News @ M-Media
Tag: Palestine
  • ပါလက်စတိုင်းကို အီရန်က ဆက်လက် ကူညီထောက်ပံ့ပေးသွားမည်
    ပါလက်စတိုင်းကို အီရန်က ဆက်လက် ကူညီထောက်ပံ့ပေးသွားမည်
    ဧပြီ ၄၊ ၂၀၁၆
    M-Media
    iran 6
    – ပါလက်စတိုင်းပြည်သူတွေအပေါ် အီရန်ဟာ ဆက်လက် အားပေးထောက်ပံ့ ကူညီသွားမယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြုလုပ်ခဲ့တဲ့ ပါလက်စတိုင်းကုန်းမြေနေ့ အထိမ်းအမှတ် အခမ်းအနားမှာ အီရန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီးရ်-အဗ္ဗဒူလာဟီယန်က ပြောကြားခဲ့ပါတယ်။
    “အီရန် အစ္စလာမ့်သမ္မတ နိုင်ငံကနေ အဖိနှိပ်ခံ ပါလက်စတိုင်းပြည်သူတွေကို ဆက်လက် ကူညီသွားပါမယ်” လို့ ပြောဆိုခဲ့တာပါ။ အမီးရ်-အဗ္ဗဒူလာဟီယန်ဟာ အီရန်ရဲ့ အာရပ်နဲ့ အာဖရိကရေးရာရာတွေကို ကိုင်တွယ်ဆောင်ရွက်ရသူတစ်ဦးလည်း ဖြစ်ပါတယ်။
    နောက်ပြီး သူက ပါလက်စတိုင်းပြဿနာဟာ အစ္စလာမ်ကမ္ဘာရဲ့ ထိပ်တန်းစာရင်းမှာ ရှိနေပြီး ဒေသတွင်းပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ပါလက်စတိုင်းရဲ့ အရေးကိစ္စနဲ့ပတ်သက်ပြီး အာရုံပြောင်းသွားလို့ မရဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “အခုဆိုရင် ပါလက်စတိုင်းကို ထိထိရောက်ရောက် ကျောထောက်နောက်ခံပေးဖို့နဲ့ အကြမ်းဖက်ဝါဒကို အပြင်း အထန်တိုက်ခိုက်ဖို့ဟာ ဒေသတွင်း အဓိကဦးစားပေး ကိစ္စနှစ်ရပ်ဖြစ်ပါတယ်”
    Ref: IINA
  • ပါလက်စတိုင်းမာရသွန်တွင် ဂါဇာမှ အားကစားသမားများ မယှဉ်ပြိုင်နိုင်စေရန် အစ္စရေး ပိတ်ပင်
    ပါလက်စတိုင်းမာရသွန်တွင် ဂါဇာမှ အားကစားသမားများ မယှဉ်ပြိုင်နိုင်စေရန် အစ္စရေး ပိတ်ပင်
    ဧပြီ ၂၊ ၂၀၁၆
    M-Media
    marathon
    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ဘက်သလီဟမ်မြို့တွင် ပြုလုပ်သည့် ၄ ကြိမ်မြောက် ပါလက်စတိုင်း မာရသွန်အပြေးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသူ အားကစားသမား ၁၀၀ ကျော်ကို အစ္စရေးက ဟန့်တားခဲ့သည်ဟု သိရသည်။
    အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်မှ အဆိုပါ အားကစားသမားများကို အစ္စရေးက အနောက်ဖက်ကမ်းသို့ သွားရောက်ခွင့် မပေးခဲ့ခြင်းဖြစ်သည်။
    အစ္စရေး၏ ထိုလုပ်ရပ်ကို မာရသွန်ပြိုင်ပွဲအား စီစဉ်သူ အီတီဒဲလ် အဘ်ဒူလ်-ဂါနီက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အားကစားသမားများအား လွတ်လပ်စွာ ပါဝင်ခွင့်ပေးရေး နိုင်ငံတကာ စံနှုန်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ဟန့်တားခံရသည့် ကစားသမား ၁၀၃ ဦးတွင် ၂၀၀၈ ခုနှစ် ဘေဂျင်းအိုလံပစ်၌ ပါလက်စတိုင်းကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိင်ခဲ့သည့် နာမည်ကျော် အပြေးသမား နာဒါရ် မက်စ်ရီလည်း ပါဝင်ခဲ့သည်။ အခြားသူများမှာ အဆိုပါ မာရသွန်ပြိုင်ပွဲကျင်းပရေးတွင် ပါဝင်ခဲ့သည့် Right to Movement and Right to Play အဖွဲ့မှ အဖွဲ့ဝင်များနှင့် ပါလက်စတိုင်း အိုလံပစ်ကော်မတီမှ အဖွဲ့ဝင်များဖြစ်သည်။
    ၂၆ မိုင်ပြေးရသည့် အဆိုပါ မာရသွန်အပြေးပြိုင်ပွဲကို အစ္စရေးက ပါလက်စတိုင်းပိုင်နက်များတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ပိတ်ပင်ထားခြင်းကို ဆန့်ကျင်သည့်အနေဖြင့် နှစ်စဉ် ပြုလုပ်ခြင်းဖြစ်သည်။
    ယခုတစ်ပတ်အတွင်း ပြုလုပ်သည့် အပြေးပြိုင်ပွဲတွင် ပါလက်စတိုင်းပြည်သူနှင့် နိုင်ငံခြားသား ထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြသည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။ အစ္စရေးက ထိုမာရသွန်တွင် ပါဝင်ရန် စီစဉ်ထားသူများကို တားမြစ်မှုမှာ တတိယအကြိမ်မြောက်လည်းဖြစ်သည်။
    Ref: Press TV
  • ပါလက်စတိုင်းတစ်ဦးအား တမင်တကာ ပစ်သတ်ခဲ့သည့် စစ်သားကို အစ္စရေးက အရေးမယူမှု ကုလရှုတ်ချ
    ပါလက်စတိုင်းတစ်ဦးအား တမင်တကာ ပစ်သတ်ခဲ့သည့် စစ်သားကို အစ္စရေးက အရေးမယူမှု ကုလရှုတ်ချ
    မတ် ၃၁၊ ၂၀၁၆
    M-Media
    pales 3
    – ဒဏ်ရာရနေသူ ပါလက်စတိုင်းအမျိုးသားတစ်ဦးအား အစ္စရေးစစ်သားက အနီးကပ် ပစ်ခတ်သတ်ဖြတ်မှုကို ကုလသမဂ္ဂက ယမန်နေ့တွင် ရှုတ်ချပြောဆိုလိုက်ပြီး ထိုလုပ်ရပ်မှာ တရားလက်လွတ်သတ်ဖြတ်သည့် ထင်ရှားသောဖြစ်ရပ်တစ်ခုဟု ပြောကြားလိုက်သည်။
    အစ္စရေးစစ်သား၏ ထိုလုပ်ရပ်အား မှတ်တမ်းတင်ထားသော ဗီဒီယို ပြီးခဲ့သည့်တစ်ပတ်က ထွက်ပေါ်လာပြီးနောက် ကျူးလွန်သူကို အပြစ်ပေးရန် အစ္စရေးအပေါ် ကမ္ဘာတစ်ဝှမ်းမှ ဖိအားများ ပေးခဲ့သော်လည်း အစ္စရေးစစ်ခုံရုံးကမူ အထောက်အထားမပြည့်စုံဟုဆိုကာ အင်္ဂါနေ့က ပယ်ချခဲ့သည်။
    “ဒဏ်ရာအပြင်းအထန်ရနေတဲ့ လူတစ်ယောက်ဟာ ရန်မူနိုင်တဲ့ အနေအထား မရှိတော့တာ ထင်ရှားပါတယ်။ ဒီဗီဒီယိုက တရားလက်လွတ်သတ်ဖြတ်မှု လက္ခဏာတွေအားလုံးနဲ့ အကျုံးဝင်နေပါတယ်။ ဥပဒေကို လက်တလုံးခြားလုပ်သူတွေက ဒီကိစ္စအပေါ် ဘယ်လိုပဲ ဆောင်ရွက်ပါစေ၊ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်စွမ်းမရှိတဲ့ လူတစ်ယောက်ကို သတ်ဖြတ်တာက လူသတ်မှုပါပဲ” ဟု တရားလက်လွတ်သတ်ဖြတ်ခြင်း၊ ဥပဒေပ ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် စိတ်ထင်တိုင်း ကျူးလွန်ခြင်းဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတော့ဖ် ဟင်စ်က ပြောကြားခဲ့သည်။
