News @ M-Media
Tag: PremierLeague
  • လီဗာပူးလ်အား ရှုံးနိမ့်ခဲ့သော်လည်း မန်စီးတီး ချန်ပီယံဖြစ်ရေး မထိခိုက်ဟု ပယ်လီဂရီနီဆို
    ဧပြီ ၁၇ ၊ ၂၀၁၄
    M-Media
    – လီဗာပူးလ်အသင်းအား ရှုံးနိမ့်ခဲ့သော်လည်း မန်စီးတီးအသင်းအတွက် ချန်ပီယံဖြစ်ရေး ရည်မှန်းချက်မှာ ထိခိုက်မှုမရှိဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။
    390084_heroa
    ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် မန်စီးတီးအသင်းမှာ လီဗာပူးလ်အား အကြိတ်အနယ်ကစားကာ ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီး လီဗာပူးလ်အသင်းကမူ ထိုပွဲအနိုင်ကြောင့် ၂၄ နှစ်ကြာ စောင့်စားခဲ့ရသည့် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးမျှော်လင့်ချက်မှာ ပိုမိုခိုင်မာလာခဲ့သည်။
    သို့သော်လည်း ပယ်လီဂရီနီကမူ လီဗာပူးလ်အား တတ်နိုင်သလောက် ဖိအားပေးရန် အသင်းအား တိုက်တွန်းခဲ့သည်။
    “အသင်းဟာ သူတို့ဘာလုပ်ရမယ်ဆိုကာ ကောင်းကောင်းသိတယ်လို့ ကျွန်တော်ထင်ပါတယ်။ (လီဗာပူးလ်နဲ့ပွဲမှာ) ကျွန်တော်တို့ ရှုံးခဲ့တယ်။ ဒါပေမယ့် ကစားဖို့ ၆ ပွဲကျန်ပါသေးတယ်။ ဖလားရဖို့အတွက် နောက်ဆုံးအထိ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။
    လီဗာပူးလ်အသင်းမှာ ကျန်ရှိသည့် လေးပွဲစလုံး အနိုင်ရရှိပါက ပရီးမီးယားလိဂ်ဖလားအား ဆွတ်ခူးနိုင်မည်ဖြစ်သည်။
  • မန်စီးတီး ကွင်းလယ်လူ ယာယာတိုးယေး ဒဏ်ရာကြောင့် ၂ ပတ်ခန့်အနားယူရမည်။
    ဧပြီ ၁၆၊ ၂၀၁၄
    M-Media
    – လီဗာပူးလ်အသင်းအား ရှုံးနိမ့်ခဲ့သောပွဲတွင် ရရှိခဲ့သော ဒဏ်ရာကြောင့် အသင်း၏ အားထားရသည့် ကွင်းလယ်လူ ယာယာတိုးရေးမှာ ၂ ပတ်ခန့်အနားယူရမည်ဟု သိရသည်။
    390291_heroa
    အိုက်ဗရီကို့စ်လက်ရွေးစင် ယာယာတိုးယေးမှာ ပွဲချိန် ၁၉ မိနစ်မှာပင် ဒဏ်ရာရရှိခဲ့သောကြောင့် လူစားလဲခဲ့ရသည်။ ၎င်း၏ဒဏ်ရာမှာ ကြွက်သားဒဏ်ရာဖြစ်ပြီး အစောပိုင်းက ထင်ထားသကဲ့သို့ စိုးရိမ်ရခြင်းမရှိဟု အသင်းနည်းပြ ပယ်လီဂရီနီက ဆိုသည်။
