News @ M-Media
Tag: PremierLeague
  • ချယ်ဆီးလူငယ် တိုက်စစ်မှူး လူကာကူအား အဲဗာတန်အပြီးသတ်ခေါ်ယူ
    ချယ်ဆီးလူငယ် တိုက်စစ်မှူး လူကာကူအား အဲဗာတန်အပြီးသတ်ခေါ်ယူ
    ဇူလိုင် ၃၁ ၊ ၂၀၁၄
    M-Media
    375188_heroa
    – ချယ်ဆီးအသင်း၏ ဘယ်လ်ဂျီယံ လူငယ် တိုက်စစ်မှူး လူကာကူအား အဲဗာတန်အသင်းက ယူရို ၃၅ သန်းဖြင့် ခေါ်ယူခဲ့သည်ဟု သိရသည်။
    လူကာကူမှာ ယမန်နှစ်က အဲဗာတန်အသင်းတွင် အငှားဖြင့် သွားရောက်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၁၅ ဂိုး သွင်းယူနိုင်ခဲ့သည် အထိ ခြေစွမ်းပြခဲ့သည်။ စာချုပ်ပြည့်ခဲ့ပြီးနောက် ချယ်ဆီးအသင်းသို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း မော်ရင်ဟို၏ အနာဂတ် အစီအစဉ်တွင် ပါဝင်ခွင့်ရရန် မသေချာပေ။ အဲဗာတန်အသင်းသို့ ပြောင်းရွှေ့ခဲ့ရသည့် အတွက် လူကာကူက
    “အဲဗာတန်နဲ့ ပြန်လည်ပေါင်းစည်းရတဲ့အတွက် ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ ပြီးခဲ့တဲ့နှစ်က ကောင်းမွန်တဲ့ ရာသီကို ဖြတ်သန်းခဲ့ရပြီး နည်းပြ၊ ဥက္ကဌ၊ ၀န်ထမ်းတွေ၊ ကစားသမားတွေ၊ ပရိတ်သတ်တွေအားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးလည်း ရှိခဲ့ပါတယ်။ ပြန်ကစားဖို့အတွက် ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ အောင်မြင်တဲ့ ရာသီတစ်ခုဖြစ်ဖို့အတွက် ကျွန်တော် စိတ်လှုပ်ရှားနေပါပြီ” ဟု လူကာကူက အဲဗာတန်သို့ ပြောင်းရွှေ့လာရခြင်းနှင့် ပတ်သက်၍ အသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
    နည်းပြ မာတီနက်ဇ်ကလည်း မိမိတိုအနေဖြင့် လူကာကူအား ကြိုဆိုကြောင်း၊ အဲဗာတန် ပရိတ်သတ်အားလုံးမှာလည်း ထိုသတင်းအား ကြားချင်မည်ဖြစ်ကြောင်း၊ အဲဗာတန်အသင်း၏ သမိုင်းတွင် ထူးခြားသည့် အချိန်ကာလဖြစ်ပြီး ရာသီအသစ်အတွက် အသင်း၏ လူစာရင်း တောင့်တင်းရန် နည်းလမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    မော်ရင်ဟိုမှာ ချယ်ဆီးအသင်း၏ အားနည်းသည့် တိုက်စစ်အတွက် အက်သလက်တီကို မက်ဒရစ်အသင်းမှ တိုက်စစ်မှူး ဒီယေဂို ကော်စတာအား ခေါ်ယူထားပြီး ဂန္တ၀င်တိုက်စစ်မှူး ဒရော့ဘာကိုလည်း တစ်နှစ်စာချုပ်ဖြင့် ပြန်လည်ခေါ်ယူထားသည်။
  • ရီးယဲလ်၏ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးအား မန်ယူ ချိုးနိုင်သည်ဟု အမှုဆောင် ဒုဥက္ကဌဆို
    ဇူလိုင် ၂၅ ၊ ၂၀၁၄
    M-Media
    368784_heroa
    – စပါအသင်းမှ ဘေးလ်အား ယူရို သန်း ၁၀၀ဖြင့်ခေါ်ယူခဲ့သည့် ရီးယဲလ်၏ စံချိန်တင်ပြောင်းရွှေ့ကြေးကို မိမိတိုအနေဖြင့် ချိုးဖျက်နိုင်စွမ်းရှိသည်ဟု မန်ယူ အမှုဆောင် ဒုဥက္ကဌ အဒ် ၀ုဒ်ဝါဒ်က ပြောကြားလိုက်သည်။
    နည်းပြသစ် ဗန်ဂါးလ်လက်ထက် ၂၀၁၄-၁၅ ဘောလုံးရာသီအတွက် ပြင်ဆင်နေသည့် မန်ယူအသင်းမှာ လက်ရှိအပြောင်းအရွှေ့ကာလတွင် လုခ်ရှောနှင့် ဟာရီရာတို့ကိုနှစ်ဦးကို ယူရို သန်း ၇၀ အသုံးပြု၍ ခေါ်ယူထားသည်။
    “အပြောင်းအရွှေ့ဈေးကွက်မှာ ငွေကြေးအမြောက်အများသုံးစွဲဖို့ ကျွန်တော်တို့ မကြောက်ပါဘူး။ စံချိန်ပြောင်းရွှေ့ကြေး ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာလည်း ကျွန်တော်တို့ထည့်မတွက်ပါဘူး။ နည်းပြက လိုချင်တဲ့ ကစားသမားကောင်းတစ်ဦးဟာ မန်ယူမှာ ကြယ်ပွင့်ဖြစ်လာမယ်ဆိုတာပဲ ကြည့်ပါတယ်” ဟု ၀ုဒ်ဝါဒ်က The Guardian သတင်းစာသို့ ပြောကြားခဲ့သည်။