    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူ မူပါ့တ် ကိုလ်ဗီလီကလည်း ပါလက်စတိုင်းတစ်ဦးကို ထိုကဲ့သို့ တရားလက်လွတ် သတ်ဖြတ်ခြင်းအတွင်း စိုးရိမ်မိသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။
    Ref: Aljazeera
  • နိုင်ငံတကာဖိအားများကြောင့် ကျူးကျော်အစ္စရေးကုမ္ပဏီများ ပါလက်စတိုင်းမှ ပြောင်းရွှေ့
    နိုင်ငံတကာဖိအားများကြောင့် ကျူးကျော်အစ္စရေးကုမ္ပဏီများ ပါလက်စတိုင်းမှ ပြောင်းရွှေ့
    မတ် ၂၉၊ ၂၀၁၆
    M-Media
    pales
    ပါလက်စတိုင်းပိုင်နက်အတွင်းမှ အစ္စရေး၏ ကျူးကျော်အိမ်ယာတစ်ခု
    – နိုင်ငံတကာက ၎င်းတို့ရဲ့ ကုန်ပစ္စည်းတွေကို သပိတ်မှောက်ကာ ဖိအားတွေပေးလာတာကြောင့် ပါလက်စတိုင်းပိုင်နက်တွေမှာ တရားမ၀င် ၀င်ရောက်အခြေချလုပ်ကိုင်နေတဲ့ အစ္စရေးကုမ္ပဏီတွေဟာ အစ္စရေးနိုင်ငံအတွင်းကို ပြောင်းရွှေ့နေကြတယ်လို့ သိရပါတယ်။
    အစ္စရေးက ကျူးကျော်သိမ်းပိုက်မှု ဆန့်ကျင်ရေးအဖွဲ့ “Peace Bloc” က ဒီလို ပြောကြားလိုက်တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက အနောက်ဖက်ကမ်းမှာ အခြေချကာ လုပ်ငန်းလည်ပတ်နေတဲ့ ကုမ္ပဏီတွေရဲ့ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းခန့်ဟာ ပြောင်းရွှေ့တာမျိုး၊ ဒါမှမဟုတ် အပြီးပိတ်သိမ်းတာမျိုး ရှိခဲ့တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ပါလက်စတိုင်းပိုင်နက်တွေက အစ္စရေးရဲ့ တရားမ၀င်အခြေချအိမ်ယာတွေကို ကိုယ်စားပြုတဲ့ အဖွဲ့တစ်ခုက ပြောရေးဆိုခွင့်ရှိသူ ယီဂဲလ် ဒီလ်မိုနီကလည်း နိုင်ငံတကာဖိအားတွေကြောင့် ကုမ္ပဏီတော်တော်များများဟာ ပါလက်စတိုင်းပိုင်နက်က ရွှေ့ပြောင်းသွားကြတယ်လို့ ၀န်ခံခဲ့ပါတယ်။
    ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ဟာ သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေတွေမှာ အစ္စရေးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို စာရင်းပြုစုထားဖို့ ဆုံးဖြတ်ချက်တစ်ခုကို မတ်လ ၂၄ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ ၁၉၆၇ ခုနှစ်နောက်ပိုင်း အစ္စရေးက တရားမ၀င်အခြေချအိမ်ရာ ၂၃၀ ကို ဆောက်လုပ်ခဲ့ပြီး ဂျူးသန်းဝက်ကျော် ၀င်ရောက်နေထိုင်နေကြပါတယ်။
    ပါလက်စတိုင်းပိုင်နက်တွေက အစ္စရေးကုမ္ပဏီတွေရဲ့ ကုန်ပစ္စည်းတွေကို နိုင်ငံတကာက Boycott-Divestment-Sanction လှုပ်ရှားမှုနဲ့ ၂၀၀၅ ခုနှစ်ကတည်းက သပိတ်မှောက်ခဲ့ကြပြီး၊ အစ္စရေးရဲ့ တရားမ၀င်အခြေချအိမ်ယာတွေ ဆောက်လုပ်မှုကို ရပ်တန့်ဖို့လည်း နိုင်ငံတကာက ဖိအားတွေပေးနေပါတယ်။
    Ref: Presstv
