News @ M-Media
Tag: PremierLeague
  • ချယ်ဆီးတို့ ခွာလိပ်၊ အာဆင်နယ် နှင့် မန်စီးတီး ၁ မှတ်ဆီ ခွဲယူ၊ မန်ယူ နိုင်ပွဲပြန်ရတဲ့ စနေည EPL ပွဲစဉ် ၃၂
    မတ် ၃၀၊ ၂၀၁၄
    M-Media
    ချန်ပီယံ မဖြစ်နိုင်တော့ဟု ၀န်ခံခဲ့တဲ့မော်ရင်ဟို၊ ရာသီကုန်အထိ တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ၀င်းဂါးနဲ့ ပရိတ်သတ်အားလုံး ထောက်ခံနေပါတယ်ဆိုတဲ့ မိုယက်စ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ စနေနေ့ညပွဲများ
    MU and as
    – ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ ရဲ့ ၇ ပွဲကို မနေ့က ကစားခဲ့ပြီး မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဂိုးပြတ်နဲ့နိုင်ခဲ့ကာ ချန်ပီယံဆုအတွက် အမှားခံလို့မရတဲ့ ချယ်ဆီးအသင်းကတော့ အဝေးကွင်းမှာ ၃ မှတ် လက်လွှတ်ခဲ့ရပါတယ်။ ဒီတစ်ပတ်ရဲ့ Match of The Week ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ပွဲကတော့ တစ်ဂိုးစီသရေနဲ့ ပွဲသိမ်းခဲ့ပါတယ်။
    နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲရှုံးထားတဲ့ မန်ယူအသင်းကတော့ ဒီနေ့ပွဲမှာ အကောင်းဆုံး ကစားသွားနိုင်ခဲ့ပြီး ခံစစ်ကောင်းတဲ့ အက်စတွန်ဗီလာကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ပွဲအစမှာ မန်ယူတို့ အထနှေးခဲ့ပြီး ဗီလာအတွက် ဦးဆောင်ဂိုးကို ၁၃ မိနစ်မှာ ၀က်စ်ဝုဒ်က ဖရီးကစ်ကနေတစ်ဆင့် သွင်းပေခဲ့ပါတယ်။ ဦးဆောင်ဂိုးသွင်းပြီး နောက်ပိုင်းမိနစ်အနည်းငယ်နဲ့ ဒုတိယပိုင်းအစတို့မှာ ဗီလာဟာ မန်ယူဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးရလုရခင်အနေအထားမျိုးအထိဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းပွဲတွေမှာ အနိုင်ရသင့်တဲ့အသင်းကို နိုင်အောင်ကစားတတ်တဲ့ မန်ယူတို့ ပထမပိုင်းမှာ ၂ ဂိုးနဲ့ ဒုတိယပိုင်းမှာ ၂ ဂိုးသွင်းယူခဲ့ပြီး မန်ယူပရိတ်သတ်တွေကို နှစ်သိမ့်နိုင်ခဲ့ပါတယ်။ မန်ယူအတွက် ဂိုးတွေကိုတော့ ရူနီက ပင်နယ်တစ်တစ်လုံးအပါအ၀င် ၂ ဂိုး မာတာနဲ့ ဟာနန်ဒက်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့တာပါ။ ပွဲအပြီးမှာတော့ ပရိတ်သတ်တွေအားလုံး မိမိအနောက်မှာ ရှိနေပါတယ်လို့ မိုယက်စ်က ပြောခဲ့ပါတယ်။
    ပွဲစဉ် ၃၀ မှာ အက်စတွန်ဗီလာကို မထင်မှတ်ဘဲ ရှုံးခဲ့ရတဲ့ ချယ်ဆီး မနေ့ကပွဲမှာလည်း တန်းဆင်းဇုန်နားက ခရစ္စတယ်ပဲလေ့စ်ကို ပြတ်ပြတ်သားသား ဖိကစားနိုင်ခဲ့ပေမယ့် ဂျွန်တယ်ရီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် အဖိုးတန်အနိုင် ၃ မှတ် ဆုံးရှုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ အာဆင်နယ်ကို ၆ ဂိုး သွင်းနိုင်ခဲ့တဲ့ ချယ်ဆီးတိုက်စစ်ဟာ ဒီနေ့ပွဲမှာလည်း ဂိုးသွင်းခွင့်ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခြင်းမရှိပါဘူး။ ပွဲအပြီးမှာတော့ ချန်ပီယံဆုကိုရဖို့ မဖြစ်နိုင်တော့ဘူးလို့ မော်ရင်ဟိုက ၀န်ခံသွားခဲ့ပါတယ်။