    နည်းပြသစ် ဗန်ဂါလက်ထက် မန်ယူအသင်း၏ ပထမဆုံးပွဲစဉ်အဖြစ် မေဂျာလိဂ်ကလပ် LA Glaxy အသင်းနှင့် ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက ၇ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
  • မန်ယူမှာ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး ကလပ်အသင်းဟု နည်းပြသစ်ဗန်ဂါးလ်ပြော
    ဇူလိုင် ၁၉ ၊ ၂၀၁၄
    M-Media
    433919_heroa
    – မန်ချက်စတာယူနိုက်တက်အသင်းမှာ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး ကလပ်အသင်းဖြစ်သည်ဟု နည်းပြသစ် ဗန်ဂါးလ်က ၎င်း၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
    ဗန်ဂါးလ်မှာ ဗုဒ္ဓဟူးနေ့က မန်ယူအသင်း၏ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့ပြီး နည်းပြတာဝန်ထမ်းဆောင်ခဲ့ကာ ကြာသာပတေးနေ့ တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော်လည် ယခုလက်ရှိ မန်ယူအသင်းတွင် အလျင်အမြန်ဆောင်ရွက်ရမည့် အရာများရှိကြောင်းကို သိရှိသည်ဟုလည်း ၎င်းက ဆိုသည်။
    “ကမ္ဘာတစ်ဝှမ်း ဘယ်လောက် လူကြိုက်များတယ်ဆိုတဲ့ အကြောင်းကြောင့်ဆိုရင်တော့ ဒီအသင်းဟာ အကြီးကျယ်ဆုံး အသင်းပါ။ ဒါပေမယ့် အားကစားမှာ ဘယ်တော့မှ ထိပ်ဆုံးရောက်နေတဲ့ အသင်းမရှိပါဘူး။ ပြီးခဲ့တဲ့နှစ်က (ပရီးမီးယားလိဂ်မှာ) ကျွန်တော်တို့ အဆင့် ၇ ချိတ်ခဲ့ပါတယ်။ ကျွန်တော်တို့ အကြီးကျယ်ဆုံး အသင်းမဖြစ်ခဲ့ပါဘူး” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
    ၎င်း၏ ပထမဆုံးရာသီတွင် အသင်းအား မည်သည့်နည်းဖြင့် ကိုင်တွယ် သွားမည်ကို မပြောခဲ့ဘဲ၊ မိမိအနေဖြင့် အစွမ်းကုန်ဆောင်ရွက် သွားမည်ဖြစ်ပြီး ကစားသမားများ မိမိ၏ ပုံစံနှင့် အံဝင်ခွင်ကျဖြစ်ရန် အတွက်လည်း ကြိုးစားသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ဗန်ဂါလ်မှာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ အေဂျက်စ်အသင်းတို့ကို ယခင်က ကိုင်တွယ်ခဲ့ဖူးပြီး အောင်မြင်မှုများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
    “စပိန်မှာနံပါတ် ၁ အသင်းဖြစ်တဲ့ ဘာစီလိုနာ၊ ဟော်လန်မှာ နံပါတ် ၁ ဖြစ်တဲ့ အေဂျက်စ်နဲ့ ဂျာမနီမှာ အကြီးဆုံးအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်တို့ကို ကျွန်တော် နည်းပြခဲ့ဖူးပါတယ်။ အခုတော့ အင်္ဂလန်ရဲ့ အကြီးကျယ်ဆုံးအသင်းမှာ ကျွန်တော်ရောက်နေပါပြီ”
    နည်းပြမိုယက်စ် ထွက်ခွာသွားခဲ့ပြီးနောက် ဗန်ဂါလ်အား ပြီးခဲ့သည့်မေလက မန်ယူအသင်းမှ စာချုပ်ချုပ်ခဲ့ခြင်းဖြစ်ပြီး လက်ထောက် နည်းပြအဖြစ် မန်ယူကစားသမားဟောင်း ရွိုင်ယန်ဂစ်က ဆောင်ရွက်သွားမည်ဖြစ်သည်။
  • ဆွာရက်ဇ်မရှိသော်လည်း ချန်ပီယံဆုကို စိန်ခေါ်နိုင်ဟု လီဗာပူးလ်နည်းပြရော်ဂျာဆို
    ဇူလိုင် ၁၇ ၊ ၂၀၁၄
    M-Media
    1268140-27354483-2560-1440
