News @ M-Media
Tag: PremierLeague
  • အာဆင်နယ်အသင်းတွင် တတ်နိုင်သလောက် ဆက်ရှိချင်သည်ဟု ၀င်းဂါးဆို
    မတ် ၂၁ ၊ ၂၀၁၄
    M-Media
    – အာဆင်နယ်အသင်း၏ သက်တော်ရှည် နည်းပြ အာဆင်ဝင်းဂါးက ၎င်းအနေဖြင့် ကလပ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆန္ဒရှိသည်ဟု အတည်ပြုခဲ့ပြီး၊ အသင်းတွင် တတ်နိုင်သလောက် ဆက်ရှိချင်သည်ဟု ပြောကြားခဲ့သည်။
    377648_heroa
    ယခုနှစ်ကုန်တွင် အဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် အာဆင်ဝင်းဂါးမှာ ၂ နှစ်သက်တမ်းတိုးရန် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မူအားဖြင့် သဘောတူခဲ့သည်။ သို့သော်လည်း အာဆင်နယ်အသင်းမှ တစ်နှစ်လစာ ပေါင်တစ်သန်းပေးရန်း ကမ်းလှမ်းမှုကိုမှု ပယ်ချခဲ့သည်။
    အာဆင်ဝင်းဂါး အာဆင်နယ်အသင်းအား ကိုင်တွယ်သည့် ပွဲ ၁၀၀၀ ပြည့်မြောက်သည့်အတွက် အသင်းမှ ပြုလုပ်သည့် ဂုဏ်ပြုပွဲတွင် ၀င်းဂါးက အသင်းတွင် ဆက်နေရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
    “အသင်းမှာ တတ်နိုင်သလောက်နေဖို့ ကျွန်တော် တက်ကြွနေပါတယ်။ ဒါပေမယ့် နောက်လာမယ့်ပွဲ ၁၀၀၀ဟာ ခက်ခဲမယ်ဆိုတာတော့ ကျွန်တော် လက်ခံပါတယ်” ဟု ၀င်းဂါးက ဆိုသည်။
    ထို့ပြင် အာဆင်နယ်အသင်းအား ပွဲတစ်ထောင်ပြည့်မြောက်အောင် ကိုင်တွယ်ခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း၊ အသင်းမှာ မိမိအား ထောက်ခံခဲ့ပြီး၊ အခွင့်အရေးများလည်း ပေးခဲ့ကြောင်း၊ မိမိမှာလည်း အသင်းအပေါ် သစ္စာရှိမှုအား ပြသခဲ့ကြောင်း ၀င်းဂါးက ထပ်လောင်း ပြောကြားခဲ့သည်။
    သို့သော်လည်း နောက်ဆုံး ၈ နှစ်ဆက်တိုက် ဖလားလက်မဲ့ဖြစ်ခဲ့မှုကြောင့် အာဆင်ဝင်းဂါးမှာ ဝေဖန်မှုများကိုခံနေရပြီး၊ ၀င်းဂါးကိုယ်တိုင်ကလည်း အနာဂတ်နှင့် ပတ်သက်၍ ယခုနှစ် ရလဒ်အပေါ်မူတည်သည်ဟု ရာသီအစက ပြောဆိုခဲ့သည်။
    Goal
  • စပါးအသင်းအား အနိုင်ကစားနိုင်ခဲ့သည့် အသင်း၏ စိတ်ဓာတ်ကို ၀င်းဂါးချီးကျူး
    မတ် ၁၇ ၊ ၂၀၁၄
    M-Media
    165012893_3348031673001_video-still-for-video-3347879495001
    – ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အဝေးကွင်း၌ စပါးအသင်း၏ တိုက်စစ်အား ကြံ့ကြံ့ခံကာ အနိုင်ကစားနိုင်ခဲ့သည့် အသင်း၏စိတ်ဓာတ်အား အာဆင်ဝင်းဂါးက ချီးကျူးခဲ့သည်ဟု သိရသည်။
