News @ M-Media
Tag: PremierLeague
  • အာဆင်နယ်၏ ဖလားလက်မဲ့ ရာသီများအတွက် ရှက်စရာကောင်းသည်ဟု ဆဂ်နာဆို
    မတ် ၁၊ ၂၀၁၄
    M-Media
    367033_heroa
    – နှစ်ပေါင်းများစွာ ဖလားလက်မဲ့ဖြစ်ရသည့် အာဆင်နယ်အသင်း၏ စွမ်းဆောင်မှုမှာ ရှက်စရာကောင်းသည်ဟု အသင်း၏ နောက်ခံလူ ဘာကာရီ ဆဂ်နာက ပြောကြားခဲ့သည်။
    အာဆင်နယ်အသင်းမှာ ၂၀၀၅ ခုနှစ်ကတည်းက ဖလားလက်မဲ့ရာသီများနှင့် ကြုံတွေ့ခဲ့ရပြီး ၂၀၀၇ ခုနှစ်တွင် အသင်းသို့ရောက်ရှိလာသည့် ဆဂ်နာမှာ အာဆင်နယ်အသင်းနှင့် မည်သည့်ဖလားမှ မရခဲ့ဘူးပေ။ အသင်းမှာ ယခုနှစ်တွင် ခြေစွမ်းကောင်းများပြသနေပြီး ယခုအချိန်တွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ချယ်ဆီးအသင်းနှင့် ၁ မှတ်အကွာနေရာ၌ ရှိနေကာ FA ဖလားတွင်လည်း အခြေအနေကောင်းနေသောကြောင့် အောင်မြင်မှုများရရှိရန် ဆဂ်နာက မျှော်လင့်နေသည်။
    “ကျွန်တော့်ရဲ့ပထမဆုံးဖလားဖြစ်ပါလိမ့်မယ်။ ကျွန်တော်ဒီမှာရှိတာ ၇ နှစ်ရှိပါပြီ။ ပြီးတော့ ကျွန်တော်တို့ ဘာမှမရပါဘူး။ အသင်းအတွက် နည်းနည်းတော့ ရှက်စရာပါပဲ။ ကျွန်တော်တို့ ကစားသမားတွေနဲ့ ပရိတ်သတ်တွေ အတွက်လည်း အတူတူပါပဲ” ဟု Mirror သတင်းစာသို့ ပြောကြားခဲ့သည်။
    ထို့ပြင် ကစားသမားတစ်ဦးအနေဖြင့် အောင်မြင်ချင်ကြောင်း၊ အောင်မြင်မှုကို ဆာလောင်ပြီး အတိတ်က အမှားများကို သင်ခန်းစာယူကာ ယခုနှစ်ရာသီချန်ပီယံဆုအတွက် ရှေ့ဆက်ရမည်ဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    အာဆင်နယ်အသင်းမှာ ၂၀၀၄ ခုနှစ်တွင် ပရီးမီးယားလိဂ် ချန်ပီယံနောက်ဆုံးဖြစ်ခဲ့ပြီး၊ ယခုနှစ်တွင် အသင်းသို့ အိုဇေးလ်ရောက်ရှိလာခြင်းနှင့် အတူ ခြေစွမ်းကောင်းများ ပြသနိုင်ကာ ဖလားသုံးလုံး လမ်းကြောင်းပေါ်တွင်ရှိနေခဲ့သော်လည်း ပြီးခဲ့သည့် တစ်ပါတ်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် ဘိုင်ယန်မြူးနှစ် အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်တစ်ဆင့် တက်ရေးမျှော်လင့်ချက်မှာ မှေးမှိန်လာနေသည်။
    Ref: Goal
  • ရက်ပိုင်း အနည်းငယ် အနားယူခဲ့ပြီးနောက် အိုဇေးလ်မှာ ပုံစံကောင်းဖြင့် ပြန်လာမည်ဟု ၀င်းဂါးဆို
    ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၄
    M-Media
    371446_heroa
    – ပုံစံမှန်ပျောက်ဆုံးနေသည့် ကွင်းလယ်လူ အိုဇေးလ်အား အနားယူရန် အချိန်ပေးခဲ့ပြီးနောက် အိုဇေးလ်မှာ ပြန်လည်လန်းဆန်းလာမည်ဟု ယုံကြည်နေပြီး ၎င်းအပေါ်ရှိနေသည့် ဖိအားများအား ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။
