News @ M-Media

Tag: SaudiArabia

  • နိုင်ငံ ၅ နိုင်ငံတွင် ဆော်ဒီက ဆေးဘက်ဆိုင်ရာ အကူအညီပေးမည်

    နိုင်ငံ ၅ နိုင်ငံတွင် ဆော်ဒီက ဆေးဘက်ဆိုင်ရာ အကူအညီပေးမည်

    ဇွန် ၁၀၊ ၂၀၂၁
    M-Media

    -ဆော်ဒီအစိုးရရဲ့ အကူအညီပေးရေးအဖွဲ့ KSrelief က နိုင်ငံ ၅ ခုမှာ ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့အတွက် အလ်-ဘဆာရ် နိုင်ငံတကာဖောင်ဒေးရှင်းနဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

    သဘောတူညီချက်အရ ယီမင်၊ ဘင်္ဂလားဒေ့ရှ်၊ ဆူဒန်၊ နိုက်ဂျီးရီးယားနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ ဆော်ဒီဆရာဝန်တွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေး စီမံကိန်း အခု ၃၀ ကို ဆောင်ရွက်သွားမှာပါ။

    ဒီစီမံကိန်းမှာ ခွဲစိပ်ကုသမှု ၁၂၀၀၀ လောက် လုပ်ပေးဖို့လည်း ပါဝင်ပါတယ်။

    KSrelief အဖွဲ့က တာဝန်ရှိသူ ဒေါက်တာ အကီးလ်က နိုင်ငံရဲ့ ၂၀၃၀ စီမံကိန်းမှာ ပါဝင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်း တိုးမြှင့်လုပ်ဆောင်ရေး မူဘောင်အတိုင်း အခု လှုပ်ရှားမှုကို ဆောင်ရွက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Arab News

  • ၂၀၂၁ ခုနှစ် ဟဂျ်ကိစ္စ လာမည့်ရက်ပိုင်းအတွင်း ဆော်ဒီက ထုတ်ပြန်မည်

    ၂၀၂၁ ခုနှစ် ဟဂျ်ကိစ္စ လာမည့်ရက်ပိုင်းအတွင်း ဆော်ဒီက ထုတ်ပြန်မည်

    ဇွန် ၇၊ ၂၀၂၁
    M-Media

    ၂၀၂၀ ဟဂျ်ကျင့်စဉ်မြင်ကွင်း

    -ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာမယ့် စိန်ခေါ်မှုတွေကို လေ့လာသုံးသပ်မှု ပြုလုပ်ခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်း ဟဂျ်နဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို ထုတ်ပြန်မယ်လို့ ဆော်ဒီအာရေဗျက ပြောကြားလိုက်ပါတယ်။

    ယခုနှစ် ဟဂျ်ဘုရားဖူးကာလဟာ လာမယ့် ဇူလိုင်လမှာ ကျရောက်မှာပါ။ ပုံမှန်အားဖြင့် ဒီကာလမှာ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် သန်းနဲ့ချီ လာရောက်ဟဂျ်ပြုကျပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ် ဟဂျ်ကာလမှာ နိုင်ငံအတွင်းက လူတစ်ထောင်ကိုသာ ဆော်ဒီက ဟဂျ်ပြုခွင့် ပေးခဲ့ပါတယ်။

    အခုနှစ် ဟဂျ်ကာလမှာလည်း ဆော်ဒီအစိုးရဟာ လူအများအပြားကို ခွင့်ပြုမှာမဟုတ်ဘူးလို့ သတင်းတွေ ထွက်နေတာပါ။

    ဆော်ဒီ ခေတ္တ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ မဂျစ် အလ်-ကာဆာဘီက အစိုးရအာဏာပိုင်တွေဟာ ကိုဗစ်ကပ်ရောဂါ နောက်ဆုံးအခြေအနေတွေကို လေ့လာသုံးသပ်မှု ပြုလုပ်ခဲ့ပြီး ဟဂျ်နဲ့ အွမ္မရာဝန်ကြီးဌာနက ရက်ပိုင်းအတွင်း ဟဂျ်ကိစ္စကို ထုတ်ပြန်ပေးမလိမ့်မယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြေားခဲ့ပါတယ်။

    ပုံပြောင်းကိုဗစ် ပြန့်နှံမှုကို သေသေချာချာ တွက်ချက်ဖို့ အရေးကြီးတယ်လို့လည်း အလ်-ကာဆာဘီက ပြောပါတယ်။

    “ဟဂျ်ကာလဟာ နိုင်ငံအတွင်းနဲ့ မွတ်စလင်ကမ္ဘာမှာ ကိုဗစ်ပြန့်နှံ့မယ့် အဓိကအကြောင်းတရား ဖြစ်လာတာမျိုးကို ကျွန်တော်တို့ မလိုလားပါဘူး”

