News @ M-Media
Tag: PremierLeague
  • မန်စီးတီးနှင့် ယှဉ်ပြိုင်ရမည်ကို မကြောက်ဟု လီဗာပူးလ်နည်းပြ ရော်ဂျာဆို
    ဧပြီ ၁၂၊ ၂၀၁၄
    M-Media
    – ယခုတပတ် တနင်္ဂနွေနေ့တွင် အန်ဖီးလ်၌ ကစားရမည့် မန်စီးတီးနှင့် ပွဲစဉ်အတွက် မိမိတို့အသင်းမှာ ပြင်ဆင်နေပြီး ကြောက်ရွံ့ တုန်လှုပ်ခြင်း မရှိဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။
    385016_heroa
    လီဗာပူးလ်အသင်းမှာ ၇၄ မှတ်ဖြင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအား ဦးဆောင်နေပြီး၊ မန်စီးတီးအသင်းမှာလည်း ၂ ပွဲလျော့ ရမှတ် ၇၀ ဖြင့် တတိယနေရာတွင် ရှိနေသောကြောင့် ယခုပွဲက ၎င်းတို့နှစ်သင်း ပရီးမီးယားလိဂ် ဆုဖလားရရှိရန် အလားအလာအတွက် အဆုံးအဖြတ် ဖြစ်လာမည်ဖြစ်သည်။
    ရော်ဂျာကမူ မိမိတို့အသင်းမှာ ရှေ့ဆက်လျှောက်လှမ်းနေပြီး၊ ၉ ပွဲဆက်တိုက်အနိုင်ရရှိခဲ့သည့် လက်ရှိပုံစံကောင်းကို ထိန်းသိမ်းထားရန်အတွက်လည်း အသင်းသားများအား တိုက်တွန်းခဲ့သည်။
    “ကျွန်တော်တို့ မကြောက်ပါဘူး။ အဲဒီအကျိုးကို ကျွန်တော်တို့ ဒီတစ်ပတ်မှာ ခံစားရမှာပါ။ လေ့ကျင့်ကွင်းမှာလည်း ကျွန်တော်တို့ရဲ့ ခံစားမှုတွေက ကောင်းနေပါတယ်။ ကျွန်တော်တို့ရဲ့ တည်ငြိမ်တဲ့ပုံစံကို ထိန်းဖို့ သိပ်ကိုအရေးကြီးပါတယ်” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် တနင်္ဂနွေပွဲအတွက် စိတ်လှုပ်ရှားနေကြာင်း၊ လက်ရှိနေရာရောက်ရန်အတွက် ကြိုးစားခဲ့ရပြီး၊ ယခုအခြေအနေကိုလည်း ကြာရှည် ထိန်းသိမ်းသွားရန် ဆောင်ရွက်နေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
  • အက်စတွန်ဗီလာပွဲ မော်ရင်ဟို၏ အပြုအမူကြောင့် FA က ဒဏ်ငွေရိုက်
    ဧပြီ ၁၀၊ ၂၀၁၄
    M-Media
    – မတ်လ ၁၅ ရက်နေ့က အက်စတွန်ဗီလာ အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် ပြုမူခဲ့သော မော်ရင်ဟို၏ အပြုအမူ အတွက် FA က ဒဏ်ငွေ ပေါင် ၈၀၀၀ ဒဏ်ရိုက်ခဲ့သည်ဟု သိရသည်။
    379057_heroa
    ဗီလာပါ့ခ်တွင် ကစားခဲ့သည့် အဆိုပါပွဲစဉ် အတွင်း မော်ရင်ဟိုမှာ ကွင်းအတွင်းသို့ ၀င်ရောက်ကာ ဒိုင်လူကြီးအား စောဒကတက်ခဲ့ပြီးနောက်၊ ဒိုင်လူကြီးက မော်ရင်ဟိုအား ပရိတ်သတ် ခုံတန်းသို့ သွားရောက်ရန် ညွှန်ကြားခဲ့သည်။ ထိုလုပ်ရပ်မှာ နည်းပြတစ်ဦး အတွက် လက်မခံနိုင်သော လုပ်ရပ်ဖြစ်သောကြောင့် FA က တရားစွဲခဲ့ပြီး ယခုကဲ့သို့ ဒဏ်ငွေချမှတ်ခဲ့ခြင်းဖြစ်သည်။
