၆ ကြိမ်မြောက် နျူကလီယားစမ်းသပ်ခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုးရီးယား၏ လက်နက်အစီအစဉ်များအပေါ် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ထို့ကြောင့် အမေရိကန်မှာ မြောက်ကိုးရီးယား၏ အနီးကပ်ဆုံး နိုင်ငံများဖြစ်သည့် ဂျပန်၊ တောင်ကိုးရီးယားတို့နှင့် စစ်ရေးလေ့ကျင့်မှုများ အရှိန်မြှင့် ပြုလုပ်လာခဲ့သည်။

    အမေရိကန် အမှတ် ၇ ရေယာဉ်စုမှ ထုတ်ပြန်သော ကြေငြာချက်တွင် လာမည့်တစ်ပတ် တောင်ကိုးရီးယား ရေတပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် USS Ronald Regan လေယာဉ်တင်သင်္ဘော၊ ဖျက်သင်္ဘော ၂ စီးတို့ ပါဝင်မည်ဟု ဖော်ပြထားသည်။

    အောက်တိုဘာ ၁၆ ရက်မှ ၂၆ အတွင်း ဂျပန်ပင်လယ်နှင့် ပင်လယ်ဝါတို့တွင် ပြုလုပ်မည့် အဆိုပါစစ်ရေးလေ့ကျင့်မှုသည် “အပြန်အလှန် ဆက်သွယ်ရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ရန်” ဖြစ်သည်ဟု ကြေငြာချက်က ဆိုသည်။

    မည်သည့်စစ်ရေးလေ့ကျင့်မှုကိုမှ ထပ်မံမပြုလုပ်ရန် သတိပေးထားသော မြောက်ကိုးရီးယားကို အဆိုပါ လေ့ကျင်မှုကြောင့် ဒေါသ ထွက်စေမည်ဖြစ်သည်။

    Ref: CNA

  • ကန်-တောင်ကိုရီးယား စစ်ရေးအစီအမံများကို မြောက်ကိုရီးယား ခိုးယူ

    ကန်-တောင်ကိုရီးယား စစ်ရေးအစီအမံများကို မြောက်ကိုရီးယား ခိုးယူ

    အောက်တိုဘာ ၁၀၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို လုပ်ကြံဖို့ အစီအစဉ်အပါအ၀င် စစ်ဖက်ဆိုင်ရာ စာရွက်စာတမ်း တော်တော်များများကို မြောက်ကိုရီးယား ဟက်ကာတွေက တောင်ကိုရီးယားထံကနေ ခိုးယူသွားတယ်လို့ တောင်ကိုရီးယား လွှတ်တော်အမတ် ရီချိုဟီးက ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဒီကိစ္စကို ကာကွယ်ရေးဝန်ကြီးဌာနကနေတစ်ဆင့် သိရတာဖြစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ရေးဆွဲထားတဲ့ စစ်ရေးမဟာဗျူဟာတွေ၊ မာဟာမိတ် အကြီးတန်းတပ်မှူးတွေရဲ့ အစီရင်ခံစာတွေ၊ တောင်ကိုရီးယား အထူးတပ်ဖွဲ့ဝင်တွေရဲ့ အစီအမံတွေ၊ တောင်ကိုရီးယားက အရေးပါတဲ့ ဓာတ်အားပေးစက်ရုံတွေ၊ စ
    စ်ဖက်အဆောက်အဦး အချက်အလက်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီကိစ္စအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။

    မစ္စတာရီက ခိုးယူခံလိုက်ရတဲ့ ပမာဏဟာ ၂၃၅ ဂီဂါဘိုက်ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်စင်တာကနေ ပါသွားတာဖြစ်ကာ ၈၀ ရာခိုင်နှုန်းက ဘာတွေလည်းဆိုတာ မဖော်ထုတ်ရသေးဘူးလို့ ဆိုပါတယ်။

    ဆိုက်ဘာတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာက ဖြစ်ပွားခဲ့တာဖြစ်ပြီး မေလမှာ တောင်ကိုရီးယားက သူတို့ရဲ့ အချက်အလက်တွေ ခိုးယူခံလိုက်ရပြီး မြောက်ကိုရီးယားလက်ချက်ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    မြောက်ကိုရီးယားက ဒီပြောကြားချက်တွေကို ငြင်းဆိုထားပါတယ်။

    Ref: BBC

  • နျူအစီအစဉ်ကို ကင်ဂျုံအင်က ချီးကျူးပြီး ညီမဖြစ်သူကို ရာထူးတိုးပေး

    နျူအစီအစဉ်ကို ကင်ဂျုံအင်က ချီးကျူးပြီး ညီမဖြစ်သူကို ရာထူးတိုးပေး

    အောက်တိုဘာ ၉၊ ၂၀၁၇
    M-Media

    – မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်က ၎င်း၏ နျူကလီးယားလက်နက်များသည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ပေးမည့် စွမ်းအားမြင့်လက်နက်များ ဖြစ်သည်ဟု ပြောကြားလိုက်ပြီး သူမ၏ ညီမဖြစ်သူကိုလည်း ရာထူးတိုးမြှင့်ခဲ့သည်။

