News @ M-Media

Tag: north korea

  • မြောက်ကိုရီးယားခေါင်းဆောင်၏ အစ်ကိုဖြစ်သူ အသတ်ခံရ

    မြောက်ကိုရီးယားခေါင်းဆောင်၏ အစ်ကိုဖြစ်သူ အသတ်ခံရ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင်၏ ဖအေတူမအေကွဲ အစ်ကိုဖြစ်သူမှာ မလေးရှားလေဆိပ်တွင် အသတ်ခံခဲ့ရသည်ဟု တောင်ကိုရီးယားသတင်းဌာန Yonhap News Agency က အစိုးရက သတင်းရင်းမြစ်ကို ကိုးကား၍ ယနေ့တွင် ဖော်ပြခဲ့သည်။

    သေဆုံးသူမှာ ကင်ဂျုံနမ်ဆိုသူဖြစ်ပြီး မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီလ်၏ အကြီးဆုံးသားဖြစ်ကာ ကွာလာလမ်ပူလေဆိပ်တွင် တနင်္လာနေ့မနက်ပိုင်းက အသတ်ခံခဲ့ရခြင်းဖြစ်သည်။

    တောင်ကိုရီးယား ရုပ်သံသတင်းဌာနတစ်ခုဖြစ်သော TV Chosun ကမူ ကင်မှာ မြောက်ကိုရီးယားစုံထောက်များဟု ယုံကြည်ရသည့် အမျိုးသမီးနှစ်ဦး၏ အဆိပ်ဖြင့် လုပ်ကြံခြင်း ခံခဲ့ရသည်ဟု တောင်ကိုရီးယား အစိုးရရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

    မလေးရှားရဲတပ်ဖွဲ့ကမူ မည်သူမည်ဝါမှန်း မသိသေးသည့် မြောက်ကိုရီးယားနိုင်ငံသားတစ်ဦးမှာ ကွာလာလမ်ပူ လေဆိပ်မှ ဆေးရုံသို့အသွား လမ်းတွင် သေဆုံးခဲ့သည်ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ထရမ့်ကို အာခံသည့်အနေဖြင့် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်

    ထရမ့်ကို အာခံသည့်အနေဖြင့် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနိုင်ငံမှာ နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတမ်းမှ ပင်လယ်ပြင်သို့ ဒုံးကျည်တစ်စင်းကို ယနေ့မနက် အစောပိုင်းက ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က မြောက်ကိုရီးယား၏ နျူလက်နက်၊ တိုက်ချင်းပစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုအတွက် မာမာကျေကျော တုန့်ပြန်သွားမည်ဟု အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်က ပြောကြားထားပြီး နောက်ပိုင်း မြောက်ကိုရီးယား၏ ယခု ပစ်လွှတ်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

    တောင်ကိုရီးယားနှင့် အမေရိကန် စစ်တပ်ရင်းမြစ်များကမူ ယနေ့ပစ်လွှတ်ခဲ့သည့် အဆိုပါဒုံးကျည်မှာ တိုက်ချင်းပစ်ဒုံးကျည် (ICBM) ဖြစ်ပုံမရဟု ဆိုသည်။

    ယခုဖြစ်စဉ်အတွက် ထရမ့်ကို အကျဉ်းချုံး အစီရင်ခံထားပြီး မိမိတို့အနေဖြင့် အခြေအနေကို စောင့်ကြည့်နေသည်ဟု အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဖလော်ရီဒါတွင် ပြုလုပ်ခဲ့သည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ညစာစားပွဲအခမ်းအနား မတိုင်ခင် သတင်းထောက်တစ်ဦးက မြောက်ကိုရီးယား၏ ယခု ဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်၍ မေးမြန်းခဲ့မှုကို ထရမ့်က ပြန်လည်ဖြေကြားခဲ့ခြင်း မရှိချေ။

    အမေရိကန် တာဝန်ရှိသူတစ်ဦးကမူ မြောက်ကိုရီးယားအား ထိန်းကျောင်းရေး ပိုမိုလုပ်ဆောင်ရန် ထရမ့်အစိုးရက တရုတ်အား ဖိအားပေးသွားမည်ဟု ပြောကြားခဲ့သည်။

    တရုတ်မှာ မြောက်ကိုရီးကား၏ အဓိက မဟာမိတ်ဖြစ်သော်လည်း၊ မကြာသေးမီက ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုများကြောင့် တရုတ်ဖက်က စိတ်ပျက်မှုများ ရှိနေသည်။ ယနေ့လုပ်ရပ်အတွက်မူ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက မည်သည့်မှတ်ချတ်မှ မပေးခဲ့ပေ။

    Ref: CNA

  • ဒုံးကျည် အချိန်မရွေးပစ်နိုင်သည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    ဒုံးကျည် အချိန်မရွေးပစ်နိုင်သည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    north

    – ခေါင်းဆောင်ကင်ဂျုံအန်က ရွေးချယ်သော မည်သည့်နေရာမှမဆို တိုက်ချင်းပစ်ဒုံးကျည်ကို အချိန်မရွေး စမ်းသပ် ပစ်လွှတ်နိုင်သည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက် ပြောကြားလိုက်သည်။

    နိုင်ငံခြားရေ၀န်ကြီးဌာနမှ အမည်မဖော်လိုသည့် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့တွင် နိုင်ငံပိုင် KCNA သတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီ မိမိတို့၏ လက်နက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အမေရိကန်၏ ရန်လိုမှုကိုသာ အပြစ်တင်ရမည်ဟု ဆိုသည်။

    ကင်ဂျုံအန်က မိမိတို့အနေဖြင့် ပြည်တွင်းဖြစ် တိုက်ချင်းပစ်ဒုံးကျည်ကို မကြာမီ စမ်းသပ်ပစ်လွှတ်နိုင်တော့မည်ဟု ဇန်န၀ါရီ ၁ ရက်နေ့တွင် ပြောကြားခဲ့ပြီး အမေရိကန်ကမူ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

    အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာရ်က မြောက်ကိုရီယား၏ နျူလက်နက်နှင့် ဒုံးကျည်အစီအစဉ်များမှာ အမေရိကန်ကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်မှုမှာ မိမိတို့ပိုင်နက်၊ မိတ်ဆွေ၊ မဟာမိတ်များ၏ ပိုင်နက်များသို့ ဦးတည်လာပါက ပစ်ချရန် စီစဉ်ထားသည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    ကြာသာပတေးနေ့ကလည် ပြီးခဲ့သည့်နှစ်အတွင်း မြောက်ကိုရီးယား၏ နျူလက်နက်နှင့် ဒုံးကျည်များ၏ စွမ်းဆောင်ရည်မှာ မကြုံစဖူး တိုးတက်လာမှုကို တွေ့ခဲ့ရသည်ဟု အမေရိကန်က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားကို နျူပိုင်ဆိုင်သည့်နိုင်ငံ အဖြစ်ခံမည်မဟုတ်ဟု ထရမ့်ပြော

    မြောက်ကိုရီးယားကို နျူပိုင်ဆိုင်သည့်နိုင်ငံ အဖြစ်ခံမည်မဟုတ်ဟု ထရမ့်ပြော

    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media

    trump

    – အမေရိကန်သို့ ရောက်ရှိနိုင်သည့် နျူလက်နက်မျိုး မြောက်ကိုရီးယားကို ထုတ်လုပ်ခွင့်ပေးမည်မဟုတ်ဟု အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ရက်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ မိမိတို့အနေဖြင့် နျူထိပ်ဖူးတပ်ဆင်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည် ICBM တီထွင်ထုတ်လုပ်မှု နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု ပြောကြားမှုကို ထရမ့်က ယခုကဲ့သို့ သတိပေးလိုက်ခြင်းလည်းဖြစ်သည်။

    “အမေရိကန်အထိ ရောက်ရှိနိုင်မယ့် နျူလက်နက်မျိုးကို ထုတ်လုပ်မှု နောက်ဆုံးအဆင့်ကို ရောက်ရှိနေတယ်လို့ မြောက်ကိုရီးယားက ကြေငြာထားတယ်။ ဒါမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ထရမ့်က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    မြောက်ကိုရီးယားအား နျူလက်နက်ပိုင်ဆိုင်သည့်နိုင်ငံ ဖြစ်ခွင့်ပြုမည်မဟုတ်ဟု အမေရိကန်က တစ်စိုက်မတ်မတ် ပြောကြားထားသော်လည်း နိုဝင်ဘာရွေးကောက်ပွဲတွင် အံ့ဖွယ်အနိုင်ရခဲ့သည့် ထရမ့်ကမူ ကွန်မြူနစ် မြောက်ကို ရီးယားနှင့်ပတ်သက်၍ ၎င်း၏ ပေါ်လစီကို ရှင်းရှင်းလင်းလင်း ဖော်ပြခြင်းမပြုခဲ့ဘဲ ယခုအချိန်တွင်မှ ထိုကဲ့သို့ တုန့်ပြန်ခြင်းဖြစ်သည်။

    ထို့ပြင် တစ်ဖက်သတ်ကုန်သွယ်မှုဖြင့် အမေရိကန်ထံမှ ငွေကြေးနှင့် ကြွယ်ဝမှု အမြောက်အများကို ရယူနေသည့် တရုတ်နိုင်ငံမှာ မြောက်ကိုရီးယားကို အကူအညီဖြစ်စေမည်မဟုတ်ဟုလည်း ထရမ့်က ထပ်မံ ရေးသားခဲ့သည်။

    Ref: CNA

  • တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်နိုင်တော့မည်ဟု မြောက်ကိုရီယား ကြေငြာ

    တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်နိုင်တော့မည်ဟု မြောက်ကိုရီယား ကြေငြာ

    ဇန်န၀ါရီ ၁၊ ၂၀၁၇
    M-Media

    north

    – နိုင်ငံတကာက တားမြစ်ပိတ်ပင်ထားသော နျူထိပ်ဖူး တပ်ဆင်နိုင်မည့် တိုက်ချင်းပစ်ဒုံးကျည် (ICBM) တီထွင်မှုမှာ နောက်ဆုံးအဆင့် ရောက်ရှိနေပြီဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအင်က သောကြာနေ့ နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားလိုက်သည်။

    “အင်မတန်ထိရောက်တဲ့ လက်နက်ကိရိယာ သုတေသနပြုတီထွင်မှုဟာ သိသိသာသာ တိုးတက်နေပြီး၊ ICBM ဒုံးကျည် စမ်းသပ်ပစ်လွှတ်ဖို့ စီစဉ်မှုဟာလည်း နောက်ဆုံးအဆင့်မှာ ရောက်နေပါတယ်”

    ၂၀၁၆ ခုနှစ်အတွင်း မြောက်ကိုရီးယား၏ တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုနှုန်းမှာ မကြုံစဖူး မြင့်တက်လာခဲ့သော်လည်း နျူထိပ်ဖူးတပ်ဆင်နိုင်ပြီး အမေရိကန်အထိ ရောက်နိုင်သည့် ICBM ဒုံးကျည် ထုတ်လုပ်နိုင်ရန်အတွက် နှစ်အတော်ကြာမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

    မြောက်ကိုရီးယားမှာ နျူလက်နက်နှင့် တိုက်ချင်းပစ်ဒုံးကျည်များ စမ်းသပ်မှုအတွက် ၂၀၀၆ ခုနှစ်ကတည်းက ကုလ၏ အရေးယူပိတ်ဆို့မှုကို ခံထားရပြီး စက်တင်ဘာ ၉ ရက်နေ့တွင် အကြီးဆုံးနှင့် ၅ ကြိမ်မြောက် နျူလက်နက်စမ်းသပ်မှု ပြုလုပ်ပြီးနောက်ပိုင်း ဒီဇင်ဘာတွင် အဆိုပါ ပိတ်ဆို့မှုများကို ပိုမိုတင်းကျပ်ခဲ့သည်။

    ဖေဖော်ဝါရီလကလည်း မြောက်ကိုရိယားမှာ အာကာသထဲသို့ ဂြိုဟ်တုတစ်ခု ပစ်လွှတ်ခဲ့ပြီး အများစုကမူ တာဝေးပစ်ဒုံးကျည်းနည်းပညာ စမ်းသပ်ခြင်းဖြစ်သည်ဟု ယူဆနေကြသည်။

    Ref: Aljazeera