News @ M-Media

Tag: SaudiArabia

  • ဆော်ဒီအာရေဗျတွင် အမျိုးသမီးများကို စစ်မှုထမ်းခွင့် စပြု

    ဆော်ဒီအာရေဗျတွင် အမျိုးသမီးများကို စစ်မှုထမ်းခွင့် စပြု

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁
    M-Media

    -ဆော်ဒီအာရေဗျစစ်တပ်မှာ အမျိုးသမီးတွေ စတင်အမှုထမ်းခွင့်ရပြီလို့ ပြည်တွင်းမီဒီယာတွေက ဒီကနေ့မှာ ဖော်ပြပါတယ်။

    စစ်တပ်က ရာထူးအစုံမှာ ဝင်ရောက်အမှုထမ်းနိုင်မှာဖြစ်ပြီး အနည်းဆုံး အထက်တန်းအဆင့်ပညာရေး ရှိရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားသားနဲ့ လက်ထပ်ထားတဲ့ အမျိုးသမီးတွေကိုတော့ အမှုထမ်းခွင့်ပြုမှာ မဟုတ်ပါဘူး။

    ရှေးရိုးစွဲဓလေ့ထုံးတမ်းတွေကြောင့် အမျိုးသမီးတွေအပေါ် ကန့်သတ်ထားမှုတွေ ဖယ်ရှားရေး အစီအစဉ်​ကို ဆော်ဒီအစိုးရက ၂၀၁၈ ခုနှစ်မှာ စတင် ဆောင်ရွက်ခဲ့တာပါ။ အဲဒီနှစ်မှာပဲ အမျိုးသမီးတွေကို ကားမောင်းခွင့်ပြုခဲ့သလို၊ နိုင်ငံရပ်ခြားသွားရင် အမျိုးသားအုပ်ထိန်းသူတစ်ဦး လိုက်ပါရတဲ့စနစ်ကို ၂၀၁၉ ခုနှစ်မှာ ဖယ်ရှားပေးခဲ့ပါတယ်။

    အမျိုးသမီးတွေ စစ်မှုထမ်းခွင့်ပေးမယ့် အစီအစဉ်ကိုလည်း ၂၀၁၉ ခုနှစ်မှာ ကြေငြာခဲ့တာ ဖြစ်ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဦးဆောင်တဲ့ ဆော်ဒီအစိုးရဟာ နိုင်ငံမှာ ဘက်စုံဖွံ့ဖြိုးအောင် ၂၀၃၀ ပြုပြင်ပြောင်းလဲရေး စီမံကိန်းချပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    အဲဒီပြုပြင်ပြောင်းလဲရေး စီမံကိန်းမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးရေးလည်း ပါဝင်ပါတယ်။ လက်ရှိ ဆော်ဒီအစိုးရဟာ အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖန်တီးပေးလာသလို နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာလည်း အမျိုးသမီးတွေကို ပိုမိုခန့်ထားလာပါတယ်။

    Ref: Aljazeera

  • စီးပွားတိုးတက်ရေး ရည်ရွယ်သည့် ၅ နှစ်စီမံကိန်းသစ်ကို ဆော်ဒီ မိတ်ဆက်

    စီးပွားတိုးတက်ရေး ရည်ရွယ်သည့် ၅ နှစ်စီမံကိန်းသစ်ကို ဆော်ဒီ မိတ်ဆက်

    ဇန်နဝါရီ ၂၅၊ ၂၀၂၁
    M-Media

    -​ဆော်ဒီအာရဗျရဲ့ ဘက်စုံဖွံ့ဖြိုးရေး ‘၂၀၃၀ အမျိုးသားစီမံကိန်း​’ ဖော်ဆောင်ရာမှာ အထောက်အကူဖြစ်စေမယ့် စီးပွားရေးဆိုင်ရာ ၅ နှစ်စီမံကိန်းသစ်ကို ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က မနေ့မှာ မိတ်ဆက်ခဲ့ပါတယ်။

    ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်မယ့် ဒီစီမံကိန်းအရ ဆော်ဒီအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေအဖွဲ့ (PIF) က ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အနည်းဆုံး ကန်ဒေါ်လာ ဘီလီယံ ၄၀ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။

    တိုင်းပြည်စီးပွားရေး ရေနံအပေါ် မှီခိုနေရမှုကို တစ်ဆင့်ချင်းစီ လျှော့ချသွားဖို့ ဆော်ဒီက ကြိုးပမ်းအားထုတ်နေတာပါ။

    ရေနံမဟုတ်တဲ့ စီးပွားရေးကဏ္ဍတွေအတွက် ဒေါ်လာ ဘီလီယံ ၂၃၀ လောက် ရင်းနှီးမြှုပ်နှံမှာဖြစ်ကာ အလုပ်အကိုင်ပေါင်း ၁.၈ သန်းလောက် ဖန်တီးပေးနိုင်မယ်လို့ ​​ဘင် ဆလ်မန်က ပြောပါတယ်။

