News @ M-Media

Tag: PremierLeague

  • ပရီးမီးယားလိဂ်ဝင်ငွေ အခြားလိဂ် ပြိုင်ပွဲများထက်သာလွန်၊

    ဇွန် ၆ ၊ ၂၀၁၄
    M-Media

    ပရီးမီးယားလိဂ်ဝင်ငွေ အခြားလိဂ် ပြိုင်ပွဲများထက်သာလွန်၊ အသားတင် အမြတ်ငွေတွင် ဂျာမန်ဘွန်ဒစ်လီဂါက ထိပ်ဆုံး၌ရှိ

    403639_heroa

    – ဘောလုံးလောက ဘဏ္ဍာရေးအခြေအနေများကို စောင့်ကြည့်လေ့လာသည့် Deloitte ကုမ္ပဏီမှ ဘဏ္ဍာရေးကျွမ်းကျင်သူများ၏ အဆိုအရ ပရီးမီးယားလိဂ် ၀င်ငွေမှာ ၂၀၁၂-၁၃ ဘောလုံးရာသီတွင် ယူရို ၃.၁ ဘီလီယံ ရှိလာခဲ့သည်ဟု ဆိုသည်။

    ထိုပမာဏမှာ ဂျာမနီ၊ စပိန်၊ အီတလီ စသည့်နိုင်ငံများမှ ထိပ်တန်းလိဂ်များ၏ ၀င်ငွေများထက်ပို၍ များပြားနေသည်။ သို့သော်လည်း ဂျာမန်ဘွန်ဒစ်လီဂါ၏ အသားတင်အမြတ်ငွေမှာ ယူရို ၂၇၈ သန်းဖြင့် အမြင့်ဆုံးဖြစ်နေပြီး ပရီးမီးယားလိဂ်က ယူရို သန်း ၁၀၀ သာရှိသည်။

    ၂၀၁၁-၁၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်တွင် အသားတင်အမြတ်ငွေရရှိသည့် အသင်းမှာ ၁၀ သင်းသာရှိခဲ့သော်လည်း ၂၀၁၂-၁၃ ဘောလုံးရာသီတွင် ၁၃ သင်းအထိရှိခဲ့သည်။ အသံလွှင့်ခွင့် သဘောတူညီချက်အသစ်များနှင့် ရောင်းဝယ်မှုများ တိုးတက်လာခြင်းကြောင့်ဖြစ်ပြီး ၂၀၁၃-၁၄ ဘောလုံးရာသီတွင် ပရီးမီယားလိဂ် ၀င်ငွေမှာ ယူရို ၃.၉ ဘီလီယံ ရှိလာမည်ဟု Deloitte က ခန့်မှန်းထားသည်။

့ပရီးမီးယားလိဂ် ကလပ်အသင်းများမှာ ၎င်းတို့၏ ၀င်ငွေကို ကစားသမားများ၏ လစာပေးချေမှုတွင် အမြောက်အများသုံးစွဲကြသည်ဟု ဆိုသည်။ ပရီးမီးယားလိဂ် ၀င်ငွေမှာ မြင့်မားနေသော်လည်း ချန်ပီယံရှစ် ပြိုင်ပွဲ၏ ၀င်ငွေမှာမူ အလွန်နည်းပါးသည်။

  • အန်ဖီးလ်ကွင်းအား တိုးချဲ့မည့်အစီအစဉ် လီဗာပူးလ်ထုတ်ပြန်

    ဇွန် ၅ ၊ ၂၀၁၄
    M-Media
    400286_heroa
    – အန်ဖီးလ်ကွင်းအား ပရိတ်သတ် ၅၈၈၀၀ ကြည့်ရှုနိုင်မည့် ကွင်းကြီးဖြစ်လာစေရန် တိုးချဲ့ပြင်ဆင်မည့် အစီအစဉ်တစ်ရပ်ကို လီဗာပူးလ်အသင်းက ထုတ်ပြန် ခဲ့သည်ဟု သိရသည်။