    အာဆင်နယ်အသင်းမှာ ပွဲအစ ၂ မိနစ်မှာပင် အနိုင်ဂိုးရခဲ့ပြီး ရိုစစ္စကီးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် ထိပ်ဆုံးမှချယ်ဆီးအသင်းနှင့် ၁ ပွဲလျော့ ၄ မှတ်အကွာဖြင့် တတိယနေရာတွင်ရှိနေကာ ပရီးမီးယားလိဂ်ဖလားအား ပြန်လည်စိန်ခေါ်နိုင်ခဲ့သည်။
    လာမည့်သီတင်းပတ်တွင် ချယ်ဆီးအသင်းနှင့် ကစားမည့်ပွဲတွင် အာဆင်နယ်အသင်းအား ကိုင်တွယ်သည့် ပွဲစဉ် ၁၀၀၀ ပြည့်မြောက်မည့် အာဆင်ဝင်းဂါးက
    “ဒီပွဲအနိုင်ဟာ လာမည့်ပွဲတွေအတွက် စိတ်ဝင်စားစရာတွေဖြစ်လာပါတယ်။ မန်ယူကို လီဗာပူးလ်က အနိုင်ကစားနိုင်ခဲ့ပြီး မန်စီးတီးကလည်း မနေ့က နိုင်ခဲ့တဲ့အတွက် သိပ်ကို စိတ်ဝင်စားစရာကောင်းသွားပါပြီ။ ” ဟု ၀င်းဂါးကပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့အသင်းမှာ စပါးအသင်းအား ကစားပုံအသာမရခဲ့ကြောင်း ၀န်ခံခဲ့ပြီး စပါးအသင်းတိုက်စစ်ကို ကြံ့ကြံ့ခံကာ အနိုင်ကစားနိုင်ခဲ့သည့် အသင်း၏ စိတ်ဓာတ်အား ချီးကျူးပြောကြားခဲ့သည်။
    skysports.com
  • လီဗာပူးလ်အား ရှုံးနိမ့်ခဲ့သောပွဲမှာ မိမိ၏ အဆိုးဝါးဆုံးနေ့ရက်များမှ တစ်ခုဖြစ်သည်ဟု ရူနီဆို
    မတ် ၁၇ ၊ ၂၀၁၄
    M-Media
    Manchester-United-v-Liverpool-Premier-League-3249706
    – ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်းအား ရှုံးနိမ့်ခဲ့ခြင်းမှာ အိပ်မက်ဆိုးတစ်ခုဖြစ်ပြီး မိမိ၏ဘ၀တွင် အဆိုးဝါးဆုံးနေ့ရက်ထဲမှ တစ်ရက်ဖြစ်သည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားခဲ့သည်။
    နည်းပြမိုယက်စ်၏ ပထမဆုံးရာသီတွင်ပင် မန်ယူအသင်း၏ အခြေအနေမှာ ဆိုးရွားနေခဲ့ပြီး၊  ယမန်နေ့ကပွဲတွင်လည်း ခါးသီးသောပြိုင်ဘက် လီဗာပူးလ်အသင်းအား ဂိုးပြတ်ခြေပြတ်ဖြင့် ရှက်ဖွယ် ရှုံးနိမ်ခဲ့သည်။
    ထိုပွဲတွင် မန်ယူအသင်းမှာ ပင်နယ်တီ ၃ လုံးအထိပေးခဲ့ရပြီး နောက်ခံလူဗီဒစ်မှာလည်း ၂ ၀ါ ၁ နီဖြင့် အထုတ်ခံခဲ့ရသည်။
    “ဒါဟာ အိပ်မက်ဆိုးပါ။ ဘောလုံးလောကမှာ ကျွန်တော်ကြုံခဲ့တဲ့ အဆိုးဝါးဆုံးနေ့ရက်တွေထဲက တစ်နေ့ပါပဲ။ လက်ခံဖို့ ခက်ပါတယ်။ ကစားပုံကောင်းတဲ့ လီဗာပူးလ်ကို ချီးကျူးရပါမယ်။  အိမ်ကွင်းမှာ ဒီလိုမျိုး ဘယ်သူမှတော့ မရှုံးချင်ပါဘူး။ ဒါဟာကောင်းတဲ့ အရာမဟုတ်ပါဘူး” ဟု ရူနီက ပြောကြားခဲ့သည်။