    “အစောပိုင်းက ကျွန်တော်တို့ထင်ထားသလောက် ဒဏ်ရာက မဆိုးပါဘူး။ ဒါပေမယ့် ပြန်ကောင်းဖို့ အနည်းဆုံး ၁၀ ရက် ဒါမှမဟုတ် နှစ်ပတ်လောက်တော့ လိုအပ်ပါလိမ်မယ့်” ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ဒဏ်ရာပြဿနာနှင့် ရုန်းကန်နေရသည့် ကွန်ပနီနှင့် အဂူရိုတို့မှာ လာမည့် ဗုဒ္ဓဟူးနေ့တွင် ကစားမည့် ဆန်းဒါးလန်းနှင့်ပွဲတွင် ပါဝင်နိုင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး လီဗာပူးလ်၊ ချယ်ဆီးတို့နှင့် ယှဉ်ပြိုင်နေရသည့် မန်စီးတီး အတွက် တိုးယေး၏ ဒဏ်ရာရမှုမှာ ထိုးနှက်ချက် တစ်ခုလည်းဖြစ်သည်။
  • အသင်းမှာ အဆင့် ၄ ဖြင့် ရာသီသိမ်းကာ FA ဖလားလည်း ရမည်ဟု ၀င်းဂါးဆို
    ဧပြီ ၁၅၊ ၂၀၁၄
    M-Media
    389933_heroa
    – မိမိအသင်းအနေဖြင့် အဆင့် ၄ ဖြင့် ရာသီသိမ်းနိုင်မည်ဖြစ်ပြီး FA ဖလားလည်း ရရှိလိမ့်မည်ဟု အာဆင်နယ်အသင်း နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    အာဆင်နယ်အသင်းမှာ စနေနေ့က ကစားခဲ့သည့် FA ဖလား ဆီမီးဖိုင်နယ်တွင် ၀ီဂန်အသင်းအား ပင်နယ်တီဖြင့် အနိုင်ကစားကာ ဗိုလ်လုပွဲသို့ တက်ေ၇ာက်နိုင်ခဲ့ပြီး ဟားလ်စီးတီးအသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။ သို့သော်လည်း ပရီးမီးယားလိဂ်တွင် အဆင့် ၄ မှ အဲဗာတန်ထက် ၂ မှတ်လျော့ဖြင့် အဆင့် ၅ နေရာသို့ ရောက်နေသည်။
    “ဒီရာသီကို ကောင်းမွန်စွာနဲ့ အဆုံးသတ်နိုင်မှာပါ။ ထိပ်ဆုံးလေးသင်းဝင်နိုင်ပြီး FA ဖလားလည်း ရနိုင်ပါတယ်။ ဒါ့ကြောင့် ဒါဟာ ရာသီကုန်ထိ ကျွန်တော်တို့ ဘယ်လောက် စုစည်းမှုရှိပြီ၊ အတူတကွ အာရုံစိုက်လည်းဆိုတာ ပြသတာပါ” ဟု ၀က်စ်ဟမ်းအသင်းနှင့် ပရီးမီးယားလိဂ်ပွဲ အကြို သတင်းစာ ရှင်းလင်းပွဲတွင် ၀င်းဂါးက သတင်းထောက်များသို့ ပြောကြား ခဲ့သည်။
    စနေနေ့က ကစားခဲ့သည့်ပွဲတွင် ပရိတ်သတ်များ၏ အားပေးမှုမျာ အံ့သြစရာဖြစ်ကြောင်း၊ အသင်း၏နောက်တွင် ပရိတ်သတ်များရှိနေစေချင်ပြီး ရှိနေမည်ဆိုသည်ကိုလည်း သေချာပြောရဲကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။ အာဆင်နယ်အသင်းမှာ FA ဖလား ဗိုလ်လုပွဲအဖြစ် ဟားလ်စီးတီးအသင်းနှင့် မေလ ၁၇ ရက်နေ့တွင် ၀င်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
  • အာဆင်နယ် ချန်ပီယံ အိပ်မက်ပျက်ပြယ်ခြင်းမှာ ဒဏ်ရာရ ကစားသမားများကြောင့်ဟု အာတီတာဆို
    ဧပြီ ၁၄။ ၂၀၁၄
    M-Media
    အာဆင်နယ်အသင်း ချန်ပီယံပြေးလမ်းကြောင်းမှ ဖယ်ပေးခဲ့ရခြင်းမှာ ဒဏ်ရာရ ကစားသမားများကြောင့်ဖြစ်သည်ဟု အာတီတာဆို
    316252_heroa
    – အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးအိပ်မက် ပျက်ပြယ်ခဲ့ရခြင်းမှာ ကစားသမားများ ဒဏ်ရာ ရခြင်းကြောင့်ဖြစ်သည်ဟု အသင်း၏ ကွင်းလယ်လူ အာတီတာက ပြောကြားလိုက်သည်။
    အာဆင်နယ်အသင်းမှာ ရာသီအစတွင် ပုံစံကောင်းများပြသခဲ့ပြီး ဇယားထိပ်ဆုံးတွင် အချိန်အတော်ကြာ ဦးဆောင်နိုင်ခဲ့သော်လည်း အသင်းရှိ အဓိက ကစားသမားများဖြစ်သည့် အာရွန်ရမ်ဆေး၊ အိုဇေးလ်၊ ဝေါလ်ကော့နှင့် ၀ီလ်ရှိုင်းယားတို့ ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး အာဆင်နယ်အသင်းမှာလည်း အဆင့် ၅ နေရာသို့ ရောက်ရှိခဲ့ရကာ လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဲဗာတန်အသင်းနှင့် အပြိုင်လုရတော့မည်ဖြစ်သည်။
    “ပြီးခဲ့တဲ့ လေးပတ်အတွင်အမှာ အဖြစ်အပျက်တော်တော်များများ ဖြစ်ပွားခဲ့ပါတယ်။ ဒဏ်ရာရကစားသမား ၈ ဦးအထိရှိခဲ့တယ်။ အဲဒီအချိန်မှာ ပြိုင်ဘက်တွေက ကျွန်တော်တို့ထက် ရလဒ်တွေပိုကောင်းခဲ့ပါတယ်။ ဒါဟာ ဒီရာသီရဲ့ အရေးအကြီးဆုံးအချိန်မှာ ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို ရိုက်ခတ်စေခဲ့တာပါပဲ” ဟု အာတီတာက Goal သို့ ပြောကြားခဲ့သည်။
    ယမန်နေ့က ကစားခဲ့သည့် FA ဖလား ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် အာဆင်နယ်အသင်းမှာ ၀ီဂန်အား ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်စွဲနိုင်ခဲ့ပါက ၈ နှစ်ကြာ ဆုဖလား မိုးခေါင်မှုကို အဆုံးသတ်နိုင်မည်ဖြစ်သည်။
  • လီဗာပူးလ်၊ ချယ်ဆီးတို့ အနိုင်ရခဲ့ပြီး ရင်ခုန်စရာကောင်းလာတဲ့ ပရီးမီးယားလိဂ်
    ဧပြီ ၁၄၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ ကို စနေနေ့က ၆ ပွဲ တနင်္ဂနွေနေ့မှာ ၂ ပွဲ ကစားခဲ့ပါတယ်။
    LIVERPOOL VS MAN CITY
    ဒီတစ်ပတ် Match of the Week ပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ပွဲကတော့ ကြည့်ကောင်းခဲ့ပါတယ်။ လီဗာပူးလ်အသင်းက ပထမပိုင်းနာရီဝက် အတွင်းမှာ ဦးဆောင်ဂိုး ၂ ဂိုးရခဲ့ပေမယ့် မန်စီတီးတို့ ဒုတိယပိုင်းမှာ ချေပဂိုးတွေပြန်သွင်းနိုင်ခဲ့လို့ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်မှာ လူစုံခဲ့ပြီး၊ မန်စီးတီးမှာလည်း တိုက်စစ်မှူး အဂူရိုကလွဲလို့ အဓိက ကစားသမား အကုန်ပါခဲ့ပါတယ်။