    မော်ရင်ဟိုကမူ ထိုတရားစွဲမှုအား ငြင်းဆန်ခဲ့ကာ တစ်ဦးတည်းကြားနာရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း တရားရုံးကမူ လက်မခံဘဲ ယမန်နေ့က စစ်ဆေးခဲ့ကာ၊ နောင်တွင် ထိုကဲ့သို့ အပြုအမူများ မပြုလုပ်ရန်အတွက်လည်း မော်ရင်ဟိုကို သတိပေးခဲ့သည်။
    ထိုပွဲတွင် ကွင်းလယ် ဒိုင်လူကြီး ဖွိုင်မှာ ချယ်ဆီး ကွင်းလယ်လူ ၀ီလီယံအား ၂ ၀ါတစ်နီဖြင့် ထုတ်ပယ်ခဲ့ပြီး ရာမီးရက်စ်ကိုလည်း တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ခဲ့သည်။ မော်ရင်ဟိုက ထိုပွဲအပြီးတွင် ဒိုင်လူကြီးဖွိုင်အား ချယ်ဆီးအသင်း၏ ပွဲများတွင် နောက်ထပ် တာဝန်မပေးသင့်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
  • အာဆင်နယ်အသင်းမှာ ဆုဖလားများရရှိရန် ခိုင်မာသော စိတ်ဓာတ်မရှိဟု တိုက်စစ်မှူး ကာဇိုလာပြောကြား
    ဧပြီ ၉ ၊ ၂၀၁၄
    M-Media
    – ဆုဖလားများကို ရယူချင်ပါက အာဆင်နယ်အသင်းမှာ ခိုင်မာသောစိတ်ဓာတ်မျိုးရှိရန် လိုအပ်ပြီး ထိုကဲ့သို့ မလုပ်နိုင်ပါက အသင်းမှ ထွက်ခွာမည်ဟု အာဆင်နယ်အသင်းတိုက်စစ်မှူး ကာဇိုလာက ပြောကြားလိုက်သည်။
    368767_heroa
    အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်နောက်ဆုံး လေးပွဲတွင် နိုင်ပွဲပျောက်ဆုံးနေခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းကြောင်းမှ ထွက်ခွာခဲ့ရကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အဲဗာတန်အသင်းနှင့် အပြိုင်လုရဖွယ်ရှိနေသည်။
    မာလာဂါအသင်းမှ အာဆင်နယ်အသင်းသို့ ၂၀၁၂ ခုနှစ်က ပြောင်းရွှေ့လာခဲ့သော်လည်း မိမိရှာဖွေနေသော အောမြင်မှုကို မတွေ့ရှိဟု ကာဇိုလာကဆိုပြီး ဆုတံဆိပ်များရရှိရန်အတွက် အသင်းပြောင်းရန် ပြင်ဆင်နေသည်ဟုလည်း ဖွင့်ဟခဲ့သည်။
    “ကျွန်တော် ဆုဖလားတွေ လိုချင်တာကြောင့် အာဆင်နယ်ကို လာခဲ့တာပါ။ ဘောလုံးသမားတိုင်းဟာ ဆုဖလားတွေကို ရချင်ပါတယ်။ ကျွန်တော်တို့ဟာ ဖလားတစ်လုံးမှ မရဘဲ နှစ်တွေအများကြီး ကုန်ဆုံးခဲ့ပါတယ်။ တကယ်လို့ ဆုဖလားတွေ မရရင်တော့ နောက်ထပ်ကျွန်တော်ရှာဖွေတဲ့လမ်းက ဆုဖလားတွေရဖို့ အခွင့်အရေးပါပဲ” ဟု ကာဇိုလာက Sport360 သို့ ပြောကြားခဲ့သည်။