    မန်ယူအသင်းမှာ ယခုနှစ်ပရီးမီးယားလိဂ်ရာသီတွင် ရှုံးနိမ့်ခဲ့သည့်ပွဲမှာ ၉ ပွဲအထိရှိခဲ့ပြီး ၂၀၀၁-၀၂ နောက်ပိုင်း ပထမဦးဆုံးအကြိမ်ဖြစ်သည်။ ထို့ပြင် ၂၁ အတွင်းအနိမ့်ဆုံးအမှတ်ဖြင့် ရာသီသိမ်းခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ကျန်ရှိနေသည့် ၈ ပွဲစလုံးကို အနိုင်ကစားရန် လိုအပ်နေသည်။
  • သရဲနီတွေကို အိုးထရက်ဖို့ဒ်မှာ ကြိုးကြာနီတို့ နှိပ်ကွပ်၊ လန်ဒန်ဒါဘီမှာ ၁ဂိုးသွင်း ၃ မှတ်ယူတဲ့ အာဆင်နယ်တို့ရဲ့ စူပါဆန်းဒေး
    မတ် ၁၇၊ ၂၀၁၄
    M-Media
    mu and liverpool 17.3.2014
    – ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ရဲ့ လက်ကျန် ၂ ပွဲကို ယနေ့မှာ ကစားခဲ့ပြီး မာဟာပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်ယူတို့ပွဲမှာတော့ လီဗာပူးလ်က ဂိုးပြတ်ခဲ့ပြီး၊ စပါးနဲ့ အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီမှာတော့ အာဆင်နယ်က အနိုင်ရခဲ့ပါတယ်။
    ခါးသီးတဲ့ပြိုင်ဘက်တွေဖြစ်ပြီး အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းတွေဖြစ်တဲ့ မန်ယူနဲ့ လီဗာပူးလ်တို့ အိုးထရက်ဖို့မှာ တွေ့ဆုံခဲ့တဲ့ပွဲမှာတော့ နှစ်သင်းစလုံး လူစုံထုတ်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ လီဗာပူးလ်တို့ မန်ယူဘက်ကိုဖိကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့်သိပ်မရခဲ့ပါဘူး။ စတားရစ်ခ်ျရဲ့ ကန်ချက်ကို မန်ယူဂိုးသမား ဖမ်းမိခဲ့တာလောက်ပဲ ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။
    မန်ယူအသင်းကလည်း ကစားပုံ သိပ်မကောင်းခဲ့ပဲ အစောပိုင်းမှာ ဗန်ပါစီရဲ့ ကန်ချက်တစ်လုံးပဲရှိခဲ့ပါတယ်။ ၃၂ မိနစ်မှာတော့ ဧရိယာအတွင်းထဲမှာ နောက်ခံလူရာဖေးလ် လက်ထိခဲ့တဲ့အတွက် လီဗာပူလ်းတို့ ပင်နယ်တီရခဲ့ပြီး ဂျရတ်က ဂိုးအဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
    ပထမပိုင်းပြီးကာနီးမှာ မန်ယူတို့ကစားပုံကောင်းခဲ့ပြီး ရူနီကန်သွင်းခွင့် ၂ ကြိမ်လောက်ရခဲ့ကာ လီဗာပူးလ်နောက်တန်း ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းစစခြင်းမှာ လီဗာပူးလ်တို့ နောက်ထပ်ပင်နယ်တီထပ်ရခဲ့ပြီး ဂျရတ်ကပဲ အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ၇၇ မိနစ်မှာ မန်ယူနောက်ခံလူ ဗီဒစ် စတားရစ်ခ်ျကို ဧရိယာအတွင်းမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် လီဗာပူးလ် တတိယမြောက် ပင်နယ်တီရခဲ့ပေမယ့် ဂျရတ်ရဲ့ကန်သွင်းချက် တိုင်ထိထွက်ခဲ့ပါတယ်။ ဒီပင်နယ်တီလွဲချော်သွားခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်း တစ်လျှောက်မှာ ပင်နယ်တီကနေ ဟက်ထရစ်သွင်းယူနိုင်ခဲ့ ပထမဆုံး ကစားသမားဖြစ်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ၈၄ မိနစ်မှာတော့ တိုက်စစ်မှူး ဆွာရက်စ်က လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီး လီဗာပူးလ်တို့အတွင် တတိယအနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
    ဒီပွဲမှာ မန်ယူရဲ့ကစားပုံဟာ အလွန်ညံ့ခဲ့ပြီး တစ်ပွဲလုံးမှာလည်း ဂိုးသွင်းခွင့် ၂ ကြိမ်လောက်သာ ရရှိခဲ့ပါတယ်။ နည်းပြမိုယက်စ်ကတော့ ပင်နယ်တီပေးခဲ့ရမှုကို အပြစ်တင်ခဲ့ပြီး ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တစ်ချို့ မှားယွင်းကြောင်း ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။
    ချန်ပီယံလိဂ်မှာ ဘိုင်ယန်ကိုရှုံးပြီး ပူပူနွေးနွေးထွက်ခဲ့ရတဲ့ အာဆင်နယ်တို့ ဒီပွဲမှာ ကစားပုံ သိပ်မကောင်းပေမယ့် အနိုင် ၃ မှတ်တော့ ရခဲ့ပါတယ်။ စပါးကလည်း ယူရိုပါမှာ ဘင်ဖီကာကိုရှုံးထားတဲ့အသင်းဖြစ်ပြီး ဒီနေ့ပွဲမှာလည်း ခြေစွမ်းမကောင်းခဲ့ပါဘူး။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ အိုဇေးလ်တစ်ယောက် တံကောက်ကြောဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ ရိုစစ္စကီးက ၀င်ကစားခဲ့ပါတယ်။
    အာဆင်နယ်တို့ ပွဲအစ ၂ မိနစ်မှာပဲ ဦးဆောင်ဂိုးရခဲ့ပြီး ချိန်ဘာလိန်ရဲ့ ဖန်းတီးမှုကနေတစ်ဆင့် ရိုစစ္စကီးက အဆုံးသတ်ပေးခဲ့တာပါ။ ဒီနေ့ပွဲမှာ စပါးတိုက်စစ်ပိုင်းဟာ အသက်မ၀င်ခဲ့ဘဲ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူနေတဲ့ အဒီဘာယောကလည်း အာဆင်နယ်နောက်တန်းကို မကျော်နိုင်ခဲ့ပါဘူး။ ကစားကွက်ပိုင်းမှာ စပါးက အနည်းငယ်ပိုသာပေမယ့် အာဆင်နယ်ဂိုးပေါက်ကိုတော့ ၁ ကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ၂ သင်းစလုံး ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတော့ပဲ ၁ ဂိုး ဂိုးမရှိနဲ့ ပွဲပြီးခဲ့ပါတယ်။ ဒီပွဲအနိုင်ဟာ အာဆင်နယ်တို့အတွက် စပါးရဲ့ ၀ှိုက်ဟတ်လိန်းကွင်းမှာ လာကစားတဲ့ နောက်ဆုံး ၆ ပွဲမှာ ပထမဆုံး နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