    ပြီးခဲ့သည်တစ်ပတ်က ဘိုင်ယန်မြူးနစ်အား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပယ်နယ်တီမ၀င်ခဲ့ဘဲ စိတ်ပျက်ဖွယ်ရာ ကစားပုံများနှင့် ကြုံတွေ့နေရသည့် အိုဇေးလ်အား ၀င်းဂါးက အနားပေးထားသောကြောင့် စနေနေ့တွင် ကစားခဲ့သည့် ဆန်းဒါးလန်းအသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်ခြင်းမရှိခဲ့ပေ။
    ကလပ်အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ထိုက်တန်သည့် ခြေစွမ်းမျိုးပြရမည်ဟု မည်သည့်အခါမှ အိုဇေးလ်အား ဖိအားပေးခဲ့ခြင်း မရှိဟု ပြောကြားခဲ့သည့် ၀င်းဂါးက
    “မင်းအနေနဲ့ ငါတို့ကို နိုင်အောင်လုပ်ပေးရမယ်လို့ မီဆု(အိုဇေးလ်)ကို ကျွန်တော် ဘယ်တော့မှ မပြောပါဘူး။ သူအနေနဲ့ လုပ်လည်းမလုပ်သင့်ပါဘူး။ ဒါဟာ အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျစေပါတယ်။ ပြီးတော့ အဲလိုပြောလိုက်ခြင်းဟာ ကျွန်တော်လိုချင်တာထက် သူ့ကို အခြားသောပုံစံ ခံစားရစေနိုင်ပါတယ်။ ကျွန်တော်က သူ့ကို ပျော်ရွှင်စေချင်ပြီး ကောင်းကောင်းကစားစေချင်တာပါ” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြား ခဲ့သည်။
    ပြီးခဲ့သည့် နွေရာသီက အာဆင်နယ်အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်မှ ပြောင်းလာသည့် အိုဇေးလ်မှာ ရာသီ အစတွင် ခြေစွမ်းများ ပြနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ခြေစွမ်းကျလာခဲ့ကာ ၂၀၁၄ ခုနှစ်အတွင်းကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်များ၌ ၁ ကြိမ်သာ ဖန်တီးပေးနိုင်ခဲ့သည်။ ၎င်း၏ ခြေစွမ်းကျဆင်းမှုများကြောင့် အိုဇေးလ်မှာ လူအများ၏ ဝေဖန်မှုကိုလည်း ခံနေရသည်။
    Goal
  • အပြန်အလှန် ၇ ဂိုးသွင်းပြီး ကပ်နိုင်တဲ့ လီဗာပူးလ် နှင့် အိမ်ကွင်းမှာ နိုင်ပွဲပြန်တွေ့တဲ့ နယူးကာဆယ် (ပွဲစဉ် ၂၇ ဆူပါဆန်းဒေး)
    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၄
    M-Media
    အသည်းအသန်ကစားခဲ့ပြီး အနိုင်ရခဲ့တဲ့လီဗာပူးလ်၊ ရီမီရဲ့ နောက်ကျဂိုးနဲ့ အိမ်ကွင်းမှာ မျက်နှာပန်းလှခဲ့တဲ့ နယူးကာဆယ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ ဆူပါဆန်းဒေး ပွဲများ
    liv-swa-1314-230214-ps16
    –  ပြီးခဲ့တဲ့တစ်ပါတ်က ဇယားအောက်ခြေက ဖူလ်ဟမ်အသင်းကို ဂျရတ်ရဲ့ နောက်ကျပင်နယ်တီနဲ့ အနိုင် ၃ မှတ်ရခဲ့တဲ့ လီဗာပူးလ်၊ ဒီတစ်ပါတ်မှာလည်း ဆွမ်ဆီးနဲ့ဂိုးတွေ အပြန်အလှန်သွင်းပြီး ပွတ်ကာသီကာ အနိုင်ရခဲ့ပါတယ်။
    အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ လီဗာပူးလ် လူစုံထုတ်ခဲ့ပြီး ကစားကွက်အသာနဲ့လည်း ကစားနိုင်ခဲ့ပါတယ်။ ၃ မီနစ်မှာပဲ လီဗာပူးလ်တို့ ဦးဆောင်ဂိုးရခဲ့ပြီး စတားရစ်ခ်ျက သွင်းယူပေးခဲ့တာပါ။ မိနစ် ၂၀ မှာ ဟန်ဒါဆန်က ဒုတိယဂိုးသွင်းယူပေးခဲ့ပေမယ့် ၂၃ မိနစ်နဲ့ ၂၇ မိနစ်တို့မှာ ဆွမ်ဆီးက ၂ ဂိုး ပြန်ရခဲ့ပါတယ်။ ၄ မိနစ်အတွင်းမှာ ၂ ဂိုးပေးလိုက်ရတဲ့ လီဗာပူးလ် ခံစစ်ကြောင်းကတော့ မေးခွန်းထုတ်စရာပါ။