    ထို့ပြင် မန်စီးတီးနှင့် မန်ယူအသင်းများက လိုအပ်သောကစားသမားများကို ၀ယ်ယူခဲ့ပြီး၊ အာဆင်နယ်အသင်းမှာလည်း လာမည့်ရာသီတွင် မည်သည့်ကစာသမားများ ၀ယ်ယူရမည်ကို သိရှိကြောင်း၊ ထိုကစားသမားများမရှိဘဲ မိမိတို့အနေဖြင့် ဆုဖလားများရရှိမည်မဟုတ်ကြောင်း ကာဇိုလာက ထပ်လောင်းပြောကြားခဲ့သည်။
    အာဆင်နယ်အသင်းမှာ ယခုနှစ်ရာသီအစတွင် ခြေစွမ်းကောင်းများကိုပြသခဲ့သော်လည်း ကစားသမာများ ဒဏ်ရာရရှိမှု ပွဲထွက်ကစားသမားများမှာလည်း ခြေစွမ်းမပြနိုင်မှုတို့ကြောင့် နောက်ပိုင်းတွင် ရုန်းကန် လာခဲ့ရသည်။ ယခုနှစ်တွင် မည်သည့်ဖလားမှ မရပါက အာဆင်နယ်အသင်းအတွက် ၉ နှစ်မြောက် ဖလားလက်မဲ့ရာသီဖြစ်လာမည်ဖြစ်သည်။
  • တန်းဆင်းဇုန်နား ရောက်နေသည့် နော်ဝစ်ခ်ျ အသင်း နည်းပြ ထုတ်ပယ်ခံရ
    ဧပြီ ၈ ၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ်တွင် အဆင့် ၁၇ သို့ရောက်ရှိနေပြီး ရလဒ်များဆိုးဝါးနေသည့် နော်ဝစ်ခ်ျအသင်းက ၎င်းတို့၏ နည်းပြဖြစ်သူ ခရစ်ဟူတန်အား ထုတ်ပယ်လိုက်ပြီဟု ကြေညာခဲ့သည်။
    Neil Adams
    နော်ဝစ်ခ်ျအသင်းမှာ နောက်ဆုံးကစားခဲ့သည့် ၆ ပွဲတွင် လေးပွဲအထိ ရှုံးနိမ့်ထားပြီး၊ ရာသီပြီးဆုံးရန် ၅ ပွဲသာ လိုတော့ချိန်တွင် အဆင့် ၁၇ နေရာတွင်ရှိနေသည်။ ထို့ကြောင့် ရလဒ်ကောင်းများ ရရှိအောင် ဆောင်ရွက် မပေးနိုင်သည့် နည်းပြဟူတန်အား ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
    လစ်လပ်သွားသော နည်းပြနေရာအတွက် ယခင်နော်ဝစ်ခ်ျအသင်း တောင်ပံကစားသမားဖြစ်ပြီး လူငယ်အသင်းအား FA လူငယ်ဖလား ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည့် နီးလ်အဒမ်အား ခန့်အပ်ခဲ့သည်ဟု အသင်း၏ကြေညာချက်တွင် ဖော်ပြထားသည်။
    နော်ဝစ်ခ်ျအသင်းအတွက် ၆ နှစ်ကြာကစားခဲ့ပြီး လက်ရှိတွင် ယူ ၁၈ အသင်းအား တာဝန်ယူကိုင်တွယ်နေသည့် အဒမ်က အသင်းကြီးအား ကိုင်တွယ်ခွင့်ရသည့်အတွက် ပျော်ရွှင်မိကြောင်း၊ လက်ကျန် ၅ ပွဲမှာ မိမိတို့အတွက် စမ်းသပ်မှုကြီးတစ်ခုဖြစ်ပြီး၊ ပရိတ်သတ်များ၏ ထောက်ခံမှုနှင့်အတူ ရည်မှန်းချက်အောင်မြင်ရန် အခွင့်အရေးများ ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    Goal
    Photo-BBC
  • အဲဗာတန်ကို ဂိုးပြတ်ရှုံးပြီး ချန်ပီလိဂ် ဝင်ခွင့် ရုန်းကန်ရတော့မည့် အာဆင်နယ်၊ လီဗာပူးအမှားမရှိ နိုင်ပွဲဆက်
    ဧပြီ ၇ ၊၂၀၁၄
    M-Media