    ပထမပိုင်းမှာ အိမ်ရှင်တို့ ပွဲကိုစိုးမိုးထားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် ၄၊ ၅ ကြိမ်လောက်ရခဲ့ပေမယ့် ၂ ဂိုးသာရခဲ့ပြီး စတာလင်နဲ့ စကာတယ်တို့က သွင်းပေးခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့တဲ့ မန်စီးတီးတို့ ဒုတိယပိုင်းမှာ ပြန်လာနိုင်ခဲ့ပြီး ၅၇ မိနစ်မှာ မီလ်နာ ကန်တင်ပေးမှုကနေ ဆေးလ်ဗားက အပိုင်ကန်သွင်းပြီး ၁ ဂိုးနဲ့ ၆၂ မိနစ်မှာ ဆေးလ်းဗာရဲ့ ကန်တင်ချက် လီဗာပူးလ်နောက်ခံလူ ဂျွန်ဆင်နဲ့ ထိကာ လမ်းကြောင်းပြောင်းပြီးဝင်သွားတဲ့ အတွက် ၁ ဂိုး ပြန်ရခဲ့ပါတယ်။ လီဗာပူးလ်အတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ ၇၈ မိနစ်မှာ ကော်တင်ဟိုက သွင်းပေးခဲ့တာပါ။ ဒုတိယပိုင်းနာကျင်အချိန်ပိုမှာ နာဆရီကို ဖျက်ထုတ်တာကြမ်းတဲ့အတွက် ဟန်ဒါ တိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒီပွဲအနိုင်ဟာ လီဗာပူးလ်တို့ရဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲဆက်အနိုင်ဖြစ်ပြီး ၂၄ နှစ်တာ စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားရရှိရေး အိပ်မက်ဟာလည်း တောက်ပလာခဲ့ပြီဖြစ်ပါတယ်။
    လီဗာပူးလ်၊ မန်စီးတီးတို့ရဲ့နောက်က ထပ်ကြပ်မကွာလိုက်နေတဲ့ မော်ရင်ဟိုရဲ့ ချယ်ဆီးကလည်း အဝေးကွင်းမှာ ဆွမ်ဆီးကို အနိုင်ရခဲ့ပါတယ်။ ပထမပိုင်း ၁၆ မိနစ်မှာကတည်းက တစ်ယောက်အသာနဲ့ ကစားခဲ့ရတဲ့ ချယ်ဆီးတို့ ဒီပွဲကို လွယ်လွယ်ကူကူအနိုင်ရခဲ့တာတော့ မဟုတ်ပါဘူး။ ဂိုးသွင်းဖို့ ရုန်းကန်ခဲ့ရပြီး ၆၈ မိနစ်ရောက်မှသာ အနိုင်ဂိုးရခဲ့တာပါ။ ဒီဂိုးကို ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲမှာ အဖိုးတန်အနိုင်ဂိုး သွင်းပေးခဲ့တဲ့ ဆီနီဂေါတိုက်စစ်မှူး ဒမ်ဘာ ဘားက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ချန်ပီယံလိဂ်ဝင်ခွင့်မှန်းနေတဲ့ အဲဗာတန်တို့ အဝေးကွင်းမှာ ၀က်စ်ဘရောင်းရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ ဆန်းဒါးလန်းကို အနိုင်ရခဲ့ပါတယ်။ ဒီပွဲအရှုံးကြောင့် ဆန်းဒါးလန်းဟာ ၂ ပွဲ လျော့နဲ့ ဇယားအောက်ခြေကို ရောက်ခဲ့ပါတယ်။
    စပါးကလည်း ၀က်စ်ဘရွန်းကွင်းမှာ ရုန်းကန်ခဲ့ရပြီး ကံကောင်းလို့သာ မရှုံးခဲ့ရတာပါ။ တန်းဆင်းဇုန်းနဲ့ ကပ်နေတဲ့ ၀က်စ်ဘရွန်းတို့ အိမ်ကွင်းအားသာချက်နဲ့ အကောင်းဆုံးကစားခဲ့ပြီး ပထမပိုင်းမှာပဲ အိမ်ရှင်တို့ ဦးဆောင် ဂိုး ၃ ဂိုးရခဲ့ပါတယ်။ ဒါပေမယ့် ကစားပုံပိုကောင်းတဲ့ စပါးတို့ ဒုတိယပိုင်း မိနစ် ၇၀ အတွင်းမှာ ၂ ဂိုးပြန်သွင်းနိုင်ခဲ့ပြီး သရေတစ်မှတ်ရစေမယ့်ဂိုးကိုတော့ ဒုတိယပိုင်းနာကျင်အချိန်ပိုကျမှ သွင်းနိုင်ခဲ့တာပါ။
    နယူးကာဆယ်အသင်းကတော့ အဝေးကွင်းမှာ စတုတ်စီးတီးကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ နောက်ဆုံး ၆ ပွဲမှာ ရှုံးပွဲမရှိသေးဘဲ အိမ်ကွင်းကောင်းတဲ့ စတုတ်ကို နယူးကာဆယ်တို့ သူတင်ကိုယ်တင်ကစားပြီး အရှုံးပေးခဲ့ရတာပါ။ ဒီပွဲအရှုံးဟာ နယူးကာဆယ်အတွက် ပရီးမီးယားလိဂ် လေးပွဲဆက် ရှုံးပွဲဖြစ်ပြီး စတုတ်အတွက် အနိုင်ဂိုးကိုတော့ ၄၂ မိနစ်မှာ အဲရစ်ပီတာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    တန်းဆင်းဇုန်က ကာဒစ်ဖ်အသင်းကတော့ အဝေးကွင်းမှာ ကစားပုံသိပ်မကောင်းခဲ့ပေမယ့် ကာလာရဲ့ ၆၅ မိနစ်ဂိုးနဲ့ ဆောက်သက်တမ်ကို အနိုင်ရခဲ့ပြီး ၃ မှတ်ယူနိုင်ခဲ့ပါတယ်။ ဆောက်သက်တမ်ရဲ့ အပိုင် ၂ ဂိုးကို ကာကွယ်နိုင်ခဲ့တဲ့ ကာဒစ်ဖ်ဂိုးသမား ဒေးဗစ်မာရှယ်ကြောင့် နိုင်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။
    ဇန်န၀ါရီအပြောင်းအရွှေ့မှာ ကစားသမားတွေခေါ်ယူပြီး အသင်းကိုအားဖြည့်ထားတဲ့ ဖူလ်ဟမ်တို့ ကိုလံဘီယာကစားသမား ဟူဂို ရိုဒဲလ်လီဂါရဲ့ မိနစ် ၄၀ ဂိုးနဲ့ နော်ဝစ်ခ်ျကို အနိုင်ရခဲ့ပြီး၊ ခရစ္စတယ်ပဲလေ့စ်ကတော့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ ပေးဂိုးမရှိထားတဲ့ ဗီလာကို ဂျာဆန် ပန်ချီယွန်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲဟာ နည်းပြ တိုနီပူးလစ်ရဲ့ ခရစ္စတယ်ပဲလေ့စ်အတွက် ၃ ပွဲဆက်အနိုင်ဖြစ်ခဲ့ပြီး ၁၉၉၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ၃ ပွဲဆက်နိုင်ခြင်းလည်းဖြစ်ပါတယ်။
    ပွဲစဉ် ၃၄ အပြီးမှာတော့ လီဗာပူးလ်က ဇယားကိုဦးဆောင်နေပြီး၊ ချယ်ဆီး၊ မန်စီးတီးတို့ အစဉ်လိုက်ရှိနေပါတယ်။ အဲဗာတန်ကတော့ အာဆင်နယ် အသင်းထက် ၂ မှတ်အသာနဲ့ အဆင့် ၄ နေရာမှာရှိနေပြီး၊ တန်းဆင်းဇုန်မှာတော့ ဖူလ်ဟမ်၊ ကာဒစ်ဖ် ဆန်းဒါးလန်းတို့ အသီးသီးရှိနေကြပါတယ်။
    ဒီတစ်ပါတ်ရဲ့ ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ခရစ္စတယ်ပဲလေ့စ် ၁-၀ အက်စတွန်ဗီလာ
    ဖူလ်ဟမ် ၁-၀ နော်ဝစ်ခ်ျ
    ဆောက်သက်တမန် ၀-၁ ကာဒစ်ဖ်
    စတုတ် ၁-၀ နယူးကာဆယ်
    ဆန်းဒါးလန်း ၀-၁ အဲဗာတန်
    လီဗာပူးလ် ၃-၂ မန်စီးတီး
    ဆွမ်ဆီး ၀-၁ ချယ်ဆီး