    ထရမ့်က မြောက်ကိုရီးယားနှင့်ပတ်သက်၍ သံတမန်နည်းလမ်းအားလုံးမှာ အသုံးမ၀င်တော့ဘဲ အလုပ်ဖြစ်မည့် နည်းလမ်းတစ်ခုတည်းသာ ရှိတော့သည်ဟု စနေနေ့က Twitter စာမျက်နှာ၌ ရေးသားပြီး နာရီပိုင်းအကြာတွင် မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ကင်၏ ယခုမှတ်ချက်ကို ထုတ်လွှင့်ခဲ့သည်။

    ထရမ့်၏ ရည်ညွှန်းချက်မှာ ရှင်းရှင်းလင်းလင်းမရှိသော်လည်း စစ်ရေးအရ ကိုင်တွယ်ရန် ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

    စနေနေ့က အလုပ်သမားပါတီ၏ ဗဟိုကော်မတီနှင့် တွေ့ဆုံစဉ် ကင်က မြောက်ကိုရီးယား၏ နျူလက်နက်များမှာ ကိုရီးယားကျွန်းဆွယ်နှင့် အာရှအနောက်မြောက်ပိုင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်ဖြစ်ပြီး၊ နျူအစီအစဉ်နှင့် စီးပွားရေးတိုးတက်မှုမှာ ပြိုင်တူသွားနေသည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    ကင်မှာ ထိုအစည်းအဝေးတွင် ညီမဖြစ်သူ ကင်ယိုဂျွန်ကို ပါတီအတွင်း နောက်ဆုံး ဆုံးဖြတ်ချက်ချသည့် ပေါလစ်ဗျူရိုတွင် အဖွဲ့ဝင်အဖြစ် ရာထူးတိုးပေးခဲ့သည်။ ကင်ဂျုံအန်မှာ ပေါလစ်ဗျူရို ဥက္ကဌအဖြစ် တာဝန်ယူထားသည်။

    Ref : CNA

  • မြောက်ကိုရီးယားကိစ္စဖြေရှင်းရန် နည်းလမ်းတစ်ခုသာရှိတော့ဟု ထရမ့်ပြော

    မြောက်ကိုရီးယားကိစ္စဖြေရှင်းရန် နည်းလမ်းတစ်ခုသာရှိတော့ဟု ထရမ့်ပြော

    အောက်တိုဘာ ၈၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားကိစ္စနှင့်ပတ်သက်၍ သံတမန်နည်းလမ်းဖြင့် ကြိုးပမ်းမှုအားလုံးမှာ မအောင်မြင်ဘဲ လက်ရှိတွင် ‘အလုပ်ဖြစ်မည့် နည်းလမ်းတစ်ခုသာ’ ကျန်ရစ်တော့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

    “နှစ်ပေါင်း ၂၅ နှစ်လောက် သမ္မတတွေနဲ့ သူတို့ရဲ့ အစိုးရတွေဟာ မြောက်ကိုရီးယားနဲ့ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်တွေ ရအောင်လုပ်ကာ၊ ပိုက်ဆံတွေလည်း အများကြီး ပေးခဲ့ရပါတယ်။ ဒါတွေဟာ အလုပ်မဖြစ်ပါဘူး။ မင်မခြောက်ခင် သဘောတူညီချက်တွေက ပျက်ပျက်သွားပြီး အမေရိကန်ညှိနှိုင်းသူတွေကို အရူးလုပ်လိုက်ကြပါတယ်။ ဒါပေမယ့် အရာတစ်ခုကတော့ အလုပ်ဖြစ်မှာပါ” ဟု ထရမ့်က ယမန်နေ့တွင် Twitter စာမျက်နှာ၌ ရေးသားခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ထိုအရာမှာ မည်သည့်အရာဖြစ်သည်ကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိချေ။

    ယခုသီတင်းပတ်များ၌ အမေရိကန်နှင့် မြောက်ကိုရီးယားတို့ တင်းမာမှုများ မြင့်တက်နေစဉ်အတွင်း ထရမ့်နှင့် ကင်ဂျုံအန်တို့ကလည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဝေဖန်မှုများ ရှိခဲ့သည်။

    ထရမ့်ကမူ ယခင် အမေရိကန်အစိုးရအဆက်ဆက်မှာ မြောက်ကိုရီးယားကိစ္စကို ဖြေရှင်းရန် လုံလောက်သည့် ဆောင်ရွက်မှုမျိုး မပြုလုပ်ခဲ့ဟု စနေနေ့တွင် Trinity Broadcasting Network တီဗီအစီအစဉ်၌ ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုနှင့် ဒုံးကျည်စီမံကိန်းကို ရပ်တန့်ရန်အတွက် စစ်ရေးအပါအ၀င် နည်းလမ်းအားလုံးကို စဉ်းစားထားသည်ဟု အမေရိကန်က ပြောကြားထားပြီး ထရမ့်၏ ယခုစကားက စစ်ရေးကို ရည်ညွှန်းသည်ဟု ခန့်မှန်းပြောကြားမှုများ ရှိနေသည်။

    ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်မှာ တရုတ်တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး၊ ထရမ့်က မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် ကြိုးစားမှုမှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera