News @ M-Media

Tag: Palestine

  • ဖာတာနှင့် ဟားမက်စ်တို့ ပူပေါင်းကာ ညီညွတ်သော ပါလက်စတိုင်းအစိုးရ ဖွဲ့မည်

    ဖာတာနှင့် ဟားမက်စ်တို့ ပူပေါင်းကာ ညီညွတ်သော ပါလက်စတိုင်းအစိုးရ ဖွဲ့မည်

    ဇန်န၀ါရီ ၁၈၊ ၂၀၁၇
    M-Media

    မော်စကို၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ

    – ဖာတာပါတီက ကြီးစိုးသော ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က ၎င်းတို့၏ အတိုက်အခံအဖွဲ့ ဟားမက်စ်နှင့် ပူးပေါင်းကာ ညီညွတ်သောအစိုးရတစ်ရပ် ဖွဲ့စည်းရန် သဘောတူညီခဲ့သည်ဟု သိရသည်။

    ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် ၃ ရက်တာ ပြုလုပ်ခဲ့သည့် ညှိနှိုင်းဆွေးနွေးမှုအတွင်း ယမန်နေ့နှောင်းပိုင်းက ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဖွဲ့မှာ အမျိုးသားကောင်စီကို ဖွဲ့စည်းသွားမည်ဖြစ်ကာ ထိုအဖွဲ့တွင် နိုင်ငံရပ်ခြားရောက်ရှိနေသည့် ပါလက်စတိုင်းခေါင်းဆောင်များ ပါဝင်မည်ဖြစ်ကာ ရွေးကောက်ပွဲကိုလည်း ကျင်းပသွားမည်ဖြစ်သည်။

    “(ဒီလို ဆောင်ရွက်မှုအတွက်) ဒီနေ့လို အခြေအနေမျိုးဟာ ဘယ်တုန်းနဲ့မှ မတူတဲ့ အခြေအနေမျိုးပါ” ဟု ဖာတာအဖွဲ့မှ အကြီးတန်းတာဝန်ရှိသူ အဇမ် အလ်-အဟ်မဒ်က ပြောကြားခဲ့သည်။

    အဆိုပါ သဘောတူညီချက်တွင် ညှိနှိုင်းဆွေးနွေးမှုများအတွင်း ယခင်ကာလများက မပါဝင်ခဲ့သည့် အစ္စလာမ့်မစ်ဂျီဟတ်အုပ်စုလည်း ပါဝင်ခဲ့သည်။

    ၂၀၀၆ ခုနှစ်တွင် ရွေးကောက်ပွဲ အနိုင်ရပြီးသည့်အခါ ဟားမက်စ်အဖွဲ့က ဂါဇာအား ထိန်းချုပ်ပြီးနေက်ပိုင်း ပါလက်စတိုင်းသမ္မတ မဟ်မူဒ်အဘတ်စ်၏ ဖာတာပါတီနှင့် ဟားမက်စ်အဖွဲ့တို့အကြား တင်းမာမှုများ ဖြစ်ပွားခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပြည်တွင်းစစ် ဖြစ်လုဆဲဆဲ ဖြစ်ခဲ့သည်။

    ဟားမက်စ်နှင့် ဖာတာတို့ပါဝင်သော အထွေထွေရွေးကောက်ပွဲကို ၂၀၀၆ ခုနှစ်အတွက် နောက်ဆုံးအကြိမ် ကျင်းပနိုင်ခဲ့သည်။

    Ref: Aljazeera

  • ဗာတီကန်တွင် ပါလက်စတိုင်းသံရုံး ဖွင့်လှစ်

    ဗာတီကန်တွင် ပါလက်စတိုင်းသံရုံး ဖွင့်လှစ်

    ဇန်န၀ါရီ ၁၆၊ ၂၀၁၇
    M-Media

    သံရုံးဖွင့်ပွဲမှ ပုံရိပ်တစ်ခု

    – ခရစ်ယာန်ကက်သလစ်အသင်းတော်၏ ဌာနချုပ်ဖြစ်သော ဗာတီကန်စီးတီးတွင် ပါလက်စတိုင်းသံရုံး ဖွင့်လှစ်လိုက်သည်ဟု သိရသည်။

    စနေနေ့က ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး ပါလက်စတိုင်းသမ္မတ မဟ်မူဒ် အဘတ်စ်ကမူ ယခုကဲ့သို့ မိမိတို့ကို အသိအမှတ်ပြုမှုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆီသို့ ပိုမိုနီးကပ်စေမည်ဟု ဆိုသည်။

    “ဒီသံရုံးက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာနေရာပါ။ အခြားသော တိုင်းပြည်တွေကလည်း ပါလက်စတိုင်းကို ဒီလိုပဲ အသိအမှတ်ပြုလာမယ်လို့ မျှော်လင့်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီအသိအမှတ်ပြုမှုက ကျွန်တော်တို့ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပိုမိုနီးကပ်စေမှာပါ” ဟု အဘတ်စ်က ပြောကြားခဲ့သည်။

    အဘတ်စ်မှာ သံရုံးဖွင့်ပွဲသို့ မတက်ရောက်ခင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့်လည်း တွေ့ဆုံခဲ့သည်။

    နိုင်ငံတကာက ပါလက်စတိုင်းပိုင်နက်ဖြစ်ရမည်ဟု သတ်မှတ်ထားသည့် အရှေ့ဂျေရုလင်သို့ သံရုံးရွှေ့ပြောင်းမည်ဟု အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်က ပြောဆိုထားပြီး ထိုလုပ်ရပ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနှောက်အယှက်ဖြစ်စေမည်ဟု အဘတ်စ်က သတိပေးခဲ့သည်။

    “ဒါမျိုးဖြစ်လာမလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ဒါမျိုးဖြစ်လာရင်တော့ ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်မှာ မဟုတ်ပါဘူး။ ဒါမျိုးမဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်”

    Ref: Aljazeera

  • နှစ်နိုင်ငံတည်ရှိရေးသာလျှင် ပါလက်စတိုင်း-အစ္စရေးပြဿနာအတွက် အဖြေဟု ပြင်သစ်သမ္မတပြော

    နှစ်နိုင်ငံတည်ရှိရေးသာလျှင် ပါလက်စတိုင်း-အစ္စရေးပြဿနာအတွက် အဖြေဟု ပြင်သစ်သမ္မတပြော

    ဇန်န၀ါရီ ၁၆၊ ၂၀၁၇
    M-Media

    – အစ္စရေး-ပါလက်စတိုင်း ပြဿနာတွင် နှစ်နိုင်ငံတည်ရှိရေးအဖြေသည်သာလျှင် အရှေ့အလယ်ပိုင်းတွင် ရေရှည်ခံမည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ရရှိရန်အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ပြင်သစ်သမ္မတ ဖရန်ကိုအစ် အော်လွန်းက ပြောကြားလိုက်သည်။

    ပါလက်စတိုင်းပြဿနာဖြေရှင်းရေးအတွက် ယမန်နေ့က မြို့တော်ပဲရစ်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာအဆင့် အစည်းအဝေးတွင် အော်လွန်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ အဆိုပါညီလာခံသို့ နိုင်ငံပေါင်း ၇၀ ကျော်မှ အစိုးရတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး အစ္စရေး-ပါလက်စတိုင်းပြဿနာ စားပွဲဝိုင်းပေါ်ပြန်ရောက်ရေး ဆွေးနွေးခဲ့ကြသည်။

    “ဒေသတွင်းက သက်တမ်းအရှည်ကြားဆုံးဖြစ်နေတဲ့ ပြဿနာတစ်ခုအတွက် ကျွန်တော်တို့ အဖြေမရှာနိုင်ဘူးဆိုရင် အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ဖို့ ကျွန်တော်တို့ ဘယ်လို မျှော်လင့်နိုင်တော့မှာလဲ” ဟု ပြင်သစ်သမ္မတက ပြောကြားခဲ့သည်။

    ယခုထိပ်သီးအစည်းအဝေးမှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြီးခဲ့သည့် ၈ လအတွင်း ပြင်သစ်က ဦးဆောင်ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ဆွေးနွေးမှုလည်းဖြစ်သည်။ အဆိုပါအစည်းအဝေးကို အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုနှင့် ပါလက်စတိုင်းသမ္မတ မဟ်မူဒ် အဘတ်စ်တို့ တက်ရောက်ခြင်းမရှိပေ။

    တစ်ရက်တာကြာမြင့်သည့် အဆိုပါအစည်းအဝေးတွင် စီးပွားရေးဆိုင်ရာ ကိစ္စများ၊ အနာဂတ် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးမှု လုပ်ငန်းစဉ်များအကြောင်း ဆွေနွေးခဲ့ကြသည်။

    ပြင်သစ်မှာ ပါလက်စတိုင်းအား အဓိကထောက်ခံအားပေးသူတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း အကူအညီ ကန်ဒေါ်လာ ၄၃ သန်းဖိုး ပေးအပ်ခဲ့သည်။

    ပြင်သစ်သမ္မတ အော်လွန်းကမူ အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါလက်စတိုင်းနှင့် အစ္စရေးတို့မှ အဖွဲ့ပေါင်း ၁၅၀ ကျော် ပါဝင်ခဲ့ပြီး ရလဒ်ကောင်းများကို တွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ယူကေနိုင်ငံရေးတွင် ခြေထိုးမှုများ ဖွင့်ချခံရပြီးနောက် အစ္စရေးသံတမန်တစ်ဦး ရာထူးမှနှုတ်ထွက်

    ယူကေနိုင်ငံရေးတွင် ခြေထိုးမှုများ ဖွင့်ချခံရပြီးနောက် အစ္စရေးသံတမန်တစ်ဦး ရာထူးမှနှုတ်ထွက်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၇
    M-Media

    ယူကေ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ဖြုတ်ချရန် ကြံစည်ခဲ့သည့် မာဆွတ်

    – ယူကေနိုင်ငံရေးတွင် ၀င်ရောက်နှောက်ယှက်ရန် ကြံစည်ခဲ့သည့် လန်ဒန်အစ္စရေးသံရုံးမှ နိုင်ငံရေးအရာရှိ ရှာအီမာဆွတ်မှာ ရာထူးမှနှုတ်ထွက်သွားခဲ့ပြီဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    အစ္စရေးက ယူကေနိုင်ငံရေးတွင် ၀င်ရောက်နှောက်ယှက် ခြေထိုးမှုများကို The Lobby အမည်ရှိခေါင်းစဉ်ဖြင့် အလ်ဂျာဇီးရားသတင်းဌာက ဖော်ထုတ်မှုတွင် မာဆွတ်မှာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အပါအ၀င် ယူကေ၀ါရင့်နိုင်ငံရေးသမားများကို ဖြုတ်ချရန် ဗြိတိန် အစိုးရ၀န်ထမ်းတစ်ဦးနှင့် ပူးပေါင်းကြံစည်ခဲ့ခြင်းဖြစ်ပြီး အလ်ဂျာဇီးရားက ၎င်းတို့နှစ်ဦး တွေ့ဆုံမှုကို လျှို့ဝှက် ဗီဒီယို မှတ်တမ်းတင်နိုင်ခဲ့သည်။

    နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ထုတ်ပြန်မှုတွင် မာဆွတ်မှာ ရာထူးမှ ယခုသီတင်းပတ်အစောပိုင်းကတည်းက နှုတ်ထွက်သွားခဲ့ပြီဟု ပြောကြားခဲ့သည်။

    ယူကေရှိ အစ္စရေးသံရုံးကမူ မာဆွတ်၏ ထိုသို့ဆောင်ရွက်မှုမှာ လက်မခံနိုင်စရာဖြစ်ပြီး၊ ၎င်းမှာ သံတမန်မဟုတ်ဘဲ အငယ်တန်းဝန်ထမ်းသာဖြစ်ကြောင်း တင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။

    The Lobby မှာ ပါလက်စတိုင်း ပိုင်နက်များအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုများ၊ ပါလက်စတိုင်းပြည်သူများအပေါ် ညှင်းပမ်းနှိပ်စက်မှု ပေါ်လစီများကို ယူကေနိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ဝေဖန်မှုလျော့ကျစေရန် အစ္စရေးက ငွေကြေအင်အားသုံး၍ ၀ါဒဖြန့်မှုများ၊ ယူကေနိုင်ငံရေးတွင် ခြေထိုးမှုများ၊ ယူကေလူငယ် တက်ကြွလှုပ်ရှားသူများအား သိမ်းသွင်းမှုများကို ဖော်ထုတ်ထားခြင်းဖြစ်သည်။

    ၆ လတာ ကြာမြင့်ခဲ့သည့် အဆိုပါစုံစမ်းဖော်ထုတ်မှုကို ရော်ဘင်ဟု အမည်ပေးထားသည့် လျှို့ဝှက်သတင်းထောက်တစ်ဦးက ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးသမားများအတွက် ၀ါဒဖြန့်ပေးသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် အစ္စရေးသံရုံးတာဝန်ရှိသူများအထိ ထိုးဖောက်ဝင်ရောက် သတင်းရယူခဲ့ခြင်းဖြစ်သည်။

    အစ္စရေး၏ ထိုခြေထိုးမှုအများစုမှာ လန်ဒန်ရှိ အစ္စရေးသံရုံးက ငွေကြေးနှင့် မဟာဗျူမှာ အထောက်အပံ့များ ရရှိခဲ့သည်။

    Ref: Aljazeera

  • ပါလက်စတိုင်း ရုပ်ရှင်ပွဲတော် စင်ကာပူတွင် ကျင်းပမည်

    ပါလက်စတိုင်း ရုပ်ရှင်ပွဲတော် စင်ကာပူတွင် ကျင်းပမည်

    ဇန်န၀ါရီ ၁၁၊ ၂၀၁၇
    M-Media

    singapore

    – ပါလက်စတိုင်းပြည်သူများ နယ်မြေဆုံးရှုံးမှုနှင့် နေ့စဉ်ရင်ဆိုင်နေရသည့် ဒုက္ခသုက္ခများကို ကမ္ဘာက သိရှိစေရန်အတွက် စင်ကာပူတွင် ပါလက်စတိုင်းရုပ်ရှင်ပွဲတော် (Palestinian Film Festival) ကို ယခုလအတွင်း ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

    The Projector ရုပ်ရှင်ရုံတွင် ဇန်န၀ါရီ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပါလက်စတိုင်းပြည်သူများနှင့်ပတ်သက်၍ ထင်မြင်ယူဆချက်အမှားများကို ဖယ်ရှားရန် ၎င်းတို့၏ ကြွယ်ဝသော ယဉ်ကျေးမှုကိုတို့ မီးမောင်းထိုးပြရန် ဖြစ်သည်။

    ရုပ်ရှင်ပြသခွင့်၊ ခွင့်ပြုချက်နှင့် ပွဲအတွက် ပန်းဖလတ်များဝေငှရန် လိုအပ်သည့် ရန်ပုံငွေ ကန်ဒေါ်လာ ၂၅၀၀ ကို စင်ကာပူ အမျိုးသားတက္ကသိုလ် (NUS) ရှိ အရှေ့အလယ်ပိုင်းအသင်းက အကုန်ကျခံခဲ့သည်။

    အဆိုပါ ပွဲတော်ကို Speed Sisters အမည်ရှိ ရုပ်ရှင်ဖြင့် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ထိုရုပ်ရှင်မှာ ပါလက်စတိုင်း အမျိုးသမီး အပြေးအသင်း တွေ့ကြုံခဲ့ရသည့် ဒုက္ခသုက္ခများအကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။ ထို့ပြင် ပါလက်စတိုင်း ဟစ်ဟော့ပ်တေးဂီတနယ်ပယ်အကြောင်းကို ရိုက်ကူးထားသော Slingshot Hip Hop ဇာတ်ကား၊ နွားနို့ထုတ်လုပ်မှုက အစ္စရေး၏ အမျိုးသားလုံခြုံရေးကို ထိခိုက်သည်ဟုဆိုကာ အစ္စရေးစစ်တပ်က ပါလက်စတိုင်းမှ နွားမ ၁၈ ကောင်ကို စီးနင်း ရှာဖွေသည့် အကြောင်းကို တင်ဆက်ထားသည့် The Wanted 18 တို့လည်း ပါဝင်မည်ဖြစ်သည်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် အစ္စရေး၏ တရားမ၀င်အခြေချအိမ်ယာများ ၀န်းရံခံထားရသည့် ပါလက်စတိုင်းရွာ ဘီအစ်လင်းမှ ရွာသားများ၏ နေ့စဉ်ဘ၀ ဖြန်သန်းရပုံများ၊ အစ္စရေးစစ်တပ်၏ သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်း လယ်သမားတစ်ဦး သေဆုံးခဲ့ရပြီး ၎င်း၏ မိသားစုမှာ ဒုက္ခဆင်းရဲနှင့် ရင်ဆိုင်ခဲ့ရပုံများအကြောင်းကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် 5 Broken Cameras လည်း အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ပြသ သွားမည်ဖြစ်သည်။

    Ref: Singapore Coconuts