    ဆော်ဒီဟာ အွမ္မရာဟ်ဘုရားဖူးအစီအစဉ်ကိုတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ပြန်ဖွင့်ပေးခဲ့ပြီး လူအကန့်အသတ်၊ တင်းကြပ်တဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ခွင့်ပြုတာ ဖြစ်ပါတယ်။

    Ref: Arab News

  • ဆော်ဒီ၏ ပြေလည်ရေးသဘောထားကို အီရန် ကြိုဆို

    ဆော်ဒီ၏ ပြေလည်ရေးသဘောထားကို အီရန် ကြိုဆို

    ဧပြီ ၃၀၊ ၂၀၂၁
    M-Media

    -မိမိတို့နိုင်ငံနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားရဲ့ လတ်တလောမှတ်ချက်တွေကို ကြိုဆိုတယ်လို့ အီရန်နိုင်ငံက ပြောကြားလိုက်ပါတယ်။

    အီရန်နဲ့ ဆော်ဒီအာရေဗျတို့ဟာ အရှေ့အလယ်ပိုင်းက ရန်ဘက်နှစ်နိုင်ငံဖြစ်ပြီး ဒေသတွင်း ပဋိပက္ခတွေမှာ ဆန့်ကျင်ဘက် အုပ်စုတွေကို ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

    ရှီအာဘာသာရေးခေါင်းဆောင်တစ်ဦးကို ဆော်ဒီက သေဒဏ်ပေးလိုက်မှု နောက်ဆက်တွဲ ၂၀၁၆ ခုနှစ်က အီရန်မှာ ဆန္ဒပြသူတွေ ဆော်ဒီသံရုံးကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ အဆက်အသွယ် ပြတ်တောက်သွားတာပါ။

    ဒါပေမယ့် ပြီးခဲ့တဲ့လတွေအတွင်း ဆော်ဒီနဲ့အီရန်တို့ဟာ ဆက်ဆံရေးပြန်ကောင်းလာအောင် လျှို့ဝှက် ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သတင်းထွက်လာပါတယ်။

    အင်္ဂါနေ့ အရှေ့အလယ်ပိုင်းက ရုပ်သံတစ်ခုနဲ့ အင်တာဗျူးမှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က အီရန်နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရန်နိုင်ငံခြာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ စအီးဒ် ခါတီဘ်ဇာဒါက ဒီလို သဘောထားပျော့ပြောင်းလာတာကို ကြိုဆိုတယ်လို့ မနေ့က တု့န်ပြန်ခဲ့ပါတယ်။

    “အပြုသဘောဆောင်တဲ့ အမြင်တွေ၊ ဆွေးနွေးမှုအခြေခံတဲ့ ချဉ်းကပ်မှုမျိုးနဲ့ဆိုရင် ဒေသတွင်းနဲ့ အစ္စလာမ်ကမ္ဘာမှာ အရေးပါတဲ့ ဆော်ဒီအာရေဗျနဲ့ အီရန်တို့ဟာ ကူးလူးဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ် ဖွင့်လှစ်နိုင်မှာဖြစ်ပြီး မတူကွဲပြားမှုတွေကို ကျော်ဖြတ်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရရှိနိုင်မှာ ဖြစ်ပါတယ်”

    ကူဝိတ်၊ ကာတာ၊ အိုမန်နဲ့ အီရတ်နိုင်ငံတို့ကို သွားရောက်ခဲ့တဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်ကလည်း မိမိတို့ဟာ ဒေသတွင်းနိုင်ငံတွေနဲ့ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • အီရန်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်ချင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    အီရန်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်ချင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    မေ ၂၈၊ ၂၀၂၁
    M-Media

    -အီရန်နဲ့ ဆက်ဆံရေးကောင်းမွန်ချင်ပြီး အီရန်ကို တိုးတက်ထွန်းကားတဲ့နိုင်ငံတစ်ခု ဖြစ်စေချင်တယ်လို့ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်ပါတယ်။

    ဆော်ဒီနဲ့ အီရန်တို့ဟာ အရှေ့အလယ်ပိုင်းက ရန်ဘက်နိုင်ငံတွေဖြစ်ပြီး ဒေသတွင်း ပြဿနာတွေမှာ ဆန့်ကျင်ဖက်အဖွဲ့တွေဖက်ကနေ ရပ်တည်နေကြသူတွေ ဖြစ်ပါတယ်။

    ဆော်ဒီက ရှီအာဘာသာရေးခေါင်းဆောင်တစ်ဦးကို ကွပ်မျက်မှုနောက်ဆက်တွဲ ၂၀၁၆ အီရန်မှာ ဆန္ဒပြသူတွေက ဆော်ဒီသံရုံးကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံဆက်ဆံရေး ပြတ်တောက်သွားတာဖြစ်ပါတယ်။

    ဒါပေမယ့် နှစ်ဖက်အဆင့်မြင့်အရာရှိတွေဟာ ဆက်ဆံရေးကောင်းအောင် လျှို့ဝှက်ကြိုးပမ်းနေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ သတင်းထွက်ခဲ့ပါတယ်။