    ဒါပေမယ့် ၃၆ မိနစ်မှာ စတားရစ်ခ်ျကပဲ တတိယ ဦးဆောင်ဂိုးပြန်သွင်းခဲ့ပြီး ပထမပိုင်း အပြီးမှာ ၃ ဂိုး ၂ ဂိုးနဲ့ လီဗာပူးလ်ဦးဆောင်ခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် စတားရစ်ခ်ျဟာ မန်ယူတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းပြီးတဲ့နောက် ၈ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ် ကစားသမား ဖြစ်လာခဲ့ပါတယ်။
    ဒုတိယပိုင်းအစမှာ နောက်ခံလူစကာတယ် ဆွမ်ဆီးတိုက်စစ်မှူး ဘိုနီကို ဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် ပင်နယ်တီပေးခဲ့ရပြီး၊ ဘိုနီက အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့တာကြောင့် ဆွမ်ဆီးအသင်း တတိယမြောက်ချေပဂိုးကို ရရှိခဲ့ပြန်ပါတယ်။
    နောက်ပိုင်းမှာ လီဗာပူးလ်က အနိုင်ရဖို့ တင်ကစားလားခဲ့ပြီး ၇၄ မိနစ်မှာ ဟန်ဒါဆန်က သူ့ရဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့ပြီး လီဗာပူးလ်အတွက် အနိုင် ၃ မှတ် သေချာစေခဲ့ပါတယ်။
    ကာဘာယီထွက်ခွာသွားမှု အားထားရတဲ့ တိုက်စစ်မှူးရီမီ ဒဏ်ရာရရှိမှု စတာတွေကြောင့် အခြေအနေဆိုးရွားနေခဲ့ပြီး နောက်ဆုံး ၃ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ နယူးကာဆယ်တို့ ဒီတစ်ပါတ်မှာတော့ အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်မှာ အက်စတွန်ဗီလာကို အနိုင်ရခဲ့ပါတယ်။ တစ်ပွဲလုံးလိုလို အသာနဲ့ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များစွာရခဲ့ပေမယ့် အနိုင်ဂိုးကိုတော့ နောက်ဆုံး မိနစ် ၉၀ မှာမှ ရခဲ့တာပါ။ ထုံစံအတိုင်း ရီမီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ် တိုက်စစ်ရဲ့ ဂိုးသွင်းခွင့် တော်တော်များများကို အက်စတွန်ဗီလာ ဂိုးသမား ဂူဇ်မန်က ကာကွယ်သွားနိုင်ခဲ့လို့သာ နယားကယ်ဆယ်တို့ ဂိုးမပြတ်ခဲ့တာပါ။
    ခြေစွမ်းအတက်အကျမမှန်တဲ့ နော်ဝစ်ခ်ျကတော့ အိမ်ကွင်းမှာ တင်ရှားဝုဒ်ရဲ့ စပါးအသင်းကို အနိုင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲကိုတော့ စပါးကစိုးမိုးခဲ့ပြီး ဂိုးသွင်းခွင့်လည်း နော်ဝစ်ခ်ျထက် စပါးက ပိုရခဲ့တာပါ။ အိမ်ရှင်အသင်းအတွက် တစ်လုံးတည်းသော အဖိုးတန်အနိုင်ဂိုးကိုတော့ ဒုတိယပိုင်းအစ ၄၇ မိနစ်မှာ ရောဘတ် စနော့ဂရက်စ်က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။