    အီမရိတ်မှာကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ပွဲမှာတော့ ၂ သင်းစလုံး လူစုံထုတ်ခဲ့ပြီး ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ ပထမအကျော့က ၆ ဂိုး ၃ ဂိုးနဲ့ ရှုံးထားတဲ့ အာဆင်နယ်တို့ ဒီပွဲမှာတော့ သတိထားကစားခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာ မန်စီးတီးအသင်း ပွဲကိုစိုးမိုးထားနိုင်ခဲ့ပြီး ၁၈ မိစန်မှာ ဆေးလ်ဗားက ဧရိယာအတွင်းကနေ အနီးကပ်ကန်သွင်းကာ မန်စီးတီးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ အာဆင်နယ်တို့ ကစားပုံ ပိုမိလာပြီး မန်စီးတီးအသင်းဘက်ကို ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။ ၅၃ မိနစ်မှာတော့ ပိုဒေါစကီးရဲ့ ဖန်တီးပေးမှုကနေ ကွင်းလလ်လူ ဖလာမီနီက ဘယ်ခြေနဲ့ အဆုံးသတ်ပြီး အာဆင်နယ်အတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ အာဆင်နယ်ကို ပြန်လာပြီးနောက်ပိုင်း သူ့ရဲ့ ဒုတိယမြောက်ဂိုးလည်းဖြစ်ပါတယ်။ ချန်ပီယံဖြစ်ဖို့အခွင့်အရေး တော်တော်လေးမှေးမှိန်သွားခဲ့ပေမယ့် ၀င်းဂါးကတော့ ရာသီကုန်အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုခဲ့ပါတယ်။
    ခုနောက်ပိုင်းပွဲတွေမှာ အနိုင်ရအောင်ကစားလာနိုင်တဲ့ စတုတ်စီးတီးအသင်းကလည်း ဟားလ်စီးတီးကို ပီတာ အိုဒမ်ဝင်ဂီရဲ့ ဒုတိယပိုင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဆေက်သက်တမ်နဲ့ ဆွမ်ဆီးတို့ကလည်း အိမ်ကွင်းမှာ နယူးကာဆယ်နဲ့ နော်ဝစ်ခ်ျတို့ကို ဂိုးပြတ်ခြေပြတ်နိုင်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ၀က်စ်ဘရွန်းကတော့ အိမ်ကွင်းမှာ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် ထိန်းမထားနိုင်ခဲ့တာကြောင့် မန်ယူတိုက်စစ်မှူးဟောင်း ဆိုးလ်ရှားရဲ့ ကာဒစ်ဖ်အသင်းကို ၃ ဂိုးပြန်ပေးခဲ့ရပြီး ၁ မှတ်သာ ရခဲ့ပါတယ်။ ဒီပွဲမှာ ကစားပုံကောင်းတဲ့ ကာဒစ်ဖ်တို့အတွက် ထိုက်တန်တဲ့ သရေတစ်မှတ်လို့လည်း ဆိုနိုင်ပါတယ်။
    မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    မန်ယူ ၄-၁ အက်စတွန်ဗီလာ
    ခရစ္စတယ်ပဲလေ့စ် ၁-၀ ချယ်ဆီး
    ဆောက်သက်တမ် ၄-၀ နယူးကာဆယ်
    စတုတ်စီးတီး ၁-၀ ဟားလ်စီးတီး
    ဆွမ်ဆီး ၃-၀ နော်ဝစ်ခ်ျ
    အာဆင်နယ် ၁-၁ မန်စီးတီး
  • အသင်းရှိ လူငယ်များကို အခွင့်အရေးပေးသင့်သည်ဟု စပါးနည်းပြ ရှားဝုဒ်ဆို