  • ဒဏ်ရာရ ပါလက်စတိုင်းတစ်ဦးအား အစ္စရေးစစ်တပ်က ပစ်သတ်မှုမှာ လူ့ကျင့်ဝတ်ဖောက်ဖြတ်မှုအဖြစ် ကုလ ရှုတ်ချ
    ဒဏ်ရာရ ပါလက်စတိုင်းတစ်ဦးအား အစ္စရေးစစ်တပ်က ပစ်သတ်မှုမှာ လူ့ကျင့်ဝတ်ဖောက်ဖြတ်မှုအဖြစ် ကုလ ရှုတ်ချ
    မတ် ၂၆၊ ၂၀၁၆
    M-Media
    pales 3
    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် ဒဏ်ရာရနေသော ပါလက်စတိုင်းတစ်ဦးအား အစ္စရေးစစ်တပ်က တမင်ရည်ရွယ်၍ ပစ်သတ်မှုကို မှတ်တမ်းတင်ထားသည့် ဗီဒီယို ပြန့်နှံ့ခဲ့ပြီးနောက်ပိုင်း ထိုလုပ်ရပ်အတွက် ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။
    “သိမ်းပိုက်ခံထားရတဲ့ အနောက်ဖက်ကမ်းက ဟီဘရွန်မြို့မှာ ပါလက်စတိုင်းတစ်ဦးကို တရားလက်လွတ် သတ်ဖြတ်မှု မနေ့ကပေါ်ထွက်လာမှုကို ကျွန်တော် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကုလသမဂ္ဂ၏ အထူးညှိနှိုင်းရေးမှူး နစ်ကိုလေး မလာဒီနော့ဗ်က ယမန်နေ့တွင် ထုတ်ပြန်သည့် ကြေငြာချက်၌ ဖော်ပြထားသည်။
    “ဒါဟာ အင်မတန် စက်ဆုပ်ဖွယ်ကောင်းပြီး၊ လူ့ကျင့်ဝတ်ဖောက်ဖျက်မှု၊ တရားမဲ့မှုဖြစ်ကာ တိုက်ခိုက်မှုတွေ ပိုဖြစ်ဖို့ မီးထိုးပေးလိုက်တာလည်း ဖြစ်ပါတယ်။ ပြီးတော့ ရှိပြီးသား အခြေအနေ မတည်ငြိမ်မှုတွေကိုလည်း မြင့်တက်လာစေနိုင်ပါတယ်”
    အွန်လိုင်း၌ ပြန့်နှံ့ခဲ့သည့် အဆိုပါဗီဒီယိုတွင် အစ္စရေးစစ်သားအား ဓားဖြင့်တိုက်ခိုက်သည်ဟု စွပ်စွဲခံရသည့် ပါလက်စတိုင်းတစ်ဦးမှာ သေနတ်ဖြင့် ပစ်ခံရသောကြောင့် ဒဏ်ရာဖြင့် လဲကျနေစဉ် အခြားအစ္စရေးစစ်သားတစ်ဦးက ၎င်း၏ ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ပုံရိပ်ကို တွေ့မြင်ခဲ့ရသည်။
    အစ္စရေးစစ်တပ်ကမူ ထိုကဲ့သို့ ကျူးလွန်သည့် စစ်သားကို ဖမ်းဆီးထားသည်ဟု ကြာသာပတေးနေ့က ပြောကြားခဲ့သည်။ အစ္စရေး ကာကွယ်ရေးဝန်ကြီး မိုရှေ ယာလွန်ကလည်း ထိုအဖြစ်အပျက်ကို ရှုတ်ချခဲ့ပြီး ကျူးလွန်သူအား တရားဥပဒေရှေ့မှောက်ကို ခေါ်ဆောင်လာရန် အစ္စရေးအာဏာပိုင်များအား တိုက်တွန်းခဲ့သည်။
    မလာဒီနော့ဗ်က ယာလွန်၏ ထိုပြောဆိုမှုကို ကြိုဆိုခဲ့သည်။ ထိုဗီဒီယိုမှာ ပါလက်စတိုင်းပိုင်နက်များတွင် အောက်တို ဘာလက စတင်ခဲ့သည့် မငြိမ်သက်မှုများအတွင်း အစ္စရေးစစ်တပ်က အင်အား အလွန်အကျွံသုံးသည်ဟုသော စွပ်စွဲချက်များအတွက် အထင်ရှားဆုံး သက်သေများထဲမှ တစ်ခုလည်းဖြစ်သည်။
    အောက်တိုဘာ ၁ ရက်နေ့မှစ၍ အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းပိုင်နက်အတွင်း တရားမ၀င် ၀င်ရောက်နေထိုင်ကြသည့် ဂျူးများ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ပါလက်စတိုင်းပြည်သူအရေအတွက်မှာ ၂၀၆ ဦး ရှိနေပြီဖြစ်သည်။
    Ref: Aljazeera