    အဲဗာတန်ကိုရှုံးပြီး ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ရုန်းကန် ရတော့မယ့် အာဆင်နယ်၊ အမှားအယွင်းမရှိဘဲ ဇယား ထိပ်ဆုံးနေရာကို ဆက်လက် ရယူထားနိုင်တဲ့ လီဗာပူးလ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ စူပါဆန်းဒေးပွဲများ
    7-4-2014
    – ယမန်နေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ ဆူပါဆန်းဒေး ၂ ပွဲမှာ အဲဗာတန် အသင်းဟာ အဆင်နယ်ကို ဂိုးပြတ်နဲ့ နှိပ်ကွပ်နိုင်ခဲ့ပြီး၊ လီဗာပူလ်းကလည်း ဂျရတ်ရဲ့ ပင်နယ်တီဂိုးတွေနဲ့ ၃ မှတ်ရခဲ့ပါတယ်။
    ရာသီအစ ခြေစွမ်းကောင်းတွေပြသပြီး ပရီးမီယားလိဂ်ဇယားကို အချိန်အတော်ကြာ ဦးဆောင်ထားနိုင်ခဲ့တဲ့ အာဆင်နယ်တို့ နောက်ပိုင်းမှာတော့ အဓိက ကစားသမားတွေ ဒဏ်ရာရရှိမှု၊ ပွဲထွက်ကစားသမားတွေ ခြေစွမ်း မပြနိုင်မှု စတာတွေကြောင့် ရလဒ်ဆိုးများကို ဆက်တိုက်တွေ့ကြုံလာခဲ့ရပါတယ်။ မနေ့ညက ကစားခဲ့တဲ့ပွဲမှာလည်း အဲဗာတန်ကို ၃ ဂိုးပြတ်နဲ့ ရှုံးခဲ့ပြီး ရာသီအစက ချန်ပီယံဆုကိုမှန်းနိုင်ခဲ့တဲ့ အာဆင်နယ်တို့ အခုအချိန်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက်ပါ စိုးရိမ်လာခဲ့ရပါပြီ။
    ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲစလုံး အနိုင်ကစားထားနိုင်တဲ့ အဲဗာတန်တို့ ပွဲစတာနဲ့ အာဆင်နယ်ကို ဖိအားပေးနိုင်ခဲ့ပြီး ၁၄ မိနစ်မှာပဲ ဦးဆောင်ဂိုး စသွင်းနိုင်ခဲ့တာပါ။ အာဆင်နယ်တို့ ချေပဂိုးရဖို့ ကြိုစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ အဲဗာတန်ကသာ ပွဲကိုစိုးမိုးထားနိုင်ခဲ့ပြီး အာဆင်နယ်ဂိုးသမား ရှက်ဇက်နီ အဲဗာတန်တိုက်စစ်ရဲ့ ကန်သွင်းချက် တော်တော်များများကို လက်စွမ်းပြ ကာကွယ်သွားနိုင်လို့သာ ဒီထက် ဂိုးမပြတ်ခဲ့တာပါ။ အဲဗာတန်အသင်းအတွက် ဒုတိယဂိုးကို ၃၄ မိနစ်မှာ တိုက်စစ်မှူး လူကာကူ တစ်ကိုယ်တော်အစွမ်းပြ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၆၂ မိနစ်မှာ အာတီတာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် အိမ်ရှင်တို့ တတိယဂိုး ရခဲ့ပါတယ်။
    ဒီပွဲအနိုင်ကြောင့် အဲဗာတန်တို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရေး မျှော်လင့်ချက်ဟာ အားကောင်းလာခဲ့ပြီး အာဆင်နယ်ကတော့ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ၀င်ခွင့်မလွဲချော်အောင် ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ အာဆင်ဝင်းဂါကလည်း အာဆင်နယ်အသင်းအတွက် ချန်ပီယံလိဂ် ၀င်ခွင့်ဟာ ခက်ခဲခဲ့ပြီလို့ ပွဲအပြီးမှာ ၀န်ခံသွားခဲ့ပါတယ်။
    မနေ့ကပွဲမှာ မန်စီးတီး၊ ချယ်ဆီးတို့ အနိုင်ရသွားတဲ့အတွက် အမှားခံလို့မရတဲ့ လီဗာပူးလ်ကလည်း အဝေးကွင်းမှာ ဂျရတ်ရဲ့ ပင်နယ်တီတွေနဲ့ အဖိုးတန် ၃ မှတ်ရခဲ့ပါတယ်။ စတားရစ်ခ်ျ၊ ဆွာရက်ဇ်၊ စတာလင်၊ ဂျရတ်တို့နဲ့ လူစုံခဲ့တဲ့ လီဗာပူးလ်တို့ ၀က်စ်ဟမ်းကွင်းဖြစ်ပေမယ့် ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်လည်း တော်တော် များများ ရခဲ့ပါတယ်။ ပထမပိုင်းရဲ့ အစောပိုင်းမိနစ်တွေကတည်းက ၀က်စ်ဟမ်းဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုးကိုတော့ ၄၄ မိနစ်မှာမှ ရခဲ့တာဖြစ်ပြီး ၀က်စ်ဟမ်းနောက်ခံလူ တွမ်ကင်ရဲ့ ဧရိယာအတွင်း လက်ထိမှုကြောင့် ရတဲ့ပင်နယ်တီကို ဂျရတ်က ကန်သွင်းယူခဲ့တာပါ။ ဒါပေမယ့် ပထမပိုင်း နာကျင်အချိန်ပိုမှာပဲ အိမ်ရှင်တို့ ချေပဂိုးရခဲ့ပြီး နိုဘယ်လ်ရဲ့ ထောင့်ကန်ဘောအကျမှာ ဒီမဲလ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ဒုတိယပိုင်းမှာ အိမ်ရှမ်တို့ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်လောက်ရခဲ့ပြီး ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့သလို၊ လီဗာပူးလ် တိုက်စစ်မှူးတွေရဲ့ ကန်သွင်းချက်တွေကလည်း ဂိုးမ၀င်ခဲ့ပါဘူး။ ၇၁ မိနစ်မှာတော့ လီဗာပူးလ်တို့ အနိုင်ဂိုးထပ် ရခဲ့ပါတယ်။ လီဗာပူးလ်နောက်ခံလူ ဖလန်ဂန်ကို ၀က်စ်ဟမ်းအလယ်တန်းလူ မက်သယူးတေလာက ဧရိယာအတွင်းမှာ ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့အတွက် ရရှိတဲ့ပင်နယ်တီကို ဂျရတ်က အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့တာပါ။ လီဗာပူးလ်ဟာ ဒီပွဲအနိုင်ကြောင့် ပရီးမီးယားလိဂ်ဇယားကို ၇၄ မှတ်နဲ့ ဆက်လက် ဦးဆောင်နေပြီး ချန်ပီယံဖြစ်ရေး အိပ်မက်ဟာ တစ်ဖြည်းဖြည်းနဲ့ နီးကပ်လို့လာခဲ့ပါပြီ။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    အဲဗာတန် ၃-၀ အာဆင်နယ်
    မန်စီးတီး ၄-၁ ဆောက်သက်တမ်
    အက်စတွန်ဗီလာ ၁-၂ ဖူလ်ဟမ်
    ကာဒစ်ဖ် ၀-၃ ခရစ္စတယ်ပဲလေ့စ်
    ဟားလ်စီးတီး ၁-၀ ဆွမ်ဆီး
    နယူးကာဆယ် ၀-၄ မန်ယူ
    နော်ဝစ်ခ်ျ ၀-၁ ၀က်စ်ဘရွန်း
    ချယ်ဆီး ၃-၀ စတုတ်