    မတ် ၂၉ ၊ ၂၀၁၄
    M-Media
    – ငွေကြေးမြောက်များစွာအသုံးပြု၍ လူသစ်ခေါ်ယူခြင်းထက် အသင်းရှိလူငယ်ကစားသမားများအား ယုံကြည်မှုရှိကာ အခွင့်အရေးပေးသင့်သည်ဟု စပါးအသင်းနည်းပြ တင်ရှားဝုဒ်က ပြောကြားလိုက်သည်။
    380964_heroa
    စပါးအသင်းမှာ ပြီးခဲ့သည့်နွေရာသီက အသင်းတိုက်စစ်မှူး ဂါရက်ဘေးလ်ကို စံချိန်တန်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်အသင်းသို့ ရောင်းချခဲ့ပြီးနောက် နည်းပြဟောင်း ဗီလာဘိုအာ့စ်က ပေါင်သန်း ၁၀၀ ကျော်အသုံးပြုကာ ကစားသမားအသစ်များ ခေါ်ယူခဲ့သည်။
    သို့သော်လည်း စပါးအသင်းမှာ ပရီးမီးယားလိဂ်တွင်ရုန်းကန်ခဲ့ပြီး၊ ဘိုအာ့စ်ကိုလည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင်  စပါးအသင်းမှ ထုတ်ပယ်ခဲ့ကာ ရှားဝုဒ်နှင့် အစားထိုးခဲ့သည်။ ရှားဝုဒ်က အသင်း၏ လူငယ်ကစားသမားများဖြစ်ကြသည့် နဘီလ်း ဘန်တာလဘ်နှင့် ဟယ်ရီကိန်းတို့အား ပထမအသင်းတွင် နေရာပေးခဲ့ပြီး ၎င်းတို့မှာလည်း ခြေစွမ်းပြနိုင်ခဲ့သည်။
    “အသင်းကထွက်တဲ့ ကစားသမားတွေသာ (အသင်းအတွက်) အကောင်းဆုံးကစားသမားတွေဖြစ်တယ်လို့ ကျွန်တော်အမြဲတမ်းယုံကြည်ထားပါတယ်။ ခင်ဗျားဟာ ခရစ္စတီယာနို ရော်နယ်ဒိုကို ရကောင်ရမှာဖြစ်ပေမယ့် သူ့အတွက် ပိုက်ဆံအများကြီးပေးရမှာပါ” ဟု ရှားဝုဒ်က The Independent သတင်းစာသို့ ပြောကြားခဲ့သည်။
    ၁၈ လ ကာလတိုစာချုပ်ဖြင့်သာ ခန့်အပ်ခြင်းခံထားရသည့် ရှားဝုဒ်မှာ အသင်းတွင် ကြာရှည်ရှိနေရန် မသေချာဘဲ စပါးအသင်းကလည်း နည်းပြသစ်များကိုရှာဖွေလျက်ရှိသည်။ ရှားဝုဒ်ကမူ မိမိအနေဖြင့် အမြင့်ဆုံးကို မျှော်မှန်းမထားကြောင်း၊ သို့သော်လည်း နည်းပြသစ်မှာ အသင်းနှင့် အံမ၀င်မည်ကို စိုးရိမ်မိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
  • ခြေချော်လာတဲ့အာဆင်နယ်၊ အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးတဲ့ မန်ယူနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မှန်းလာတဲ့ အဲဗာတန်တို့ရဲ့ EPL ပွဲစဉ် ၃၁
    မတ် ၂၆၊ ၂၀၁၄
    M-Media
    အိုးထရက်ဖို့ဒ်မှာ ကျရှုံးခဲ့တဲ့မန်ယူ၊ ချန်ပီယံပြေးလမ်းပေါ်က ဖယ်ပေးရတော့မယ့် အာဆင်နယ်နှင့် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်မှန်း လာနိုင်တဲ့ အဲဗာတန်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ၏ ကြားပွဲများ
    26-3-2014
    – ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ ရဲ့ ပွဲစဉ် ၃ ပွဲကို ယနေ့နံနက်မှာကစားခဲ့ပြီး မန်စီးတီးအသင်းက မန်ယူကိုအနိုင်ရခဲ့သလို အဲဗာတန် အသင်းကလည်း နယူးကာဆယ် အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်နဲ့ နှိပ်ကွပ်ခဲ့ပါတယ်။ ပြီးခဲ့တစ်ပါတ်က လန်ဒန်ဒါဘီမှာ ချယ်ဆီးအသင်းကို ရှက်ဖွယ် ရလဒ်နဲ့ အရှုံးပေးခဲ့ရတဲ့ အာဆင်နယ်တို့ ဒီနေ့မနက်မှာလည်း ဆွမ်ဆီးအသင်းကို သရေသာရခဲ့ပါတယ်။
    အခုနောက်ပိုင်း ကစားကွက်ကောင်းလာပြီး ခြေပြန်မှန်လာတဲ့ မန်ယူတို့ အိမ်ကွင်းမှာကစားခဲ့ရပေမယ့် မန်စီးတီးအသင်းရဲ့ တိုက်စစ်ကိုတော့ တားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။ ပွဲအစ ၁ မိနစ်မှာပဲ ဇက်ကိုရဲ့ ဂိုးကို မန်ယူတို့ ခွင့်ပြုခဲ့ရပါတယ်။
    ကစားကွက်ပိုင်းမှာလည်း မန်စီးတီးကသာ အသာရခဲ့ပြီး ပထမပိုင်းမှာ ချေပဂိုးရဖို့ မန်ယူတို့ အခွင့်အရေး ၂ ကြိမ်လောက်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာလည်း မန်စီးတီးကွင်းလယ်ကို မန်ယူတို့ မယှဉ်နိုင်ခဲ့ပဲ ၅၆ မိနစ်မှာ ဇက်ကိုနဲ့ မိနစ် ၉၀မှာ ယာယာတိုးယေးတို့က မန်စီးတီးအသင်းအတွက် နောက်ထပ်အနိုင်ဂိုးတွေကို သွင်းပေးခဲ့ပါတယ်။ မန်ယူအသင်းကတော့ သူ့ရဲ့အထက်က အသင်း ၆ သင်းနဲ့ ၁၂ ပွဲ ကစားခဲ့ရာမှာ ၁ ပွဲသာ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာလည်း မန်စီးတီးဘက်က အပိုင်းအခွင့်အရေး ၄ ကြိမ်လောက်ကို အသုံးချနိုင်ခဲ့ရင် ဒီထက် ဂိုးပိုပြတ်နိုင်ပါတယ်။
    ပြီးခဲ့တဲ့စနေနေ့က ချယ်ဆီးအသင်းကို အဝေးကွင်းမှာ ၆ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ အာဆင်နယ်တို့ အခုပွဲမှာလည်း အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် သရေတစ်မှတ်သာ ရခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာ စားကွက်အသာနဲ့ ဆွမ်ဆီးကို ဖိကစားနိုင်ခဲ့တဲ့ အာဆင်နယ်တို့ ၁၁ မိနစ်မှာပဲ ဂိုးပေးလိုက်ရပြီး ဘိုနီက ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။ နောက်ပိုင်းမှာ အာဆင်နယ်တို့ ချေပဂိုးရဖို့ အခွင့်အရေးတစ်ချို့ရခဲ့ပါတယ်။ ဒါပေမယ့် ချေပဂိုးကိုတော့ ဒုတိယပိုင်း ၇၃ မိနစ်မှာ ပိုဒေါစကီးက သွင်းယူပေးခဲ့တာဖြစ်ပြီး နောက် တစ်မိနစ်အကြာမှာ ပိုဒေါစကီးရဲ့ ဖန်တီးပေးပို့မှုကတစ်ဆင့် ဂျီရော့ဒ်က ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ အနိုင်ကို ထိန်းရင်း ၃ မှတ်ရဖို့ ကြိုးစားလာပေမယ့် မိနစ် ၉၀ မှာတော့ ဆွမ်ဆီးရဲ့ ကွင်းလယ်လူဘရစ်တန် ဂိုးသွင်းဖို့ကြိုးစားမှုကနေ ကွင်လယ်လူ ဖလာမီနီနဲ့ထိပြီး ဂိုးဝင်ခဲ့တာ့ကြောင့် ၂ ဂိုးစီသရေနဲ့ ပွဲပြီးခဲ့ပါတယ်။