    ပွဲစဉ် ၃၀ အပြီးမှာတော့ ချယ်ဆီးအသင်းက ၆၆ မှတ်နဲ့ ထိပ်ဆုံးမှာရှိနေပြီး လီဗာပူးလ်နဲ့ အာဆင်နယ်တို့က တစ်ပွဲလျော့ ၄ မှတ်အကွာစီနဲ့ ဒုတိယနဲ့ တတိယနေရာတို့မှာရှိနေပါတယ်။ လီဗာပူးလ်ကိုရှုံးခဲ့တဲ့ မန်ယူတို့ အဆင့် ၇ ပြန်ရောက်သွားခဲ့ပြီး၊ တန်းဆင်းဇုန်မှာတော့ ဆန်းဒါးလန်း ကာဒစ်ဖ်နဲ့ ဖူလ်ဟမ်တို့က အစဉ်လိုက်ရှိနေကြပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    စပါး ၀-၁ အာဆင်နယ်
    မန်ယူ ၀-၃ လီဗာပူးလ်
    ဟားလ်စီးတီး ၀-၂ မန်စီးတီး
    အဲဗာတန် ၂-၁ ကာဒစ်ဖ်
    ဖူလ်ဟမ် ၁-၀ နယူးကာဆယ်
    ဆောက်သက်တမ် ၄-၂ နော်ဝစ်ခ်ျ
    စတုတ်စီးတီး ၃-၁ ၀က်စ်ဟမ်း
    ဆန်းဒါးလန်း ၀-၀ ခရစ္စတယ်ပဲလေ့စ်
    ဆွမ်ဆီး ၁-၂ ၀က်စ်ဘရွန်း
    အက်စတွန်ဗီလာ ၀-၁ ချယ်ဆီး
  • ချယ်ဆီးခြေချော်၊ မန်စီးတီးတို့ အမှားမရှိခဲ့ဘဲ ဇယားအောက်ခြေက ဖူလ်ဟမ် နိုင်ပွဲ ရခဲ့တဲ့ EPL ပွဲစဉ် ၃၀ စနေနေ့ညပွဲများ
    မတ် ၁၆၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ရဲ့ ၈ ပွဲကို စနေနေ့ညမှာ ကစားခဲ့ပြီး ဇယားထိပ်ဆုံးမှာ ရှိနေတဲ့ ချယ်ဆီး ချန်ပီယံဆုကို စိန်ခေါ်နေတဲ့ မန်စီးတီးတို့ အနိုင်ရခဲ့ပြီး၊ အဲဗာတန်၊ ဆောက်သက်တမ်၊ စတုတ်တို့လည်းနိုင်ခဲ့ကာ ဇယားအောက်ဆုံးက ဖူလ်ဟမ်လည်း အိမ်ကွင်းမှာ သုံးမှတ်ရခဲ့ပါတယ်။
    original
    အစောဆုံးကစားခဲ့တဲ့ မန်စီးတီးနဲ့ ဟားလ်စီးတီးပွဲမှာ မန်စီးတီးက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ FA ဖလားမှာ ၀ီဂန်ကိုရှုံး၊ ချန်ပီယံလိဂ်မှာ ဘိုင်ယန်ကို ရှုံးပြီး ဖလား ၂ လုံးလက်လွှတ်ခဲ့ရတဲ့ ပယ်လီဂရီနီ ဒီပွဲမှာတော့ အသေချာပြင်ဆင်ခဲ့ပြီး ပွဲအစပိုင်းမှာလည်း မန်စီးတီးက ကစားပုံကောင်းခဲ့ပါတယ်။
    ဒါပေမယ့် ၁၀ မိနစ်မှာတော့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပြီး ကွန်ပနီက ဂျာလဗစ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် တိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ပထမဆုံး ကျူးလွန်တဲ့ပြစ်ဒဏ်ဖြစ်ပြီး ဒိုင်လူကြီးရဲ့ အရေးယူမှု ပြင်းထန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ၁၄ မိနစ်မှာ မန်စီးတီးတို့ ဦးဆောင်ဂိုးရခဲ့ပြီး ဆေးလ်ဗားက အနီးကပ် ကန်သွင်းယူခဲ့တာပါ။ ဒီဂိုးဟာ သူရဲ့ ၁၇ ပွဲမြောက် ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