    အဆိုပါ ပြင်ဆင်တိုးချဲ့မည့်အစီအစဉ်အား လီဗာပူးလ်မြို့တော်ကောင်စီသို့ ယမန်နေ့က တင်ထားပြီး ခွင့်ပြုမိန့်ကျပါက အဓိကပွဲကြည့်စင်တွင် ထိုင်ခုံ ၈၅၀၀ နှင့် အန်ဖီးလ်လမ်းရှိ ပွဲကြည့်စင်တွင် ထိုင်ခုံ ၄၈၀၀ တိုးချဲ့သွားမည်ဖြစ်ဟု အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ကွင်းတိုးချဲ့မှုကို ၂၀၁၆-၁၇ ဘောလုံးရာသီ အမှီ ပြုလုပ်သွားမည်ဖြစ်သည်။

    အန်ဖီးလ်ကွင်းကို လီဗာပူးလ်ဘောလုံးအသင်း စတင် တည်ထောင်သည့် ၁၈၉၂ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပရိတ်သတ် ၄ သောင်း ၅ ထောင်ကျော် ၀င်ဆံ့ကာ အင်္ဂလန်တွင် သတ္တမမြောက် အကြီးဆုံး ဘောလုံးကွင်းဖြစ်သည်။

  • ချယ်ဆီး ဂန္တ၀င် ကစားသမား လမ်ပတ် အသင်းမှ ထွက်ခွာတော့မည်

    ဇွန် ၃ ၊ ၂၀၁၄
    M-Media
    410473_heroa
    – ၁၃ နှစ်ကြာကစားခဲ့ပြီးနောက် အသင်းမှ ထွက်ခွာတော့မည်ဟု ချယ်ဆီးအသင်း၏ ဂန္တ၀င်ကွင်းလယ်လူ ဖရန့်လမ်းပတ်က အတည်ပြုပြောဆိုခဲ့သည်။

    ၂၀၀၁ ခုနှစ်က ၀က်စ်ဟမ်းမှ ချယ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် လမ်းပတ်မှာ အသင်းအတွက် ပွဲပေါင်း ၆၄၈ ပွဲကစားခဲ့ပြီး စံချိန်တင် ၂၁၁ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

    “လွန်ခဲ့ ၁၃ နှစ် ကျွန်တော်ဒီကိုစရောက်စဉ်က ဒီလောက်ပွဲတွေအများကြီးကစားရမယ်၊ အောင်မြင်မှုတွေရမယ်လို့ ကျွန်တော်မယုံခဲ့ပါဘူး။ ဒီအသင်းဟာ ကျွန်တော့်ဘ၀ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်” ဟု လမ်းပတ်က ၎င်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    မော်ရင်ဟိုလက်ထက် ၂၀၁၃-၁၄ ဘောလုံးရာသီတွင် လမ်းပတ်မှာ ပုံမှန်နေရာမရခဲ့ဘဲ ပွဲ ၂၀ သာ ပွဲထွက်ခွင့်ရခဲ့သည်။ ချယ်ဆီးအသင်း၏ နောက်ခံလူ အရှ်လေကိုးလ်မှာလည်း အသင်းမှ ထွက်ခွာမည်ဖြစ်ပြီး ၎င်းတို့ နှစ်ဦးစလုံးမှာ အမေရိကန် မေဂျာလိဂ်သို့ ပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

  • အာဆင်နယ်မှာ ပျော်ရွှင်ကြောင်း ပိုဒေါစကီးပြော

    မေ ၂၇ ၊ ၂၀၁၄
    M-Media
    408204_heroa
    – အသင်းက ထွက်ခွာခွင့် ပေးမည့် စာရင်းတွင် ပါဝင်လာနိုင်သည့် အာဆင်နယ်တိုက်စစ်မှူး ပိုဒေါစကီးက အသင်းတွင် နေရသည်ကို ပျော်ရွင်သည်ဟု ပြောကြားလိုက်သည်။

    ၂၀၁၂ ခုနှစ်ကတည်း အာဆင်နယ်အသင်းသို့ ရောက်ရှိလာခဲ့သည့် ပိုဒေါစကီးမှာ ယခုနှစ်တွင် ဒဏ်ရာများနှင့် ရုန်းကန်ခဲ့ရပြီး အာဆင်နယ်အတွက် ၂၇ ပွဲသာ ပါဝင်ကစားနိုင်ကာ ၁၂ ဂိုးသာ သွင်းယူပေးထားနိုင်သည်။ သို့သော်လည်း မိမိအနေဖြင့် အာဆင်နယ်ကို ရွေးချယ်ခဲ့ခြင်းမှာ မှန်ကန်ပြီး စွမ်းဆောင်ရည် ပိုကောင်းလာမည်ဟု ပိုဒေါစကီးကဆိုသည်။