    ဆောင်းရာသီအပြောင်းအရွှေ့မှာ အားထားရတဲ့ အလယ်တန်းကစားသမား ကာဘာယီကို လက်လွှတ်ခဲ့ရပြီးနောက်ပိုင်း ခြေစွမ်း မမှန်တော့တဲ့ နယူးကာဆယ် အသင်းကလည်း အိမ်ကွင်းစိန့်ဂျိမ်းပါ့က်မှာ အဲဗာတန်အသင်းကို ၃ ဂိုး ပြတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ ကစားပုံကောင်းခဲ့တဲ့ အဲဗာတန်တို့ရဲ့ အနိုင်ဟာ ထိုက်တန်ခဲ့ပြီး၊ စတုတ္တနေရာက အာဆင်နယ်အသင်းနဲ့ ၆ မှတ်သာကွာတော့ကာ ဥရောပ၀င်ခွင့်ကို မှန်းလာနိုင်ပြီဖြစ်ပါတယ်။ အဲဗာတန်အသင်းအတွက် ဂိုးတွေကိုတော့ ဘာကလေ၊ လူကာကူနဲ့၊ အိုစမန်တို့က သွင်းယူပေးခဲ့တာပါ။
    ပွဲစဉ် ၃၁ ယနေ့မနက် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    မန်ယူ ၀-၃ မန်စီးတီး
    အာဆင်နယ် ၂-၂ ဆွမ်ဆီး
    နယူးကာဆယ် ၀-၃ အဲဗာတန်
  • ဆောက်သက်တမ်နှင့်ပွဲ စပါး၏ စိတ်ဓာတ်ကို တင်ရှားဝုဒ် ချီးကျူး
    မတ် ၂၄၊ ၂၀၁၄
    M-Media
    – ယမန်နေ့က ဆောက်သက်တမ်သင်းနှင့်ပွဲတွင် ပြသခဲ့သည့် စပါးအသင်း၏ စိတ်ဓာတ်အား နည်းပြ တင်ရှားဝုဒ်က ချီးကျူးလိုက်ပြီး၊ စပါးအသင်းမှာ ထိပ်ဆုံး ၄ သင်းစာရင်းဝင်နိုင်သည်ဟု ပြောကြားလိုက်သည်။
    382306_heroa
    စပါးအသင်းမှာ ယမန်နေ့က ကစားခဲ့သည့် ဆောက်သက်တမ်အသင်းနှင့်ပွဲတွင် ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့သော်လည်း နောက်မှ လိုက်ကစားကာ ၃ ဂိုးပြန်သွင်းနိုင်ခဲ့ပြီး အိမ်ကွင်း၌ အနိုင်သုံးမှတ် ရယူနိုင်ခဲ့သည်။
    ထိုအနိုင်က ပရီးမီးယားလိဂ်တွင် ချယ်ဆီး၊ အာဆင်နယ်တို့အား ဆက်တိုက်ရှုံးနိမ့်ထားပြီး၊ ယူရိုပါလိဂ်တွင် ဘင်ဖီကာအသင်းအား ရှုံးနိမ့်ခဲ့ရသည့် စပါးအသင်းအတွက် သက်သာမှုတစ်ခုလည်းဖြစ်ခဲ့သည်။
    “ကောင်လေးတွေ(အသင်းသားတွေ)ဟာ တကယ့်ကို စုစုစည်းစည်းနဲ့ ကစားနေကြတာပါ။ ကျွန်တော်တို့ လမ်းကြောင်းမှန်ကို သွားနေပါပြီ။ အသင်းမှာ ပြဿနာအချို့ရှိခဲ့ပြီး အဲဒီကနေ ပြန်လာပြီဆိုတာ ကျွန်တော်သိပါတယ်” ဟု ရှားဝုဒ်က ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် အသင်းရှိ တိုက်စစ်မှူး ဂါရက်ဘေးလ်အား ရီးယဲလ်သို့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ခဲ့ရပြီးနောက် အသင်းမှာ ပြန်လည် အခြေကျရန် ကြိုးစားခဲ့ရကြောင်း ရှားဝုဒ်က ထပ်လောင်းပြောကြားခဲ့သည်။
  • ပွဲ ၁၀၀၀ ပြည့်မှာ အရှက်ကွဲခဲ့ရတဲ့ ၀င်းဂါးနဲ့ အသင်းကြီးတွေ ဂိုးမိုးရွာခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၁
    မတ် ၂၄၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ကို စနေနေ့မှာ ၈ ပွဲနဲ့ တနင်္ဂနွေနေ့မှာ ၂ ပွဲကစားခဲ့ပြီး အံ့သြစရာရလဒ်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
    chelsea-arsenal-premier-league-football-stamford-bridge_3105461
