News @ M-Media

Tag: Rakhine State

  • BBC: OIC က ရခိုင်ဒေသကို ကူဖို့အသင့်လို့ ပြော

    မေ ၂၀ ၊ ၂၀၁၄
    BBC (မြန်မာပိုင်း)

    Syed Hamid Albar
    ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ရခိုင်ဒေသ မှာ လူသားချင်း စာနာ တဲ့ အကူအညီတွေ ဆောင်ရွက်ဖို့ အတွက် OIC အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ က မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း Syed Hamid Alba ကို အထူး ကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်ပါတယ်။

    OIC အဖွဲ့ အနေနဲ့ ရခိုင်ဒေသကို သွားရောက်ခွင့် ရခဲ့ပြီး အဲဒီမှာ လူသားချင်း စာနာတဲ့ လုပ်ငန်းတွေ လုပ်နိုင်ရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ စကားပြောဆိုခွင့် ရခဲ့ပုံ၊ OIC အဖွဲ့က ဘာတွေ လုပ်နေသလဲ ဆိုတာရယ်၊ OIC အဖွဲ့ အပေါ် အထင်အမြင် လွဲမှား နေတာတွေကို ရှင်းပြ မှာပါ လို့ Syed Hamid Alba က ဘီဘီစီ ကို ပြောပါတယ်။

    ဒီဒေသမှာ ဒုက္ခရောက်နေသူ တွေကို OIC အနေနဲ့ လူသားချင်း စာနာတဲ့ အကူအညီ တွေ ပေးဖို့ အဆင်သင့် ရှိနေတယ် ဆိုတာရယ်၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်း မှာ လည်း ပါဝင် လာနေလို့၊ ပြုပြင် ပြောင်းလဲရေး တွေလည်း လုပ်နေပြီ ဆိုတော့၊ ကမ္ဘာ့ အသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံ က သဟဇာတ ရှိတယ်၊ ငြိမ်းချမ်း တည်ငြိမ် တဲ့ နိုင်ငံတခု ဖြစ်တယ် ဆိုတာ မြင်ချင် နေ ကြတယ်၊ ဘာသာ အယူ၊ မတူကွဲပြားတဲ့ အုပ်စုတွေကြား မှာ နားလည်မှု ရှိလာရေး မှာ OIC အနေ နဲ့ တစိတ်တပိုင်း ပါဝင် ဆောင်ရွက် ဖို့ ဖြစ်ပါတယ် လို့ လည်း ရှင်းပြပါတယ်။

    အခုလို တာဝန်ပေးအပ် ခံခဲ့ ရတာနဲ့ ပတ်သက်ပြီးတော့၊ မြန်မာအစိုးရနဲ့ ဆက်သွယ် ဆွေးနွေးမဲ့ အကြောင်း၊ ရခိုင်ဒေသမှာ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဆိုတာရယ်၊ OIC အနေနဲ့ ပြည်တွင်းမှာ ရုံးဖွင့် ဆောင်ရွက်ခွင့် ရချင်တဲ့ အတွက် ဆွေးနွေးယင်း၊ ရခိုင်ဒေသ ပဋိပက္ခမှာ OIC က ဘယ်လို အကျိုးရှိရှိ ဆောင်ရွက် မလဲ မြန်မာအစိုးရ ကို ဘယ်လို ကူညီမလဲ ဆိုတာတွေကို မြန်မာအစိုးရကို ဆက်သွယ်ပြီး ပြောပြသွား မှာလို့ လည်း ပြောပါတယ်။

    OIC ဟာ ဘက်လိုက်တယ် ဆိုပြီး မြန်မာအစိုးရကရော ဒေသခံတွေကပါ သံသယတွေ ရှိနေတယ်ဆိုတော့ ဒီသံသယတွေကို ဖြေဖျောက်ဖို့၊ ဒီပဋိပက္ခအရေးကို စိတ်ဝင်တစား ကူညီ ဖြေရှင်းပေးလိုသူတွေ၊ NGO အဖွဲ့တွေ နိုင်ငံရေး ပါတီတွေ နဲ့ ကိုယ်တိုင် တွေ့ဆုံ စကားပြောနိုင်မယ်လို့ မျှော်လင့်ထားပြီး၊ သူ့အနေနဲ့ ဒီပဋိပက္ခအရေးကို ဖြေရှင်းပေးလိုတယ် ဒုက္ခရောက်နေသူတွေကို အကူအညီပေးလိုတယ် ဒါ့ကြောင့် မကောင်းတဲ့ ဘက်ကမမြင်ပဲ တဘက်နဲ့ တဘက် နားလည်မှုတွေ ရှိဖို့ လိုတယ် လို့ လည်း Syed Hamid Alba က ပြောပါတယ်။