    နောက်ပိုင်းမှာတော့ ၁ ယောက်အသာရထားတဲ့ အိမ်ရှင်တို့ ပွဲကိုစိုးမိုးခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်းရခဲ့ပါတယ်။ မေလာ၊ လစ်ဗာမိုးတို့ရဲ့ကန်ချက်၊ လူစားဝင်လာတဲ့ ဆုန်းအလူကိုရဲ့ ဖရီးကစ် ဂိုးပေါက်နဲ့လွဲခဲ့လို့သာ မန်စီးတီးတို့ကံကောင်းသွားခဲ့တာပါ။ မန်စီးတီးအတွက် အနိုင်သေချာစေမယ့်ဂိုးကိုတော့ ဇက်ကိုက ဒုတိယပိုင်း နောက်ဆုံးမိနစ်မှာ သွင်းယူပေးခဲ့တာပါ။
    အက်စတွန်ဗီလာအသင်းရဲ့ကွင်းမှာ သွားကစားခဲ့ရတဲ့ချယ်ဆီးတို့ ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပေမယ့် ဂိုးမ၀င်ခဲ့ရတာကတာ့ ကံတရားကိုပဲ အပြစ်ပုံချရမယ်ထင်ပါတယ်။ ဗီလာတို့ အိမ်ရှင်ဆိုပေမယ့် ချယ်ဆီးရဲ့ စိုးမိုးမှုကိုခံခဲ့ရပြီး တန်ပြန်တိုက်စစ်ကနေသာ ဂိုးရဖို့ ကြိုးစားခဲ့ရတာပါ။ ပထမပိုင်းမှာ အော်စကာ၊ တောရက်စ်နဲ့ ဟာဇာ့ဒ်တို့ရဲ့ ကန်သွင်းချက်တွေဂိုးမ၀င်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာလည်း ချယ်ဆီးကသာ ဖိကစားနိုင်ခဲ့ပေမယ့် ၆၈ မိနစ်မှာ ၀ီလီယံ ၂ ၀ါ တစ်နီနဲ့ အထုတ်ခံလိုက်ရပါတယ်။ တစ်ယောက်လျော့သွားတဲ့ ချယ်ဆီးကို ဗီလာတို့ ဒုက္ခပေးနိုင်ခဲ့ပြီး ၈၂ မိနစ်မှာတော့ ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကိုရရှိခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကနေ မာ့ခ် အလ်ဘရင်တန်ရဲ့ ဘယ်ခြမ်းကဖြတ်တင်ဘောကို ဖာဘီယံ ဒဲလ်ဖ် နောက်ခြေနဲ့ လှလှပပ ပိတ်ပေးခဲ့တာပါ။ သိပ်မကြာခင်မှာပဲ ဒဲလ်ဖ် ဒုတိယဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ကန်ချက် ဘားတန်းထိထွက်ခဲ့လို့ ချယ်ဆီးတို့ သက်သာရာရခဲ့တာပါ။ နောက်ဆုံးမိနစ်မှာ ချယ်ဆီးက ရာမီးရက်စ် ၂ ၀ါတစ်နီနဲ့ ထပ်ပြီး အထုတ်ခံခဲ့ရပါတယ်။ မော်ရင်ဟိုကတော့ ဗီလာကွင်းမှာလာကစားတိုင်း အနိုင်မရတဲ့စံချိန်ကို ဆက်လက်ထိန်းသိမ်းသွားပါတယ်။