    “ဆော်ဒီအာရေဗျအတွက် အရေးပါလာမယ့် လုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို ဒီနေ့ ကျွန်တော်တို့ မိတ်ဆက်လိုက်တာပါ။ ပုဂ္ဂလိက စီးပွားရေးကဏ္ဍဟာ PIF အတွက် မဟာဗျူဟာကျတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်”

    နိုင်ငံရဲ့​မျှော်မှန်းချက်တွေ အောင်မြင်ရေးနဲ့ အလုံးစုံပြည့်၀တဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးမှာ အခု ဗျူဟာသစ်က အဓိကဒေါက်တိုင်တစ်ခု ဖြစ်လာမယ်လို့လည်း ဘင် ဆလ်မန်က ပြောပါတယ်။

    စီးပွားရေးကဏ္ဍသစ်တွေထူထောင်တာ၊ ပုဂ္ဂလိကလုပ်ငန်းကို အားပေးတာ၊ PIF ရဲ့ ပုံရိပ်ကို မြှင့်တင်တာ၊ စီးပွားရေးမောင်းနှင်အား ပြည်တွင်းမှာရှိဖို့ အားပေးလုပ်ဆောင်တာ၊ နိုင်ငံခြားတိုင်းပြည်တွေနဲ့ မဟာဗျူဟာမြောက် စီးပွားရေး မိတ်ဖက်ထူထောင်တာ စတာတွေ ဒီစီမံကိန်းမှာ ပါဝင်မှာပါ။

    “ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ကျွန်တော်တို့တိုင်းပြည်က ရှေ့​ဆောင်ရှေ့ရွက်ဖြစ်ဖို့ ရည်မှန်းထားတယ်။ နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ စီးပွားရေး မျှခြေရှိဖို့ PIF က ပံ့ပိုးကူညီသွားမှာဖြစ်သလို ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်အောင်လည်း ကြိုးပမ်းအားထုတ်သွားမှာ ဖြစ်ပါတယ်”

    ဒီစီမံကိန်းတွေကြောင့် PIF ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ကန်ဒေါ်လာ ၁ ထရီလီယံ ကျော်လာမှာ ဖြစ်ပါတယ်။

    Ref: Arab News

  • ကိုဗစ်ကာကွယ်ဆေး နောက်ထပ်နှစ်မျိုးကို ဆော်ဒီက အသုံးပြုခွင့်ပေ

    ကိုဗစ်ကာကွယ်ဆေး နောက်ထပ်နှစ်မျိုးကို ဆော်ဒီက အသုံးပြုခွင့်ပေ

    ဇန်နဝါရီ ၁၉၊ ၂၀၂၁
    M-Media

    -ယူကေ အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး AstraZeneca နဲ့ အမေရိကန်ထုတ် Moderna ဆေးတို့ကို ဆော်ဒီအာရေဗျက ဒီကနေ့မှာ အသုံးပြုခွင့်ပေးလိုက်ပါတယ်။

    အရင်က အမေရိကန်-ဂျာမန် ကိုဗစ်ကာကွယ်ဆေး Pfizer/BioNTech ကို အသုံးပြုခွင့်ပေးထားပြီး စုစုပေါင်း ၃ မျိုး ဖြစ်လာတာပါ။ Pfizer/BioNTech ကာကွယ်ဆေးကို သိုလှောင်ဖို့အတွက် အအေးပေးခန်းတွေလိုအပ်ပြီး AstraZeneca နဲ့ Moderna တို့ကိုတော့ သာမန်အပူချိန်မှာတင် သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။

    ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူ အီဘရာဟင် အလ်-အိုရိုင်ဖီက ကိုဗစ်ကာကွယ်ဆေးရရှိဖို့အတွက် ကမ္ဘာ့နိုင်ငံတွေက အလုအယက်ကြိုးစားနေကြပြီး Pfizer/BioNTech ဝယ်လိုအားကလည်း မြင့်တက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီအာ​ရေဗျအနေနဲ့ ကိုဗစ်ကာကွယ်ဆေး အလုံအလောက်ရအောင် ကြိုးစားထားပြီး ကာကွယ်ဆေးထိုးမှု လုပ်ငန်းတွေကိုလည်း အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။

    “နိုင်ငံတစ်ဝှမ်း ကာကွယ်ဆေးထိုးပေးတဲ့ စင်တာတွေမှာ ဝန်ထမ်းတွေ တိုးမြှင့်ခန့်ထားပြီး သူတို့ဟာ အတွေ့အကြုံလည်း တော်တော်ရှိနေပါတယ်။ လုပ်တာကိုင်တာတွေ မြန်လာပြီး ကာကွယ်ဆေးထိုးမယ့်သူတွေကိုလည်း ပိုလက်ခံလာနိုင်ပါတယ်”