    ဒီကိစ္စမှာ ပူးပေါင်း ဆောင်ရွက်တဲ့သူတွေအနေနဲ့လည်း အဆိုးဘက်က အမြင်မျိုး မထားသင့်ပါသလို၊ OIC နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အခွင့်အရေး ပေးသင့်ပုံ၊ ဖိလစ်ပိုင်၊ အာဖရိက စတဲ့ တခြားနေရာဒေသတွေမှာလည်း OIC က ပဋိပက္ခ အရေးတွေ ဖြေရှင်း ဆောင်ရွက်ပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့တာ ကို Syed Hamid Alba က ပြောပါတယ်။

    http://www.bbc.co.uk/burmese/burma/2014/05/140519_oic_rakhine.shtml

  • ရာဇ၀တ်မှုကျူးလွန်ရင် အစိုးရအနေနှင့် အရေးယူဖို့ အသင့်ပါပဲဟု ဒု ၀န်ကြီး ဦးရဲထွဋ်ပြောကြား

    ရာဇ၀တ်မှုကျူးလွန်ရင် အစိုးရအနေနှင့် အရေးယူဖို့ အသင့်ပါပဲဟု ဒု ၀န်ကြီး ဦးရဲထွဋ်ပြောကြား

    ဇန်န၀ါရီ ၂၉၊ ၂၀၁၄
    M-Media
    သီရိ

    ရန်ကုန် ။       ။    ဇန်န၀ါရီလ (၁၃) ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒူချီးရာတန်းကျေးရွာတွင် ရဲတပ်ကြီးအောင်ကျော်သိန်းသေဆုံးမှု၊ အစ္စလာမ်ဘာသာဝင် (၄၀)ခန့် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားသံရုံးမှ သံတမန်များသည် ဇန်န၀ါရီလ ၂၈-ရက်နေ့ တွင် နိုင်ငံခြားရေးဝန်ကြီးရုံး၌ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။

    “အစ္စလာမ်ဘာသာဝင် အယောက်(၄၀) လောက်အသတ်ခံရပါတဲ့ဆိုတဲ့ သတင်းတွေဟာ အခြေအမြစ်မရှိပါဘူး၊ ရာဇ၀တ်မှုကို ကျူးလွန်ထားတယ်ဆိုရင် ကျွန်တော်တို့ အစိုးရအနေနဲ့ အရေးယူဖို့အသင့်ပဲ၊ မခိုင်လုံတဲ့သတင်းတွေကိုတော့ သေချာမစစ်ဆေးပဲနဲ့ မတင်ပြသင့်ပါဘူး။ မွတ်စလင်တွေ အစုလိုက် အသတ်ခံရတယ် ဆိုတဲ့ နေရာကိုလဲ ကျွန်တော်တို့သွားရောက် စစ်ဆေးပြီးပါပြီ။ သတ်ခံရတယ်ဆိုတဲ့ အထာက်အထားကို ခိုင်လုံစွာမတွေ့ရပါဘူး။ တကယ် သေတာဆိုလို့ ရဲတပ်ကြီးအောင်ကျော်သိန်း သေတာပဲရှိတယ်။ သတင်းတွေကိုလည်း အလွယ်တကူ မယုံကြည်သင့်ပါဘူး” ဟု အစိုးရ ပြောရေးခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှ ပြောကြားခဲ့ပါသည်။

    အမေရိကန် သံအမတ်မှ အစိုးရမှစုံစမ်းစစ်ဆေးရေးတွေ လုပ်နေသော်လည်း သူတို့အနေနှင့် အပြည့်အ၀ယုံကြည်လို့မရသေးကြောင်း၊ နိုင်ငံတကာမှ စုံစမ်းစစ်ဆေးရေးတွေကိုလည်း ၎င်းတို့အနေနှင့် ပါဝင်ခွင့် တောင်းဆိုခဲ့သော်လည်း ယခုကိစ္စသည် ပြည်တွင်းရေးသာ ဖြစ်သည့် အတွက် လက်မခံနိုင်ကြောင်း နိုင်ငံတကာမှလူတွေကို ပါဝင်ခွင့်မပေးကြောင်း အစိုးရမှ ပြောကြားခဲ့ပါသည်။