    – လူးဝစ်ဇ်ဆွာရက်စ်အား ဘာစီလိုနာအသင်းသို့ ရောင်းချခဲ့သော်လည်း မိမိတို့အသင်းမှာ လာမည့်ရာသီ ပရီးမီးယားလိဂ်အား စိန်ခေါ်နိုင်လိမ့်မည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန် ရော်ဂျာက ပြောကြားလိုက်သည်။
    ဆွာရက်ဇ်အား ဘာစီလိုနာအသင်းသို့ ပေါင် သန်း ၇၀ ဖြင့် ရောင်းချခဲ့သည်ဆိုသည့် သတင်းအား ပြီးခဲ့သည့်သောကြောနေ့တွင် လီဗာပူးလ်က အတည်ပြုခဲ့ပြီး၊ ရော်ဂျာမှာလည်း ဆွာရက်ဇ်၏ နေရာအား ဖြည့်တင်းရန်အတွက် ဆောက်သက်တမ်အသင်းမှ အဒမ်လာလနာနှင့် ရစ်ကီလမ်ဘာ့တ်၊ လေဗာကူဆင် အလယ်တန်းကစားသမား အမ်မရီ ကန်နှင့် ဘင်ဖီကာ တောင်ပံကစားသမား လာဇာ မာကိုဗစ်တို့အား ခေါ်ယူရန် ပစ်မှတ်ထားနေသည်။
    “ဆွာရက်ဇ်ကိုရောင်းလိုက်တာဟာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို အားနည်းစေမှာ မဟုတ်ပါဘူး။ အသင်းအတွက် သူရဲ့ကူညီမှုတွေကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက်သွားမှာဖြစ်ပြီး သင့်လျော်တဲ့ကစားသမားတွေကို ရှာဖွေသွားမှာဖြစ်ပါတယ်” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ဆွာရက်ဇ်၏ ခြေစွမ်းပြမှုနှင့်အတူ လီဗာပူးလ်အသင်းမှာ ယမန်နှစ် ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲနိုင်သည့်အထိဖြစ်ခဲ့သော်လည်း ရာသီသိမ်းကာနီး ခြေချော်ခဲ့မှုကြောင့် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။
    ရော်ဂျာကမူ ယခုနှစ်တွင် ပရီးမိးယားလိဂ် အသင်းများမှာ တောင့်တင်းလာပြီး ပြိုင်ဆိုင်မှုပြင်းထန်လာမည်ကို သိရှိကြောင်း၊ မိမိတို့အသင်းမှာလည်း အကောင်းဆုံး စွမ်းဆောင်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
  • နည်းပြဟောင်း ကာပယ်လိုမှာ မိမိအား အသင်းခေါင်းဆောင်အဖြစ် မယုံကြည်ခဲ့ဟု ဂျရတ်ပြော
    ဇွန် ၈ ၊ ၂၀၁၄
    M-Media
    418526_heroa
    – အင်္ဂလန်နည်းပြဟောင်း ကာပယ်လိုမှာ မိမိအား ကစားသမားကောင်းတစ်ဦးအဖြစ် သတ်မှတ်ခဲ့သော်လည်း အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ယုံကြည်ခြင်းမရှိဟု အင်္ဂလန် ကွင်းလယ်လူ စတီဗင်ဂျာရတ်က ပြောကြားလိုက်သည်။
    ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နည်းပြကာပယ်လိုမှာ နောက်ခံလူ ရီယိုဖာဒီနန်အား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပြီး ဖာဒီနန် ဒဏ်ရာရရှိခဲ့ချိန်တွင် ဂျရတ်ကို ကျော်ကာ ဂျွန်တယ်ရီအား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်။
    “ကာပယ်လိုက ကျွန်တော့်ကို နံပါတ် ၁ အသင်းခေါင်းဆောင်အဖြစ် မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် ရွိင်ဟဒ်ဆန် ကတော့ ယုံကြည်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတာ ကျွန်တော်မသိပါဘူး။ သူ(ကာပယ်လို)က ကျွန်တော့်ကို ကစားသမားတစ်ယောက်အနေနဲ့သာ သတ်မှတ်ထားတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဂျရတ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    သို့သော်လည်း ကာပယ်လိုနှင့် မိမိ၏အကြား ဆက်ဆံရေးမှာ ကောင်းမွန်ကြောင်း ရွိုင်ဟဒ်ဆန်က မိမိအား အသင်းခေါင်းဆောင်အဖြစ်ရွေးချယ်ခဲ့သည့်အတွက် ယုံကြည်မှုပိုလာစေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။