    ပွဲစဉ် ၂၇ အပြီးမှာတော့ ဇယားမှာ သိပ်အပြောင်းအလဲ မရှိခဲ့ပါဘူး။ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    လီဗာပူးလ် ၄-၃ ဆွမ်ဆီး
    နယူးကာဆယ် ၁-၀ အက်စတွန်ဗီလာ
    နော်ဝစ်ခ်ျ ၁-၀ စပါး
    ချယ်ဆီး ၁-၀ အဲဗာတန်
    အာဆင်နယ် ၄-၁ ဆန်းဒါးလန်း
    ကာဒစ်ဖ် ၀-၄ ဟားလ်စီးတီး
    မန်စီးတီး ၁-၀ စတုတ်စီးတီး
    ခရစ္စတယ်ပဲလေ့စ် ၀-၂ မန်ယူ
  • နောက်ဆုံး ၃ ပွဲ နိုင်ပွဲ ပျောက်နေတဲ့ မန်ယူ နိုင်ပွဲရှာတွေ့၊ အသင်းကြီးအားလုံး နိုင်တဲ့ စနေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ် ၂၇
    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
    M-Media
    cry-mun-1314-ps28
    – ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ အဖြစ် ယမန်နေ့က ၇ ပွဲကစားခဲ့ရာမှာတော့ ထိပ်ဆုံးက သုံးသင်းစလုံး အနိုင်ရခဲ့သလို မိုယက်စ်ရဲ့ မန်ယူအသင်းလည်း အနိုင်ရခဲ့ပါတယ်။
    အစောဆုံးပွဲစဉ်ဖြစ်တဲ့ ချယ်ဆီးနဲ့ အဲဗာတန်တို့ပွဲမှာတော့ အိမ်ရှင်ချယ်ဆီးအသင်း နိုင်ခဲ့ပေမယ် အသည်းအသန်ကစားခဲ့ရပြီး ဂျွန်တယ်ရီရဲ့ ဒုတိယပိုင်းနာကျင်အချိန်ပို ဂိုးကြောင့်သာ အနိုင်သုံးမှတ် သေချာခဲ့တာပါ။
    ပြီးခဲ့တဲ့တစ်ပတ် ၀က်စ်ဘရွန်းနဲ့ ပွဲစဉ်မှာ အမှတ်ဆုံးရှုံးခဲ့ရတဲ့ ချယ်ဆီးတို့ ဒီတစ်ပတ်မှာလည်း အဲဗာတန်ရဲ့ ဒုက္ခပေးမှုကိုခံခဲ့ရပြီး ဘောလုံးပိုင်ဆိုင်မှုမှာ အဲဗာတန်ကတောင် အနည်းငယ်ပိုသာခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေကိုတော့ နှစ်သင်းစလုံး ရခဲ့ပြီး အသုံးမချနိုင်ခဲ့ပါဘူး။ ချယ်ဆီးအတွက် တစ်လုံးတည်းသော အဖိုးတန် အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ လမ်းပတ်ရဲ့ ဖရီးကစ်ကတစ်ဆင့် တယ်ရီက သွင်းယူပေးခဲ့တာပါ။
    ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲမှာ နိုင်ပွဲပျောက်ခဲ့တဲ့ အာဆင်နယ်တို့ ဒီပွဲမှာတော့ ဂိုးပြတ်ခြေပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ခုနောက်ပိုင်းမှာ ဝေဖန်ခံနေရတဲ့ အိုဇေးလ် ဒီပွဲမှာ အရန်စာရင်းမှာတောင် ပါမလာခဲ့ဘဲ၊ ပိုဒေါစကီး၊ ကာဇိုလာ၊ ဂျီရော့ဒ် တိုက်စစ်မှူး ၃ ယောက်စလုံးကို ၀င်းဂါးက တစ်ပြိုက်နက်တည်း ပွဲထုတ်ခဲ့ပါတယ်။ အာဆင်နယ်အတွက် ဂိုးတွေကိုတော့ ဂျီရော့ဒ်က ၂ ဂိုး၊ ရိုစစ္စကီးနဲ့ ကော့စီယဲလ်နီတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့တာပါ။ ဒီဂိုးကြောင့် ဂျီရော့ဒ်ရဲ့ အိမ်ကွင်း ၆ ပွဲဆက် ဂိုးပေါက်ပျောက်မှုကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။
    ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ ရှုံးထားတဲ့ မန်စီးတီးတို့ စတုတ်နဲ့ ဒီပွဲမှာ အနိုင်သုံးမှတ်ကို အမှားအယွင်းမရှိ ရယူနိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု၊ ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် စတုတ်က တစ်သင်းလုံးနီးပါ ခံစစ်မှာ ကစားခဲ့တဲ့အတွက် စောစောစီးစီး ဂိုးမရခဲ့တာပါ။ မန်စီးတီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ မိနစ် ၇၀ မှာ ယာယာတိုးယေးက သွင်းယူပေးခဲ့ပါတယ်။
    နောက်ဆုံး ၃ ပွဲစလုံး နိုင်ပွဲပျောက်ထားတဲ့ မန်ယူတော့ ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ အနိုင်ကစားနိုင်ခဲ့ပါတယ်။ ပွဲကို စိုးမိုးထားနိုင်တဲ့ မန်ယူတို့ ပထမပိုင်းမှာ ဂိုးသွင်းခွင့်အနည်းငယ်ရခဲ့ပြီး ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်း မနစ် ၆၀ ကျော်မှာတော့ မန်ယူနောက်ခံလူ အီဗရာကို ပဲလေ့စ်တိုက်စစ်မှူးချာမက် ဧရိယာအတွင်းမှာ ဆွဲလှဲခဲ့တဲ့အတွက် မန်ယူတို့ ပင်နယ်တီရခဲ့ပြီး ဗန်ပါစီက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပါတယ်။ သောကြာနေ့က စံချိန်တင်လစာနဲ့ စာချုပ်ချုပ်ခဲ့တဲ့ ရူနီ ၆၈ မိနစ်မှာ ဒုတိယဂိုးသွင်းပေးခဲ့ပြီး မန်ယူရဲ့ အနိုင်ကို သေချာစေခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့မန်ယူတို့ အမှတ်ပေးဇယား အဆင့် ၆ အထိ တက်လာနိုင်ခဲ့ပါတယ်။
    နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းတောင်လျှောက်ပြလာနိုင်တဲ့ ၀က်စ်ဟမ်းတို့ အခုပွဲမှာလည်း အိမ်ကွင်းမှာ ဆောက်သက်တမ်ကို အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုးကိုတော့ ပွဲအစ ကစားပုံကောင်းခဲ့တဲ့ ဆောက်သက်တမ်တို့ ၈ မိနစ်မှာ ရခဲ့တာပါ။ ဒါပေမယ့် မိနစ် ၂၀ မှာပဲ ၀က်စ်ဟမ်းတို့ ချေပဂိုးရခဲ့ပြီး မက်သယူး ဂျာဗစ်က သွင်းယူပေးခဲ့ပါတယ်။ အနိုင်ဂိုးတွေကိုတော့ ၂၃ မိနစ်နဲ့ ၇၁ မိနစ်တို့မှာ ကာတန်ကိုးနဲ့ ကီဗင် နိုလန်တို့က သွင်းယူပေးခဲ့ပြီး၊ ဒီပွဲအနိုင်ဟာ ၀က်စ်ဟမ်းအတွက် လေးပွဲဆက်အနိုင်လည်းဖြစ်ခဲ့ကာ၊ ပြီးခဲ့တဲ့ သီတင်းပတ်တွေက တန်းဆင်းဇုန်နားမှာ တစ်ဝဲလည်လည်ဖြစ်နေတဲ့ ၀က်စ်ဟမ်းတို့ အခုအခါမှာတော့ အဆင့် ၁၀ ကို တက်လှမ်းလာနိုင်ခဲ့ပါပြီ။
    အသင်းတန်းမဆင်းရအောင် ကြိုးစားမယ်လို့ ပြောခဲ့တဲ့ နည်းပြသစ် မာဂက်သ်ရဲ့ ဖူလ်ဟမ်ကတော့ အဝေးကွင်းမှာ ဦးဆောင်ဂိုးသွင်းနိုင်ပေမယ့် ၀က်စ်ဘရွန်းရဲ့ ၈၆ မိနစ်ဂိုးကြောင့် နိုင်ပွဲနဲ့ဝေးခဲ့ရတာပါ။ ဒါပေမယ့် အိမ်ရှင်း ၀က်စ်ဘရွန်းရဲ့ ကစားပုံက ပိုကောင်းခဲ့ပြီး ဖူလ်ဟမ်းဂိုးပေါက်ကို တော်တော်များများ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့သာ ဖူလ်ဟမ်တို့ ကံကောင်းသွားတာပါ။