    “တကယ်လို့ ကျွန်တော် ဒဏ်ရာရပြီး ၅ လလောက် မနားရဘူးဆိုရင် ဒီရာသီဟာ ပိုကောင်းတဲ့ရာသီဖြစ်လာမှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကျေနပ်ပါတယ်။ အဆုံးမှာတော့ ကျွန်တော်ဟာ ပုံမှန်ပွဲထွက်ခွင့်ရသူတစ်ယောက်ဖြစ်လာခဲ့ပြီး ပရီးယားမီးယားလိဂ်မှာ ၈ ဂိုးသွင်းယူကာ ၄ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်” ဟု ပိုဒေါစကီးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် FA ဖလားအား ရရှိခဲ့ခြင်းမှာ ၉ နှစ်ကြာ ဖလားလက်မဲ့ဖြစ်ခဲ့သည့် အာဆင်နယ်အသင်းအတွက် ကောင်းမွန်သည့်အရာဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

  • မော်ရင်ဟိုမှာ ရုပ်သေးဖြစ်သည်ဟု အီတူး စကားစစ်ထိုး၊ မိမိမှာ ထိပ်တန်းအဆင့် ခြေစွမ်းဖြင့် ကစားနိုင်သေးဟုပြော

    မေ ၂၁၊ ၂၀၁၄
    M-Media

    405596_heroa
    – ချယ်ဆီးနည်းပြ မော်ရင်ဟိုမှာ ရုပ်သေးရုပ်တစ်ရုပ်သာဖြစ်ပြီး မိမိမှာ ထိပ်တန်းအဆင့်တွင် ကစားနိုင်သေးသည်ဟု တိုက်စစ်မှူး အီတူးက ပြောကြားလိုက်သည်။

    မော်ရင်ဟိုမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဆွဇ်ဇာလန်တွင်ပြုလုပ်သည့် စပွန်ဆာပွဲတစ်ခုတွင် အသင်းရှိတိုက်စစ်မှူးများအား ဝေဖန်ခဲ့ပြီး အီတူး၏ စွမ်းဆောင်ရည်မှာလည်း ၎င်း၏ရှိသည့်အသက်ထက် ပို၍ ကြီးလွန်းနေသည်ဟု ပြောကြားခဲ့သည်။

    အီးတူးကမူ ပြီးခဲ့သည့် သီတင်းပတ်က ၎င်း၏ ခံစားချက်များကို ဖွင့်ဟခဲ့ပြီး၊ မော်ရင်ဟိုနှင့် ဆက်ဆံရေး မည်ကဲ့သို့ရှိသနည်းဟု Cafonline စာစောင်မှ မေးမြန်းရာ

    “ကျွန်တော့်ရဲ့အသက်ကို ဝေဖန်ခဲ့တဲ့ ရုပ်သေးရုပ်(မော်ရင်ဟို)နဲ့ ဆန့်ကျင်ပြီးပြောရရင်၊ ကျွန်တော် ကြံ့ခိုင်မှုရှိနေတုန်းပါပဲ။ အသက် ၃၃ နှစ်ရှိတဲ့ကျွန်တော်ဟာ စွမ်းဆောင်ရည်ကောင်းပါတယ်။ လူငယ်ကစားသမားတွေထက် ပိုကောင်းအောင် ကစားနိုင်တယ်ဆိုတာကို ကျွန်တော် သက်သေပြခဲ့ပြီးပါပြီ” ဟု အီတူးက ပြောကြားခဲ့သည်။

    ချယ်ဆီးအသင်းအတွက် ၁၄ ဂိုးသွင်းယူပေးခဲ့သည့် အီတူးက မိမိအနေဖြင့် အမေရိကန် သို့မဟုတ် အရှေ့အလယ်ပိုင်းသို့ သွားရောက်ကစားမည် မဟုတ်ကြောင်း ထိပ်တန်းအဆင့် အသင်းများတွင် ဆက်လက် ကစားသွားမည်ဖြစ်ကာ ချန်ပီယံလိဂ်တွင်လည်း ဆက်လက် ပါဝင်သွားမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။