    ဒီရာသီအိမ်ကွင်းကောင်းဆုံးဖြစ်နေပြီး လီဗာပူးလ်၊ မန်စီးတီး၊ မန်ယူ၊ စပါး အားလုံးကို အနိုင်ကစားနိုင်ခဲ့တဲ့ချယ်ဆီးတို့ စနေနေ့မှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာလည်း ၆ ဂိုးပြတ်နဲ့ အံ့ဖွယ်အနိုင်ရခဲ့ပါတယ်။ ပွဲအစ ၇ မိနစ်မှာပဲ ၂ ဂိုးပေးလိုက်ရတဲ့ အာဆင်နယ်တို့ ချယ်ဆီးကွင်းလယ်ကို ယှဉ်မကစားနိုင်ခဲ့ဘဲ နောက်ပိုင်းမှာ နောက်ထပ် ၄ ဂိုးဆက် ထပ်ပေးခဲ့ရပါတယ်။ ဒီပွဲဟာ မိမိရဲ့အာဆင်နယ်နည်းပြ သက်တမ်းတစ်လျှောက်မှာ အဆိုးဆုံးပွဲဖြစ်တယ်လို့ ပွဲအပြီးမှာ အာဆင်ဝင်းဂါးက ၀န်ခံခဲ့ပါတယ်။
    ဇယားအောက်ခြက ရုန်းကန်နေရတဲ့ ကာဒစ်ဖ်နဲ့ ကစားခဲ့တဲ့ လီဗာပူးလ်တို့ကလည်း အမှားအယွင်းမရှိခဲ့ဘဲ ၆ ဂိုး ၃ ဂိုးနဲ့အနိုင်ရခဲ့ပြီး၊ မန်စီးတီးကလည်း ယာယာတိုးယေးရဲ့ ဟက်ထရစ်နဲ့အတူ ဇယားအောက်မှာ ကျောက်ချထားတဲ့ ဖူလ်ဟမ်ကို ၅ ဂိုးပြတ်ခဲ့ပါတယ်။
    ချန်ပီယံလိဂ်မှာ ဒုတိယအကျော့မှာ အကောင်းဆုံးခြေစွမ်းပြပြီး ကွာတားဖိုင်နယ်တက်သွားတဲ့မန်ယူလည်း အဝေးကွင်းမှာ ရူနီရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။ နောက်ဆုံး ၂ ပွဲဆက်ရှုံးထားတဲ့ စပါး ဒီတစ်ပတ်မှာတော့ ဆောက်သက်တမ်အသင်းကို ချေပဂိုးတွေ နောက်ကလိုက်သွင်းပြီး ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ စီဂါ့ဒ်ဆန်ရဲ့ သွင်းဂိုးနဲ့ ကံကောင်းထောက်မစွာ နိုင်ခဲ့ပါတယ်။ ဟားလ်စီးတီးနဲ့ နော်ဝစ်ခ်ျတို့ကလည်း အိမ်ကွင်းမှာ ၀က်ဘရွန်းနဲ့ ဆန်းဒါးလန်းတို့ကို ပထမပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။
    နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိ ရှုံးထားပြီး ခြေမမှန်တဲ့ နယူးကာဆယ်တို့ ဒီတစ်ပတ်မှာလည်း ခြေစွမ်းကောင်းတွေကို သိပ်မပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ ဒမ်ဘာစစ်ဆေးက ခေါင်းတိုက်ဂိုးကြောင့် အိမ်ကွင်းမှာ အနိုင် ၃ မှတ်တော့ ရအောင်ယူနိုင်ခဲ့ပါတယ်။
    ပွဲစဉ် ၃၁ အပြီးမှာ ပရီးမီးယားလိဂ် ဇယားကို ချယ်ဆီးက ဆက်လက်ဦးဆောင်နေပြီး လီဗာပူးလ်၊ မန်စီးတီးတို့ အစဉ်လိုက်ရှိနေကာ အာဆင်နယ်ကတော့ တစ်ပွဲလျော့ ချယ်ဆီးနဲ့ ၇ မှတ်အကွာ စတုတ္ထနေရာမှာ ရှိနေပါတယ်။
    အဆင့် ၁၄ ကနေ ၂၀ အထိ ၇ သင်းမှာ နောက်ဝစ်ခ်ျတစ်သင်းသာ အနိုင်ရခဲ့ပြီး၊ ဇယားအောက်ဆုံးမှာ ဆန်းဒါးလန်၊ ကာဒစ်ဖ်နဲ့ ဖူလ်ဟမ်တို့ အသီးသီးရှိနေပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ချယ်ဆီး ၆-၀ အာဆင်နယ်
    ကာဒစ်ဖ် ၃-၆ လီဗာပူးလ်
    အဲဗာတန် ၃-၂ ဆွမ်ဆီး
    ဟားလ်စီးတီး ၂-၀ ၀က်စ်ဘရွန်း
    မန်စီးတီး ၅-၀ ဖူလ်ဟမ်
    နယူးကာဆယ် ၁-၀ ခရစ္စတယ်ပဲလေ့စ်
    နော်ဝစ်ခ်ျ ၂-၀ ဆန်းဒါးလန်း
    စပါး ၃-၂ ဆောက်သက်တမ်
    ဗီလာ ၁-၄ စတုတ်စီးတီး