    မနေ့က အရှေ့အလယ်ပိုင်း ရုပ်သံတစ်ခုနဲ့ အင်တာဗျူးမှာ ဆော်ဒီအိမ်ရှေ့မင်းသား ဘင် ဆလ်မန်က အီရန်အပေါ် ပျော့ပြောင်းတဲ့မှတ်ချက်မျိုး ပေးခဲ့ပါတယ်။

    “အီရန်ဟာ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တယ်။ အီရန်နဲ့ ကောင်းမွန်ပြီးထူးခြားတဲ့ ဆက်ဆံရေးမျိုးကို ကျွန်တော်တို့ မျှော်လင့်တောင့်တပါတယ်။ အီရန်နိုင်ငံ ခက်ခဲကြပ်တည်းနေတာမျိုး ကျွန်တော်တို့ မလိုလားဘူး။ အီရန်ကို တိုးတက်ထွန်းကားစေချင်ပြီး ဒေသတွင်းနဲ့ ကမ္ဘာကြီးကို သာယာ၀ပြောမှုဆီ တွန်းပို့ပေးချင်ပါတယ်”

    အီရန်ရဲ့ အပြုသဘောမဆောင်တဲ့ အပြုအမူတွေကို အဖြေရှာဖို့အတွက် ဒေသတွင်း မိတ်ဖက်၊ ကမ္ဘာ့မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဘင် ဆလ်မန်က ဆိုပါတယ်။

    “ဒါတွေကို ကျော်လွှားပြီး အားလုံးအတွက် အကျိုးရှိစေမယ့် ဆက်ဆံရေးမျိုး အီရန်နဲ့ တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

    Ref: Aljazeera

  • ဆော်ဒီနှင့် အီရန်တာဝန်ရှိသူများ အီရတ်တွင် တွေ့ဆုံဆွေးနွေး

    ဆော်ဒီနှင့် အီရန်တာဝန်ရှိသူများ အီရတ်တွင် တွေ့ဆုံဆွေးနွေး

    ဧပြီ ၁၈၊ ၂၀၂၁
    M-Media

    -အရှေ့အလယ်ပိုင်းက ရန်ဘက်နှစ်နိုင်ငံဖြစ်တဲ့ အီရန်နဲ့ ဆော်ဒီအာရေဗျတို့က အကြီးတန်း အစိုးရအရာရှိတွေဟာ အီရတ်နိုင်ငံမှာတွေ့ဆုံကာ သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

    နှစ်ဖက်ဆက်ဆံရေး ဆိုးရွားခဲ့ပြီးနောက် အီရန်နဲ့ ဆော်ဒီတို့ဟာ လွန်ခဲ့တဲ့ ၄ နှစ်က သံတမန်အဆက်အသွယ် ဖြတ်ခဲ့ကြတာပါ။

    ဧပြီလ ၉ ရက်နေ့ ဘဂ္ဂဒတ်က ဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးမှုဖြစ်ပြီး ယီမင်က အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီအဖွဲ့ ဆော်ဒီအာရေဗျ စက်ရုံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့တိုက်ခိုက်မှုအကြောင်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဆော်ဒီကိုယ်စားလှယ်အဖွဲ့ကို ထောက်လှမ်းရေးအကြီးအကဲ ခါလစ် ဘင် အလီ အလ်-ဟူမိုင်ဒန်က ဦးဆောင်ပြီး နောက်ထပ်ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို့လည်း စီစဉ်ထားတယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်အစိုးရက ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    လက်ဘနွန်က ပြည်တွင်းရုပ်သံနှစ်ခုကတော့ ဒီလိုဆွေးနွေးတာ မဟုတ်ဘူးလို့ အီရန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။

    ယီမင်ပြည်တွင်းစစ်မှာ ဆော်ဒီပါဝင်နေတာကို တုန့်ပြန်တဲ့အနေနဲ့ ဟူသီအဖွဲ့ဟာ​ ဆော်ဒီက စက်ရုံတွေ၊ စစ်တပ်အဆောက်အဦးတွေကို တိုးမြှင့်တိုက်ခိုက်နေတာပါ။ အီရန်ဟာ ဟူသီတွေကို လက်နက်ထောက်ပံ့ပေးထားတယ်လို့ ဆော်ဒီအာရေဗျက စွပ်စွဲထားပါတယ်။

    ယီမင်စစ်ပွဲကို အမေရိကန်က အဆုံးသတ်ချင်နေပြီး အီရတ်ဝန်ကြီးချုပ် မွတ်စ်တာဖာ အလ်-ကဒ်ဟီမီဟာ ပြီးခဲ့တဲ့လက ဆော်ဒီအာရေဗျကို သွားရောက်ကာ ဒီကိစ္စအတွက် ဆော်ဒီတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

    Ref: Financial Times