    နိုင်ငံခြားရေးဌာန အစည်းအဝေးပွဲကိုတော့ ပြည်တွင်းမီဒီယာ (၄)ခုနှင့် ပြည်ပ မီဒီယာ (၆)ခု ကိုသာ ၀င်ခွင့်ပေးခဲ့ပြီး ကျန်သတင်းဌာနများကိုတော့ ၀င်ခွင့် မပေးခဲ့ကြောင်း သိရှိရပါသည်။

  • သဗြုချိုင်မှာ တွေ့ရှိတဲ့ ဗုံးမှာသူတို့ရဲ့ မီးခိုးဗုံးဟု  မြို့နယ်မှူးမှဆို

    သဗြုချိုင်မှာ တွေ့ရှိတဲ့ ဗုံးမှာသူတို့ရဲ့ မီးခိုးဗုံးဟု မြို့နယ်မှူးမှဆို

    အောက်တိုဘာ ၂၃၊ ၂၀၁၃
    M-Media
    ဇာဏီ

    သံတွဲ   ။          ။      သံတွဲမြို့၊ သဗြုချိုင်ကျေးရွာတွင် ဗုံးတစ်လုံးအား ယနေ့ နေ့လည် ၁၁-နာရီခွဲခန့်က တွေ့ရှိရပြီး အဆိုပါ ဗုံးမှာ မြို့နယ်အုပ်ချုပ်ရေးမှ မီးခိုးဗုံး ဖြစ်တယ်လို့ ပြောဆိုကြောင်း သတင်းရရှိပါတယ်။

    ဖြစ်စဉ်မှာ သံတွဲမြို့ သဗြုချိုင်ကျေးရွာ ဗလီရှေ့အနီးတွင် တွေ့ရှိခဲ့ရပြီး မီးခိုးများထွက်နေသဖြင့် ရေဖြင့်လောင်း၍ ငြိမ်းသတ်ခဲ့ကာ တာဝန်ရှိသူများထံ အကြောင်း ကြားခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ လာရောက်စစ်ဆေးပြီး ရဲတပ်ဖွဲ့မှ ဗုံးမဟုတ်ပဲ မြို့နယ်မှူးမှ သူတို့၏ပစ္စည်းဟုဆိုကာ သိမ်းယူသွားကြောင်း သဗြုချိုင် ဒေသခံ တစ်ဦးက သတင်းပေးပို့လာပါတယ်။။

    “သဗြုချိုင်ရွာမှာ ဒီနေ့ နေ့လည် ၁၁-နာရီခွဲလောက်က တွေ့တယ်။ ဗလီရှေ့ မုခ်ဝနားလေးမှာတွေ့တယ်။ တွေ့တာက ဦးမောင်ပုက တွေ့တာ ရေချိုးရင်းတွေ့တာ။ အဲဒီကနေ မီးခိုးထွက်နေတာတွေ့တော့ သူက ရေပုံးနဲ့ ၃-ပုံး ရေလောင်းလိုက်တော့ မီးခိုးမထွက်တော့ဘူး။ သူကလည်း ဗုံးမှန်းလည်းမသိဘူး။ ရေလောင်းပြီး ကြည့်လိုက်တော့ ဗုံးဖြစ်နေမှန်းသိတော့မှ စစ်တပ်နဲ့ ရဲကို အကြောင်းကြားခဲ့တယ်။ ရဲတပ်ဖွဲ့ကတော့ မီးလောင်ဗုံး ဒါမှမဟုတ် မီးခိုးဗုံးလို့ရှင်းပြပြီး သူတို့ပစ္စည်း မဟုတ်ဘူးလို့ပြောတယ်။ နောက် မြို့နယ်မှူးရောက်လာပြီး သူတို့ပစ္စည်းလို့ပြောပြီး ယူသွားတယ်”လို့ ပြောပါတယ်။

    အကြမ်းဖက်ဖျက်ဆီးခံရသော သဗြုချိုင်ရွာ ပြန်လည်တည်ထောင်ရေးအတွက် မြို့နယ်၊ ခရိုင် အဆင့် အုပ်ချုပ်ရေးမှူးများ ယနေ့နံနက်ပိုင်းက လာရောက်တွေ့ဆုံညှိနှိုင်း အားပေးသွားကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန် ကတိပြုထားပြီးဖြစ်ကြောင်းတို့ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