    အိမ်ကွင်းနောက်ဆုံး သုံးပွဲဆက်နိုင်ထားတဲ့ အဲဗာတန်တို့ ကာဒစ်ဖ်နဲ့ကစားတဲ့ ဒီပွဲမှာလည်း နာကျင်အချိန်ပို နောက်ကျဂိုးနဲ့ အိမ်ကွင်းမှာ ၃ မှတ် အရယူနိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ်နဲ့ ကစားနိုင်ခဲ့ပြီး အပိုင်ဂိုးသွင်းခွင့် ၁၀ ကြိမ်လောက်ရခဲ့ပေမယ့် အဆုံးသတ်မသေချာတာကြောင့် မိနစ် ၉၀ အတွင်းမှာ ၁ ဂိုးသာရခဲ့တာပါ။ အဲဗာတန်အသင်းအတွက် ဂိုးတွေကိုတော့ ၅၉ မိနစ်နဲ့ ဒုတိယပိုင်း နာကျင်အချိန်ပိုတို့မှာ ဒူလိုဖူနဲ့ ကိုးလ်မန်းတို့က သွင်းပေးခဲ့တာဖြစ်ပြီး ကာဒစ်ဖ်အတွက် ချေပဂိုးကို ကလာက ၆၈ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။
    ဆောက်သမ်တမ်ကလည်း အိမ်ကွင်းမှာ နော်ဝစ်ခ်ျကို ဂိုးပြတ်ခဲ့ပြီး၊ စတုတ်စီးတီးအသင်းကလည်း ၀က်စ်ဟမ်းကို ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် နောက်က ၃ ဂိုးလိုက်သွင်းပြီး ၃ မှတ်ရခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲမရှိထားတဲ့ ဆွမ်ဆီးတို့ ဒီတစ်ပါတ်ပွဲမှာလည်း ပွဲအစ ၂ မိနစ်မှာ ဦးဆောင်ဂိုး စသွင်းနိုင်ခဲ့ပေမယ့် ထိန်းမထားနိုင်ခဲ့တာကြောင့် ၀က်စ်ဘရွန်းအသင်းကို ၂ ဂိုးပြန်ပေးခဲ့ရပြီး အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရပါတယ်။
    ဇယားအောက်ခြေမှာ ကျောက်ချနေတဲ့ ဖူလ်ဟမ်တို့ကတော့ အိမ်ကွင်းမှာ နယူးကာဆယ်ကို အက်ရှ်ကန် ဒီဂျာဂါရဲ့ ၆၈ မိနစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဆောင်းရာသီအပြောင်းအရွှေ့မှာ ကစားသစ်တော်တော်များများနဲ့ အသင်းကိုအားဖြည့်ထားတဲ့ ဖူလ်ဟမ်တို့ရဲ့ ကစားပုံ အနည်းငယ်တိုးတက်လာတာကို တွေ့ခဲ့ရပါတယ်။ ဆန်းဒါးလန်းတို့ကတော့ အိမ်ကွင်းမှာ ကစားပုံကောင်းခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်ကို ဂိုမသွင်းနိုင်ခဲ့တာကြောင့် သရေတစ်မှတ်သာ ရခဲ့ပါတယ်။
    စနေနေ့ပွဲစဉ်တွေအပြီးမှာတော့ ဗီလာကို ရှုံးခဲ့တဲ့ချယ်ဆီးက ၃ ပွဲပိုပြီး ဒုတိယနေရာက မန်စီးတီးကို ၇ မှတ်ဖြတ်ကာ ဇယားကို ဦးဆောင်နေပါတယ်။
    စနေနေ့ ကစားပြီးသမျှ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဟားလ်စီးတီး ၀-၂ မန်စီးတီး
    အဲဗာတန် ၂-၁ ကာဒစ်ဖ်
    ဖူလ်ဟမ် ၁-၀ နယူးကာဆယ်
    ဆောက်သက်တမ် ၄-၂ နော်ဝစ်ခ်ျ
    စတုတ်စီးတီး ၃-၁ ၀က်စ်ဟမ်း
    ဆန်းဒါးလန်း ၀-၀ ခရစ္စတယ်ပဲလေ့စ်
    ဆွမ်ဆီး ၁-၂ ၀က်စ်ဘရွန်း
    အက်စတွန်ဗီလာ ၁-၀ ချယ်ဆီး