    ဆော်ဒီအာရေဗျအစိုးရဟာ နိုင်ငံတစ်ဝှမ်း ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး စင်တာတွေကို တိုးချဲ့ဖွင့်လှစ်ဖို့လည်း စီစဉ်နေပါတယ်။ ဆော်ဒီမှာ ကာကွယ်ဆေးထိုးမှုကို ဒီဇင်ဘာလကတည်းက စတင်ခဲ့တာဖြစ်ပြီး ပထမလမှာတင် နိုင်ငံတစ်ဝှမ်းက လူ ၂ သန်းလောက်ထိုးဖို့ စာရင်းပေးခဲ့ပါတယ်။

    Ref: Arab News



  • ခေတ်ရှေ့ပြေး မြို့သစ်စီမံကိန်းကို ဆော်ဒီထုတ်ပြ (မြန်မာစာတမ်းထိုး)

    အောက်ပါလင့်ကိုနှိပ်၍ ဗီဒီယိုကြည့်ရှုပါ။

    https://fb.watch/320XcZl1FE/

    -နိုင်ငံအနောက်မြောက်ပိုင်း ပင်လယ်နီကမ်းနဖူးပေါ်မှာ ဆော်ဒီအာရေဗျက စမတ်မြို့တော်သစ် တည်ဆောက်မှာပါ။ ကားမရှိ၊ ကားလမ်းမရှိဘဲ၊ AI နည်းပညာ၊ ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ် စတဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို ဒီမြို့မှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

    ဒေါ်လာ ဘီလီယံ ၂၀၀ လောက်ကုန်ကျမှာဖြစ်ပြီး လူသန်းချီ နေထိုင်နိုင်မယ့် အပန်းဖြေမြို့ဖြစ်လာမှာပါ။ အနာဂတ်မှာ ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်ဖို့ စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။Video Source – AlArabiya (M-Media မှ ဘာသာပြန်ဆို စာတမ်းထိုး တင်ဆက်သည်)

  • ကမ္ဘာ့လှည့်ခရီးသွားမြို့တော်ဖြစ်လာရေး နီအွန်တွင် ဆော်ဒီက မြို့ပြစီမံကိန်း ၆ ခုဖော်ဆောင်မည်

    ကမ္ဘာ့လှည့်ခရီးသွားမြို့တော်ဖြစ်လာရေး နီအွန်တွင် ဆော်ဒီက မြို့ပြစီမံကိန်း ၆ ခုဖော်ဆောင်မည်

    ဇန်နဝါရီ ၁၃၊ ၂၀၂၁
    M-Media

    -ကမ္ဘာလှည့်ခရီးသွားမြို့ ဖြစ်လာရေးအတွက် ပင်လယ်နီက​မ်းနဖူးက နီအွန်မြို့မှာ အပန်း​ဖြေစီမံကိန်း အနည်းဆုံး ၆ ခုလောက် လုပ်ဆောင်သွားမယ်လို့ ဆော်ဒီအာရေဗျက အစိုးရက ပြောပါတယ်။

    နီအွမ်မြို့ဟာ နိုင်ငံအနောက်မြောက်ပိုင်း သဘူးက်ပြည်နယ်မှာ တည်ရှိတာပါ။ ကမ္ဘာလှည့်ရီးသွားမြို့တော်အဖြစ် ဖော်ဆောင်ရေးအတွက် မြို့ပြစီမံကိန်းတွေကို လက်ရှိမှာ ဆော်ဒီက အကောင်အထည် ဖော်နေပါတယ်။

    ဒီစီမံကိန်းအတွက် မဟာဗျူဟာ ချမှတ်ဖို့ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ဆော်ဒီက စီမံခဲ့တာပါ။

    နီအွန်မြို့မှာ အနည်းဆုံး စီမံကိန်း ၅ ခုကနေ ၆ ခုအထိ ဖော်ဆောင်မှာဖြစ်ပြီး အရေးပါအဆုံးတစ်ခုက နောက်ဆုံးပေါ်နည်းပညာတွေကို အသုံးပြုပြီး သဘာ၀ပတ်ဝန်းကျင်ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးမယ့် မြို့သစ်စီမံကိန်း LINE ဖြစ်ပါတယ်။ LINE စီမံကိန်းကို အခုတစ်ပတ်စောပိုင်းမှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ကိုယ်တိုင် ကြေငြာခဲ့ပါတယ်။

    နီအွန်က စီမံကိန်းတွေကို ဒေသတွင်းနဲ့ နိုင်ငံရပ်ခြားက ကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ မြို့ပြစီမံကိန်းတွေအပြင် အပန်းဖြေစီမံကိန်း၊ စီးပွားရေးအချက်အခြာစီမံကိန်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

    Ref: Arab News