    အကြမ်းဖက်မှုများ ဆက်လက်ပြုလုပ်ရန် လက်နက်များစုဆောင်းမှုများလည်း ရှိနေပြီး လက်နက်စုဆောင်းခြင်းနှင့် လိုအပ်သော သင်တန်းများအတွက် RNDP နှင့် ALP ထံမှ အကူအညီယူထားကြောင်း၊ ကိုစိုးနောင်ဦး၊ ကိုထွန်းထွန်းဝင်း(ခ) အပုကြီး အပါအဝင် ရခိုင်ကွန်ရက် အဖွဲ့ဝင်များသည် လျှို့ဝှက် လှုပ်ရှားနေမြဲပင်ဖြစ်ကြောင်း၊ ကိုထွန်းထွန်းဝင်း(ခ) အပုကြီးအား လက်နက်ကိစ္စဖြင့် ခေါ်ယူစစ်ဆေးနေပြီး ကိုစိုးနောင်ဦး ဆိုသူမှာ ထွက်ပြေးတိမ်းရှောင်နေပြီး စိုးနောင်ဦးသည် ရွှေလှေရွာ တံတားထိပ် ဘုရားနယ်မြေတွင် အရက်ဆိုင် ရောင်းချနေသူ ဖစ်သည့်အပြင် ရဲဝန်ထမ်းပြုတ်တစ်ဦးလည်း ဖြစ်ကြောင်း၊ အကြမ်းဖက်ဆူပူမှု ပြုလုပ်ရာတွင် ရွှေလှေ ရဲစခန်းမှ စခန်းမှူး တင်မောင်လွင်နှင့် အပေးအယူပြုထားသူဖြစ်သည်ဟု သိရှိရသဖြင့် သဗြုချိုင်ဒေသခံများအနေဖြင့် စိုးရိမ်မှုများ ရှိနေတယ်လို့လည်း ဒေသခံများက ပြောပါတယ်။

  • သံတွဲ ဗောဓိကုန်းရှိ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင် အိမ်အား မီးရှို့နေ

    သံတွဲ ဗောဓိကုန်းရှိ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင် အိမ်အား မီးရှို့နေ

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media
    ထွန်းတောက်

     

    သံတွဲ ဗောဓိကုန်းရှိ ဦးကျော်ဇံလှပိုင် အိမ်အား မီးရှို့နေ (Breaking News ၁၀း၀၅-နာရီ)

    ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် သံတွဲ အဏ္ဏ၀ါရပ်ကွက် ငပလီ အဏ္ဏ၀ါရိပ်သာမှာ ရှိနေသော ယခုအချိန် (ည ၁၀း၀၅-နာရီ) မှာပင် သံတွဲ ဗောဓိကုန်းရပ်ကွက်ရှိ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင်သည့် အိမ်အား အကြမ်းဖက်သမားများမှ မီးရှို့နေကြောင်း သံတွဲမြို့မှ သတင်းပေးပို့လာပါတယ်။

    =================

    ဗောဓိကုန်းရပ်ကွက် မီးရှို့မှု နောက်ဆက်တွဲသတင်း (Breaking News ၁၀း၂၀-နာရီ)

    သံတွဲမြို့နေ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှ ပိုင်သော ဗောဓိကုန်းရပ်ကွက်ရှိအိမ်အား အကြမ်းဖက်သမားများမှ မီးရှို့နေသောကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားထားကြောင်း၊ ရဲနှင့် ရပ်ကွက်မှ လူ ၆၀-ခန့် ရောက်ရှိကြောင်း၊ မီးသတ်ဌာနသို့ အကြောင်းကြားထားသော်လည်း မီးသတ်ကား မရောက်လာသေးကြောင်း၊ အနီးအနားဝန်းကျင်မှဝိုင်းပြီး မီးငြိမ်းသတ်ရန် လုပ်ဆောင်နေကြောင်းကို သံတွဲမြို့မှ ထပ်မံ သတင်းပေးပို့လာပါတယ်။

    =================

    သံတွဲမြို့ ရွှေကျောင်းပြင်ရပ်ကွက်အားလည်း အကြမ်းဖက်သမားများ ၀ိုင်းထား (Breaking News ၁၀း၃၅-နာရီ)

    သံတွဲမြို့ ဗောဓိကုန်းရပ်ကွက်ရှိ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင် အိမ်အား မီးရှို့နေရာမှ ယခုအခါ ကမန်တိုင်းရင်းသားအများစုနေထိုင်သည့် ရွှေကျောင်းပြင်ရပ်ကွက်ကို အကြမ်းဖက်ရန် အကြမ်းဖက်သမားများ ၀ိုင်းထားသည်ဟု သံတွဲမြို့မှ သတင်းရရှိပါတယ်။

    =================


    သံတွဲမြို့ နောက်ဆက်တွဲသတင်း (Breaking News ၁၁း၀၀-နာရီ)