    နောက်ပိုင်းပွဲတွေမှာ ကစားပုံးတက်လာတဲ့ ဟားလ်စီးတီးကတော့ အဝေးကွင်းမှာ ဆိုးလ်ရှားရဲ့ ကာဒစ်ဖ်ကို ၄ ဂိုး ပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ပထမပိုင်းမှာ ၂ ဂိုးနဲ့၊ ဒုတိယပိုင်းမှာ ၂ ဂိုး သွင်းခဲ့တာပါ။
    ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ စနေနေ့ည ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ချယ်ဆီး ၁-၀ အဲဗာတန်
    အာဆင်နယ် ၄-၁ ဆန်းဒါးလန်း
    ကာဒစ်ဖ် ၀-၄ ဟားလ်စီးတီး
    မန်စီးတီး ၁-၀ စတုတ်စီးတီး
    ခရစ္စတယ်ပဲလေ့စ် ၀-၂ မန်ယူ
    Photo-premierleague.com
  • နှစ်ပေါင်း ၃၀ အဲဗာတန်ကို အားပေးသည့် မလေးနိင်ငံသား ပထမဆုံး ကွင်းတွင် လာကြည့်ချိန် ပွဲရွှေဆိုင်းမှုနှင့် ကြုံခဲ့ရ
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄
    M-Media
    article-0-1B6EE2B000000578-300_634x636
    – အဲဗာတန်အသင်း၏ အိမ်ကွင်းပွဲစဉ်ကို မလေရှားမှ လာရောက်ကြည့်ရှုသည့် အဲဗာတန်အမာခံပရိတ်သတ်တစ်ဦးမှာ ပွဲစဉ်ရွှေ့ဆိုင်းခြင်းနှင့် ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။
    မလေးရှားနိုင်ငံသား ရစ်ဝီဆိုသူမှာ အဲဗာတန်အသင်းအား နှစ်ပေါင်း ၃၀ ကျော် အားပေးလာခဲ့သူဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် အဲဗာတန်အသင်းအိမ်ကွင်း ဂွဒ်ဒီဆင်ပါ့ခ်တွင် ကစားမည့် အဲဗာတန်နှင့် ခရစ္စတယ်ပဲလေ့စ်တို့ ယမန်နေ့ပွဲအား ကြည့်ရှုရန် မလေးရှားမှ အခြား အဲဗာတန် ပရိတ်သတ်တစ်ဦးနှင့် တကူးတက လာရောက်ခဲ့ခြင်းဖြစ်သည်။
    ရစ်ကီမှာ ဂွဒ်ဒီဆင်ပါ့ခ်ကွင်းထဲသို့ရောက်ရှိခဲ့ပြီး ကွင်းအားနောက်ခံထား၍ ရိုက်ထားသော ၎င်း၏ ဓာတ်ပုံကိုလည်း Twitter စာမျက်နှာတွင် တင်ခဲ့သည်။ သို့သော်လည်း အင်္ဂလန်တွင်ရာသီဥတု ဆိုးရွားနေခြင်းကြောင့် ပြိုင်ပွဲအား ရွှေ့ဆိုင်းခဲ့ရကာ ရစ်ကီ၏ အိပ်မက်မှာ ပျက်ပြယ်ခဲ့ရသည်။  ထိုပွဲစဉ်ကြည့်ရှုခွင့်အား လက်လွှတ်ခဲ့ရသော်လည်း အနာဂတ်တွင် ထပ်မံကြည့်ရှုခွင့်ရရန် ကြိုစားသွားမည်ဟု ၎င်းက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
    ရစ်ဝီနှင့်အတူ အခြားမလေးရှားနိုင်ငံသား ရစ်ဝန်ရာဇက် နှစ်ဦးတို့အားအသင်း၏ အ၀တ်လဲခန်းအား ကြည့်ရှုနိုင်ရန် အသင်းမှ စီစဉ်ပေးခဲ့ပြီး၊ အသင်း၏ နောက်ခံလူ လေတန်ဘိန်း လက်မှတ်ထိုးထားသော အသင်းဂျာစီတစ်ထည်ကိုလည်း  ပေးအပ်ခဲ့သည်။ ထို့ပြင် သောကြာနေ့တွင် မလေးရှားသို့ ပြန်လည်ထွက်ခွာရန် ရှိနေသည့် ရစ်ဝီတို့နှစ်ဦးအား ကြာသာပတေးနေ့(ယနေ့)တွင် ကွင်းတစ်ကွင်းလုံးကို လိုက်လံပြသရန် စီစဉ်ထားသည်ဟု အဲဗာတန်အသင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။