    သံတွဲမြို့ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင်သည့် ဗောဓိကုန်းရပ်ကွက်ရှိ အိမ်တစ်လုံးအား အကြမ်းဖက်သမားများမှ မီးရှို့ခဲ့ပြီး ဦးရှဖီးယား၏ အိမ်အားလည်း မီးကွင်း ၂-ကြိမ်ပစ်ခဲ့ကာ ပထမအကြိမ်တွင် သစ်ပင်အား ထိမှန်၍ မီးမလောင်ခဲ့သော်လည်း ဒုတိယအကြိမ်တွင် အိမ်ကို မီးအနည်းငယ် လောင်ကျွမ်းခဲ့ပါတယ်။

    ယခုအခါ သေနတ်ပစ်ဖောက်သံ ၈-ချက်ကို ကြားရပြီး အခြေအနေ မည်သို့ ရှိနေသည်ကိုမူ အသေးစိတ် မသိနိုင်ကြောင်း၊ အဆိုပါ အကြမ်းဖက်မှုများတွင် ဦးဆောင် ပါဝင်နေသူမှာ သံတွဲမြို့မှ ရဲတပ်ကြပ် စိန်ဝင်း၏ ညီဖြစ်သူ ကိုဇော်ဆိုသူဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများလည်းပါဝင်နေကြောင်း သံတွဲမြို့မှ သတင်းပေးပို့လာပါတယ်။

     

     

  • သံတွဲမြို့ အကြမ်းဖက်မှုများအတွက် ကမန်အမျိုးသားတိုးတက်ရေးပါတီမှ သဘောထားထုတ်ပြန်

    သံတွဲမြို့ အကြမ်းဖက်မှုများအတွက် ကမန်အမျိုးသားတိုးတက်ရေးပါတီမှ သဘောထားထုတ်ပြန်

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media
    သုတ

     

    ကမန်အမျိုးသားတိုးတက်ရေးပါတီ သဘောထားထုတ်ပြန် ကြေညာချက်

    ရန်ကုန် ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့အတွင်း ဘာသာရေးကို အကြောင်းပြု၍ တကျော့ပြန်အကြမ်းဖက် မီးရှို့ဖျက်ဆီး၊ လူသတ်မှု၊ လုယက်မှုများအတွက် ကမန်အမျိုးသား တိုးတက်ရေးပါတီမှ ယနေ့ အောက်တိုဘာ ၂-ရက်နေ့တွင် သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာလိုက်သည်။

    ဘာသာရေးကိုအကြောင်းပြု၍ အကြမ်းဖက်မှုများ ဖြစ်ပေါ်လျက်ရှိရာ သံတွဲမြို့တွင် ဖြစ်ပေါ်လာသည့် တကျော့ပြန် အကြမ်းဖက်သည့် တဖက်သက် အနိုင်ကျင့်၊ မီးရှို့ လူသတ်၊ လုယက်မှုများသည် တိုင်းပြည် အေးချမ်းရေးနှင့် အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို များစွာ ထိခိုက်လျက်ရှိပြီး၊ နိုင်ငံတော် သမ္မတကိုယ်တိုင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရှိနေချိန်တွင် သံတွဲ၌ ယခုကဲ့သို့ ဖြစ်မှုအား မြန်မာပြည်သူလူထုနှင့် ကမန်တိုင်းရင်းသားများအနေဖြင့် လုံးဝမလည်နိုင်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေး ပျက်ပြားလျက်ရှိပြီး ဒေသဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်မှ တရားဥပဒေစိုးမိုးရေး စီမံခန့်ခွဲမှု ညံ့ဖျင်း၊ ဘက်လိုက်မှုများရှိကြောင်း ကို ထုတ်ပြန်ထားသည်။

    မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အစွန်းရောက်အကြမ်းဖက်သူများ၊ အဖွဲ့အစည်းများကို မြန်မာနိုင်ငံသားအားလုံး ၀ိုင်းဝန်းဖော်ထုတ်ရန်နှင့် ယခုကဲ့သို့ အကြမ်းဖက်ခံရသော ကျေးရွာများသည် ကမန်တိုင်းရင်းသားအများစု နေထိုင်သည့် ကျေးရွာများလည်း ဖြစ်သည့်အတွက် တရားဥပဒေစိုးမိုးရေးနှင့် ပျက်စီးဆုံးရှုံးမှုများအား နိုင်ငံတော်မှ အမြန်ဆုံး ပြန်လည်ထူထောင်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်းကိုလည်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။